Tuesday, April 19, 2016

ကလေးများ နှင့် စာဖတ်ခြင်း အနုပညာ

ကလေးတွေကို ဘယ်အချိန်စာဖတ်ပြလို့ ရလဲဆိုတော့ အိမ်က သမီးကို ကိုယ်ကတော့ ၄လလောက်ထဲက ဖတ်ပြပါတယ်ဆို ယုံကြမလား။ ဘယ်လို စာအုပ်တွေဖတ်ပြလဲဆိုတော့.. အရုပ်လေးတွေ ပါတဲ့ စာအုပ်တွေပေါ့။ အဲ့ဒီအရွယ် ကလေးတွေ အတွက် စိတ်ဝင်စားစေဖို့က အရောင်တောက်တောက်လေးတွေ ပါတဲ့ စာအုပ်တွေက သူတို့နဲ့ အသင့်တော်ဆုံးပါပဲ။ စာမပါတဲ့ ပုံတွေရေးထားတဲ့ စာအုပ်လေးတွေကို ကိုယ်အဆင်ပြေသလို ပြောပြဖတ်ပြပေးပါတယ်။ ဥပမာ.. ကြောင်ရုပ်ပုံ ပါတယ်ဆိုပါတော့ ဒါလေးက ကြောင်ကလေး သစ်ပင်ပေါ်ကို တက်လို့ပြေး.. ညောင်ညောင်အော်လို့ မေမေရှာ သနားစရာ ကြောင်ကလေးပါ ဆိုပီး.. အကြံအဖန် ပါးစပ်ထဲတွေ့ကရာတွေ နဲ့ ဖတ်ပြပေးတာပါ။ နောက် စက်ဝိုင်းပုံအရစ်ရစ်လေးတွေဆို ရစ်တယ်ရစ်တယ် လှည့်တယ်လှည့်တယ်...နဲ့ သူတို့စိတ်ဝင်စားအောင်ဖတ်ပြပေးရပါတယ်။ အဲ့ဒီအခါ သူတို့က စာအုပ်တွေ ဖတ်ချင်လာတယ်။ စာအုပ်တွေကို လှန်တယ်။ မေမေပြောသလို ကြောင်ကလေးလို အော်တယ်။ အစရှိသဖြင့် စာဖတ်ချင်လာအောင် ဆွဲဆောင်ရပါတယ်။ စာအုပ်တွေကလည်း ဈေးကြီးတဲ့အခါ ကိုယ်ပိုင်စာအုပ်တွေ ၀ယ်သလို စာကြည့်တိုက်တွေက စာအုပ်ငှားပီး ဖတ်ပြပေးပါတယ်။
ဒီမှာက ဆရာမတွေ မြို့နယ်ရှိ မိုးလုံလေလုံ ကလေးကစားကွင်းတွေဆို တပတ်မှာ ၂ခါလောက် စာဖတ်ပြပေးပါတယ်။ အချို့နေရာဆို ညနေ အိမ်ပြန်ချိန်မှာ စာဖတ်တာတို့ သီချင်းဆိုတာတို့ လုပ်ပေးပါတယ်။

အိမ်က ဘေဘီကတော့ စာဖတ်တာကို ၀ါသနာပါလာပါတယ်။ ကလေးတွေကို စာဖတ်ပြခြင်းအားဖြင့် ကလေးတွေ ဗဟုသုတ ပိုကြွယ်ဝစေပါတယ်။ ကဗျာတွေ ရွတ်ဆိုရင်း ကလေးတွေဟာ စကားပိုသွက်တယ်လို့ ထင်ပါတယ်။ အိမ်က ဘေဘီကတော့ ၂နှစ်မပြည့်ခင်ထဲက တော်တော် စကားတတ်ပါတယ်။ ကိုယ်ထင်တာတော့ သမီးက ကဗျာတွေရွတ်လို့လို့ ထင်ပါတယ်။

စာဖတ်တဲ့အခါ အပြင်ကို ထွက်ရင် သမီးလေးက စာအုပ်ထဲက အကြောင်းအရာလေးတွေ ကို အပြင်မှာတွေ့ရင် သိပ်ပျော်ပါတယ်။ စာဖတ်ရင်းလဲ အမေးအဖြေလုပ်လို့ရပါတယ်။ တခါတလေ စာအုပ်ကိုင်ထားပီး သမီးလေးရေ.. ဧည့်ခန်းထဲမှာ ဘာတွေရှိလဲ သမီးစဉ်းစားပီး ပြောဆို ..သူသိသမျှပြောပါတယ်။ ဒီလိုနဲ့ စာအုပ်တွေထပ်ထပ်ဖတ်တယ်ပေါ့..။ သမီးက ခူကောင် caterpillar  လေး ကြီးလာရင် လိပ်ပြာလေးဖြစ်မယ်ဆိုတာ သိသလို လိပ်ပြာလေးတွေကြောင့် အပင်တွေ ပန်းတွေပွင့် အသီးတွေသီးတယ်ဆိုတာ သိပါတယ်။ ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးပါ။

သူ့အဘိုးအဘွား ဦးလေးအန်တီတွေနဲ့ စကားပြောရင်လဲ သူတတ်သလို စာဖတ်ပြသေးတယ်။ အဲ့ဒါအပြင် သူ့ကို မဖတ်ပြဖူးတဲ့ စာအုပ်တွေကိုလည်း အရုပ်ကြည့်ပီး ဖတ်ပြတတ်သေးတယ်။ လူလည်မလေးပေါ့။  စာအုပ်ထဲက ရေသူမတို့ အကြောင်းဖတ်ရင် ရေသူမက ဘယ်မှာနေလဲ ပင်လယ်ထဲမှာနေတယ်။ ပင်လယ်ကို သူတွေ့ရင် မေမေ ရေသူမလေးတွေ ရှိတယ်နော် လို့သူပြောမယ်။စာအုပ်ဖတ်ရင်း ဘာကောင်းတယ် မကောင်းဘူးဆိုတာ ရှင်းပြရတယ်။ အဲ့သည်လိုနဲ့ ကလေးတွေကို စာအုပ်လေးတွေဖတ်ပြရင်း သူတို့လေးတွေကို စာဖတ်ဝါသနာပါအောင် ဆွဲဆောင်ကြပါစို့။

ကလေးတစ်ယောက်ကို စာဖတ်ပြရတာ အင်မတန်မောပါတယ်။ ဟန်ရယ် အသံရယ် အမျိုးစုံ လုပ်ရလို့ပါ။ ကိုယ်က အင်္ဂလိပ်လိုနဲ့  ဗမာလို တစ်ခါထဲ ပြောပြဖြစ်ပါတယ်။ ဥပမာ ဘုရင်ကြိး King နဲ့ ဘုရင်မကြီး Queen တို့ castle ရဲတိုက်တို့ princess မင်းသမီးလေး တို့ prince မင်းသားလေးတို့ အစရှိသဖြင့် အင်္ဂလိပ်လို စကားလုံးလည်း ကြွယ်ဝစေပါတယ်။ သမီးလေး အင်္ဂလိပ်လို စာလုံးတော်တော်များများကို မြန်မာလိုနဲ့ တွဲသိနေဖို့ ကိုယ့်ရဲ့ ကြိုးစားမှုပါ။ သူကလည်း သင်ယူနိုင်သူဆိုတော့ ပင်ပန်းပေမဲ့ ပျော်ရပါတယ်။


Thursday, April 14, 2016

ဂဏန်းသင်္ချာများ နှင့်ကစားခြင်း



 ကျမ သမီးလေးကို ဂဏန်းတွေ သင်တော့မယ် ဆိုတော့ မြန်မာလိုတွေ လိုက်ရှာတယ်။ ဘယ်လို သင်ရမလဲပေါ့..။ ကျမသိခဲ့ဘူးတဲ့ ကဗျာတွေ ကိုလည်း သိပ်စိတ်တိုင်းကမကျဘူးလေ။ ဒါနဲ့ပဲ.. သမီးလေးကို အရင်ဦးဆုံး ကိုယ်တိုင်စပ် ကဗျာလေးနဲ့ မိတ်ဆက်ပေးဖြစ်တယ် ဆိုပါတော့။
ထမင်းတွေ အများကြီး စားစေချင်တဲ့ ရယ်ရွယ်ချက်ရယ် လျှာကို ကလေးတွေ တခါတလေ ကိုက်မိတယ်ဆိုတာလေး ကိုလည်း သတိလေးပေးရင်း ဒီကဗျာလေး စပ်မိတယ် ဆိုပါတော့။
၁၊ ၂၊ ၃၊ ၄၊ ၅
ထမင်းတွေ အများကြီးစား
သေသေချာချာဝါး။
လျှာကို ကိုက်မယ် သတိထား။
၆၊ ၇၊ ၈၊ ၉၊ ၁၀
လျှာကို ကိုက်မိတယ်။ လျှာကို ကိုက်တော့ နာနာ ဖြစ်
အားအား အီးအီးအစ်။ (အမူအယာလေးနဲ့ မျက်နှာရှုံ့မဲ့လို့ပေါ့)

နောက်တပုဒ်က တော့ အပြင်မှာ သမီးလေး ထိတွေ့ နေတာလေးတွေနဲ့ စပ်ဆိုထားတာပါ။
၁၊ ၂ မျက်နှာသစ်
၃၊ ၄ လက်ကိုဆေး
၅၊၆ တံခါးခေါက် (ဒေါက်..ဒေါက်)
၇၊ ၈ အကျီံဝတ်
၉၊ ၁၀ အပြင်ထွက်မယ်။ (ဘိုင့်ဘိုင့် ဆိုပီး အမူအယာလုပ်ပါတယ်။)
သက်ဆိုင်တဲ့  အမူအယာ လေးတွေနဲ့ သင်လိုက်ပါတယ်။
အဲဒီလို မိတ်ဆက်ပီးတော့မှ သမီးလေးရေ.. ၁၂ ၃၄ ဆိုရအောင်ဆိုပီး လှေခါးထစ်တွေကို ရေတွက် ပီး ဆင်းစေ တက်စေပါတယ်။
အားလုံးပီးသွားတဲ့ အခါကျတော့ သမီးလေးကို အင်္ဂလိပ်လို 1 2 3သင်ပေးလိုက်ပါတယ်။ အင်္ဂလိပ်လိုက သိပ်သင်စရာတော့ မလိုပါဘူး။ သီချင်းတွေ နားထောင်ရင်း  နားရေ၀ မျက်စိရေ၀နေပါတယ်။
တခါ ကျမ သူငယ်ချင်းတွေ လာတုန်းသွားရင်း လာရင်းနဲ့   ဂျပန်လို ပါ ဆိုလိုက်တဲ့အခါ ဂဏန်းတွေကို သမီးလေးဟာ ဘာသာစကား ၃မျိုးလုံး နဲ့ ဆိုနိုင်လာပါတယ်။
အဲ့ဒါအပြင် ၁၊၂၊ ၃၊ ၄၊၅ ငါးလေးတစ်ကောင် ဖမ်းမိတယ်။ ဘာဖြစ်လို့ လွှတ်လိုက်တယ်။ မီးမီးလက်ကို သူကိုက်တယ် ဆိုတာပါ။ သမီးလေးကို သူငယ်ချင်းတွေက သင်ပေးသွားပါတယ်။ 
အဲဒီလို ရင်းနှီးလာပီးတဲ့အခါ ကျမက သူ့ကို လက်ညိုးလေးထောက်ပီး ရေတွက်တတ်အောင် လမ်းကြောင်းပြပေးလိုက်ပါတယ်။ counting ဆိုတဲ့ စာအုပ်လေးနဲ့ပေါ့။ ဒီလိုနဲ့ သမီးလေးဟာ ရေတွက် တတ်လာပါတယ်။ အဲ့ဒီနောက် ကျမဟာ ကဒ်လေးတွေ လုပ်ပီး အင်္ဂလိပ်လို ဂဏန်းရယ် မြန်မာလိုရယ် ရေးပါတယ်။ အဲ့ဒီမှာ တတ်သလောက် မှတ်သလောက်နဲ့ ပုံလေးတွေ ဆွဲပီး တော့ သမီးလေးကိုရေတွက်ရင်း ဂဏန်းလေးတွေ အလွတ်ရစေအောင် လုပ်ပေးပါတယ်။ ဒါ့အပြင် ဂဏန်းသင်္ချာ ရွေးနည်း ဆော့တဲ့ ကစားနည်းလေးတွေနဲ့ ကစားပါတယ်။ သူတို့ တခါ မှန်တိုင်း မွှေးမွှေးပေးတဲ့ အခါပေးသလို သိပ်တော်တာပဲ။ သိပ်တော်တာပဲလို့ ချီးကျူးပေး ပါတယ်။
ဓာတ်လှေခါး တက်တဲ့ ဆင်းတဲ့ အခါလည်း ကိန်းဂဏန်းတွေ ကို သူ့ကိုပေးရွေး ခိုင်းပါတယ်။ တီဗွီ remote control ကိုလည်း သမီးကို အဖွင့်အပိတ် အပြင် သမီး မေမေ့ကို ဘယ်ချန်နယ် ပြောင်းပေး လို့ ပြောပီး သင်ခိုင်း ခိုင်းပါတယ်။ အမြဲ မှန်တဲ့ အတွက် ချီးကျူးပေးသလိုကိုယ်တိုင်လဲ  ကျေနပ် ပီတိ ဖြစ်ရပါတယ်။ သမီးက အခုမှ ၂ နှစ်ခွဲပါ။ အဲ့ဒါတွေ အကုန် သူ ၂နှစ် ၃ လထဲက အကုန်မှန်အောင် ရွေးချယ် နိုင်ပါတယ်။
နောက် အပတ်ကျမှ အရောင်များနှင့် ကစားခြင်းကို မိတ်ဆက်ပေးမယ်နော်။

Thursday, February 18, 2016

သမီးလေး နှင့် အိမ်သာ လေ့ကျင့်ခြင်း

သမီးလေးဟာ ၂နှစ်ခွဲ မှာ စတင်ပီး သေးခံအ၀တ် ဒိုင်ပါ လွတ်သွားခဲ့ပါပီ။
ဒီမတိုင်ခင် ၂နှစ်အရွယ်ထဲက  သမီးဟာ ရှူးရှူးး ကို အိမ်သာထဲမှာ အကျင့်လုပ်ပေးတော့ ပြောလဲ ပြောတတ်တယ်။ ပေါက်လည်းပေါက်ပါတယ်။ မေမေ..ရှူရှူးး..ဆို ကိုယ်က အိမ်သာအပြေး ခေါ်သွားရပါတယ်။ မှတ်မှတ်ရရ ဆို သမီး မြန်မာပြည်က ပြန်လာချိန်ထဲကပေါ့။
ဒါပေမဲ့ ဆော့နေချိန် မှာပဲ ဖြစ်ဖြစ် အပြင်သွားနေတဲ့ အခါမှာပဲ ဖြစ်ဖြစ်။ မပြောပါဘူး။ သမီး မေမေ့ကိုပြောနော်ဆိုလည်း မရပါဘူး။ တခါတလေ ပေါက်ပေါက် ချတတ်လို့ အပြင်သွားရင်တော့ သေးခံအ၀တ် ၀တ်ပေးရပါတယ်။ ဒီမှာက တစ်ခုကောင်းတာက ကလေးတွေ အလာများတတ်တဲ့ နေရာတွေမှာ ကလေးတွေအတွက် အိမ်သာထိုင်ခွက်လေး တွေ ရှိပါတယ်။ ဒီတော့ အပြင်မှာဆိုရင် သမီးရေ..ကလေးလေးတွေ ရဲ့ အိမ်သာသွားရအောင်။ ရှူးရှူးပေါက်ရအောင် ဆို ရင် တခါတလေ တော့ လိုက်ပါတယ်။ သိပ်အဆော့သန်နေချိန် ဆိုရင်တော့ ဘယ်လိုမှ မရပါဘူး။
အိမ်မှာ ဆိုရင်တော့ သမီးရေ.. ရှူးရှူး သွားပေါက်ရအောင်ဆို ဆော့နေတဲ့အခါ သူ မလိုက်ချင်တဲ့ အချိန်တွေ ရှိပါတယ်။ အဲ့ဒါဆို သမီးလေးရေ.. မေမေနဲ့ မီးရထားကြီး ဂျုံးဂျုံးဂျက် လုပ်ပီး အိမ်သာသွားရအောင်ဆိုမှ ထပါတယ်။ ၂ယောက်သား မီးရထားကြီး ဂျုံးဂျုံးဂျက် လို့ အော်ပီး အိမ်သာဘူတာ ပါတယ်။ မေ့ကျန်ပစ္စည်း ဂရုစိုက်ပါ။ သေချာဆင်းပါဆိုပီး ဆော့ရင်း အိမ်သာသွားရပါတယ်။ တခါတလေတော့လည်း မေမေ မေမေ ရှူးရှူးးဆိုပီး အော်ပါတယ်။ အဲ့လိုဆို ..ဟယ်..သမီးလေးက အိမ်သာထဲမှာ သွားတယ်တော်.. သိပ်တော်တာပဲ လို့ ချီးကျူးးရပါတယ်။

အီးအီးဆိုရင်တော့ အရင်၁နှစ်ခွဲတုန်းက သူက ပြောပေမဲ့ နောက်ကျတော့ ဗိုက်နာတာ လှဲပီး နေရင် သက်သာလို့ထင်တယ်။ မပြောဘူး။ ဘယ်လိုသင်သင် မပြောပါဘူး။ ဒါပေမဲ့မိခင်လုပ်သူက သူ့အမူအယာကို ကြည့်ပီး သိနိုင်ပါတယ်။ အဲ့လို ဗိုက်နာနေပီဆို ဘာတွေ ပြောနေမှန်းမသိတဲ့စကား ဖြစ်ဖြစ်ပြောမယ်။ လိုက်ကာနောက်မှာ ကွယ်နေမယ်ဆို ရင် မိခင်လုပ်သူက သိနေပါပီ။ သူ အီအီး သွားတော့မယ်။ ဒါပေမဲ့ သမီးက မဟုတ်ဘူး တွင်တွင်ငြင်းပါတယ်။ အဲ့ဒီအခါ youtube ကနေ သမီးလေး အီအီးပါတဲ့ ဟာလေးကြည့်ရအောင် အိမ်သာထဲသွားမယ်နော်ဆိုပီး ချော့ခေါ် အိမ်သာထဲမှာ youtube ကိုဖွင့်ပီး ပေးရပါတယ်။ အိမ်သာသွားတဲ့ စာအုပ်တွေ လည်း ဖတ်ပြရပါတယ်။ သမီးလေးက ကြီးလာပီနော်။ အိမ်သာထဲမှာ အိးအီးပါ ရှူရှူးပေါက်ရတယ် သမီးရဲ့ ဆိုပီး ပြောရတာပေါ့။ ဖေဖေ ရော မေမေရော အကုန် အိမ်သာထဲမှာ သွားရတာ..သမီးလေးရဲ့ ဆိုပီး ရတလှည့် မရတလှည့်နဲ့ ပြောလာခဲ့ရင်း အခုတော့ အိမ်သာထဲမှာ သွားတတ်ပါပီ။ အပြင်မှာလဲ အဆင်ပြေသွားပါပီ။ ကျေးဇူးတင်ပါတယ်...သမီးလေးရေ.. ။

Sunday, February 14, 2016

ချစ်သူ အတွက် ချောကလက်

သူများနိုင်ငံနှင့် အစဉ်အမြဲ ပြောင်းပြန် လုပ်တတ်သော ကျနုပ်တို့ လက်ရှိ နေထိုင်ရာ အရပ်တွင်
မနက်ဖြန် ဆိုလျှင် ချစ်သူများနေ့ရောက်ပေတော့မည်။

ချစ်သူများနေ့တွင် မိန်းကလေးများက ယောင်္ကျားလေးများကို ချောကလက်တွေ ပေးကြသော ဓလေ့ ဖြစ်သည်။
လက်အောက်ငယ်သားများ ကလည်း အထက်အကြီးအကဲများကို ချောကလက် လက်ဆောင်ပေးလေ့ပေးထ ရှိသည်။
ဖေဖေါ်ဝါရီ ၁၄ ဟာ ချစ်သူများနေ့ပါ။ မိန်းကလေးတွေ က ချောကလက်ပေး ယောင်္ကျားလေးတွေ ငိုတယ်လေး။ ဘာလို့လဲ ဆိုတော့...။
မတ်လ ၁၄ က အဖြူရောင်နေ့။ အဖြူရောင်နေ့မှာ ယောင်္ကျားလေးတွေဟာ သူတို့ လက်ဆောင်ရထားတဲ့ ချောကလက်တန်ဖိုး ထက်ပိုတဲ့ တန်ဖိုးရှိတဲ့ လက်ဆောင်တွေကို ပြန်ပေးရလို့ပါပဲ။ များများရရင် များများ ကုန်တာပေါ့ကွယ်။

ကဲ..ကိုယ်လဲ ဂျပန်တို့ထုံး နှလုံးမူပီး သကာလ.. ချစ်သောသူတွေ အတွက် ဒီနှစ် ချက်ကလော ချောကလက် လုပ်လိုက်ပါတယ်။
အရမ်းခက်တာပဲ။ ဟီးဟီး...။ အပြူထင်း အပျင်းထူပီးတော့ အလွယ်လိုက်ပါကြောင်း ။ အို... ဘူ..သိတာမှတ်လို့...နော်။ ကောင်မလေးတွေ .... ကိုယ့်ချစ်သူကို ကိုယ့်ဘာသာကိုယ်လုပ်တာဆိုပီး ပေးချင်ရင် ပိုက်ဆံကုန်လဲ သက်သာ တဲ့..နည်းလေး လက်တို့ပီး ပြောမယ်နော်။
လိုအပ်တာလေးတွေကတော့လေ...။
ချောကလက် ရယ်
ယန်း၁၀၀ ဆိုင်က ချောကလက်ထည့်ဖို့ မိုလ် လေးတွေရယ်ပေါ့။
ပီးတော့ ချောကလက်ထဲ အစေ့အဆန် ထည့်ချင်ရင်လည်း ၀ယ်ပေါ့။
ကိုယ်ကတော့ အသည်းပုံလေးတွေပါတဲ့ ဟာလေး ထည့်လို့ အဲဒါလေးပဲဝယ်တယ်။
ကဲ လုပ်ပီနော်။
ချောကလက် ၂ပြား ၀ယ်လိုက်တယ်လေ။ ၈၈ ယန်း နဲ့၂ခုပေါ့။
ပီးတော့လေ...ချိုး ခြေထည့်ပီး micro wave oven မှာ  ၂မိနစ်လောက် ထည့်ပလိုက်တယ်။
အို လွယ်မှလွယ်..အသည်းပုံလေးထဲ မှာ အသည်းအသေးလေးတွေ ထည့်ပီး အပေါ်ကနေ ချောကလက် အရည်တွေထည့်တယ်..ပီး.တော့ သာသာလေး လှုပ်ခါပေးတယ်။ ညီသွားအောင်လေ..။

ပီးတာနဲ့ ရေခဲသေတ္တာ အခဲခန်းမှာ ၂နာရီလောက်ထည့် လိုက်တယ်။ ဒါပဲ...။ သမီးအတွက်ကတော့ တိရစ္ဆာန်ရုပ်လေးတွေ ပါတဲ့ မိုလ်ကို သုံးလိုက်တယ်။
 ၂နာရီ အကြာ... ရပါပီ။ လွယ်ကူလျှင်မြန်တဲ့ ချက်ကလော...။

ကောင်မလေးတွေကတော့ ပေးရမှာဆိုတော့ အိတ်လှလှလေးတွေ လိုတာပေါ့...။ အဲ့ဒါတွေလေ... ယန်း၁၀၀ ဆိုင်မှာရှိတယ်။

အမှန်က ချောကလက်လုပ်တာ သိပ်တော့မခက်ပါဘူး။ cocoa အမှုန့်ရယ် သကြားရယ် ထောပတ်ရယ် နို့မှုန့်ရယ်  လိုပါတယ်။ မခက်ပါဘူး။




Saturday, February 13, 2016

ထ- ထမနဲ

ဟလို.... စာဖတ်သူ ဘော်ဘော်တို့ရေ...

အခုတခါ ထ - ထမနဲလေး နဲ့ ထိုးပုံထိုးနည်းလေး... လက်တို့ လိုက်ပါရစေ။
သိပ်မခက်ခဲတဲ့ နည်းလေးပေါ့...။

အခြေခံ ကုန်ကြမ်းရယ် နည်းပညာရယ်ကတော့ ဓနုဖြူဒေါ်စောရီ နည်းလေးကို မှီငြမ်းပီး ရှိတာလေးနဲ့ လုပ်ချင်သလို လုပ်ထားပါတယ်။ ဒါပေမဲ့ အရမ်းအရမ်းကို စားလို့ကောင်းပါတယ်။
လုပ်မှာက ကောက်ညှင်းဆန် ၂ခွက် ဆွမ်းတော်တင်ဖို့ရယ် အိမ်သားအနည်းငယ် စားဖို့ လုံလောက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့
 ကောက်ညှင်းဆန် ၂ခွက် (ဆန်ချင်ခွက်နဲ့ပါ။)
နှမ်းဖြူ နှမ်းမဲပေါ့။ နှမ်းဖြူ ၁ဇွန်း နှမ်းမဲ ၂ဇွန်းပေါ့။ (အို ကြိုက်ရာ ဇွန်းနဲ့ လုပ်တာ။)
အုန်းသီးစိတ်ဆိုပေမဲ့ အုန်းသီး အလွယ်တကူ မရတဲ့ အခါကျတော့ အုန်းသီးခြောက်ပေါ့။ လက်တထုပ်ထက် များများ ထည့်ပါ။
ဆီ မများမနဲထည့်ပါတယ်။ သူပြောတဲ့ အညွှန်းအတိုင်းထည့်ရင် သိပ်များမှာမို့။ ဒါတောင် ကိုယ့်မှာ များလို့ စားခါနီး ဆီပြန်စစ်လိုက်ပါတယ်။
ဂျင်း အကြီးအသေးပေါ်မူတည်ပီး ထည့်ပါ။
မြေပဲ လက်တဆုပ်ထည့်ပါ။
ဆား ၁ဇွန်း ခွဲ ထည့်ပါသည်။

ကဲ..လုပ်ကြရအောင်နော်..။
ကောက်ညှင်းဆန်ကို ည ၇နာရီလောက်ထဲက ရေစိမ်ထားပါ။
နောက်တနေ့ လုပ်မဲ့အချိန် ည ၇ နာရီဆို အတော်ပါပဲနော်။ ၂၄ နာရီအတိပေါ့..။
စချက်တော့မည်ဆိုလျှင် အဆာပလာ များ မပြင်ဆင်ခင် ကောက်ညှင်းဆန်ကို ရေစစ်ထားပါ။

ဂျင်းကို အချောင်းလေး ဖြစ်အောင် ပါးပါး လှီးထားပါ။
မြေပဲ ကို လှော်ပါ။ ပီးလျှင် မြေပဲ တ၀က်ကို  ညက်အောင်ထောင်းပါ။ တ၀က်ကို လေးစိပ်ကွဲ ထောင်းပါ။
နှမ်းကို လှော်ပါ။
ဆီပူပူမှာ  အုန်းသီးဆံကို ကြော်ပါ။ အုန်းသီးဆံကြော်လျှင် သတိထားပါ။ မီးနဲနဲဖြင့် အရောင် နီစပြုလာလျှင် ချပါ။ တူးသွားနိုင်ပါသည်။  ( တခါ လွှင့်ပစ်ရလို့ပါ.)
ပီးလျှင် ဆယ်ထားပီး.. ဂျင်းချောင်းများကို အရောင်နီလာပီး မွှေးလာလျှင် ကောက်ညှင်းဆန်ကို ထည့်နိုင်ပါပီ။ ဆား
ဆန်ထည့်ပီးလျှင် ရေ ကို ၁၅၀ မီလီ လီတာလောက်ထည့်ကာ မီးပြင်းပြင်းဖြင့် ၇ မိနစ်လောက်အဖုံးဖုံးပီးထားပါ။
ပီးလျှင် ရေကို ၁၀၀ မီလီ လီတာထပ်ထည့်ကာ မီးနဲနဲ ဖြင့် စတင်မွှေပါ.။ မွှေနေရင်းဖြင့် နှမ်းများထည့်ပါ။ ညက်နေအောင်ထောင်းထားသော မြေပဲကို လည်း ထည့်ရင်း အဆက်မပြတ်မွှေပေးပါ။   မွှေရင်းမွှေရင်း ထွေးလုံး လာပါလိမ့်မည်။ ဆန် အပျော့အမာ ကို ကြည့်ပါ။ ဆန် မာနေသေးလျှင် ရေ နဲနဲစီထပ်ထည့်ပါ။ မွှေလည်းမွှေရင်း ဆန် ကိုကြည့်ပီး ထွေးလုံးလေး ဖြစ်လာပါက အုန်းသီးကြော်ကိုလည်း ထည့်ပါ။ ပီးလျှင် မြေပဲ စလုံးစခုကိုထည့်ပါ. မွှေပါ။ ၁၅မိနစ်လောက် နာနာမွှေပီးပါက အနံ့အရသာနှင့် ပြည့်စုံသော ထမနဲကို ရပါပီ။








Thursday, January 14, 2016

သမီးလေးရဲ့ မြန်မာပြည်ခရီစဉ်- အဆုံး

အဲဒါနဲ့ အိမ်က လူကြီးတွေနဲ့ သမီးကို ခေါ်ပီး မြေနီကုန်းက ဆရာကြီး ဆီ ပြေးကြတော့တာပေါ့။ ကိုယ်ကလည်း ရာသီဥတု အပြောင်းမှာ အိပ်ရေးပျက်တော့ အသံဝင် နှာစေးပေါ့။ သမီးအတွက် သွားတာ ကိုယ့်ကိုပါ ဆေးရောင်း လွှတ်လိုက်တယ်ကွယ်။ မြန်မာဆေးဆိုပီး မျေးကတော့ သေးမယ် မထင်နဲ့ သမီးအတွက် နဲ့ ကိုယ့်အတွက် အားလုံးပေါင်း ဆေးဖိုး ၄၀၀၀၀ ကျော် ရိတ်လိုက်သဗျာ။ ကိုယ်လား ... အဲ့ဆေးတွေ တခုမှ သောက်လည်းမသောက်ဘူး။ ကားပေါ်ရောက်မှ အိမ်က မမကို မမရာ သမီးက ပူထူနေတာ မမက တားတာ မဟုတ်ဘူးလို့..။ အဲ့တုန်းက အားပဲနာလို့လား ပူထူနေလို့လား မသိဘူး။ ကိုယ်မသောက်တဲ့ ဆေးကို ရောင်းတာ ဘလိုင်းကြီး ၀ယ်မိလိုက်တယ်။ အလကား ပိုက်ဆံကုန်တယ်။ သမီးအတွက် လိမ်းဆေးကတော့ အိုကေတာပေါ့။ သောက်ဆေးက ဘယ်လိုမှ အဆင်မပြေပေမဲ့..။ သမီးလေး ၂ ရက်နေတော့ သက်သာသွာတယ်။ အပူအရမ်းကြီးရင် ကလေးကို ခေါင်းမလျှော်ရဘူးတဲ့...။
သမီးလေးလဲ ပေါက်စနပဲ ကျန်တော့တယ်။

သမီးလေး နေပြန်ကောင်းပေမဲ့ ကိုယ်ကတော့ ချောင်းတွေတအားဆိုးတာ မသက်သာဘူး။ သမီးလေး ချောင်းဆိုးတာကို တွေးမိတိုင်း သနားလိုက်တာ..။ ကိုယ့်ကိုလည်း ပိုးသတ်ဆေးပဲ တိုက်ကြတော့... သြော်...မြန်မာပြည်မယ် ဘာဖြစ်ဖြစ် ပိုးသတ်ဆေးသာ သောက်ကြပါ လို့ ဆောင်ပုဒ် ထုတ်ရင် ကောင်းမလားလို့။ ဂျပန်က ပါတဲ့ ဆေး လူကြီးလည်း မတိုးပါဘူးလို့စ်။ သက်သာတာပဲ ရှိပါ၏။

ဒီလိုနဲ့ ဖေဖေါ်ဝါရီကိုဝင်လာပါပေါ့။ သမီးနဲ့ ကိုယ်လည်း နေမကောင်း သံသရာနဲ့ ဘယ်မှ မရောက်တော့ဘူး။ ဖေဖေ ကလည်း ဆရာဝန်က လက်လျှော့လိုက် ပေမဲ့ ဆရာဝန်ခန့်မှန်းတာထက် ပိုလာတော့ နေ့တိုင်း အိမ်လာကြည့်တဲ့ ဆရာဝန်ခမျာ ... သမီးနဲ့ မြေးကို တွေ့ရလို့ ဆိုတဲ့ အဖြေမှတပါးပေါ့..။ ဒါပေမဲ့ ဖေဖေါ်ဝါရီ ၈ ရက်နေ့ မှာတော့ ညနေ ၆ နာရီလောက် အိမ်က ဖုန်းလာတယ်...။ အမြန်လာတော့တဲ့။ ကိုယ်လည်း လာမယ်။ သမီးကို ထမင်းကျွေးရင်း တန်းလန်းမို့. ပီးတာနဲ့ လာမယ်လို့..။ ဖေဖေ သွားတော့မယ်ဆိုတာ စိတ်ကို ဖြေထားခဲ့ပေမဲ့.... တကယ်သွားတော့မယ် ဆိုတဲ့အခါ..... မျက်ရည်တွေ နဲ့ပေါ့။ ၁၅ မိနစ်လောက်ပဲခြားတယ်... ဖေဖေ...ဆုံးပီတဲ့....။ ဖေဖေ.....................................................................

ကျတဲ့မျက်ရည်ကို သုတ်။ သမီးကို ထားခဲ့ပီး ဖေဖေတို့ အိမ် အပြေးပြန်ရတဲ့ ခရီးဟာ... တကယ်တမ်း စဉ်းစားကြည့်ရင် ကြေကွဲစရာပေါ့။ သူကလည်း အဝေးကနေ စိတ်မကောင်းဖြစ်လို့ပေါ့။ အဆိုးထဲက အကောင်းတစ်ခုက ဖေဖေဟာ သူသိပ်ချစ်တဲ့ သမီးနဲ့ သူ့ရဲ့ တစ်ဦးတည်းသော မြေးကို တွေ့သွားရသလို ကိုယ်ဟာလည်း ဖေဖေ အသက်ရှင်စဉ် အနားမှာ ရှိနေနိုင်ခဲ့တာတခုက ဖြေသာစရာပါပဲ။
အဲသည်လိုနဲ့ပဲ ဖေဖေနဲ့ ဘယ်တော့မှ ပြန်မတွေ့ရတဲ့ လမ်းမှာ ဖေဖေ့ကိုထားခဲ့ ရပီပေါ့။ မောင်နှမတွေ တည့်အောင်နေပါလို့ ဖေဖေ မှာထားခဲ့တဲ့ အတိုင်း အိမ်နဲ့ပက်သက်တဲ့ မိသားစုနဲ့ ပက်သက်တဲ့ ကောင်းခြင်းဆိုးခြင်းတွေကို ရင်မှာမြိုသိပ်လိုက်ပီး ဖေဖေ့စကား နားထောင် ဖြစ်ပါတယ်။ လောကမှာ တကယ်တော့ မောင်နှမဆိုတာ မရှိမဖြစ်ပဲလေ။

ဖေဖေ့ကိစ္စတွေ ပီးတော့ ပြန်ဖို့ရက်ကလည်း သိပ်မကျန်တော့တာနဲ့ သမီးကိစ္စ လှည့်ရပြန်တယ်။ သမီးကိစ္စ ပြောရရင် လ၀က ကိစ္စပါလာပီဆိုတော့ အများပြောတဲ့ အတိုင်း မြန်မာနိုင်ငံသား အစစ်တွေရဲ့ ကြုံနေကြ ပြသာနာ ပေါ့...။ သမီးကို သန်းခေါင်းစာရင်းသွင်းဒုက္ခများ ဆိုရင်လည်း မမှားပါဘူး။

ဂျပန်ကနေ ဂျပန်မှာမွေးကြောင်း ထောက်ခံစာကို ဂျပန်က မြန်မာသံရုံးမှာ ပိုက်ဆံပေးပီး ယူခဲ့ရပါတယ်။ မြန်မာ ပြန်ရောက်တော့တခါ အဲ့ဒီထောက်ခံစာရယ် ဂျပန်မှာမွေးတဲ့ ဆေးရုံက ရတဲ့မွေးစားရင်းကို ဘာသာပြန်ရတယ်။ နိုကြီလုပ်ဆိုလို့ လုပ်ရတယ်။ အဲ့လိုဆိုလည်း ဒီက သံရုံးထောက်ခံစာ က ဘာသဘောလဲ လုပ်စားလား ရိုက်စားလား။ ဒါမှမဟုတ် ဒီသံရုံးက တာဝန်ခံတွေကို မယုံလို့နေမယ်ထင်ပါရဲ့နော်။
နောက်ဘာတွေ လိုလဲ သိလားဟင်.... အဟက်။ ဖအေ မအေ လက်ထပ်ထပ်စာချုပ်တဲ့ တော်ရေ...။
ပီးတော့ သိလား သမီးရဲ့ နိုင်ငံကူးလက်မှတ် ကော်ပီကို ပုံမှန်ဆို နိုင်ငံအ၀င်အထွက် ကူးပေးရင် ပီးပိပေါ့။ မဟုတ်ဘူး...တော်ရေ...။ ဘာမှမပါတဲ့ စာရွက်တွေပါ ကူးပေးတဲ့ တော်။ ဖအေ မအေ နိုင်ငံကူးလက်မှတ်လဲ ဒီအတိုင်းကူးပေးတဲ့။  ပီးတော့ ဘာဝန်ခံချက်တွေမှန်းမသိ ... ဖအေက မအေနဲ့ ဘယ်မှာစတွေ့ပီး ဘယ်နေ့လပ်ထပ် ဘယ်ရက်မှာ ဘယ်နေရာမှာ ကလေးမွေး ခဲ့တယ်ဆိုတာ ရေးပီး ခံဝန်ချက် ထိုး။ မအေကလည်း အဲသည်လို ရေးပီးခံဝန်ချက်ထိုးရမတဲ့ တော်တို့ရေ...။

ကိုယ်တို့ကေ့စ်က ကိုင်တဲ့သူကသတ်သတ်။ အဲ့ဒါကို ကိုယ့်ချစ်ချစ် အမေက အခြားတစ်ယောက်နဲ့ မိတ်ဆက်တော့ သူနဲ့လုပ်ဖြစ်တယ်။ အဲ့ဒါ ကိုယ်တိုတို့ပေးထားတယ်ထင်လို့ တကယ်ကိုင်တဲ့ သူက စပါယ်ရျယ် ရစ်တယ်။ ကိုယ် ပြေပြေလည်လည် ပြောတယ်။ ရစ်တယ်။ ပီးတော့ ပြောသေးတယ်။ ဒီကိစ္စ သိပ်ကြာတယ်။ အသွားအပြန်အတွက် ငွေလိုမယ်တဲ့။ ပေါ်တင်ပြောတာနော်။ ကိုယ်ပဲ... သိပ်အရစ်မခံနိုင်ဘူး။ တရက်ထဲ သွားရတာ မဟုတ်ဘူး။ ၁ပတ်ကျော်နေပီ။ ကားနဲ့ ဟိုပြေးဒီပြေးလုပ်နေရတာ။ ဟိုဟာ ဒီဟာ လုပ်နေတာ သိပ်စိတ်မရှည်ဘူး။ ဒဲ့ မေးလိုက်တယ်။ ခင်ဗျား ဘယ်လောက်ယူမလဲ ပေးမယ်။ ပြော... အဲ တိုးတိုးတော့ မပြောနိုင်တော့ဘူး။ သိပ်အမြင်ကပ်နေလို့...ဒီတော့ သူ မတောင်းရဲဘူး။ ထားခဲ့တဲ့။ အိုခေ ထားခဲ့မယ်။ ဘယ်တော့ ပြန်လာယူရမလဲ ခင်ဗျားဖုန်းပြော ကျနော့်ဖုန်းယူထားဆိုတော့...ဒါမျိုးကျ လန့်ရော...။ ကဲ ... ခင်ဗျားဟာ ပြန်ယူသွား...မလုပ်ပေးနိုင်ဘူး..။ အိုခေ။
လာထား မြို့နယ်မှူးဆီ ကိုယ်တိုင်ဝင်လိုက်တယ်။ ဒီက အဲလိုတွေ မလုပ်ချင်လို့ အေးအေးဆေးဆေးလေး အောက်က၀င်နေတာ။ အဲ့အချိန်မှာ  မြို့နယ်မှူးး ဆီ လဲ အထက်က ဖုန်းဆက်လာတယ်။ ဒီကေ့စ်ကို လုပ်ပေးလိုက်ပါတဲ့..။ အမှန်က ကိုယ်နဲ့ မြို့နယ်မှူးက ရင်းနှီးပီးသား ပုံမှန် သမားရိုးကျလေးများ လုပ်လို့ရမလား ဆိုပီး လုပ်ကြည့်တာ။
သူ့ကို ခေါ်တယ်။ အဲ့တာတောင် ဆက်ရစ်တယ်။ ရစ်လေ.. ကြိုက်သလောက် ။ အန်ကယ်လ်... သမီးထားခဲ့လိုက်တော့မယ်။ သမီးမှာလုပ်စရာတွေရှိသေးတယ်။ သိပ်မကြာခင် ပြန်တော့မှာ ။ ဒီကေ့စ် ထားခဲ့ပီ. ။ ရရင် အကြောင်းကြားလိုက်ပါနော်။  ဘိုင့်ဘိုင်...။ သမီးမှာ ၁ပတ်လောက်ရှိပီ ဒီကို လာနေတာ။  အန်ကယ်အလုပ်များနေလို့ ၀င်မပြောတာ။ ကျေးဇူးပါ အန်ကယ်။ နို့တိုက် ကလေးလေးတစ်ယောက်တည်း ထားပီး လာရတာ။ ခွင့်ပြုပါနော်။
အဲ့ကိစ္စ ၅ လလောက်တော့ ကြာတယ်ထင်တယ်။ အခုတော့ သမီးလဲ သန်းခေါင်စာရင်းဝင်သွားပါပီ။

ပြန်ခါနီး ရက်ကလည်း တအားကပ်နေတော့ ၀ယ်ခြမ်းရေး အမျိုးအဆွေနုတ်ဆက်ရေးလုပ်ပီးသကာလ ပြန်ဖို့ ၂ရက်အလို တခုသော ညနေ ၂နာရီခွဲ မှာပေါ့........။ ပိုက်ဆံအိတ်အပါအ၀င် ချစ်ချစ်အမေ ဖုန်းကလေးက ကိုယ့်ကို လှမ်းနောက်တယ်။ ထီပေါက်သွားတယ်။ အိုးရှင်းမှာ ဈေးဝယ်နေတုန်း ကိုယ်...သတိရလိုက်တာ... ပိုက်ဆံပါ....ပါ....ပါ။
အို...အို....ဂျပန်ငွေ မြန်မာငွေ ဖုန်းအသစ် ကားလိုင်စင်၂ခုရယ် အခြားကဒ်တွေရယ်ပေါ့ကွယ်။ အဲ့ဒါထက် အရေးကြီးတာ... ဂျပန်ကို ပြန်ဝင်မဲ့ ကဒ်..ကိုယ့်ကဒ် သမီးကဒ် ကျန်းမာရေး အာမခံကဒ်တွေ ...ပါသွားတာ။
နာရီဝက်လောက် ခြားပေမဲ့ တက္ကဆီနံပါတ်မသိ ။ အားလုံးအရေးကြီးတာ...ထက် နိုင်ငံကူးလက်မှတ် ပါမသွားလို့ ကျေးဇူးတင်ရတယ်။ အဲဒီလိုနဲ့ ဂျပန်ကို အဆက်အသွယ်ချက်ချင်းလုပ်... အဖြစ်အပျက်ပြောပြ။ဟိုဖက်က လ၀က ကိုချိတ်တော့ ရဲစခန်းထောက်ခံချက်ယူတဲ့။ မြန်မာပြည်က ဂျပန်သံရုံးကိုသွားတော့ နိုင်ငံကူးလက်မှတ်ကြည့်ပီး ပြသနာတော့ မရှိလောက်ပါဘူးတဲ့။ သူတို့တော့ ဘာမှ လုပ်မပေးပါဘူး။ ညကျတော့ ရဲစခန်းထောက်ခံစာ သွားတောင်း။  မနက်ကျတော့ သမီးထား ပီး အဲ့ဒီစာရွက်ကိုယူပီး ဂျပန်ဘာသာပြန်ပီး နိုတြီလုပ်။ အိမ်က လူတွေက shwe FM သွားပိုက်ဆံပေးကြေငြာခဲ့ပါတယ်။ ဒီလိုနဲ့ ပြန်သာလာရ ။ ရေထဲကျတာမှ ပလုံ မြည်မယ်။ ဘာသံမှမကြားရတာ စိတ်တောင်နာတယ်။ မည်သို့ပင် ဆိုစေ... မြန်မာပြည်ကနေ နောက်တနေ့မှာ ထွက်လာခဲ့ပါတယ်။ မပြန်ခင် ညက သမီးနဲ့ ကိုယ်တို့ ရွှေတိဂုံ ဘုရား ဗိုလ်တထောင်ဘုရားကို ကားနဲ့ပတ်ပီး လိုက်ပို့ပေးတဲ့အပြင် ရွှေဘဲမှာပါ ထမင်းလိုက်ကျွေးတဲ့ သူငယ်ချင်းကို ကျေးဇူး တင်ပါတယ်။

ထွက်ချိန်တုန်းက မြန်မာဖက်က ဂျပန်က ကဒ်ကို တောင်းပေမဲ့ အကျိုးအကြောင်း ပြောပြတော့ သူတို့က တာဝန်တော့မယူဘူး။ ဟိုဖက်မှာ ကိုယ့်ဘာသာကိုယ် လုပ်တဲ့။ သမီးနဲ့ ၂ယောက်တည်းမို့ ကိုယ်တို့က လက်မှတ်စ၀ယ်ထဲက လူတစ်ယောက်တောင်းထားပါတယ်။ သမီးလေးက အဲ့အချိန်က ၁နှစ် ၆လပါ။ သမီးက သေချာမပြောတတ်ပေမဲ့ သူ့ အဘိုးအဘွားတွေနဲ့ ခွဲရတော့မယ်ဆိုတာ သိနေတယ် ထင်ပါရဲ့။ ပထမတော့ လေဆိပ်ထဲက ဆိုင်မှာ စားတော့ သူပျော်နေပါသေးတယ်။ ကိုယ်တို့ အထဲဝင်တော့ သူ့အဘိုးအဘွားတွေက ဟိုးအထဲက မြင်နေရတဲ့ နေရာမှာ ထိုင်နေတော့ သူ့အဘိုးအဘွားကို တချိန်လုံး လက်ပြလိုက် ခေါ်လိုက်ပါပဲ။ သမီးကို သိပ်ပေမဲ့ ဘယ်လိုမှ မအိပ်ပါဘူး။ လေယာဉ်ပေါ်တက်ဖို့တန်းစီတော့ ကိုယ်တို့က တန်းစီစရာ မလိုပါဘူး။ အရင်တက်ရပါတယ်။ အဲ့ဒီတော့မှ သမီးလေး အိပ်ပါတယ်။ အိပ်လိုက် နိုးလိုက်နဲ့ သမီးလေးနဲ့ ဂျပန်မြေကို ရောက်လာပါတယ်။ လေယာဉ်မယ်က ခနစောင့်ပါဆိုလို့ လေယာဉ်ပေါ်မှာပဲ သူတို့ လာခေါ်ပေးတဲ့ အထိစောင့်နေပါတယ်။ ပီးတဲံအခါ အစစအရာရာ အဆင်ပြေစွာပဲ ပစ္စည်းတွေပါ ထုတ်ပေးပီး အပြင်မှာ စောင့်နေတဲ့ ယောင်္ကျားဆီ အရောက်ပို့ပေးပါတယ်။ ဟိုဖက်မှာ  နိုင်ငံကူးလက်မှတ်ပဲ ကြည့်ပါတယ်။ အဆင်ပြေပါတယ်။ သမီးကို သူ့အဖေကို တွေ့တော့ ပျော်လိုက်တာဆိုတာ စာဖွဲ့လို့တောင် မရပါဘူး။ ဒီလိုနဲ့ ၃ယောက်သား လေဆိပ်ကနေ ဘတ်စ်ကားစီးပီး အိမ်ကို ပြန်ကြပါတယ်။ ကားပေါ်မှာ ၃ယောက်ထိုင်ပီး သမီးလေးလည်း အလယ်ကနေ အိပ်လိုက်လာပါတယ်။ ကားဂိတ်ရောက်တော့ အိမ်နဲ့ သိပ်မဝေးပေမဲ့ ပစ္စည်းတွေ ပါတော့ တက်စ်ဆီနဲ့ ပြန်ကြပါတယ်။ သမီးက အံ့သြစရာ ကောင်းလှစွာ အိမ်ကို မှတ်မိသလို အိမ်ခန်းကိုပါ မှတ်မိပါတယ်။  ဒီလိုနဲ့ သမီးလေး ရဲ့ ခရီးစဉ် ပီးသွားပါပီ။

၂၀၁၅ အစမှာ ဖေဖေ ဆုံးခဲ့သလို ငွေပျောက် စိတ်ရှုပ်ခဲ့တာတွေ အပြင် ဒီဖက်မှာ အိမ်ပြောင်း တော့ အလုပ်ရှူပ် ရုံးကိစ္စတွေရှုပ်နဲ့ ဒုတိယမြောက် ကလေးလေးကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အတွက် ၂၀၁၅ ဟာ အဆိုးများတဲ့ နှစ်၁နှစ်ပါပဲ။

၂၀၁၆ မှာ ကိုယ်အပါအ၀င် အားလုံးသောသူတွေ အတွက် ကံကောင်းခြင်း ကျန်းမာခြင်း ပျော်ရွှင်ခြင်းတွေပဲ လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။




Thursday, December 31, 2015

သမီးလေးရဲ့ မြန်မာပြည် ခရီးစဉ် ၃

 (ဒီနေ့ မြန်မာပြန်ခဲ့ တာ ၁ နှစ်ပြစ် အထိမ်းအမှတ်)

တမနက်တည်းနဲ့ ကားထဲမှာ အေး အပြင်မှာပူလိုက်တာမှာ သမီး ဘယ်လိုမှ မခံနိုင်တော့ပါဘူး။ အပူအအေး မမျှတဲ့ ဒဏ်ကြောင့် အပူရှပ်ပီး သမီး အကြီးအကျယ် ဖျားပါတော့တယ်။  ဂျပန်မှာ သမီးအဖျား က ၃၉ စင်တီဂရိတ် လောက်ပဲ ရှိပေမဲ့ မြန်မာပြည်မှာ သူ့အဖျားက ၄၀ ကျော်တော့ ငယ်ထိပ်မြွေပေါက်ပါပဲ။ ဒီမှာ အဖျား ၄၀ ကျော်ရင် ဆရာဝန်က emergency ပြေးခိုင်းတာဆိုတော့ ...စဉ်းစားသာ ကြည့်တော့...။ တန်းပီး ပြေးရတာပေါ့။
သူများတွေက ပြောလို့ ရန်ကင်း ကလေးဆေးရုံ ပြေးဆိုလို့ ပြေးရပါလေရော။  အောင်မငီးးးးးးးးးးးးးးးးးး လို့ပဲ ပြောပါရစေတော့။

ရန်ကင်းဆေးရုံကို ရောက်တော့ နာ့စ်ကို ဖြစ်စဉ်ပြောရတယ်။ ပြောပီးတော့ သူတို့က အဖျားတိုင်းခိုင်းတော့လည်း သမီး ကိုယ်ပူတာ အဖျား ၁၀၃ ကျော် ၁၀၄ ဆိုတော့ တန်းပီး ရေချိုးခိုင်းပါလေရော။ ရေခွက်နဲ့ ၁၀ခွက် လောင်းခိုင်းတယ်။ အမေဖြစ်တဲ့ ကိုယ်ဟာ...သမီးကို သနားလိုက်တာ...။ သမီးကို တခါမှ ရေအေးနဲ့ မချိုးပေးခဲ့ဖူးဘူးလေ..။ သမီးလေး ကြောက်လန့်တကြားနဲ့ ကိုယ့်ကို ဖက်တွယ် ထားပေမဲ့ ကိုယ်လဲ ရင်နာနာနဲ့ပဲ မဖြစ်မနေ ရေအေးနဲ့ ချိုးပေးလိုက်ရတယ်။ သမီးလေး ငို လိုက်တာ..။ တခွက်လောင်းတိုင်း ရင်ထဲ နင့်ကနဲပေါ့။ ဒီကြားထဲ သူ့အဘွားက ဆေးရုံလာလို့ သိပ်မကြည်ဘူး။ အဲဒါလည်း ပီးရော... ဆရာဝန် ပေါက်စလေး တကဲ့ နို့နံ့ မစင်တဲ့ ပေါက်စလေးကို တခါ ဖြစ်စဉ် ပြန်ပြောရပြန်ရော။ ( အထင်ကြီးစရာ လုံးဝ မရှိတဲ့ ဆရာဝန်ပေါက်စ) အဲကနေ တခါ နောက်ထပ် ဆရာဝန် လူရွယ် တစ်ယောက် ပြောင်းရ ပြန်ရော။ ပြောင်းလဲ ပြောင်းရော သူက တခါတည်း ပြောတယ်။ သူ့အဘွားကို အန်တီတို့ ပါရမီ ကလေး အထူးကု ဆေးခန်းသာ သွားလိုက်ပါတဲ့.....။

ဒါနဲ့ ပါရမီ အထူးကု ဆေးခန်းကို  ပြေးရပြန်တာပေါ့... အဲ့ဒီမှာ အဲ့ဒီရက်က တာဝန်ကျတဲ့ ဆရာဝန်မ  အသက်ခပ်ကြီးကြီးပါပဲ။ သူနဲ့ ပြရတယ်။ ပြသာ ပြတယ်။ သေချာလည်း စစ်တာ မဟုတ်ပါဘူး။ သူက သောက်ဆေးတွေ ပေးလိုက်တယ်။ ကိုယ်က ဆေး ချိုလားလို့ မေးတော့ ဒီက ကလေးတွေ သောက်တယ်ပေါ့။ အဖျားကျဆေးရယ် ပိုးသတ်ဆေးရယ် အရမ်းပူလာရင် သုံးတဲ့ ဆေးရယ်ပေးလိုက်တယ်။ နောက် ၁ရက်နေရင် ပြန်လာတဲ့။ စာအုပ်ဖိုးက register လုပ်လို့ ပေးရတယ် ဆရာဝန်ခ ရယ် ဆေးဖိုးရယ်ပေါင်း မြန်မာငွေ ၁၅၀၀၀  ကုန်ပါတယ်။ သမီးအတွက် ပထမဆုံး ဆေးခ ကုန်ခြင်းပါ။ ဂျပန်မှာက ကလေးက ဖရီး လေ..ဓာတ်မှန်ရိုက်တာက အစ ဆိုပါတော့။ ထားပါတော့လေ..ဒါ မြန်မာပြည်ကိုး။ကုန်တာက အကြောင်းမဟုတ်ပါဘူး။
ဒီလိုနဲ့ မီးလေးနဲ့ ကိုယ် ဆေးတိုက်ဖို့ ပြင်ရတာပေါ့။ ဆေးမတိုက်ခင် ကိုယ့်မှာ တော်တော်လေး ဗျာများရပါတယ်။ မြန်မာဆေး အွန်မလား ဂျပန်က ဆရာဝန်ပေးလိုက်တဲ့ ဆေး အွန်မလားဆိုပီး အုံးစားတာပေါ့။ ဘာလို့ဆို ဂျပန်မှာ ကလေးမပြောနဲ့ လူကြီးတောင် ၂၀၀ ၂၅၀ ဂရမ်ပဲ အွန်တာ။ ကိုယ်တို့ မြန်မာပြည် မယ် ၅၀၀ ဂရမ် အွန်ထားတာကိုး။ ကိုယ်လဲ နောက်ဆုံး  မြန်မာပြည်ဟာပဲ ချကွာဆိုပီး ချတော့ အမလေးးး ကိုယ့်အမှား တစက်မှ မမြည်းကြည့်လိုက်မိဘူး။ သမီးလေး ...ဆေးမကြောက်တဲ့ကလေး... အဲ့ဒီကစပီး တခါတည်း ကြောက်သွားလိုက်တာ ဂျပန်ပြန်ရောက်တာတောင် မပျောက်လို့ မနဲ ပြန်လုပ်ရပါရော။ အဲလိုနဲ့ သမီးကို ဆေးထိုးအပ်မှာထည့်ပီး ချုပ်တိုက်ရတဲ့ အဆင့်ရောက်ရော။ ဆေးက ၀င်လိုက်မ၀င်လိုက်နဲ့ ဆိုတော့ ကလေးက အဖျားမကျ။ အရမ်း အဖျား မတက်တော့ပေမဲ့ မကျဘူး ၁၀၂ မှာတန့်နေတယ်။ သမီးလည်း အစား မစားတော့ဘူး။ အမေနို့ ပဲ ၀င်တော့တယ်။ ဘယ်သူ့မှ ခေါ်လို့ မရတော့ဘူး။ တောက်တဲ့လေး ကပ်နေသလို ကိုယ်ပေါ်မှာပဲ။ ချောင်းကလည်း ဆိုးလိုက်တာ ဆိုတာလေ...။ နောက်ဆုံး သူချောင်းဆိုးတိုင်း ကိုယ်က ထောင်ထောင်ပေးရတဲ့အခါ ကလေးက သူချောင်းဆိုးတော့မယ်ဆို မအေကိုယ်ပေါ်ရောက်လာတော့တာပဲ။ ဒီလိုနဲ့ နောက်တနေ့ ဆရာဝန်ဆီထပ်သွားတော့ ကလေးချောင်းဆိုးတာ ပြောတယ် ကိုယ်ပူမကျတာပြောတော့ ဆေးဝင်အောင်တိုက်တဲ့..။ ကိုယ်မကြိုက်တာက ချောင်းဆိုးတယ် ပြောတာ ချောင်းဆိုး ပျောက်ဆေး လုံးဝ မပေးပဲနဲ့ ပိုးသတ်ဆေးတိုက်တာပါပဲ။ စဉ်းစားကြည့်.. ကိုယ်စိတ်ဆိုးလိုက်တာ။ ချောင်းဆိုးတာ ပိုးသတ်ဆေးသောက်မှဆိုတဲ့ အစွဲ မြန်မာပြည်ကလူတွေ စွဲနေကြတယ်။ အမှန်က ဒီမှာဆို ချောင်းဆိုးပျောက်ဆေး ပေးလို့ မသက်သာမှ ပိုးသတ်ဆေး ထပ်ပေးတာ။ ၂မျိုး သောက်ရတာပေါ့။

           အဲ့ဒီပိုးသတ်ဆေးကို မကျေမနပ်နဲ့ပဲ သမီးကို သနားစွာနဲ့ တိုက်ရပါလေရော။ သမီးလေး သိပ်သနားဖို့ ကောင်းတယ်။ အဲလိုနဲ့ ဆေးလဲတိုက်ပီး ခေါင်းပေါ်ရေလောင်းချပလိုက်တယ်။ အဖျားကကြာလာလို့။ ရာသီဥတုကလည်း တအားမပူပေမဲ့ ပူတော့ပူတယ်။ ဒါနဲ့ ဆရာဝန်ကို သမီးအတွက် အခန်းအပူချိန် ဘယ်လောက်လောက်ထားရင် အဆင်ပြေမလဲ မေးတာပေါ့...။ အဆင်ပြေသလိုထားတဲ့။
အဲ့တာနဲ့ ကိုယ့်မှာ ဖွင့်လိုက်ပိတ်လိုက်နဲ့ သမီးနဲံ့ ဗျာများနေတာပေါ့။ သမီးလေးလည်း ကိုယ်အကြမ်းလုပ်လိုက်လို့ လားမသိဘူး။ အဖျားကျသွားလေရဲ့။ အဖျားကျတော့ မျှော်နေကြတဲ့ ကိုယ့်အဖေအိမ် သွားတာပေါ့...။ အဲ့ဒီမှာ ဘာထပ်ဖြစ်လဲ ဆိုတော့ သမီးက အဖျားတော့ ကျပါရဲ့ တကိုယ်လုံးမှာ အနီစက်တွေ ထွက်လာပါလေရော။

ဆက်ရန်