Friday, February 14, 2014

မွေးကင်းစ ကလေး ရေချိုးနည်း

သမီးလေး မမွေးခင် မေမေက ရေချိုးပုံရေချိုးနည်းသင်တန်းကို မြို့နယ်က အခမဲ့ လုပ်ပေးတဲ့နေရာမှာ တတ်ခဲ့သလို ဆေးရုံပေါ်မှာလည်း ကလေးရေချိုးပုံ ထပ်ပြပေးပါတယ်။

ကလေးတယောက် ရေချိုးပေးဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ရေချိုးဇလုံတခု..ရေချိုးဆပ်ပြာရည် လက်ကိုင်တာဝါအသေးလေးရယ် ကလေးနားကြပ်တောင်လေးတွေပါပဲ။ ရေအပူချိန်တိုင်းမဲ့ ကိရိယာလေးလည်း ဆောင်ချင်ရင်ဆောင်ပေါ့နော်။ ကလေးသုတ်ဖို့ မျက်နှာသုတ်ပုဝါအကြီးတစ်ထည်ဆောင်ပါ။ လေးထောင့်စပ်စပ် ဖြစ်လျှင်ပိုကောင်းပါသည်။

ကလေးတယောက် ရေမချိုးခင် ကြိုတင်ပြင်ဆင်ရမှာက ရေချိုးဇလုံထဲကို ရေဖြည့်ပါ။ နွေမှာဆို ၃၇ ဒီဂရီစင်တီထားပီး ဆောင်းမှာဆို ၄၀ ဒီဂရီထားပေးပါ။

ရေဖြည့်ထားပီးချိန်မှာ အရင်ဦးဆုံး စားပွဲ သို့ ကုတင်ပေါ်မှာ ကလေးအနှီးဒိုင်ဗာကို ဖြန့်ပါ။ အပေါ်က ကလေးဝတ်ဖို့ အကျီ အတွင်းခံနဲ့ အပေါ်အကျီကို ကလေးချပီးဝတ်လို့ရအောင် တခါတည်းပြင်ပေးပါ။  အဲဒီအပေါ်ကမှ ကလေး မျက်နှာသုတ်ပုဝါကို တင်ပါ။

ကလေးကို အရင်နို့တိုက်ပီးမှရေချိုးတာ ပို၍ကောင်းပါသည်။ဘာလို့ဆို ရေချိုးပီး မကြာခင် ကလေး ချက်ချင်းအိပ်တတ်လို့ဖြစ်ပါသည်။ ဗိုက်ဝတော့ ပို၍ အိပ်သည်ကိုး။ အပူချိန်တိုင်းပါ။ ကဲ ရေချိုးဖို့ အဆင်သင့်ဖြစ်ပါပီ။ သင်တန်းတုန်းကတော့ ၃ကီလို ဂရမ် ရှိတဲ့ အရုပ်နဲ့ လက်တွေ့ လုပ်ခဲ့ရပါတယ်။ အရုပ်က မလှုပ်ဘူး ကလေးကတော့ လှုပ်တာပေါ့နော်။ သတိထားပါ။ အထူးသဖြင့် ကလေးဇက်မလည်ဖို့ပါ။ ကလေးရေချိုးနေချိန်မှာ ဧည့်သည်တို့ ဖုန်းတို့ ဘာပဲလာလာ ကလေးကို ထားပီး
ဘာမှ မလုပ်ပါနှင့်။ ကလေးက အရေးအကြီးဆုံးပါ။

ကလေးကို အထက်ကပြထားတဲ့ အ၀တ်ပုံပေါ်မှာ ထားပီး ကလေးအ၀တ်များကို စတင်ချွတ်ပါမည်။ ပီးလျှင် မျက်နှာသစ်သုတ်ပုဝါ အသေးစားကို ရေလေးဆွတ်ပီး မျက်နှာသစ်ပါမည်။ နဖူး ပါး၂ဖက်နှင့် နှာခေါင်းတ၀ိုက်ကို ပွတ်ပေးပါ။ ပီးလျှင် နား၂ဖက်။ ပီးလျှင် လက်ညှိုးထဲ မျက်နှာသုတ်ဝတ်ကို ထည့်ကာ မျက်စိ ၂ဖက်ကို ခပ်ဖွဖွ ပွတ်ပေးပါ။ အထက်ပါ အဆင့်ပီးလျှင် မျက်နှာသုတ်ပုဝါကို ရေပြန်ဆွတ်ပီး ညှစ်ပီးလျှင် ကလေးရင်ဖတ်ပေါ် တင်ပေးပါ။ သို့မှသာ ကလေးကို ရေထဲချလျှင် ရေမလန့်မှာ ဖြစ်ပါသည်။ ဒါဆိုလျှင် ရေထဲ ထည့်ပါတော့မည်။
ရေထဲ ထည့်လျှင် ခြေထောက်လေးကနေမှာ ရေထဲကို တဖြည်းဖြည်း ညင်ညင်သာသာ ချပေးပါ။
ချသည့်အခါ ဇက်အောက်ကနေ မိမိလက်တဖက်ကို ပင့်ထိန်းပီးကိုင်ပေးပါ။ ကျန်သော လက်တဖက်က ကလေးရဲ့ တံတောင်ဆစ်ကြား ဂျိုင်းကြား ဖင်ကြား ဒူးခေါင်းကြားများကို ရှင်းလင်းပေးပါ။ လည်ပင်းအောက်ကို လက်ညှိုးလေးဖြင့် ဂျီးရှင်းပေးပါ။ ဆပ်ပြာကိုင်လျှင် ကိုင်ပီး အထက်ပါနေရာများကို လုပ်ပေးပါ။ (ကိုယ်ကတော့ ခေါင်းပါလျော်လို့ရသည့် ကလေးဆပ်ပြာရည်ကို သုံးပါသည်။ ကိုယ်သုံးသည့် ဆပ်ပြာရည်က တခါတည်းရေချိုးဇလုံထဲထည့်ရပါသည်။)
ပီးလျှင် ခေါင်းလျှော်ပါသည်။ ယောင်္ကျားလေးများ ရေချိုးပေးလျှင် ရွှေပန်းကိုသေချာ ဆေးပေးရသလို မိန်းကလေးများကို ဖင်သေချာဆေးပေးပါ။ ဒီမှာကတော့ ၀မ်းသွားထားလျှင် ကလေးအဆီလေးဖြင့် ရေချိုးချိန်မှာ ဆေးပေးလျှင် ပိုကောင်းပါသည်တဲ့။ (နောက်တချက် မိန်းကလေးများ ၀မ်းသွားပီး သုတ်သင်သည့်အခါ စအိုအောက်မှ အထက်မသုတ်မိရန်သတိထားပါ။ အပေါ်မှအောက်သာ သုတ်ပေးပါ။ မိန်းမကိုယ်ထဲ ပိုးမ၀င်စေရန်ဖြစ်ပါသည်။) ရေချိုးသည့် အပေါ်ပိုင်းကိစ္စ ပီးလျှင် ကျောဖက်ကို လှန်ပါမည်။ လှန်သည့်အခါ ကလေးဇက်ကို သတိထားပါ။ သို့အတွက်ကြောင့် ကလေးကို လှန်ရာမှ လက်၂ဖက်ဖြင့် ထိန်းပီး  မှောက်ပါမည်။ အမှန်က လက်တဖက်က ခေါင်းကို ထိန်းပီး ကျန်တဖက်ရဲ့ လက်မကို ပေါင်ကြား အရှေ့ ဖက်မှာထားပီး ကျန်၎ချောင်းကို ကျောဖက်မှာ ဆုပ်ကိုင်ပီးမှောက်ပါလေ။ ကလေးလည်မထွက်ပါ။ ကျောကို ရေပွတ် လည်ပင်း ပေါင်ကြားရေပွတ်ပီးလျှင် ရေချိုးခြင်း ပီးပါပီ။
ရေချိုးနေချိန်မှာ ကလေးကို စကားပြောပေးပါ။ ဥပမာ သမီးလေးရေ.. ရေချိုးတော့မယ်.. ရေချိုးရတာ ကောင်းတယ်နော်..ပျော်လားသမီးရေ..နဲနဲလေး ကြီးလာရင် ရေဆော့တတ်လာပီ ဆိုရင်..ဟယ်..သိပ်တော်တဲ့ သမီးလေး... ရေဆော့တတ်နေပီ..အစရှိသဖြင့် ကလေးတွေကို စကားပြောပီး ရေချိုးပေးပါ။ ဥာဏ်ရည်ဖွံ့ဖြိုးစေပါသည်။

ကလေးကို ရေထဲက စစ်ပီးထုတ်လာလျှင် အထက်ကကြိုတင်ပြင်ဆင်ထားသည့် မျက်နှာသုတ်ပုဝါ ပေါ်မှာတင်ပီး တခါတည်းမျက်နှာပဲဖော်ကာ ပတ်ပီး ခေါင်းကို အရင်သုတ်ပါ။ ပီးတာနဲ့ကိုယ်ကိုသုတ်ပါ။ ကလေးရေခြောက်ပီဆိုတာနဲ့ ကလေးအနှီးဝတ်ပတ်ပါ။ (ကိုယ်ကတော့ ပေါင်ကြားကို ပေါင်ဒါအနဲငယ်သုံးပါသည်။ ဆရာဝန်တွေ မသုံးခိုင်းပါ။) ပီးလျှင် ရာသီဥတုကြောင့် ကိုယ်တို့ကတော့ ကလေး အသားမပတ်စေရန် လိုရှင်းလူးပေးပါသည်။ အားလုံးကို လုပ်ပေးနေရင်း စကားတွေလည်းပြောပေးပါသည်။ ပီးလျှင် အသင့်ပြင်ထားသော ကလေးအကျီကို ၀တ်ပါသည်။ ကလေးနားများလည်း သန့်ရှင်းရေးလုပ်နိုင်ပါသည်။ မွေးကင်းစဖြစ်သည့်အတွက် ချက်ကိုလည်း အရက်ပြန်လေးဖြင့် ပွတ်ပေးပါ။ ကလေးသည် မကြာမီ မျက်စိစင်းပီး အိပ်ချင်လာပါမည်။ အချိန်မှန်ရေချိုးပေးခြင်းသည်ကောင်းပါသည်။

ဤတွင် ကလေးရေချိုးခြင်းပီးပါပီ။

မှတ်ချက်။  ကလေးရေမချိုးခင် ကိုယ်အပူချိန်တိုင်းသင့်ပါသည်။ 

Monday, February 10, 2014

သမီးလေး..ဖတ်ဖို့ ၂

ဖေဖေါ်ဝါရီ ၁၀ ရက် ..သမီးလေး လက်ခုတ်စတီးတတ်သော နေ့။

သားသမီးတွေဟာ မိဘတွေကို ရွေးချယ်ပိုင်ခွင့်မရှိသလို မိဘတွေဟာလည်း သားသမီးတွေကို ရွေးချယ်ပိုင်ခွင့်မရှိဘူးတဲ့... ။ ဒီစကားရဲ့ ဦးတည်ရာဟာ.. တကယ်တော့ မကောင်းတဲ့မိဘတွေရရှိထားတဲ့ သူတွေအတွက် နဲ့ မကောင်းတဲ့သားသမီးတွေ ရထားတဲ့ မိဘတွေအတွက်လို့ ထင်ပါတယ်။

မိဘတိုင်းကောင်းတာကြီးပဲ မဟုတ်သလို သားသမီးတိုင်းလည်း ကောင်းကြတာ မဟုတ်ဘူး...အမြဲ အကောင်းအဆိုး ဒွန်တွဲ ရှိနေဦးမှာပဲ ။

ကိုယ်တိုင်မိဘ ဖြစ်လာမဲ့သူတွေ ..မိဘဖြစ်နေသူတွေဟာ... ကိုယ်တိုင်ခံစားခဲ့ဘူးတဲ့ ခါးသည်းတဲ့ အတွေ့အကြုံတွေထဲက ကိုယ့်သားသမီးတွေကို အကောင်းဆုံးပေးပါ။ တတ်နိုင်သမျှ ကာကွယ်ပါ။ နည်းမှန်လမ်းမှန် ချစ်တတ် ကာကွယ်တတ်ကြမယ်ဆိုရင်.. သားသမီးတွေရဲ့ ဘ၀ဟာ အေးချမ်းနိုင်မှာပါ။ သားသမီးတွေကို မျက်ကန်းချစ် ချစ်ပီး နည်းမှားနဲ့ ကာကွယ်ပေးနေတဲ့ မိဘတွေ အားလုံး သတိလေးနဲ့ ဆိုဆုံးမပေးနိုင်ရင် ကောင်းမယ်လို့ထင်ပါတယ်။

သမီးလေးအတွက် ကိုယ်ဟာ အကောင်းဆုံးဖြစ်စေချင်တယ်။ သမီးလေး ပြုံးနေတာပဲ မြင်ချင်တယ်။ သမီးလေး ကို ကြေက်ရွံစေခြင်း ထိတ်လန့်တတ်စေခြင်း ၀မ်းနဲငိုရှိုက်တတ်စေခြင်းတို့ကို ကိုယ့်ဘဝ တသက် လုံးဝမပေးဖို့ ကြိုးစားနေမှာပါ။ အသိနဲ့ သတိနဲ့ကပ်ပီး သမီးလေး အတွက် အမြဲကြိုးစားသွားမယ်။အဲ့ဒီအတိုင်းလဲ လုပ်ဆောင် နေတယ်။ သမီးလေးရဲ့ အတွေးမှာ... မေမေ့အတွက်ကြောင့် ငါ့ မိဘရ ကံမကောင်းလေခြင်းဆိုတဲ့ အတွေး ဘယ်တော့မှ ၀င်မလာစေရဘူး... သမီး။
သမီးလေးအတွက် ငယ်ငယ်တုန်းက ကိုယ်တွေမိဘတွေဆီက ရလာတဲ့ ကောင်းခြင်းတွေ မှန်သမျှ အကုန်ဖြည့်ဆည်းပေးပီး.. ကိုယ်မကြိုက်တဲ့အချက်တွေကို ရှောင်ရှားပီး တတ်နိုင်သမျှ ကောင်းမယ်ထင်တာတွေကို သမီးအတွက် ညွှန်ပြပေးမယ် ။  သမီးအတွက်ပဲ မေမေ အကောင်းဆုံး လုပ်ပေးမယ်။ သမီးလေး စိတ်အနာရမှာတွေ စိတ်ဒဏ်ရာ ရစေမှာတွေကို မေမေ လုံးဝ မလုပ်ဘူး။ ဒါ..သမီးလေးအတွက် မေမေ့ဆုံးဖြတ်ချက်ပဲ။  သမီးလေးအတွက် တသက်တာ လက်ဆောင်ဆိုလဲ မမှားဘူး။ ဘာကိုပဲ လုပ်လုပ် သမီးအတွက် ဆုံးဖြတ်ပီး လုပ်မယ်။ သမီးကို မနာကျင် မထိခိုက်စေချင်ဘူး။ ကိုယ်လိုချင်လို့ ယူထားတဲ့ ကိုယ့်သမီးအတွက် အရာရာကို ရင်ဆိုင်ဖို့ မေမေ အမြဲ အဆင်သင့်ပဲ...

Monday, February 3, 2014

သမီးလေးရဲ့ တိုးတက်မှု ၃

သမီးလေးတောင် ဘာလိုလိုနဲ့ ၅လပြည့်ပီး သိပ်မကြာခင် ၆လပြည့်ပါတော့မယ်။
သမီးလေးက မျောက်ရှုံးအောင်ဆော့တယ်ဆိုရင် ယုံကြမလားပဲ...
သမီးလေး ၂လခွဲထဲက ခေါင်းထောင်ပီး ၃လနဲ့မှောက် ၄လနဲ့ထိုင်ထ ကို မအေကထိန်းပေးရပါတယ်။ သမီး ၅လပြည့်ပီးချိန်မှာ ဘေဘီဝေါ့ကာထဲမှာ ပျော်နေပါပီ။ ၄လပြည့်ပီးစလောက်မှာ မအေက သူ့ဂျိုင်းအောက်ကနေကိုင်ပီး မတ်တပ်ရပ်ဆော့တာကို ကူနေတာ..သူက မအေကို တရုပ်သူရဲများလို ခြေ၂ချောင်းခုန်ဆွခုန်ဆွလုပ်ပီး ခေါ်သွားတာ..ဘယ်နေရာလဲဆိုတော့ အရုပ်တွေထည့်ထားတဲ့ဗုံးဆီရယ်ပါ။ အံ့လဲအံ့သြ...ပါရဲ့။ ငယ်၂နဲ့လမ်းလျှောက်ချင် မတ်တပ်ရပ်ချင်တော့ ပုံမမြင်ရတဲ့သူတွေက မယုံကြ။ တနေ့တော့ ပုံရိုက်ပီး တင်လိုက်တော့မှ တကယ်ပါလားဆိုတာ သိကြတဲ့အဖြစ်။ သမီးလေး..သိပ်ဆော့ပါတယ်။ စကားတွေလဲ ပြောပါတယ်။ အသံတွေလည်းထွက်ပါတယ်။ မအေ သီချင်းဆိုလည်း သဘောကျပါတယ်။ သူ့ကို အသံစုံ လုပ်ပြရင် သဘောတကျနဲ့ရီလေ့ရှိပါတယ်။
၃လသမီးလောက်တည်းက မအေက သူ့ပါးကိုနမ်းရင် သဘောတကျ ပြုံးတတ်တဲ့သမီးဟာ ၄လပြည့်ပီးနောက်ပိုင်းမှာ မအေ နမ်းတာနဲ့ အသံထွက်ရီတတ်လာပါတယ်။

၃လခွဲလောက်မှာ လူတတ်ကြီးလုပ်ပီး နို့ဗူးကိုလက်၂ဖက်နဲ့ကိုင်ပီးသောက်ပါတယ်။ ရီလည်းရီရတယ်။ သေချာမကိုင်တတ်တော့ ပါးစပ်ကနေချော်ထွက်တာပေါ့။ ပြင်ပေးလည်းမကြိုက်ချင်ဘူး။
မအေ ကိုင်တဲ့ဟာ မှန်သမျှ အကုန်စိတ်ဝင်စားပါတယ်။ မအေ ဘာလုပ်လုပ် အကုန်ပါချင်ပါတယ်။ အခုများဆို မအေကို အပျောက်ကိုမခံပါဘူး။ အချွဲပိုလာပါတယ်။ မငိုပဲ အော်တတ်လာတယ်။ မအေက မကြည့်ရင် အော်တာတိတ်ပီးကြည့်ရင် ဆက်အော်ပါတယ်။  လိုချင်တာ လုပ်ချင်တာဆိုလည်း အင့်အင့်နဲ့ တောင်းဆိုတတ်လာပါတယ်။ မအေခမျာ..အခုတော့ အိမ်သာသွားလည်းမဖြောင့် ရေချိုးလည်းမဖြောင့်ပါဘူး။ ခုတော့..အိမ်သာသွားလည်းတူတူပေါ့။

အခုဆို သမီးကိုရေချိုးရင် မအေပါစိုလို့ သားအမိတွေ heater ဖွင့်ပီးတူတူချိုးရပါတယ်။ သမီးက ရေကိုတအားဆော့တတ်နေပီ။ ထိုင်လို့လည်းရတော့ လက်တွေနဲ့တအားဆော့ ခြေတွေနဲ့ကန်ပေါ့။ မအေဟင်းချက်လည်းပါချင်ပါတယ်။ ဟိုဟာကိုင်ဒီဟာကိုင်လုပ်ချင်တာ။ မအေခမျာ ဘာလုပ်လုပ် မလွပ်လပ်ကြီးနဲ့ပေါ့။
သမီးလေးက မအေလက်ထဲကနေ သူသွားချင်တဲ့နေရာကို သွားပီး မျက်စိရှေ့ရှိသမျှဟာတွေ ဆွဲချပါတယ်။ ကြွတ်ကြွတ်အိတ်က အသံထွက်တာတွေ သဘောကျတော့ အဲ့ဒါကိုလည်းဆော့ပါတယ်။ ဘောလုံးအရောင်စုံဆိုလည်းအလွတ်မပေးပါဘူး။ ရေသန့်ဘူးဆိုလည်း
 ဆော့ရတာကြိုက်လေရဲ့။ သူ့ကစားစရာ အရုပ်တွေဆိုလည်း မလွတ်ရဘူး။ သီချင်းဆိုလည်းကြိုက် တီဗွီဆိုလည်း မလွတ်တမ်းကြည့်လို့ နောက်ဆုံးမေမေက မကြည့်ပဲ ပိတ်ပစ်ရတဲ့အထိပါပဲ.။ တီဗွီက လာတဲ့ ကြော်ငြာဆိုလည်းကြိုက်လို့..ကိုယ့်မှာ ကျိတ်ရီရသေးတယ်။ အသံထွက်တဲ့ဟာ လက်နဲ့နှိပ်တာကို ဆရာမက ခြေထောက်နဲ့ကန်လိုကန်ရဲ့ တခါတလေကျတော့လည်း မအေကို ကိုင်ခိုင်ပီးသူက အပေါ်က ခုန်လေရဲ့။ သူထိုင်ပီး တခါတခါအိပ်လေ့ရှိတဲ့ ပုခက်ထဲကနေလည်း ကုန်းကုန်းထတဲ့အပြင် အောက်ကပစ္စည်းတွေကို ကုန်းပီးကိုင်လို့ မေမေ့မှာ ပြုတ်ကျမှာတောင် စိုးရိမ်နေရပီ။

ညညဆိုလည်း တော်တော်နဲ့မအိပ်လို့ ဆူရသေးတယ်။ သူ့ကိုဆူရင် ကိုယ်ရီချင်တာကို အောင့်ထားရတယ်။
ဘာလို့ဆို သူ့မျက်လုံးပြူးပီး မအေကိုလှန်လှန်ကြည့်တာ။ မအေက မပြုံးမချင်း လှန်ကြည့်နေတာ။ တခါတလေတော့ သနားလို့ ပြုံးပြလိုက်ရင် ကျေနပ်ပီး မအိပ်တော့ပြန်ရော.. အဲ့ဒါနဲ့ သူ့ကို ဆူပီးတာနဲ့ သူမျက်လုံးပြူးကြည့်ပီဆိုတာနဲ့ နို့တိုက်ပီး ခေါင်းလေးကိုသတ်ပေးမှ ငြိမ်တယ်။ နို့မိုဆို သွေးတိုးက
စမ်းချင်သေးတာ။ 

အခုဆို သူ့ဖေဖေကို မြင်တာနဲ့... မေမေ့ကိုယ့်ပေါ်ကနေ ထွန့်ထွန့်ကိုလူးနေတာပဲ ။။ အဖေကိုကြည့်လိုက် အသံထွက်လိုက် မအေပေါ်မှာ ဂဏှာကိုမငြိမ်ဘူး။ ဟော...သူ့ဖေဖေလဲခေါ်ရော မအေပေါ်ကမခွါချင်ဘူး။ ငိုရော။ အဲသည်လို.. ။ကိုယ်က ဒါကြောင့်သူ့ကို ညိုမြလို့ခေါ်တယ်။ သမီးမှာ ကိုယ်ခေါ်ဘူးတဲ့နာမည်တွေ အများကြီးပဲလေ..။သူမွေးစတုန်းကပေါ့...။  နို့စိုရင် အငန်းမရစို့လွန်းလို့ အငန်းမရဒေ၀ီ လို့။ ငိုရင်လဲ အသံပြဲလွန်းလို့ ပြဲလန်စိန်လို့ ဆော့လွန်းတဲ့အခါ ဆူးဆလပ် ဒေ၀ီတို့ပေါ့။

သမီးလေးက သတ္တိဂဲ။ ဆေးထိုးရင် သူများကလေးတွေလို ငိုကြောမရှည်ဘူး။ ၁မိနစ်ဆိုအိုကေပဲ။ ခုချိန်ထိတော့ သမီးလေးက ဖျားတာ သိပ်မရှိသေးဘူး။ ဟိုးတလောက ဆေးထိုးပီး တခါဖျားတာပဲရှိသေးတယ်။ သမီးလေးက သူများကလေးတွေနဲ့ ယှဉ်ရင်သိပ်မထွားဘူး။ မွေးစက ထွားပေမဲ့ သူက ပုံမှန်ပဲထွားတယ်။ နို့မှသိပ်မစို့တာကိုး။ မအေနို့ပဲစို့တာများတယ်။ အရမ်းဆော့လို့ သိပ်မဖွံ့ဘူးထင်တယ်။ အစားကျွေးရင်တော့ ဘယ်လိုလာမလဲမသိဘူး။

သမီးရဲ့အပြုံးက မေမေ့ကို ကိုင်လှုပ်သလို ဖေဖေ့ကို အမောပြေစေတဲ့ ဖေဖေ မေမေရဲ့အားဆေးပေါ့..သမီးလေးရေ..။ သမီးလေးကို နမ်းရရင် ..မေမေ့အမောတွေ အားလုံးပြေတယ်..သဲတုံလေးရေ..

အခုဆို သမီးလေး ၆လပြည့်တဲ့နေ့ကျရင် သမီးကို ပထမဆုံးအစာကျွေးရတော့မှာမို့ ဖေဖေရော မေမေရော စိတ်တွေ လှုပ်ရှားနေတယ်..သဲလေးရေ..။ ပထမဆုံး စ စားရမဲ့သမီးလေးအတွက် ပန်းကန်တွေ ခွက်တွေနဲ့ မေမေထိုင်ခုံလေးတွေ ပြင်ပေးနေတယ်။ သမီးလေး အစားကျွေးဖို့ မေမေ မြို့နယ်ကလုပ်တဲ့သင်တန်းလဲ တက်ပီးသွားပီ...။ တခုတော့ ရှိတာပေါ့..မေမေပိုအလုပ်ရှုပ်ပီပေါ့..ကွယ်။
 သမီးရယ်.. အိပ်ပါတော့အိပ်ပါတော့ပြောတာကို မအိပ်ပဲနဲ့ ပြုံးပြုံးပြနေတဲ့ ရှူမငြီးတဲ့ ချစ်သမီးလေး
Add caption