Thursday, January 31, 2013

ဂျပန်နိုင်ငံနှင့်ပက်သက်သမျှ

အနိုင့်ကျင့်ခြင်းများကြောင့် နှစ်စဉ်ကျောင်းသား ကျောင်းသူများပြားစွာ ကိုယ့်ကိုကိုယ်သတ်၍ သေပျောက်မှူ ရှိသော နိုင်ငံသည် ဂျပန်နိုင်ငံဖြစ်မည်ထင်သည်။ (သိသလောက်..အခြားနိုင်ငံတွေပါရှိလျှင် ဝေမျှစေချင်ပါသည်။)

ဘာလို့ အနိုင့်ကျင့်ကြတာလဲ... အဖြေရှာမိသည်။ ကိုယ်မသိ။ ကျောင်းတွေမှာ အနိုင့်ကျင့်မှူများကြောင့် ကျောင်းမတက်ချင်တော့သော ကျောင်းသား/သူ အများအပြားရှိသည်။

သိသလောက် ဂျပန်အချင်းချင်းသာ မဟုတ်။ နိုင်ငံခြားသားနှင့်လက်ထပ်ထားသော ဂျပန်များ၏ သားသမီးများ လည်းပါသည်။ ကိုယ့်လူမျိုးအချင်းချင်း လက်ထပ်ထားသော သားသမီးများ သိပ်တော့ မခံစားရဟုဆိုသည်။သို့သော်.. ကလေးမိခင်သည် ဂျပန်စကားလည်လည်ဝယ်ဝယ်ပြောနိုင်လျှင် တော့ တမျိုးတဖုံ သက်သာသည်တဲ့။ နောက်တမျိုးက... အသက် ၄ - ၅- ၆ နှစ်မှ မိဘအလုပ် ဒါမှမဟုတ် ကျောင်းကြောင့် ကျောင်းလာတက်သော ကလေးများလဲ အနိုင့်ကျင့်ခြင်းခံရတတ်လေ့ရှိသည်။ မိဘက သေချာ ဆရာမနှင့်လိုက်ပြောနိုင်ပါမှ ထိုအဖြစ်က လွတ်လေသည်တဲ့။ (သူငယ်ချင်း ကိုယ်တွေ့)

ကျောင်းတွေလားဆိုတော့လဲ မဟုတ်။ ယခု ဂျပန်နိုင်ငံမှာ လူငယ် အိမ်မဲ့ယာမဲ့များ ပိုမိုများပြားလာသည်။ အကြောင်းမူ ... အလုပ်ထဲမှာလဲ အနိုင့်ကျင့်မှူများကြောင့် ဆက်မလုပ်နိုင် မလုပ်လို့ရသောကြောင့်ဟုဆိုသည်။ (အခြားနိုင်ငံများမှာတော့မသိ)
အလုပ်ထဲမယ်..သူတို့နိုင်ငံသားချင်းသာမက နိုင်ငံခြားသားများကိုလည်း အနိုင်ကျင့်တတ်လေ့ရှိသည်။
တယောက်ကွယ်လျှင် တယောက်အကြောင်း အတင်းပြောတတ်သည်။ ရှေ့မှာ ပြုံးပီး အတွင်းကောက်သူ ပိုများသည်။ 

ဘူတာရုံမှာ ရထားစောင့်နေရင်းလဲ အကြောင်းမဲ့ တွန်းချခံနိုင်သေးသည်။ ရထားထဲမှာ လမ်းမှာ အရူးတွေလဲ များသည်။ သူတို့နှင့် ရန်ဖြစ်မိပါက အခန့်မသင့်လျှင် အသက်ပါ ပေးရနိုင်သည်။ အဆိုပါနိုင်ငံသည် ဂျပန်ဖြစ်သည်။ 

ထို့ကြောင့် ဂျပန်နိုင်ငံကို နတ်ပြည်တမျှ ထင်နေသော လူများ သတိထားနိုင်ရန် သိသလောက် အနည်းအကျဉ်းရေးသားရခြင်းဖြစ်သည်။ကောင်းသည့် အပိုင်းများရှိသော်ငြား မကောင်းသည့်အပိုင်းများကို ရေးသူနည်းသောကြောင့် ရေးသားရခြင်း ဖြစ်သည်။

ဆက်ပါဦးမည်...။





Friday, January 18, 2013

warmly welcome to our world

ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နဲ့ သံသရာထဲ တဝဲလည်လည်နေရင်းနဲ့...ပဲ
၁နဲ့၁ ပေါင်းပီး ၃ဆိုတဲ့ ဂဏန်းတစ်ခု ဖြစ်တော့မယ်...။

အစတုန်းက သူနဲ့ ကိုယ်ဟာ အရင်းနှီးဆုံး သူစိမ်းတွေဖြစ်နေခဲ့ပေမဲ့ ၁-၁- ၂၀၁၃ ကစပီး အမျိုးတော်စပ်သွားခဲ့တာကတော့ ကလေးလေးရဲ့ ဖေဖေနဲ့မေမေ..ပေါ့။ 

ကလေးလေးရေ...... လိုချင်တာကလဲ သဲသဲလှုပ်လို့....။
တခါတလေ အတွေးထဲမှာ.... ကလေးလေးကို ၂ယောက်တည်း ရုန်းကန်ပြုစုကျွေးမွေး စောင့်ရှောက်ရမှာ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ မသိမသာ စိုးရိမ်စိတ်ကလေးကလဲ ဝင်လို့။
ဟုတ်တယ်လေ.... စာတွေ့နဲ့လက်တွေ့ တူတာမှမဟုတ်တာပဲ...။ ဒါမဲ့ ကိုယ့်ရဲ့ မာနနဲ့ပဲ အရာရာကို ဖြစ်အောင် ရင်ဆိုင်မယ်ဆိုတဲ့ အားမွေးလိုက်တဲ့အခါ...စိုးထင့်နေမှူဟာ နောက်ဆုတ်ပေးရတော့တာပေါ့။

ကလေးလေးရေ.... အခုချိန်မှာ ကလေးလေး ဟာ... အဖြူအမဲ မသဲကွဲသေးပေမဲ့...ကလေးလေး အသားမဲမှာဆိုးလို့.... ကိုယ့်မှာ ချောကလက်စားချင်ရက်နဲ့ မစားဖြစ်ဘူး။ ကိုယ့်ဖက်က ဖြူပေမဲ့ သူ့ဖက်က နဲနဲမဲတော့ ကလေးလေးကို အသားမဲမှာစိုးရိမ်မိတယ်။ သူက ကိုယ်အဲလိုပြောတိုင်း ကိုယ့်ကိုစတယ်။ ထွက်လာမဲ့ ကလေးလေးက မဲမဲလုံးလုံးလေးဆိုရင်...ဆိုပီးတော့ပေါ့...။

ကိုယ်ကတော့ ကလေးလေးကို သူ့မျက်နှာလေးနဲ့ တူစေချင်တယ်။  ကိုယ်က ချောမှမချောပဲကိုး။ ချစ်စရာကောင်းတယ်လို့ (အများကပြောကြပေမဲ့) သိပ်တော့ မယုံကြည်ဘူး။း) ။ အိမ်မှာရုပ်အဆိုးဆုံးက ကိုယ်ဖြစ်နေတာကိုး။ အိမ်ကတောင်ပြောတယ်။ ကလေးမွေးရင် သူ့ရုပ်မှချောမှာတဲ့..။း) အဲလိုပြောတယ်လို့ သူ့ကိုပြောပြတော့ သူ့မိန်းမ ကိုယ့်ကို ရုပ်ဆိုးတယ်ပြောလို့ သူ့မှာမခံနိုင်ပြန်ဘူး။း) ဟုတ်လည်းဟုတ်တာပဲ အိမ်မှာ ကိုယ့်ကျမှ ဖေဖေနဲ့ရော မေမေနဲ့ရော ဘယ်သူနဲ့မှမဆင်ပဲ ရုပ်ကသတ်သတ်ပုံထွက်နေလို့ ငယ်ငယ်ကဆို ဖေဖေ့ကို ပြောခဲ့ဖူးတယ်။ ဖေဖေနဲ့မေမေ တစ်ယောက်ယောက်တော့ ကြားကားဆွဲထားလားဆိုပီးတော့ပေါ့..။

ကလေးလေးရဲ့စိတ်ထားကိုတော့ ကိုယ့်ဆီကကောင်းတာလေးရယ် သူ့ဆီကကောင်းတာလေးရယ်.. ရောပီး ရစေချင်တယ်။ ကိုယ့်လို မဆိုးစေချင်ဘူး။ ဂျစ်မကျစေချင်ဘူး။  သူငယ်ငယ်ကလိုလဲ မဆိုးစေချင်ဘူး။

ကလေးလေးအတွက် ဆိုပီး...ဒေါသမထွက်မိ ဒေါသမကြီးမိအောင်နေရတယ်။ ဘုရားစာတွေလဲ ရွတ်လို့ပေါ့။

မိခင်ဆိုတဲ့ ဝေါဟာရ။ မေမေဆိုတဲ့ အခေါ်အဝေါ်ဟာ ကိုယ့်အတွက် တမျိုးလေးပဲ။ မေမေ ..မေမေတဲ့....။ ဘယ်လိုမှ ပုံဖမ်းလို့မရတဲ့ စကားလုံးတစ်ခု။ မေမေ့ကို ချစ်တယ်လို့ ပြောခဲ့ဘူးလား မပြောခဲ့ဘူးလား မသေချာခဲ့ပေမဲ့ ဖေဖေ့ကို ချစ်တယ်လို့ ပြောခဲ့ဖူးမယ်ထင်တယ်။ အခုချိန်မှာ အတမ်းတဆုံးက မေမေဆိုတဲ့သူပဲ...။ မေမေသာရှိရင် ...... ကိုယ့်ကို ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုခံစားရလဲ သေချာပေါက်မေးမိမှာပဲ။ မေမေရေ..........ခုဆိုမေမေ လူ့လောကမှာ မရှိခဲ့တာ နှစ်၃၀ ကျော်ခဲ့ပီ..။ မေမေရေ.... သမီးလည်း အခု မေမေ့လို ကိုယ်ဝန်ဆောင်နေရပီ...မေမေ..။

ကလေးလေးရေ..... ကလေးလေးရှိမှန်း သိမဲ့ရက်မတိုင်ခင် ဖေ့စ်ဘုတ်မှာ... သူငယ်ချင်းတွေ..အမျိုးတွေဆီမယ်..ကိုယ်ဝန်တွေကိုယ်စီနဲ့ဖတ်ရတော့... ကိုယ့်စိတ်ထဲမှာ..လဲ .. သက်ပြင်းတချချနဲ့...။

ကလေးလေးကိုရဖို့ တိတ်တိတ်လေးမျှော်လင့် တွေးထင်ခဲ့တာတွေကလေ....
မေမေ့စိတ်ထဲမယ်.... မြန်မာပြည်ကလာတော့ ပစ္စည်းသယ်တာကအစ ဒီလောက် ဒီအချိန်ဆို ကလေးလေးရပီ။ တကယ်ပဲ ကွက်တိ ကလေးလေးရေ..။
ပြက္ခဒိန်လေးဝယ်လဲ ကလေးပုံလေးပါတာဝယ်လို့..။ အလုပ်လုပ်ရင်းတွေးတာ... ဒီစားပွဲလေးနဲ့ ဗိုက်ကြီးရင် အတော်ပဲနဲ့ အဲ့ဒီအတွေးတွေ မဆုံးခင်မှာပဲ.... ကလေးလေးကို မျှော်လင့်ချက်လေးတွေနဲ့ပေါ့...။

ဒီလိုနဲ့
၃၁ ရက် ည မှာ နှစ်ကူးပါတီပီးလို့ အိမ်ပြန်ရောက်တော့ စိတ်ထဲမှာ တအားစစ်ကြည့်ချင်လာတာနဲ့... ကလေးလေးဖေဖေ က မနက်ကျရင် လုပ်ပေးမယ်ဆိုတာတောင် မစောင့်နိုင်ဘူး။ မနက် ၂နာရီလောက်မှာ တစ်ယောက်တည်း အိမ်သာထဲမှာ သွားစစ်လိုက်တယ်။ ကလေးလေးရေ.... မေမေလေ.. မကြည့်ရဲ ကြည့်ရဲနဲ့... ရင်တထိတ်ထိတ်နဲ့ လက်တွေတအားကို တုန်စွာနဲ့ ...စမ်းသပ်တံလေးကို ကြည့် လိုက်တော့.... အိုးးးးးး ပျော်လိုက်တာ....ကလေးလေးရှိနေပီ။ တုန်ရင်တဲ့လက်ကို မနည်းထိန်းပီး အိပ်ပျော်နေတဲ့ ကလေးလေးရဲ့ ဖေဖေ့ကို အတင်းနှိုးပီးးးးးး...... ကလေးလေးရှိနေပီလို့ အသိပေးလိုက်တယ်...။ ရုပ်ရှင်တွေထဲကလိုတော့ ကဗျာဆန်ဆန် မူယာပိုပို မပြောမိဘူးပေါ့..ကလေးလေးရေ...။

တော်သေးတယ် ..ကလေးလေးရေ။ မေမေတို့ အစက စီစဉ်ထားသလို စကီ သွားစီးဖြစ်ရင် ... ကလေးလေးကို မတော်တဆ ထိခိုက်သွားနိုင်တယ်နော်။ အဲ့ဒါကြောင့် မေမေက ကလေးလေးရှိမှန်း မရှိမှန်း မသေချာသေးတော့ ဘာမှန်းမသိလို့ မသွားတော့ဘူး ဆုံးဖြတ်ခဲ့တာ ကလေးဖေဖေကတောင် သိပ်မကြည်ချင်ဘူး။ အခုတော့ ကလေးလေးရှိပီဆိုတော့... မေမေတို့ မသွားဖြစ်တာ ခပ်ကောင်းကောင်းရယ်...။

ကလေးလေး ရပီဆိုတော့ ဆေးရုံချက်ချင်း ပြေးသွားချင်ပေမဲ့ ဒီမှာက နှစ်ကူးဆိုတော့ ဆေးရုံတွေလည်း ပိတ်တယ်လေ...။ ဒါကြောင့် ၉ ရက်နေ့မှပဲ ဆေးရုံ သွားပြဖြစ်တယ်။ ကလေးလေးက မေမေ့ဗိုက်ထဲမှာ ၇ ပတ်ရှိနေပီတဲ့...။ ဒါဆို ဒီနေ့ဆို  ကလေးလေး ၈ပတ်ကျော်ပီနော်။ ကလေးလေးရေ......

ဒီအပတ်  ၁၄ ရက်နေ့က နှင်းတွေတအားကျတယ်...ကလေးရေ..။ နှင်းတောထဲမှာ ရထားတွေရပ် ကားတွေပျက်နဲ့ မေမေတောင် ကလေးလေးမချော်လဲအောင် မနဲ အားတင်းပီး အိမ်ရောက်အောင်ပြန်လာရတယ်..ကလေးရေ..။ ခုထက်ထိ နှင်းတွေမကုန်သေးတော့ ချော်လဲသူလဲနဲ့... မေမေ့မှာ ကလေးလေးကို ထိမှာဆိုးလို့ တအားသတိထားပီး လမ်းလျှောက်ရတယ် ..ကလေးလေးရေ..။ အစကဆို နှင်းတွေကျရင် သိပ်ပျော်ပီး ခုန်ပေါက်ကစားခဲ့တဲ့ မေမေဟာ ... ကလေးလေးကို ခိုက်မိမှာဆိုးလို့ .. နှင်းတွေကျတာ စိတ်ညစ်မိတယ် ကလေးရေ...။
ကလေးလေးရေ...အခုတလော မေမေ ခေါင်းတအားကိုက်တယ် ကွာ။ အခုတောင် စာမနဲရေးနေတာ..။ ခေါင်းသိပ်ကိုက်တယ်။ကလေးရေ..။

၉-၁-၂၀၁၃ ကလေးလေး ၇ပတ်
အဲ့ပုံလေးမှာ ကလေးလေးအသက်ရှူနေတဲ့ပုံလေး မြင်ရတော့ ဖေဖေနဲ့မေမေ ၂ယောက်သား ကျေနပ်ပြုံးလေးနဲ့ပေါ့ ကလေးရေ..။ အံလဲ အံသြစရာနော်။ ဆရာဝန်ကပြောတယ်။ ကျန်းမာတယ်တဲ့ ကလေးလေး အသက်ရှုပုံ ကြည့်ရတာတဲ့။ ကလေးလေးရဲ့  ကျန်တဲ့အစိတ်အပိုင်းတွေကတော့ ၃လပြည့်မှ စမ်းလို့ ရမှာတဲ့...။






Sunday, January 6, 2013

Gotokoen Momiji Festival သို့တစ်ခေါက်

ရွက်ကြွေတို့မြေကိုမခခင် လှပစွာ စိမ်းရာမှာ ဝါစိမ်းလိမ္မော် အရောင်အသွေး စုံကာဖြင့် လောကကို အလှဆင်လျှက်ရှိသော ဆောင်းဦးရာသီ လည်းကုန်စပြုပီ။ ဂျပန်နိုင်ငံသည်လည်း အေးချမ်းသည့် ဆောင်းရာသီကို မျက်စမပစ်ပဲ ရုတ်ခြည်းခုန်ကူးလျှက်ရှိပီ။ အချို့နေရာများမှာ နှင်းထူထပ်စွာ ကျလျှက်ရှိပီ။ ကိုယ်တို့လည်း အအေးဒဏ်ကို အံတုကာ နေရလေပီ။

အေးချမ်းသည့် ဆောင်းရာသီကို မကူးပြောင်းသေးခင် သွားခဲ့သည့် နေရာလေးများအကြောင်း မှတ်တမ်းတင်ချင်သည်။ (အမှန်က ရေးထားတာ ကြာပီ... အခုဆို အေးနေတာ ဒီမှာ ၃ လောက်ပဲရှိတယ်။ ပုံတွေ တင်မရလို့ မတင်ဖြစ်တာ)
http://www.togo-koen.jp/guide/index.html

ပထမဦးစွာ Gotokoen သို့သွားဖြစ်ပုံလေး ပြောပြပေးဦးမည်။
ခရီးသွားရမည် ဆိုလျှင် မိဆိုးသည် အင်မတန်ပျော်လေသည်။ အပျိုဘဝကများဆိုးလျှင် မိဆိုးတစ်ယောက် အလွန်ခြေများသည်။ သွားချင်သည့်နေရာဆိုလျှင် အဖော်မလို ။ တစ်ယောက်တည်း ကျဲလေသည်။ အခုတော့ မိဆိုး ခြေချုပ်မိလေပီ။ သွားချင်သည့် အခါတိုင်း မသွားနိုင်။ ဦးစိတ်မရှည်ကတော့ သွားလေသွားပေါ့ ဆိုပီး ခွင့်ပြုသော်ငြား ပြောသည့် စကားသံကိုလည်း နားထောင်ကြည့်ကြပါကုန်။ အပျိုမဟုတ်ပဲ တစ်ယောက်တည်း သွားချင်ရာသွား ကိုယ်ကတော့ မပြောပေမဲ့ ပတ်ဝန်းကျင် ပြောတာ ခံနိုင်ရင်သွားတဲ့။ ဟွန်း...။ မိဆိုးက အမှန်တော့ ပတ်ဝန်းကျင်ကို သိပ်ဂရုစိုက်တတ်သူတော့ မဟုတ်။ သို့သော် သူ မပါပဲ တစ်ယောက်တည်း ထွက်ချိန်များတွင် နောက်ဆံတင်းလေ့ရှိသည်။  စိတ်မဖြောင့်။ သူသည်လည်း အပေါင်းအဖော်များနှင့် သောက်စားဖို့သွားလျှင် မိဆိုးနည်းတူ စိတ်မဖြောင့်။ သည်တော့ မိဆိုး သွားချင်လှပေမဲ့ တစ်ယောက်တည်း သွားခဲလှလေသည်။ ဤကား အိမ်ထောင်ကျခြင်းအကျိုး။

မိဆိုးတို့နှစ်ယောက်သည် အစားမက်တာ ခြင်းတူသော်လည်း  ထစ်ကနဲရှိ အပြင်ထွက်ချင်လှသော မိဆိုးနှင့် အိပ်ယာပေါ်မှာ အမြဲအိပ်ချင်အိပ် ဒါမှမဟုတ် အိမ်တွင်းပုန်း တီဗွီမင်းသား ဦးစိတ်မရှည်တို့သည် ပြဒါးတလမ်း သံတလမ်း။ သည်တော့လည်း တွေ့ကြပီပေါ့။ ဖိုက်ကြသည်ပေါ့။ သို့သော်လည်း သူက ဆောင်းဦးကာလ အရွက်တွေမြေမခခင် အလှတွေကြွေနေချိန်မှာ မိဆိုးအတွက်  ခွင့်ယူလေတော့သည်။ မိဆိုးကလည်း အခွင့်ကောင်းယူကာ ဟိုလည်ဒီလည်ဖို့ အင်တာနက်မှာ ဟိုရှာဒီရှာပေါ့။ သူက ကျိုတိုကို လည်ချင်သည်။ မိဆိုးက လက်မခံ။လက်မခံရခြင်းက အနားယူတယ်ဆိုတာ အိပ်လိုက်စားလိုက် အချိန်ကုန်ချင်သည့် သူနှင့် ခြေမငြိမ်သည့် ဆူးဆလတ် ကိုယ် ဘယ်လိုဖြစ်မည်နည်း။ သူ့အလိုသာဆို သူ့အလိုလိုက်ကာနေပါက ၁၀ ရက်လောက်နေမှ အဆင်ပြေမည်လေ...။  ဒီလိုနှင့် ဟိုသွားရနိုး ဒီသွားရနိုးနှင့် အင်တာနက်မှာ ခြေရာရှာလေသည်။ သွားချင်တာက နိကိုး ဒါမှမဟုတ် ဟခိုနဲ ဒါမဲ့ အဲ့ဒီအချိန်ဆို အရွက်တွေကြွေ ကုန်ပီဆိုတာနဲ့ တကာအိုစံကို သွားဖြစ်ဖို့ စီစဉ်သည်။ မသွားခင် အခြားရက်မှာ တနေရာရာကို သွားဖို့ပြင်သည်။ ချိဘ သွားမလား တနေရာရာသွားမလို့ စီစဉ်ပီး အိပ်တော့ သူက အိပ်ယာမှ ၁၀နာရီကျော်မှ ထလေသည်။ မိဆိုး စိတ်ကောက်ပီ။ မိဆိုးက သွားရတော့မည် ဆိုတော့ မနက်စောစောထဲက နိုးနေသည်။ သူက မထ။ မိဆိုးက မနိုးချင် ။ သွားမယ်ဆိုလျှင် ကိုယ့်အသိစိတ်နဲ့ ကိုယ်ထပေါ့။ ဒီတော့ မစိတ်ကောက် စိတ်ကောက်တာမဆန်း။

သူ့အကြိုက်
သူက ဆက်အိပ်နေသည်။ ကိုယ်က လဲ အိပ်ရင်းဆက်ကောက်သည်။ ၁၂နာရီထိုးတော့ သူထသည်။ အပြင်သွားမည်။ လိုက်မလားပေါ့။ ကိုယ်က ဆက်လက်စိတ်ကောက်နေသည်။ သူက အဝတ်လဲကာ လိုက်မလားတခါထပ်မေးသည်။ ကိုယ်က ကောက်တုန်း။ သူက အဝတ်လဲပီး ထွက်သွားသည်။ ကိုယ့်အတွင်းစိတ်က စိတ်တိုနေပီ။ ပီးမှ သူက ပြန်လှည့်လာပီး အဝတ်မြန်၂ဝတ် ဆိုတော့ ကိုယ်မေးသည်။ ဘယ်သွားမလဲလို့..။ သူကပြောသည်။ စိတ်မကောက်ပဲ ၁၀နာရီထိုးထဲက ထွက်လျှင် ခုဆို အပြင်ရောင်နေပီတဲ့..။ ကိုယ်ဘာမှ မပြောပဲ အဝတ်လဲသည်။ ဘယ်သွားမလဲဆိုတော့ လိုက်ခဲ့တဲ့။ သူကိုယ်တိုင် ဘယ်သွားရမှန်း သိပုံမပေါ်။ မိဆိုးစိတ်ကောက်တာကို စိတ်မကောင်းဖြစ်နေပုံရသည်။ ဒီလိုနှင့် လမ်းမှာလဲ ဆက်လက် ရန်ဖြစ်သည်။ ဘူတာထဲလဲ ရောက်ရော။ မိုမိဂျိပွဲတော်ဆိုတဲ့ ကြော်ငြာစာရွက်တွေ့တော့ လမ်းကိုမေးပီး သွားဖို့ပြင်သည်။ ရှေ့မှတ်တိုင်မှာ အမြန်ပြောင်းစီးမည်ပေါ့။ အမှန်က အဲ့ဒီဘူတာကလဲ ကိုယ်တို့နှင့် နီးသည်။ မိဆိုးတို့အိမ်က ဘူတာ
မိဆိုးအကြိုက်
၂ခုကြားမှာဆိုတော့ ပြောင်းစီးမည့်ဘူတာက ပိုနီးသည်။ သို့သော် မတတ်နိုင်တော့..ပြောင်းစီးရမဲ့နေရာမှာ ရထားပြောင်းစီးဖို့ စောင့်ရင်း ဗိုက်ဆာလာကြတော့ ဘူတာအပြင်ထွက်ပီး စားသည်။ရထားလက်မှတ် သတ်သတ်ကုန်သွားသည်ပေါ့။ နေ့လည်စာ စားသည်။ ဆိုင်လေးက မဆိုး စားလို့ကောင်းသည်။


မိဆိုးတို့ရဲ့ နေ့လည်စာ ကြာဆံပြုတ် ခေါက်ဆွဲပြုတ် ဖက်ထုပ်ကင် ထမင်းကြော်
၂နာရီခွဲပီ..... . သွားမည့်နေရာက အနဲဆုံး ၁နာရီကြာမည်။ မိဆိုးသာဆို ဈေးတွက်တွက်ပီး မသွားတော့။ ဟုတ်တယ်လေ..ဟိုရောက်ရင် မှောင်ပီ။ ဘာလုပ်မလဲ။ သို့သော် သူ့ကိုမပြော။ ကိုယ့်ဘာသာ အချိန်တွက်ပေါ့လို့...။ ဒီလိုနှင့် ရထားစီးကြသည်။ အမြန်ရထား မပြောင်းမချင်း စိတ်ကမကြည်။ ပြောင်းတော့လဲ စိတ်ကမကြည်။ မျက်နှာကသေပီး ငြိမ်နေသည့် မိဆိုးကို သူက ဘာဖြစ်နေတာလဲ။ ဘာမကျေနပ်တာလဲ ခဏခဏ မေးသည်။ ကိုယ်က ဘာမှမပြော။ သူအိုင်ဖုန်းကလိတာကို အပြစ်ပြောတော့ ဖိုက်ကြသည်။အမှန်က မိဆိုး မသိစိတ်က ဂျစ်တိုက်နေသည်။

ကိုယ်တို့က seibu railway လိုင်းကနေစီးတာဆိုတော့ tokorozawa မှာ ရထားပြောင်းစီးရမည်ဖြစ်သည်။ အဲ့ဒီကနေမှ တဆင့် Agano ဘူတာဆီ ထပ်ဆင့်ပြောင်းစီးရလေသည်။ tokorozawa ရောက်တော့ ၄နာရီထိုးတော့မည်။ Agano သည်နောက်ထပ် ၄ ဘူတာမြောက်။ မိဆိုး စိတ်ဆိုးတော့မည်။ ဟုတ်သည်လေ.မကြာခင် .မှောင်တော့မယ်။ မိဆိုးနှင့်အပြိုင် စိတ်တိုနေသော သူက ဒါဆို ဘာဆက်လုပ်မလဲ ရှေ့ဆက်သွားမလား။ နောက်ပြန်လှည့်မလားတဲ့။ မိဆိုး က ဦးစိတ်တိုသဘော။ ဒီထိအောင် ရောက်အောင်လာပီးမှတော့ ဆက်သွားပေါ့။ သို့သော် မိဆိုးကလိလေပီ။  အစထဲက ဒီအချိန်ရောက်မယ်ဆိုတာ မတွက်ဘူးလားလို့။ မိဆိုးက လည်ချိန်သိပ်မရလို့ စိတ်ကောက်ချင်နေတာလေ။ သူကလည်း စိတ်တွေတိုပီး တွေ့သည့် တိုင်တိုင်ကို လှမ်းကန်လေသည်။ အစထဲက ဘာလို့မပြောသလဲတဲ့ ။ မိဆိုးက ဒါမျိုးတွေကို မပြောချင်။ ကိုယ့်ဘာသာသိပါလား။ ငါ ကိုယ်တိုင်က စေတနာတွေ ပိုမိပီး လိုက်ပို့မိတာ။ ငါကိုက မနေနိုင်မထိုင်နိုင် သနားလိုက်မိတာဆိုပီး ဦးစိတ်တိုက သောင်းကျန်းရင်း AGANO ရထားလာတော့ ၂ယောက်သား ရထားပေါ်တက်ကြလေသည်။ လှမလှ မသေချာသော တခါမှလည်း မရောက်ဘူးသော အဆိုပါ နေရာသို့ မတည့်အတူနေ နှစ်ယောက် တခရီးတည်းသွားနေကြလေသည်။

ရထားပေါ်မှာလည်း တစောင်းချေးနဲ့မျက်ချေး။ သို့သော်... ရထားပြင်ပက ရှူခင်းတွေက မိဆိုးကို ဖမ်းစားလေပီ။ ယခုသွားနေသော နေရာသည် လှပလိမ့်မည်လို့ မိဆိုးသိလိုက်ပီ။မိဆိုး မျက်နှာဆီမှာ အပြုံးစတွေပေါ်လာလေပီ။ မြို့ပြ ရှူခင်းများမှ ခွဲထွက်လာသော တောတောင်အလှတွေက မိဆိုးကို စိတ်ကောက်ခြင်းတွေ ဖယ်ရှားလေပီ။ သူ့ကို ကြည့်တော့လဲ သိပ်စိတ်မပြေတပြေ။ မိဆိုးကတော့ ဂရုမစိုက်တော့။ ချစ်..သိလား...။ လှမှာလို့ ပြောတော့ သူက အဲမလုပ် အင်းမလုပ်။ ဒီလိုနှင့် မိဆိုးတို့ Agano ဘူတာဆီရောက်ပီ။ တကဲ့ကို တောမြို့ကလေးဖြစ်သည်။ ဘူတာရုံမှာ ထွက်ပေါက်ကလည်း တပေါက်တည်း။ ဘူတာက ထွက်ထွက်ချင်း ပွဲတော်ရက်မို့ ဒေသခံများက မီနီဘတ်စ်ကလေးတွေနှင့် လာကြိုပေးနေသည်။ မိဆိုးပျော်ပါသည်။ ကားကလေးနှင့်အတူ လမ်းတလျှောက် ဟိုဖက် ဒီဖက်မြင်ကွင်းများကို ကြည့်ရင်း ကျေနပ်လာလေသည်။ ၁၀ မိနစ်လောက် ကားစီးပီးတော့ Gotoen ကို ရောက်ပါပီ။ တကယ်လဲ ရှူခင်းက လှပါသည်။ သို့သော် မကြာခင် အမှောင်ပျိုးတော့မည်။ သူနှင့်ကိုယ်နှင့် ဓာတ်ပုံရိုက်ကြသည်။ ကိုယ်လဲစိတ်ပြေပီ။ မမှောင်လျှင် နေရာစုံ ပိုလည်ဖြစ်မည်ထင်သည်။ အခုတော့ .... အလင်းရောင်ရှိသည့် နေရာလေးတွေမှာပဲ ဓာတ်ပုံရိုက်ဖြစ်လေသည်။

ပွဲတော်ဆိုလို့ ကြီးကြီးမားမား မထင်ပါလေနှင့် ဒေသခံတွေ ရဲ့ ရိုးရာပွဲတော်လေးဖြစ်မည်ထင်သည်။ တောင်အလယ်မှာ စင်ထိုးကာ ထင်းမီးဖိုနှင့် မီးစက်များအားကိုးကာ ကျင်းပခြင်းဖြစ်လေသည်။ မုန့်ဆိုင်တန်း အနဲငယ်ရှိသည်။ မိဆိုး ဂျီကျလေပီ။ ရေငတ်တယ်..ရေငတ်တယ်..။ သူက လည်း စိတ်ကောက်ရှိန်မပြေသေး။ မိဆိုးကို ဓာတ်ပုံတွေသာ ရိုက်သည်။ တူတူမရိုက်ချင်ဘူး တွင်တွင်ငြင်းလေသည်။ သူဟ ဟိုဖက်မှာ ရိုက်နေတုန်း မိဆိုး တခါ စိတ်ပြန်ကောက်ပီး ဒီဘက်က ထွက်လာသည်။ သူများပါမလားလို့ နောက်ပြန်လှည့်တော့ သူကမပါ။ ဒီတော့ မိဆိုး သူ့ကို ပြန်ရှာရသည်။ စိတ်ထဲကလဲ သူ..ငါ့ကို ပစ်သွားပီထင်တယ်ဆိုပီး... တွေးနေမိသည်။ ဟိုရှာဒီရှာနှင့် မိဆိုးနားသို့ သူအအေးဗူးတဗူးကိုင်ကာ ရောက်လာလေသည်။ မိဆိုးရေဆာလို့ ရေသွားဝယ်တာတဲ့...။ စိတ်ထဲမှာ အတိုင်းမသိ ကြည်နူးသွားသည်။ ကိုယ့်ကိုကိုယ်လဲ ပြန်ဆုံးမသည်။ နောက်ကို မဆိုးတော့ဟု။ မိဆိုးက အအေးသောက်ပီး သူ့ကိုကြည့်တော့ သူက ကိုယ့်ကို မကြည့် ခပ်လှမ်းလှမ်းက ခုံလေးမှာ သွားထိုင်သည်။ ကိုယ်လဲ မအီမလည်နဲ့ ပြန်လှည့်ထွက်တော့ သူက သူ့ဘေးဆီကို လာထိုင်ခိုင်းသည်။ ပီးတော့ သူက အခုလို မိဆီုးကို ရှင်းပြလေသည်။ မိဆိုးက ခရီးသွားလျှင် ကုန်ကျငွေနှင့်တန်အောင် လျှောက်လည်ချင်သော စိတ်ကို သူနားလည်သည်။ သို့သော် ..သူကပြောသည်။ ၂ယောက်တည်းရှိသည့် အတွက် အချိန်ဘယ်လောက်တိုတို တူတူနေခွင့် လည်ခွင့်ရခြင်းသည်လည်း အနားယူခြင်းတမျိုးတဲ့ဟု ဆိုကာ မိဆိုးကို နားချလေသည်။ အခုဆို... လှပတဲ့နေရာမှာ မိဆိုးနှင့် ၂ယောက်တည်း..ဒီအချိန်လေးကို တန်ဖိုးထားပါတဲ့...သူ့စကားနဲ့အတူ ကိုယ်ကျေနပ်သွားသည်။ ဟုတ်ပေသည်။ ၂ယောက်တည်းရှိသော အချိန်လေးကို တန်ဖိုးထားရမည်တဲ့။ မိဆိုးတို့၂ယောက် သား ပြေလည်သွားကြလေပီ။

အပြန်ကျတော့ ရထားပေါ်မှာ သူက ရန်ဖြစ်ခြင်းကြောင့် နားလည်မှူရသွားသည့်အတွက် ကျေနပ်သည်တဲ့။ ဟုတ်သည်။ မိဆိုးတို့၂ယောက် အမြဲ ရန်ဖြစ်ကြသည်။ ရန်ဖြစ်ပီးသွားတိုင်း မိဆိုးတစ်ယောက် အမြဲ သင်ခန်းစာရသည်။သူလည်း မိဆိုးလိုပင်။ များသောအားဖြင့်တော့ မိဆိုးပဲ လွန်သည်ထင်သည်။  အဲ့က အပြန်ပွဲဈေးတန်းက Turkey ရေခဲမုန့်ဝင်စားသည်။ မကြိုက်ပါ။ မာမာနဲ့ စေးထန်းထန်းကြီးဖြစ်သည်။ ဘူတာရုံမှာ အမှတ်တရ ဓာတ်ပုံရိုက်သည်။  အပြန်လိုက်ပို့ပေး သော ဒေသခံများက နောက်နှစ်လဲ လာပါဦးတဲ့ ဖိတ်ခေါ်ကြလေသည်။

ထိုကအပြန် အချိန်စောနေသေးတော့ ၂ယောက်သား အိခဲဘုခုရော့ မှာ ညစားစားရင်း ဈေးဝယ်ကြသည်။ ဖိနပ်ဆင်တူဝယ်ကြသည်။ မနက်ဖြန်တူတူစီးမည်။ ညစာကို သူက ထုံးစံအတိုင်း အသားကင်စားမယ်ဆိုတော့ အသားကင်ပေါ့။မိဆိုးက အမဲသားမစားသလို ဘီယာလဲ မသောက်..။

 ပုံတွေကို slide show နဲ့တင်ပေးတာ..ဘယ်လိုမှ တင်မရလို့ လင့်ပဲ ပေးလိုက်ပါတယ်...။ ပုံတွေလိုက်ကြည့်ရင်း သဘာဝအလှအပများ ခံစားနိုင်ကြပါစေ..။
https://picasaweb.google.com/118059058728548983631/MisoeGotokoen?authuser=0&feat=directlink

<div style="width:288px;font-family:arial,sans-serif;font-size:13px;"><div><embed type="application/x-shockwave-flash" src="https://picasaweb.google.com/s/c/bin/slideshow.swf" width="150" height="100" flashvars="host=picasaweb.google.com&hl=en_US&feat=flashalbum&RGB=0x000000&feed=https%3A%2F%2Fpicasaweb.google.com%2Fdata%2Ffeed%2Fapi%2Fuser%2F118059058728548983631%2Falbumid%2F5826958001457632721%3Falt%3Drss%26kind%3Dphoto%26hl%3Den_US" pluginspage="http://www.macromedia.com/go/getflashplayer"></embed></div><span style="float:left;"><a href="https://picasaweb.google.com/118059058728548983631/MisoeGotokoen?authuser=0&feat=flashalbum" style="color:#3964c2">View all</a></span><div style="text-align:right;"><a href="http://picasaweb.google.com/lh/getEmbed?feat=flashalbum" style="color:#3964c2">Get your own</a></div></div>



Takao တောင်သွားခြင်းကိုတော့ နောက်အပတ်မှဆက်ပေရှည်မည်။