Wednesday, June 19, 2013

လက်စွပ်များရဲ့ ရာဇဝင်

လက်စွပ်ဆိုလို့.. ကိုယ့်မှာ သူနှင့်ပက်သက်ပီး လက်စွပ် ၃ခု ရှိလေသည်။ ပထမတခုက ပတ္တမြား၃ လုံးကို ရွှေကွပ်ပီး သူကိုယ်တိုင် ဒီဇိုင်းလုပ်ခဲ့ကာ ကိုယ့် ကို ချစ်သက်လက်ဆောင် ပေးခြင်းဖြစ်သည်။

ဒုတိယလက်စွပ်ကတော့ အသည်းပုံမှာ စိန်တလုံးထည့်ကာ ပလက်တီနမ် နှင့် ပြုလုပ်ထားသော လက်စွပ်ဖြစ်သည်။ ထိုလက်စွပ်မှာ မေမြို့ကန်တော်ကြီး ပန်းခြံမှာ ကိုယ့်ကို လက်ထပ်ခွင့်တောင်းသည့် လက်စွပ် ဖြစ်သည်။ ကိုယ့်ကို လက်ထပ်ခွင့်တောင်းချိန်သည် အမှန်တကယ် အားဖြင့် စော ရမည်  ဖြစ်သော်လည်း အမြဲ ကမောက်ကမ ဖြစ်တတ်သည့် ကိုယ်တို့ နှစ်ယောက်အတွက် မင်္ဂလာ လက်မှတ်မထိုးခင်  မြန်မာပြည်တွင် ပထမဆုံး အကြိမ် ဟန်နီးမွန်းထွက် ဖြစ်ခဲ့သည့် နေ့က ဖြစ်သည်။  အကြောင်းမူ ....... သတ်မှတ်ရက် မတိုင်မှီ မင်္ဂလောင်ဆောင် ဖြစ်ခြင်း၏ အကျိုးဆက် နောက်ဆက်တွဲ များဖြစ်သည်။ မတ်လ ၁၁ ရက်တွင် ဖြစ်ပွါးခဲ့သော ငလျင်သည် ကိုယ်တို့ ၂ယောက်ကို အလျှင်အမြန် အိမ်ထောင်သည် ဘဝသို့ ကူးပြောင်းသွားစေ သောကြောင့် ဖြစ်လေသည်။ ကိုယ်တို့ ၂ယောက် မြန်မာပြည်မှာ တရားဝင် လက်မှတ် မထိုးခင် ခပ်မြန်မြန် ဟန်းနီးမွန်းရ ခြင်းကလဲ ထိုရက်ပီးပါက ရသည့်အချိန်ကို ကျောင်းတက်ကြမည်ဖြစ်သော ကြောင့် ကမောက်ကမ ဖြစ်ကြခြင်းပင်။

ဟန်းနီးမွန်းဆိုလို့ တလမ်းလုံး ပျော်ရွှင်နေလိမ့်မည်ဆိုလျှင် တော့ စာဖတ်သူအသင် မှားပေလိမ့်မည်။
ကိုယ်တို့၂ယောက်သည် အဝေးပြေးကားဖြင့် ညနေ ၅နာရီမှ ထွက်ခွါခဲ့သည်။ လမ်းတွင် အဆင်ပြေခဲ့သော်လည်း ......... တထောက်နားသော စခန်း အရောက်မှာတော့ နောင်ဂျိန် ဇာတ်လမ်းစလေပီ။ အချိန်ကား ည၁၂ နာရီ....feel မှာ လူတွေ ပြည့်တော့ ဘေးကဆိုင်ကို ဝင်သည်။ ကိုယ်က ကြက်သားဟင်း နှင့် မှိုကန်စွန်းတပွဲ မှာသည်။ သူကတော့ ဆိတ်ကလီဇာ မှာသည်ပေါ့။ ပီးတော့ ဘီယာတလုံး ဘာကနေဘယ်လို စဖြစ်သည်ကိုတော့ မမှတ်မိတော့ ရန်ဖြစ်နေရင်း ကိုယ်တမင်မလုပ်ပေမဲ့ ကြက်သားဟင်းကို အဖဲ့မှာ ဟင်းရည်သူ့ကို စင်သွားခဲ့သည်။ ထိုအခါ ဘသားချောက ထပီး ဘာဆိုဘာမှမစားပဲ ထွက်သွားခဲ့သည်မှာ ကိုယ့်ရှေ့က ထမင်းပန်းကန်အပါအဝင် ဘီယာတစက်မှမသောက်ပဲ ပိုက်ဆံပေးခဲ့ရလေသည်။ ကိုယ်လဲ တော်တော်တင်းသွားသလို ရှက်လဲ ရှက်သည်။ ဒီတော့ အိမ်ကို ဖုန်းခေါ်ဖို့ကြည့်တော့ ဖုန်းလိုင်းမမိ။ ခက်တော့ခက်နေပီ။ ကိုယ်တအားစိတ်တိုပီး ရန်ကုန်ပြန်မည်ပြင်သည်။ သို့သော် အချိန်ကား ၁၂ နာရီဆိုတော့ အဆင်မပြေ။ (နောက်မှ ပြန်ပြောပြတာက သူက လက်ဖက်ရည်ဆိုင်မှ ကိုယ့်အရိပ်အခြေ ထိုင်ကြည့်နေသတဲ့ တကယ်လို့ တယောက်တည်းသွားရင် စိတ်ပူလို့တဲ့....း)
ကိုယ်လည်း စိတ်လျှော့ပီး ကားပေါ်တက်တော့ ကိုယ့်အနောက်က သူကပ်ပါသည်။ သူ့ကိုမကြည့်ပဲ ကားဆက်စီးလိုက် အိပ်လိုက်ပေါ့။ နောက်တော့ နဲနဲပြန်လျှော့ပီး စကားပြောမိကြသည်။ မနက်၎ နာရီလောက် ရောက်တော့ လာကြိုမဲ့သူဆီ ဖုန်းဆက်လိုက်ကြသည်။ ၄ နာရီ ၁၅လောက် မေမြို့ရောက်တော့ လာကြိုသည့်ကားဆီသွားပီး တည်းခိုသည့် ဟော်တယ်သို့ လိုက်ပို့သည်။ မနက်ကျ ကားဘယ်အချိန် ပြန်လာရမလဲမေးတော့ တခါ ပြဿနာ တက်ပြန်သည်။ ကိုယ်က သိပ်မအိပ်ပဲ လျှောက်လည်ချင်သည်ကိုးးးးးး။ သို့သော် သူ့စိတ်အတိုင်း ၁၁ နာရီလောက် လာကြိုခိုင်းလိုက်သည်။ ကဲ...စပါပီ....

တည်းခိုခန်းရောက်တော့ အခန်းသော့ပေးတော့.. အခန်းထဲမှာ ၂ယောက်အိပ်ကုတင်တလုံးနှင့် တယောက်အိပ်ကုတင်တလုံးပါလေသည်။ အခန်းထဲ ဝင်ဝင်ခြင်း တံခါးပိတ်ပီးသကာလ ကျောင်းတော်က..အဲ လမ်းမှာ မပီးသေးသည့် ဇာတ်လမ်းကို ပြန်ဆက်ကြသည်။ တစ်ယောက်တခွန်း စကားများရင်း ကုတင်ကလဲ အဆင်သင့် ခွဲပေးထားတော့ အကြိုက်ပေါ့...။ သို့သော်.... ရန်ဖြစ်လို့ မောသွားတော့ သူကပြန်ချော့လိုက်ပြန်သည်။ ဒီလိုနှင့် ရန်ဖြစ်ပြန်ချစ်။

မဟာအံ့ထူးကံသာဘုရားကြီး
ဘုရားကြီးတန်ဆောင်း
မနက်ရောက်တော့ ကားလဲရောက်ရော မေမြို့က ရှမ်းခေါက်ဆွဲဆိုင်မှာ သွားစားကြသည်။
ဘုရားရှေ့ကန် ဥယာဉ်
စားလို့မကောင်းပုံများ ကိုယ် ၂ဇွန်းအပြင် စားမဝင်။ သူကလဲ ကိုယ့်အကြိုက်လိုက်ပီး ဆိုင်ကလူကို  ပြင်ပေးခိုင်းသော်လည်း စားမကောင်းတော့ ကိုယ်စားမဝင်။ ဒါကို သူကမကြိုက်။ အဲ့အချိန်မှာ သူဘာမှမပြောပေမဲ့ ကားပေါ်ရောက်တော့ ကိုယ်တို့ အသံတိတ် တိုက်ပွဲ ဆင်နွှဲကြသည်။ မေမြို့ဘုရားကြီးရောက်သည်။ ဘုရားဖူးပီးလှူကြသည်။

ပိတ်ချင်းမြှောင်
  ဘုရားကအပြန် ပိတ်ချင်းမြှောင်ရောက်တော့ ဘုရားမဝင်သေးပဲ ကိုယ်တို့၂ယောက်    အကြီးအကျယ်
ဂူထဲက ဘုရားများ
ဖိုက်ကြသည်။ ကွဲကြ ကွာကြသည့်အဆင့်ထိရောက်ကုန်သည်။ အဲ့အကြောင်း ကိုယ်သိပ်ပြန်မတွေးချင်။ ကိုယ်ကမတင်း သူကတင်းတော့ ကိုယ် လျှော့ရသည်ကိုးးး။ ၁နာရီကျော်ကြာ ဆွေးနွေးပီး သကာလ လက်ချင်းပြန်တွဲကာ ဘုရားဖူးကြလေသတည်း။

ိတ်ချင်းမြှောင် ရှေ့က ဒီတောလမ်းကလေးကနေ ဖြတ်ရတယ်။ အပေါ်ကလှမ်းမြင်ရတာ ရေတံခွန် ရှိတဲ့နေရာလေးပေါ့...

ရေတံခွန်ရောက်ပီ။ ရေမကူးရတဲ့ လူသေလို့လို့ ပြောတယ်။
ဒီကနေဖြတ်မှ အပေါ်က ရေတံခွန်နေရာကို ရောက်သည်။
လမ်းတလျှောက် မြင်ရပါတဲ့ ရေတံခွန်တွေ....
မိုက်တယ်ဟုတ်...
ပိတ်ချင်းမြှောင်မှတဆင့် ခုနှစ်ထပ်ရေတံခွန်တို့တောင် ရောက်လိုက်သေးသည်။ ၂ယောက်သား ကြည်ကြည်လင်လင် ပုံတွေရိုက်ကြသည်။ ပိတ်ချင်းမြှောင်မှာပဲ ထမင်းစားသည်။ ဆတ်သားခြောက်ဟင်း၊ ယုန်သားဟင်း၊ ကြက်သားဟင်း နဲ့ ဂေါ်ရခါးညွှန့်ကြော် ပီးတော့ စွန်တန်ဟင်းချို။ စားကောင်းပါသည်။ ယုန်သားတော့မစားရဲလို့ မစားခဲ့။






စိန်ပန်းပြာတွေနဲ့ ပနံ့ရနေတဲ့ ဘီအီးဖော
အကြိုက်ဆုံးးးးးးနေရာ မိုးတွေရွာနေလို့ ရေနဲ့ မထိခဲ့ရဘူး။
အရင်ကဆို ရေထဲ လျှောက်ပီး ပုံတွေရိုက်ဦးမှာ...
လှတယ်နော်.. ရှူထောင့်အမျိုးမျိုး
သူက အောက်က ရေတံခွန်လေးပေါ့
အဲ့ကအပြန် ဘီအီးဖောဝင်သည်။ ကိုယ်တို့ဝင်ကာမှ မိုးရွာသည်။ ကားထဲကနေ မိုးခိုသည်။ ကားကို အထဲထိ ဝင်လိုက်တော့ လမ်းသိပ်မလျှောက်ရတော့ အတော်လေးအဆင်ပြေသည်။ အမှန်က မိုးရွာလို့ လမ်းမလျှောက်ဖြစ်ခြင်းပါ။ လူတွေမရှိတော့ ရေတံခွန်ပုံရိုက်ရတာ အတော်လေးလှသည်။ မိုးကလဲသည်းလိုက်တိတ်လိုက်။ အဲ့ကအပြန် စတ်ေဘယ်ရီခြံဝင်သည်။ စတော်ဘယ်ရီသီးကိုယ်တိုင်ခူးလို့ ရသည်ဆိုပဲ။ သို့သော် စတော်ဘယ်ရီ မရှိတော့လို့ ဆိုင်ပိတ်တော့ မြို့ထဲက ဆိုင်မှာ စတော်ဘယ်ရီဖျော်ရည် ဝင်သောက်သည်။ အပြန်မှာ မေမြို့ဈေးဝင်သည်။ ဟိုဟာဒီဟာ လက်ဆောင်ဝယ်သည်။ ညစာကို တရုပ်ဆိုင်မှာစားသည်။ တည်းခိုဆောင်ပြန်ကြသည်။ တည်းခိုသည့်ဟော်တယ် နာမည်မမှတ်မိ။ ဘာvilla လဲမသိ။ ဘေးက resort လဲနာမည်မေ့။ အဲ့ဒီမှာ ညဖက် ၂ယောက်သား ခေါင်းလျှော်ကြသည်။ အနှိပ်ခံကြသည်။ ခြေထောက်လဲ အနှိပ်ခံသည်။ အမယ် အဲ့အချိန် အိန္ဒြာကျော်ဇင်တို့ လဲ တည်းနေသတဲ့။ အနှိပ်ခံရင်း သူတို့ လင်မယားအကြောင်း ကြားခဲ့ရသေးသည်။ ကိုယ်ဝန်ရှိနေပီဆိုပဲ။ အဲ့ဒီအချိန်တုန်းက ဂျာနယ်တွေမှာတောင် သတင်းမပါသေး။

ညလဲရောက်ရော ကိုယ်ဇာတ်လမ်းစပီ။ ဒီတခါကတော့... ထုံးစံအတိုင်း ပန်းမမ ဖြစ်သည်။ ခေါက်ရေတောင် မမှတ်မိတော့ မနေ့က စတော်ဘယ်ရီဖျော်ရည်ဖြစ်မည်ထင်သည်။ ဆေးလဲ ပါမလာ။ တော်သေးတာက တည်းခိုခန်းပိုင်ရှင်က ပင်စင်စား ဆရာဝန်ဆိုတော့ သူဝယ်ခိုင်း သည့်   ဆေးဝယ်သောက်တော့   နေ့လည် အခြေအနေကောင်း သွားသည်။ မိုးကလဲ မနေ့က တညလုံး မနက်ခင်းတခင်းလုံး ရွာ။ သူကတော့ လက်ဖက်ရည်ဆိုင်သွားလေရဲ့။ ကိုယ့်ကို ဆေးတွေ မုန့်တွေလာပေးပီး နေ့လည်ကျတော့ ကိုယ် ကောင်းသွားပီဆိုတော့ အပြင်ထွက်ချင်ပီ။ သူက ကိုယ်လိုချင်သည့် ကားလမ်းဘေးက ပန်းဓာတ်ပုံတွေ လိုက်ရိုက်ပေးသည်။
သူ့နဲ့အတူ သူ့အဖေတပည့်တဦးနှင့် လိုက်ပီး ခြံလိုက်ကြည့်ဖြစ်သည်။ ငယ်ငယ်က မေမြို့နှင့် ယခုမေမြို့ အတော်ပြောင်းသွားသည်။ လူနေအိမ်ထူထပ်လာသည်။ လူမနေနိုင်လျှင် ခြံတွေသည် စိတ်မချရ။သေချာခြံခတ်နိုင်မှ တော်ကာကျသည်။ ခြံစောင့်ထားလဲ ခြံစောင့်ကိုပါ စိတ်မချရ။း( လိုအပ်သည့်ပုံအချို့ရိုက်ခဲ့သည်။ အဲ့ကအပြန်မှာ သူ့သူငယ်ချင်းနဲ့တွေ့သည်။
နေ့လည်ရောက်ပီ။ မိုးကရွာတုန်း။ သို့သော် ကန်တော်ကြီးသွားမည်ပူဆာတော့ သူလိုက်ပို့သည်။ ကိုယ်.ရထားလုံး.မြင်းလှည်းစီးချင်သည်။  ကားက ကန်တော်ကြီးမှာ ချပေးပီး ပြန်ထွက်သွားသည်။ သူ့သူငယ်ချင်းက ဆိုင်ကယ်ဖြင့် လိုက်လာသည်။ ကန်တော်ကြီးကနေအပြန် feel မှာညစာ စားဖို့ချိန်းသည်။

ကန်တော်ကြီးသည် နိုင်ငံတကာ အဆင့်မှီသည်။ စိတ်ချမ်းသာစရာ ကောင်းသည်။ တော်တော်လေး လှပ သပ်ယပ်သည်။ ကိုယ်တို့ လျှောက်လည်ကျသည်။ သို့သော် လိပ်ပြာတွေရှိသည့် သစ်ခွရုံတော့ ပိတ်သွားလို့ မဝင်ဖြစ်။ သူက ဘဲ၃ကောင်ကို ရီုက်နေသည်မှာ နာရီဝက်ကြာသည်။ ကိုယ်နဲနဲတင်းနေပီ။ မိုးကလဲတဖွဲဖွဲ... ဒီလိုနှင့် ပြန်ဖို့ပြင်ပေမဲ့ သူက ဟိုနားဒီနားသွားဖို့ပြောသည်။ စိန်ပန်းပြာတွေ ပွင့်နေတာ သိပ်လှသည်။ တခါမှ စိန်ပန်းပြာပွင့်တဲ့ အချိန် မေမြို့မရောက်ဖူးသေး။ ပန်းခြံထဲက ဘုရားပေါ်မှာကန်တော့ဖြစ်သည်။ ကိုယ်ကန်တော့တာ သူမလာလို့ ဘာဖြစ်နေတာလဲမေးတော့ လာပီဆိုပီး ကိုယ့်အနားလာထိုင်သည်။ ဘုရားရှိခိုးပီး သူ့ကိုလှည့်ကြည့်တော့ လက်ထဲက ဗူးနီနီလေးကို တွေ့သည်။ သူက မျက်စိမှိတ်ဆိုတော့ ကိုယ်လဲ ဘာမှန်းမသိ မျက်စိမှိတ်ဖြစ်တော့ ကိုယ့်လက်မှာ သူလက်စွပ်ဝတ်ပေးသည်။ အဲဒါလေးက နောက်ကျနေပီ ဖြစ်ပေမဲ့ လက်ထပ်ခွင့်တောင်းသည့် လက်စွပ်တဲ့။ သူကပြောသည်။ သူ့ကို လက်ထပ်ပါတဲ့......။း) (အချိန်စောခြင်း နောက်ကျခြင်း။ သူများတွေလို အဆင့်အဆင့်ဖြစ်မနေခြင်းသည် ကိုယ်တို့အတွက် အရေးမပါပါ။ ကိုယ်တို့၂ယောက်သည် အမြဲ အဆင့်ကျော်တတ်သောကြောင့် ဖြစ်၏။)

အဲ့ကအပြန်ကို မြင်းလှည်းလေးနဲ့ feel ကိုသွားသည်။ feel မှာညစာ စားတော့ ထွန်းအိန္ဒြာဗိုလ်တို့ လင်မယားတာင် တွေ့သေးသည်။ ဟင်းတွေ အများကြီးမှာပီး ကုန်လဲမကုန်။ အများကြီး ကျန်ခဲ့သည်။  နှမျောစရာ။ စီးစရာ ကားမပါတော့ အပြန်ကို စားပွဲထိုးတွေကိုပြောထားတော့ တက်ဆီတော့မရှိ။ ဆိုင်ကယ်တုတ်တုတ်တော့ ရှိသတဲ့။ ပထမဆုံး အကြိမ် စီးဖူးခြင်းဖြစ်သည်။ သူနဲ့ ကိုယ်နဲ့တဖက်စီထိုင်သည်။ ကြေက်လဲကြောက် ရင်လဲတုန် ပျော်လဲပျော်။ ဒီလိုနှင့် တည်းခိုခန်းပြန်ရောက်သည်။

မနက်လင်းတော့ တည်းခိုခန်းပိုင်ရှင်ဆီက ကားငှားပီး လျှောက်ပတ်ကြသည်။ လက်ဆောင်တွေဝယ် အပင်တွေကြည့်။ တရုပ်ဘုံကျောင်းသွား။ မိုးကလဲ ဖွဲဖွဲ..။ နေ့လည်မှာ တူးတူးထမင်းဆိုင်မှာ ဝင်စားဖြစ်သည်။ အရမ်းကြိုက်သည်။ ကောင်မလေးတွေလဲ သဘောကောင်းကြသည်။ စားလို့လဲ ကောင်းသည်။ ကိုယ်စားကောင်းတော့ သူပျော်လေသည်။ ညနေကျတော့  resort က စားသောက်ဆိုင်မှာ လက်ဖက်ရည်သောက်ဖြစ်သည်။ ညနေစောင်းတော့ ပြန်ဖို့ပြင်သည်။ တည်းခိုခန်းပိုင်ရှင်ကပဲ လိုက်ပို့ပေးသည်။ မိုးကလဲ ရွာလို့ကောင်းတုန်း။ နုတ်ဆက်ခဲ့ပါသည်..ပန်းမြို့တော်...။ အဲ့ဒီကအပြန်မှာ ကိုယ်အသားတွေ မဲသွားသည်။ မြန်မာပြည်မှာ နေစဉ်တုန်းကထက်တောင် မဲသွားသည်။း(

လက်စွပ်အကြောင်းရေးတာ... အမှတ်တရ မြန်မာပြည်ဟန်းနီးမွန်းအကြောင်း ဖြစ်သွားသည်။ တော်ချက်.။း) သို့သော်.. လက်စွပ် အကြောင်း ပါသည့် အတွက် လက်စွပ်ဇာတ်လမ်းပဲလေ..။

တတိယလက်စွပ်ကတော့ လက်ထပ်လက်စွပ်ဖြစ်လေသည်။ ထိုလက်စွပ်ကတော့ သူ့အမေ လုပ်ပေးခြင်းဖြစ်သည်။ စိန်တလုံးကို ပလက်တီနမ်နှင့် ကွပ်ထားခြင်းဖြစ်သည်။ ထိုလက်စွပ်ကို ပွဲမဝင်ခင် သေချာဝတ်ကြည့် ကြသော်လည်း တကဲ့နေ့ကျမှ အရမ်းချောင်နေတော့သည်။
လက်စွပ်များ အရမ်းချောင်နေခြင်းသည် ပြဿနာအစဖြစ်ပေသည်။

 လက်မှတ်ထိုးသည့် စာချုပ်သည် လဲ သူ့ဒီဇိုင်းဖြစ်သည်။ ဖုံးကြွငွေရောင်ပေါ်မှာ စီးကွင့်တွေ စီထားသည်။
ကိုယ်တို့လက်မှတ်ထိုးတော့ ကိုယ်အရင် တုန်းက သိခဲ့ဘူးသည့် အမ တရားသူကြီးတယောက်ရှေ့မှာ ထိုးခဲ့ခြင်းဖြစ်သည်။  ပန်းပဲတန်းတရားရုံးမှာဖြစ်သည်။ အိမ်ခေါ်ပီး လက်မှတ်ထိုး လို့ရသည့်အပြင် ဟော်တယ်မှာထိုးလို့ရသည် ဆိုတာကို နောက်ကျမှ သိတော့သည်။ တရားရုံးဆိုတော့ တရားခံစစ်ဆေးသည့် နေရာတွေရှိသည်။ သိမှမသိပဲ။ သွားဖြစ်ခဲ့သည်။ တခုတော့ တော်သေးသည်။ ကိုယ်တို့က ခပ်စောစော လက်မှတ်ထိုးတော့ တရားရုံးမှာ လူသိပ်မစုံသေး။ တရားရုံးထဲမယ် ဓာတ်ပုံမရိုက်ရတဲ့။ မသိပဲ ရိုက်လိုက်ကြသည်မှာ ဝက်ဝက်ကွဲ။း) တိုင်လုံးကြီးတွေ တော်တော်လှသည်။ နောက်ခံ ရန်ကုန်မြစ်နှင့် ဆိပ်ကမ်းကို မြင်ရသည်။ အားလုံးပီးတော့ ပြန်ဆင်းလာတော့ အနိဌာရုံ တွေ မြင်ခဲ့ရသည်။ အမှန်က ကိုယ်စပ်စုချင်သေးသည်။ မင်္ဂလာယူနေချိန်မှာ မကြည့်ရဆိုလို့ ဒီအတိုင်း ပြန်လာရသည်။

အဲ့ကအပြန် ၂ဖက်မိဘကို ကန့်တော့ ကြသည်။ လူကြီးတွေကို ဝင်ပို့ပေးပီး အဝတ်အစားလဲကာ ဖိတ်စာ အပ်ဖို့ပြင်ကြသည်။ ဖိတ်စာအပ်ရင်း  ဆိုင်ရှာရင်း ၂ယောက်သား ရန်ဖြစ်ကြပြန်သေးသည်။ ကားနဲ့ပတ်ပီး ဟိုဆိုင် ဒီဆိုင် ဝင်ရသည်မှာလဲ သိပ်တော့ မချောင်။ ဖိတ်စာကို နောက်ဆုံးတော့ ဗိုလ်ချုပ်လမ်းကဆိုင်တဆိုင်မှာ အပ်ဖြစ်သည်။ ငွေရောင်ဖောင်းကြွ လေး။ သြော်..ကိုယ်တိုင် မင်္ဂလာဆောင်မှပဲ သိတော့သည်။ ဈေးကမသေး။ တစောင် ၇၀၀ ကျပ်တောင်။ ဒါတောင် သူများတွေကပြောကြသည်။ ထောင်ကျော်တောင် ရှိသတဲ့။ နှမျောစရာကောင်းသည် ဟု ကိုယ်တော့ထင်သည်။ ဖိတ်စာဆိုသည်မှာ ကာယကံရှင်ပဲ သိမ်းထားတတ်ကြတာကိုးး။

ဖိတ်စာအပ်တော့တခါ စာရေးတော့ ပြဿနာတက်ကြသေးသည်။ ကိုယ်က ဘာဘွဲ့မှမရေးသလို မိဘတွေကိုလဲ ဘာရာထူးမှမထည့် ။ သူ့အမေကတော့ သူတို့ရာထူးတွေထည့်တော့ .. ကိုယ့်ဖားသားကြီးနဲ့ ပြဿနာတက်လိုက်သေးသည်။ သူကလဲ အဲ့ဒါကို မကြိုက်။ မထည့်ရင် ၂ဖက်လုံးမထည့်တာ ပိုမကောင်းဘူးလား။ ဟုတ်ပါသည်။ သို့သော် သူ့အမေထည့်တာကို ကိုယ်ဘယ်လိုငြင်းမလဲ..နော့်။း) ဖိတ်စာရိုက်ပီး အပြန် လမ်းမှာ စကားပြော အဆင်မပြေဖြစ်တော့ ရန်ဖြစ်ကြပြန်သည်။ သူသည် ကားကို အရှိန်ပြင်းစွာ မောင်းလို့ ကိုယ်ကလဲ ခပ်ရွပ်ရွပ်ဆိုတော့ သေချာကိုင်ပီး မျက်စိမှိတ်ထားသည်။ ဘယ်ရမလဲ..ဟဲဟဲ... လုပ်လုပ် ကြိုက်သလောက်လုပ်ပေါ့...။ သို့သော်.. မိနစ်အနည်းငယ်အတွင်း ကြောက်လာလို့ ကိုယ်ပဲ ပြန်လျှော့ရသည်။ မလျှော့လို့ ရမလား။ သူလုပ်ပုံကြည့် ဦးလေ..။ ပလက်ဖောင်းရဲ့ တဝက်ကို တင်ပီး ကားကို အသားကုန်သမနေတဲ့ဟာ..။ တော်သေးသည်။ အဲ့အချိန် လူရှင်း ကားရှင်းနေပေလို့။ မော်တော်ပီကယ်လဲ မရှိပေလို့ပေါ့။ ခုပြန်တွေးရင်းတော့ ရီရသည်။း) ချော်သွားပြန်ပီ။

လူတွေလဲသိပ်မဖိတ် ။ စာသင်သားသံဃာ ၂၀၀ကျော် ကို လှူဖွယ်ဝတ္တုများနှင့် ဆွမ်းကပ်ဖြစ်သည်။ ကျောင်းက ဆရာတွေကိုတော့ ဖိတ်တော့ ဆရာတွေ လာကြပါသည်။ သူငယ်ချင်းကတော့ အနဲငယ်ပဲ ဖိတ်ဖြစ်သည်။ လူနဲစုပဲဖိတ်ဖြစ်တော့ အဖိတ်မခံရတဲ့ သူငယ်ချင်းတွေဆိုတာ ခုချိန်ထိ အပြစ်တင်လို့မဆုံး။ အသိအမှတ်မပြုဆိုပဲ။ ကိုယ်ကလဲ ကိုယ်။  ဘယ်သူ့မှ သိပ်မဖိတ်ဖြစ်။ ၀တ္တရားအရဆောင်လိုက်ယုံ သတ်သတ်သာ။ ပီးတော့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးနဲ့ လှူတာပဲ လုပ်ဖြစ်သည်ဆိုတော့။ အဲ့ဒီအတွက် အစစအရာရာ သူ့အမေ စီစဉ်ပေးတော့ ကိုယ်တို့ မပင်ပန်း။ သူကလဲ ကျောင်းတက် ကိုယ်ကလဲ ကျူရှင်တက် မပြတ်။

ဆွမ်းကျွေးကိုတောင် အလှမပြင်ဖူး ပြင်မယ်နဲ့ စိတ်ကဝေခွဲမရ။ နောက်ဆုံး အမများ၏ တိုက်တွန်းမှူကြောင့် လက်ခံလိုက်ရပေမဲ့ မင်္ဂလာပွဲသွားသူလိုပဲ ပြင်မယ်။ သတို့သမီးလို မပြင်ချင်ဘူးဟုပြောပီး သဘောတူမိသည်။ တကဲ့နေ့ကျတော့မှ သူတို့သမီးမှန်း သိသွားကာ အလှပြင်ဆိုင်မှ သတို့သမီးဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြင်ဖြစ်သွားသည်။ ဆံထုံးကို အကြီးကြီး မထုံးချင်။ မိပ်ကပ်ကိုလဲ အများကြီးမပြင်ချင်နှင့် ဂျေးများသေးသည်။ သို့သော် အတော်အဆင်ပြေပါသည်။၄၃လမ်းထဲက မိပ်ကပ်ပွင့်ဖြစ်သည်။ပြင်တာသပ်ယပ်သည်။ မြန်သည်။ မိပ်ကပ်ထူလပျစ်မဟုတ်။  သူနဲ့ကိုယ်နဲ့ ကားတစီးစီမှာ သူ ဘုန်းကြီးကျောင်းကို ရောက်တော့ မိပ်ကပ်တွေ လိမ်းထားသည့် ကိုယ့်ကို မမှတ်မိ။ သူထင်တာက ..ဟင် ..ဒီနေ့ မင်္ဂလာဆောင် ၂ခုတောင်ရှိတယ်တဲ့။ နောက်မှ ကားမောင်းသည့်ဖက်ကြည့်မှ ကိုယ့်တူလေး ကို တွေ့မှ..ဟာ.. သူ့သတိုးသမီးပဲ ဆိုပီး လာခေါ်သည်။း)

ပထမတော့ ပုဝါတွေ မိတ်ကပ်တွေ ဆံထုံးတွေနှင့် အနေရခက်သည်။ မဖိတ်ပဲ အတင်းမင်္ဂလာလက်ဖွဲ့ ပို့ပေးသော အမရွှေစင်ကို ကျေးဇူးတင်ပါသည်။ အမပို့ပေး သော ပန်းချီကားမှာ ရန်ကုန် မှာရှိသော လက်ရာတွေထက် အများကြီး ကောင်းပါသည်။ ကျေးဇူးလဲ အထူးတင်ပါသည်။ ကြိုက်လဲကြိုက်ပါသည်။ သိပ်မကြာခင်တော့ ကိုယ်နှစ်သက်သည့် နိုင်ငံရှိ အိမ်ဧည့်ခန်းမှာ ချိတ်ဖြစ်မည်ဟု ထင်ရပါသည်။

မင်္ဂလာဆောင် ပီးအပြန်ကျတော့လဲ ရန် ဖြစ်ကြတာပဲ။ ရုပ်ရှင်တွေထဲကလိုတော့ ဆံထုံးတွေ ကိုတူတူဖြုတ်မယ်မထင်နဲ့ ရန်ဖြစ်ပီး ကိုယ်ပဲဆံထုံးတွေ ဆောင့်ဖြုတ်ပစ်လိုက်တာ။း) ရန်ဖြစ်တာ အခန်းထဲမှာတိုးတိုးတိတ်တိတ်ပေါ့။ဒါမဲ့ သူ့အိမ်က ကောင်မလေးတွေကတော့ ကြားတယ်တဲ့။

မင်္ဂလာပွဲ ပီးတော့တခါ နောက်တနေ့မှာ ဒင်နာလုပ်ဖြစ်သည်။ ကိုယ့်လက်မှာ သူပေးထားသော လက်စွပ် ၃ကွင်း အမြဲဝတ် ဖြစ်သည်။ လက်စွပ်တွေက ချောင်တော့ သတိထားရသည်။ ပုံမှန်ဆိုလျှင် လက်ထပ်ခွင့်တောင်းသည့်လက်စွပ်ကို အောက်က လက်ထပ်လက်စွပ်ကို အပေါ်က အဲ့လို ဝတ်ရသည်ဟု ယောင်းမတော်က ပြောသည်။ သို့သော် ချောင်သောကြောင့် ဘယ်မှ ညာသို့ပြောင်းဝတ်ကာ လက်ထပ်လက်စွပ်ကိုအောက်ကထားပီး အပေါ်က ခွင့်တောင်းသည့် လက်စွပ်ဝတ်ဖြစ်သည်။

ဒီလိုနှင့် ဂျပန်ကိုပဲ ပြန်လာဖြစ်သည်။ ရောက်ကတည်းက ဖြစ်လိုက်သည့်ရန်။ တရက်မှ မပြတ်။ တပတ်မှာ ၇ ရက်ရှိလို့ပဲတော်သည်။ ၈ ရက်ဆိုမလွယ်။ တရက်မှ မလွတ်။ ယခုမှ အိမ်ထောင်သည် ဘဝကို ၂ယောက်တူတူ ရင်ဆိုင်ရသည်ကိုး။ မြန်မာပြည်မှာ ရှိစဉ်တုန်းကတော့ အပူအပင်မရှိ။ ဘာမှ လုပ်စရာလဲ မလို။ ကျောင်းတက် ။ အဆင်သင့်စား။ကားတစီးနဲ့ လျှောက်သွား ဟိုဖက်အိမ်စား ဒီဖက်အိမ်စား။

အဲဒီလိုနှင့် ရောက်ပီး သိပ်မကြာခင် သူ့သူငယ်ချင်းတွေနဲ့ စားပွဲလုပ်ဖို့ တခါချိန်းတယ်။ ရန်ဖြစ် စိတ်ကောက် ကိုယ်ပျောက်နေတော့ တခါ ပျက်ပြန်တယ်။ နောက်၂ပတ်ကြာတော့ တခါ ထပ်ချိန်းတယ်။ ထုံးစံအတိုင်း ရန်ဖြစ် စိတ်ကောက်။ ဒီတခါတော့ ပျက်ရင်မကောင်းလို့ ပြန်တည့်ကြတယ်။သူ့သူငယ်ချင်းတွေက ညနေကျတော့ တခါ ဖုန်းဆက်ပီး ဒီတခါ တကယ်သေချာလား မေးကြသည်။း) ပထမတခါ ရန်ဖြစ်ပီး မိန်းမပျောက်သွားသည်ကိုး။း)  အမှန်က ရန်ဖြစ်ပီးကာစလေး..။  ပြန်ကြည်ပီး ညစာ တူတူသွားစားကြတယ်။ အဲ့ဒီမှာ သူ့မကောင်းကြောင်းတွေ သူ့သူငယ်ချင်းရှေ့ပြော။ မကျေနပ်ချက်တွေ ဖွင့်အံရင်း အဲ့ဒီကစလို့ နောက်ပိုင်း နဲနဲတော့ ၂ဦးသား ပြေလည်လာကြတယ်။ သူ့သူငယ်ချင်းတွေက သူ့ထက်ရော ကိုယ့်ထက်ရော ကြီးတယ်လေ။

အဲ့ဒီနေ့က သူတို့နဲ့ လမ်းခွဲပီး အပြန် ခေါက်ဆွဲဆိုင်တဆိုင်ဝင်စားတယ်။ လမ်းမှာ အချစ်နာလန်ထပီး လက်ကိုဆွဲပီး ယမ်း ပီး ၂ယောက်သား သောင်းကျန်းကြတယ်။ တွန်းထိုးရိုက်မောင်းနဲ့ပေါ့။ အိမ်ရောက်တော့ ကွန်ပျူတာဖွင့်ပီး စာရိုက်လိုက်သေးတယ်။ အဲ့ဒီမှာ သတိထားမိတာ လက်စွပ်။ ဟာ.............လက်ထပ်လက်စွပ် ။ ဘယ်လိုရှာရှာ မတွေ့တော့ဘူး။ သူကပြောတယ် ပြုတ်ကျရင် အသံကြားတယ်တဲ့။ အဲ့ဒီနေ့က ကိုယ် အဲဒါကို အပေါ်က ဝတ်မိတော့ ချောင်နေတော့ ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်။ အဲ့ဒီနေ့က ကိုယ်... အိပ်လို့မပျော်ခဲ့ဘူး။ သူကတော့ မစဉ်းစားနဲ့တဲ့။ ပစ္စည်းက အဓိက မကျဘူး။ သစ္စာနဲ့ ခိုင်မြဲခြင်းသာ အဓိကတဲ့။ ဒါပေမဲ့.. ကိုယ် အဲ့ဒီနေ့က လုံးဝ အိပ်မပျော်ခဲ့ဘူး။ နောက်နေ့ကစလို့ ဘယ်မှာ ကျပျောက်မှန်းမသိတဲ့ လက်စွပ်ကို ၂ယောက်သား သွားခဲ့တဲ့ လမ်းတလျှောက် မျက်စိတောင်းမှောက် ရှာကြတာ ၂လကျော် ကြာတဲ့အထိ။ တွေ့ပါတယ်။ သူများတွေရဲ့ ငွေလက်စွပ်တွေ ငွေလက်ကောက်တွေ။ အဟောင်းဆိုင်တွေတောင် ရောက်တယ်။ ကိုယ့်ဟာများ ရှိမလားလို့ပေါ့။
ဒါနဲ့ သူ့ကိုပြောတယ်။ ၂ဖက်မိဘ ဘယ်သူ့ကိုမှ မပြောနဲ့ ပြန်ဝယ်ပီး အစားပြန်ထိုးမယ်ဆိုပီး စိန်တန်ဖိုး လိုက်မေးရတယ်။ ကိုယ်က ငပိန်း ဘာမှမသိဘူး။ စိန်ကလဲ ဘယ်လ်ဂျီယမ်ဆိုတာသိတယ်။ ဈေးဘယ်လောက်လဲ မသိ။ အသိအမတွေလဲမေး။ ဒီက ပုံစံတူရှိရင်လဲ စပ်စုပေမဲ့။ ဒီမှာ စိန်ကို ဘယ်နိုင်ငံကလဲဆိုတာ မေးမရဘူး။ အဲ့ဒီလိုနဲ့  လက်စွပ်ပျောက်တာ ၆လကျော်လာပီ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ပြန်ရင် အစားပြန်ထိုးရမှာပဲလေ..။ တခါတလေ သူ့လက်စွပ်ကို မြင်ရင် ပြောမိရင် သူက အလေးထားလို့တဲ့။ သူများကို မခံချင်အောင်စတယ်။

ကိုယ်ကလဲ တခါက  ကိုပီတာရေးဖူးတဲ့ အထဲ မိန်းမတစ်ယောက်က သူ့လက်ထပ်လက်စွပ်လေး နှစ် ၂၀ကြာတော့ ခြံထဲက မုန်လာဥနီရဲ့ထိပ်မှာ စွပ်လျက်သားပြန်တွေ့တဲ့ အကြောင်း ပြောပီး .. လက်စွပ်ကလေးကို ဘယ်လိုပုံနဲ့ ပြန်တွေ့မှာလဲဆိုတဲ့ မှိန်ပျပျ မျှော်လင့်ချက်လေးနဲ့ပေါ့....။

ဒီလိုနဲ့ လက်စွပ်လေးရဲ့အကြောင်း မေ့လိုက် ပြန်ပေါ်လိုက်နဲ့.... တနေ့က သူ အိမ်ပြန်လာတော့ ကုတင်ပေါ်မှာ စောင်းအိပ်တဲ့ အခါ သူ့ပစ္စည်းကျနေတော့ ကိုယ်မနက်ထတော့ သူ့ပစ္စည်းတွေ တင်ပေးရင် အထဲ ကပစ္စည်းတခု ကျသံကြားတော့ ကိုယ်ကောက်လိုက်တာ....... မထင်မှတ်ပဲ ကိုယ့်လက်စွပ်ကလေး ပြန်ရတယ်။ အဲ့ဒီနေရာ ကိုယ်အမြဲ သန့်ရှင်းရေးလုပ်ခဲ့ပေမဲ့ တခါမှ မတွေ့ခဲ့ဘူးး။ ကိုယ်..ပထမတော့ သူ့လက်စွပ်ထင်တော့ သူ့ကိုနှိုးပီး လက်စွပ်မေးတော့ လက်စွပ်က သူ့လက်မှာ။ ဟာ..တကယ်ပဲ ကိုယ့်လက်စွပ်ကလေး.. ပြန်တွေ့ပီ။ သူလဲ အံ့သြပီး အိပ်ယာကထကြည့်တယ်။ ဒါနဲ့ သူ့ကို ကိုယ်က ဒုတိယအကြိမ် လက်ထပ်လက်စွပ် ပြန်ဝတ်ခိုင်းခဲ့တယ်..........။ ပျော်လိုက်တာ။



လက်စွပ်ပျောက်နေချိန်တုန်းက တခါတလေ သူ့ကို ကိုယ်ပြောတာက ကိုယ့်ဆီမှာ လက်ထပ်ခွင့်တောင်းတဲ့ လက်စွပ်ပဲ ရှိတဲ့အတွက် သူက ကိုယ့်ကို အမြဲ လက်ထပ်ခွင့်တောင်းနေတဲ့ အဓိပ္ပါယ်လို့ ကိုယ်ပြောမိတယ်..။ ဟဲဟဲ...။ အဲဒီလိုနဲ့ ကိုယ့်မှာ ရာဇဝင်လေးနဲ့ လက်စွပ်ကလေးတွေ... ၃ကွင်းတောင် ရှိခဲ့ပါတယ်။

 ဘလော့မှာစာရေးဖို့ မအားလပ်လို့ရယ်.. စာရေးရမှာပျင်းနေတာရယ်ကြောင့် ခုမှ အရင်တုန်းက ဇန္န၀ါရီလတုန်းက ရေးထားခဲ့တဲ့ စာကို တင်ခြင်းဖြစ်ပါတယ်။ နောက်များမှ ကလေးလေးနဲ့ ပက်သက်တာလေးတွေ တင်ပေးပါမယ်။ ခုတော့ တော်တော်လေးကို အလုပ်ရှုပ်နေပါတယ်...