ကလေးတွေကို ဘယ်အချိန်စာဖတ်ပြလို့ ရလဲဆိုတော့ အိမ်က သမီးကို ကိုယ်ကတော့ ၄လလောက်ထဲက ဖတ်ပြပါတယ်ဆို ယုံကြမလား။ ဘယ်လို စာအုပ်တွေဖတ်ပြလဲဆိုတော့.. အရုပ်လေးတွေ ပါတဲ့ စာအုပ်တွေပေါ့။ အဲ့ဒီအရွယ် ကလေးတွေ အတွက် စိတ်ဝင်စားစေဖို့က အရောင်တောက်တောက်လေးတွေ ပါတဲ့ စာအုပ်တွေက သူတို့နဲ့ အသင့်တော်ဆုံးပါပဲ။ စာမပါတဲ့ ပုံတွေရေးထားတဲ့ စာအုပ်လေးတွေကို ကိုယ်အဆင်ပြေသလို ပြောပြဖတ်ပြပေးပါတယ်။ ဥပမာ.. ကြောင်ရုပ်ပုံ ပါတယ်ဆိုပါတော့ ဒါလေးက ကြောင်ကလေး သစ်ပင်ပေါ်ကို တက်လို့ပြေး.. ညောင်ညောင်အော်လို့ မေမေရှာ သနားစရာ ကြောင်ကလေးပါ ဆိုပီး.. အကြံအဖန် ပါးစပ်ထဲတွေ့ကရာတွေ နဲ့ ဖတ်ပြပေးတာပါ။ နောက် စက်ဝိုင်းပုံအရစ်ရစ်လေးတွေဆို ရစ်တယ်ရစ်တယ် လှည့်တယ်လှည့်တယ်...နဲ့ သူတို့စိတ်ဝင်စားအောင်ဖတ်ပြပေးရပါတယ်။ အဲ့ဒီအခါ သူတို့က စာအုပ်တွေ ဖတ်ချင်လာတယ်။ စာအုပ်တွေကို လှန်တယ်။ မေမေပြောသလို ကြောင်ကလေးလို အော်တယ်။ အစရှိသဖြင့် စာဖတ်ချင်လာအောင် ဆွဲဆောင်ရပါတယ်။ စာအုပ်တွေကလည်း ဈေးကြီးတဲ့အခါ ကိုယ်ပိုင်စာအုပ်တွေ ၀ယ်သလို စာကြည့်တိုက်တွေက စာအုပ်ငှားပီး ဖတ်ပြပေးပါတယ်။
ဒီမှာက ဆရာမတွေ မြို့နယ်ရှိ မိုးလုံလေလုံ ကလေးကစားကွင်းတွေဆို တပတ်မှာ ၂ခါလောက် စာဖတ်ပြပေးပါတယ်။ အချို့နေရာဆို ညနေ အိမ်ပြန်ချိန်မှာ စာဖတ်တာတို့ သီချင်းဆိုတာတို့ လုပ်ပေးပါတယ်။
အိမ်က ဘေဘီကတော့ စာဖတ်တာကို ၀ါသနာပါလာပါတယ်။ ကလေးတွေကို စာဖတ်ပြခြင်းအားဖြင့် ကလေးတွေ ဗဟုသုတ ပိုကြွယ်ဝစေပါတယ်။ ကဗျာတွေ ရွတ်ဆိုရင်း ကလေးတွေဟာ စကားပိုသွက်တယ်လို့ ထင်ပါတယ်။ အိမ်က ဘေဘီကတော့ ၂နှစ်မပြည့်ခင်ထဲက တော်တော် စကားတတ်ပါတယ်။ ကိုယ်ထင်တာတော့ သမီးက ကဗျာတွေရွတ်လို့လို့ ထင်ပါတယ်။
စာဖတ်တဲ့အခါ အပြင်ကို ထွက်ရင် သမီးလေးက စာအုပ်ထဲက အကြောင်းအရာလေးတွေ ကို အပြင်မှာတွေ့ရင် သိပ်ပျော်ပါတယ်။ စာဖတ်ရင်းလဲ အမေးအဖြေလုပ်လို့ရပါတယ်။ တခါတလေ စာအုပ်ကိုင်ထားပီး သမီးလေးရေ.. ဧည့်ခန်းထဲမှာ ဘာတွေရှိလဲ သမီးစဉ်းစားပီး ပြောဆို ..သူသိသမျှပြောပါတယ်။ ဒီလိုနဲ့ စာအုပ်တွေထပ်ထပ်ဖတ်တယ်ပေါ့..။ သမီးက ခူကောင် caterpillar လေး ကြီးလာရင် လိပ်ပြာလေးဖြစ်မယ်ဆိုတာ သိသလို လိပ်ပြာလေးတွေကြောင့် အပင်တွေ ပန်းတွေပွင့် အသီးတွေသီးတယ်ဆိုတာ သိပါတယ်။ ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးပါ။
သူ့အဘိုးအဘွား ဦးလေးအန်တီတွေနဲ့ စကားပြောရင်လဲ သူတတ်သလို စာဖတ်ပြသေးတယ်။ အဲ့ဒါအပြင် သူ့ကို မဖတ်ပြဖူးတဲ့ စာအုပ်တွေကိုလည်း အရုပ်ကြည့်ပီး ဖတ်ပြတတ်သေးတယ်။ လူလည်မလေးပေါ့။ စာအုပ်ထဲက ရေသူမတို့ အကြောင်းဖတ်ရင် ရေသူမက ဘယ်မှာနေလဲ ပင်လယ်ထဲမှာနေတယ်။ ပင်လယ်ကို သူတွေ့ရင် မေမေ ရေသူမလေးတွေ ရှိတယ်နော် လို့သူပြောမယ်။စာအုပ်ဖတ်ရင်း ဘာကောင်းတယ် မကောင်းဘူးဆိုတာ ရှင်းပြရတယ်။ အဲ့သည်လိုနဲ့ ကလေးတွေကို စာအုပ်လေးတွေဖတ်ပြရင်း သူတို့လေးတွေကို စာဖတ်ဝါသနာပါအောင် ဆွဲဆောင်ကြပါစို့။
ကလေးတစ်ယောက်ကို စာဖတ်ပြရတာ အင်မတန်မောပါတယ်။ ဟန်ရယ် အသံရယ် အမျိုးစုံ လုပ်ရလို့ပါ။ ကိုယ်က အင်္ဂလိပ်လိုနဲ့ ဗမာလို တစ်ခါထဲ ပြောပြဖြစ်ပါတယ်။ ဥပမာ ဘုရင်ကြိး King နဲ့ ဘုရင်မကြီး Queen တို့ castle ရဲတိုက်တို့ princess မင်းသမီးလေး တို့ prince မင်းသားလေးတို့ အစရှိသဖြင့် အင်္ဂလိပ်လို စကားလုံးလည်း ကြွယ်ဝစေပါတယ်။ သမီးလေး အင်္ဂလိပ်လို စာလုံးတော်တော်များများကို မြန်မာလိုနဲ့ တွဲသိနေဖို့ ကိုယ့်ရဲ့ ကြိုးစားမှုပါ။ သူကလည်း သင်ယူနိုင်သူဆိုတော့ ပင်ပန်းပေမဲ့ ပျော်ရပါတယ်။
Tuesday, April 19, 2016
Thursday, April 14, 2016
ဂဏန်းသင်္ချာများ နှင့်ကစားခြင်း
ကျမ သမီးလေးကို ဂဏန်းတွေ သင်တော့မယ် ဆိုတော့ မြန်မာလိုတွေ
လိုက်ရှာတယ်။ ဘယ်လို သင်ရမလဲပေါ့..။ ကျမသိခဲ့ဘူးတဲ့ ကဗျာတွေ ကိုလည်း သိပ်စိတ်တိုင်းကမကျဘူးလေ။
ဒါနဲ့ပဲ.. သမီးလေးကို အရင်ဦးဆုံး ကိုယ်တိုင်စပ် ကဗျာလေးနဲ့ မိတ်ဆက်ပေးဖြစ်တယ် ဆိုပါတော့။
ထမင်းတွေ အများကြီး
စားစေချင်တဲ့ ရယ်ရွယ်ချက်ရယ် လျှာကို ကလေးတွေ တခါတလေ ကိုက်မိတယ်ဆိုတာလေး ကိုလည်း သတိလေးပေးရင်း
ဒီကဗျာလေး စပ်မိတယ် ဆိုပါတော့။
၁၊ ၂၊ ၃၊ ၄၊
၅
ထမင်းတွေ အများကြီးစား
သေသေချာချာဝါး။
လျှာကို ကိုက်မယ်
သတိထား။
၆၊ ၇၊ ၈၊ ၉၊
၁၀
လျှာကို ကိုက်မိတယ်။
လျှာကို ကိုက်တော့ နာနာ ဖြစ်
အားအား အီးအီးအစ်။
(အမူအယာလေးနဲ့ မျက်နှာရှုံ့မဲ့လို့ပေါ့)
နောက်တပုဒ်က
တော့ အပြင်မှာ သမီးလေး ထိတွေ့ နေတာလေးတွေနဲ့ စပ်ဆိုထားတာပါ။
၁၊ ၂ မျက်နှာသစ်
၃၊ ၄ လက်ကိုဆေး
၅၊၆ တံခါးခေါက်
(ဒေါက်..ဒေါက်)
၇၊ ၈ အကျီံဝတ်
၉၊ ၁၀ အပြင်ထွက်မယ်။
(ဘိုင့်ဘိုင့် ဆိုပီး အမူအယာလုပ်ပါတယ်။)
သက်ဆိုင်တဲ့ အမူအယာ လေးတွေနဲ့ သင်လိုက်ပါတယ်။
အဲဒီလို မိတ်ဆက်ပီးတော့မှ
သမီးလေးရေ.. ၁၂ ၃၄ ဆိုရအောင်ဆိုပီး လှေခါးထစ်တွေကို ရေတွက် ပီး ဆင်းစေ တက်စေပါတယ်။
အားလုံးပီးသွားတဲ့
အခါကျတော့ သမီးလေးကို အင်္ဂလိပ်လို 1 2 3သင်ပေးလိုက်ပါတယ်။ အင်္ဂလိပ်လိုက သိပ်သင်စရာတော့
မလိုပါဘူး။ သီချင်းတွေ နားထောင်ရင်း နားရေဝ
မျက်စိရေ၀နေပါတယ်။
တခါ ကျမ သူငယ်ချင်းတွေ
လာတုန်းသွားရင်း လာရင်းနဲ့ ဂျပန်လို ပါ ဆိုလိုက်တဲ့အခါ
ဂဏန်းတွေကို သမီးလေးဟာ ဘာသာစကား ၃မျိုးလုံး နဲ့ ဆိုနိုင်လာပါတယ်။
အဲ့ဒါအပြင်
၁၊၂၊ ၃၊ ၄၊၅ ငါးလေးတစ်ကောင် ဖမ်းမိတယ်။ ဘာဖြစ်လို့ လွှတ်လိုက်တယ်။ မီးမီးလက်ကို သူကိုက်တယ်
ဆိုတာပါ။ သမီးလေးကို သူငယ်ချင်းတွေက သင်ပေးသွားပါတယ်။
အဲဒီလို ရင်းနှီးလာပီးတဲ့အခါ
ကျမက သူ့ကို လက်ညိုးလေးထောက်ပီး ရေတွက်တတ်အောင် လမ်းကြောင်းပြပေးလိုက်ပါတယ်။
counting ဆိုတဲ့ စာအုပ်လေးနဲ့ပေါ့။ ဒီလိုနဲ့ သမီးလေးဟာ ရေတွက် တတ်လာပါတယ်။ အဲ့ဒီနောက်
ကျမဟာ ကဒ်လေးတွေ လုပ်ပီး အင်္ဂလိပ်လို ဂဏန်းရယ် မြန်မာလိုရယ် ရေးပါတယ်။ အဲ့ဒီမှာ တတ်သလောက်
မှတ်သလောက်နဲ့ ပုံလေးတွေ ဆွဲပီး တော့ သမီးလေးကိုရေတွက်ရင်း ဂဏန်းလေးတွေ အလွတ်ရစေအောင်
လုပ်ပေးပါတယ်။ ဒါ့အပြင် ဂဏန်းသင်္ချာ ရွေးနည်း ဆော့တဲ့ ကစားနည်းလေးတွေနဲ့ ကစားပါတယ်။
သူတို့ တခါ မှန်တိုင်း မွှေးမွှေးပေးတဲ့ အခါပေးသလို သိပ်တော်တာပဲ။ သိပ်တော်တာပဲလို့ ချီးကျူးပေး
ပါတယ်။
ဓာတ်လှေခါး
တက်တဲ့ ဆင်းတဲ့ အခါလည်း ကိန်းဂဏန်းတွေ ကို သူ့ကိုပေးရွေး ခိုင်းပါတယ်။ တီဗွီ
remote control ကိုလည်း သမီးကို အဖွင့်အပိတ် အပြင် သမီး မေမေ့ကို ဘယ်ချန်နယ် ပြောင်းပေး
လို့ ပြောပီး သင်ခိုင်း ခိုင်းပါတယ်။ အမြဲ မှန်တဲ့ အတွက် ချီးကျူးပေးသလိုကိုယ်တိုင်လဲ
ကျေနပ် ပီတိ ဖြစ်ရပါတယ်။ သမီးက အခုမှ ၂ နှစ်ခွဲပါ။
အဲ့ဒါတွေ အကုန် သူ ၂နှစ် ၃ လထဲက အကုန်မှန်အောင် ရွေးချယ် နိုင်ပါတယ်။
နောက် အပတ်ကျမှ
အရောင်များနှင့် ကစားခြင်းကို မိတ်ဆက်ပေးမယ်နော်။
Thursday, February 18, 2016
သမီးလေး နှင့် အိမ်သာ လေ့ကျင့်ခြင်း
သမီးလေးဟာ ၂နှစ်ခွဲ မှာ စတင်ပီး သေးခံအ၀တ် ဒိုင်ပါ လွတ်သွားခဲ့ပါပီ။
ဒီမတိုင်ခင် ၂နှစ်အရွယ်ထဲက သမီးဟာ ရှူးရှူးး ကို အိမ်သာထဲမှာ အကျင့်လုပ်ပေးတော့ ပြောလဲ ပြောတတ်တယ်။ ပေါက်လည်းပေါက်ပါတယ်။ မေမေ..ရှူရှူးး..ဆို ကိုယ်က အိမ်သာအပြေး ခေါ်သွားရပါတယ်။ မှတ်မှတ်ရရ ဆို သမီး မြန်မာပြည်က ပြန်လာချိန်ထဲကပေါ့။
ဒါပေမဲ့ ဆော့နေချိန် မှာပဲ ဖြစ်ဖြစ် အပြင်သွားနေတဲ့ အခါမှာပဲ ဖြစ်ဖြစ်။ မပြောပါဘူး။ သမီး မေမေ့ကိုပြောနော်ဆိုလည်း မရပါဘူး။ တခါတလေ ပေါက်ပေါက် ချတတ်လို့ အပြင်သွားရင်တော့ သေးခံအ၀တ် ၀တ်ပေးရပါတယ်။ ဒီမှာက တစ်ခုကောင်းတာက ကလေးတွေ အလာများတတ်တဲ့ နေရာတွေမှာ ကလေးတွေအတွက် အိမ်သာထိုင်ခွက်လေး တွေ ရှိပါတယ်။ ဒီတော့ အပြင်မှာဆိုရင် သမီးရေ..ကလေးလေးတွေ ရဲ့ အိမ်သာသွားရအောင်။ ရှူးရှူးပေါက်ရအောင် ဆို ရင် တခါတလေ တော့ လိုက်ပါတယ်။ သိပ်အဆော့သန်နေချိန် ဆိုရင်တော့ ဘယ်လိုမှ မရပါဘူး။
အိမ်မှာ ဆိုရင်တော့ သမီးရေ.. ရှူးရှူး သွားပေါက်ရအောင်ဆို ဆော့နေတဲ့အခါ သူ မလိုက်ချင်တဲ့ အချိန်တွေ ရှိပါတယ်။ အဲ့ဒါဆို သမီးလေးရေ.. မေမေနဲ့ မီးရထားကြီး ဂျုံးဂျုံးဂျက် လုပ်ပီး အိမ်သာသွားရအောင်ဆိုမှ ထပါတယ်။ ၂ယောက်သား မီးရထားကြီး ဂျုံးဂျုံးဂျက် လို့ အော်ပီး အိမ်သာဘူတာ ပါတယ်။ မေ့ကျန်ပစ္စည်း ဂရုစိုက်ပါ။ သေချာဆင်းပါဆိုပီး ဆော့ရင်း အိမ်သာသွားရပါတယ်။ တခါတလေတော့လည်း မေမေ မေမေ ရှူးရှူးးဆိုပီး အော်ပါတယ်။ အဲ့လိုဆို ..ဟယ်..သမီးလေးက အိမ်သာထဲမှာ သွားတယ်တော်.. သိပ်တော်တာပဲ လို့ ချီးကျူးးရပါတယ်။
အီးအီးဆိုရင်တော့ အရင်၁နှစ်ခွဲတုန်းက သူက ပြောပေမဲ့ နောက်ကျတော့ ဗိုက်နာတာ လှဲပီး နေရင် သက်သာလို့ထင်တယ်။ မပြောဘူး။ ဘယ်လိုသင်သင် မပြောပါဘူး။ ဒါပေမဲ့မိခင်လုပ်သူက သူ့အမူအယာကို ကြည့်ပီး သိနိုင်ပါတယ်။ အဲ့လို ဗိုက်နာနေပီဆို ဘာတွေ ပြောနေမှန်းမသိတဲ့စကား ဖြစ်ဖြစ်ပြောမယ်။ လိုက်ကာနောက်မှာ ကွယ်နေမယ်ဆို ရင် မိခင်လုပ်သူက သိနေပါပီ။ သူ အီအီး သွားတော့မယ်။ ဒါပေမဲ့ သမီးက မဟုတ်ဘူး တွင်တွင်ငြင်းပါတယ်။ အဲ့ဒီအခါ youtube ကနေ သမီးလေး အီအီးပါတဲ့ ဟာလေးကြည့်ရအောင် အိမ်သာထဲသွားမယ်နော်ဆိုပီး ချော့ခေါ် အိမ်သာထဲမှာ youtube ကိုဖွင့်ပီး ပေးရပါတယ်။ အိမ်သာသွားတဲ့ စာအုပ်တွေ လည်း ဖတ်ပြရပါတယ်။ သမီးလေးက ကြီးလာပီနော်။ အိမ်သာထဲမှာ အိးအီးပါ ရှူရှူးပေါက်ရတယ် သမီးရဲ့ ဆိုပီး ပြောရတာပေါ့။ ဖေဖေ ရော မေမေရော အကုန် အိမ်သာထဲမှာ သွားရတာ..သမီးလေးရဲ့ ဆိုပီး ရတလှည့် မရတလှည့်နဲ့ ပြောလာခဲ့ရင်း အခုတော့ အိမ်သာထဲမှာ သွားတတ်ပါပီ။ အပြင်မှာလဲ အဆင်ပြေသွားပါပီ။ ကျေးဇူးတင်ပါတယ်...သမီးလေးရေ.. ။

Sunday, February 14, 2016
ချစ်သူ အတွက် ချောကလက်
သူများနိုင်ငံနှင့် အစဉ်အမြဲ ပြောင်းပြန် လုပ်တတ်သော ကျနုပ်တို့ လက်ရှိ နေထိုင်ရာ အရပ်တွင်
မနက်ဖြန် ဆိုလျှင် ချစ်သူများနေ့ရောက်ပေတော့မည်။
ချစ်သူများနေ့တွင် မိန်းကလေးများက ယောင်္ကျားလေးများကို ချောကလက်တွေ ပေးကြသော ဓလေ့ ဖြစ်သည်။
လက်အောက်ငယ်သားများ ကလည်း အထက်အကြီးအကဲများကို ချောကလက် လက်ဆောင်ပေးလေ့ပေးထ ရှိသည်။
ဖေဖေါ်ဝါရီ ၁၄ ဟာ ချစ်သူများနေ့ပါ။ မိန်းကလေးတွေ က ချောကလက်ပေး ယောင်္ကျားလေးတွေ ငိုတယ်လေး။ ဘာလို့လဲ ဆိုတော့...။
မတ်လ ၁၄ က အဖြူရောင်နေ့။ အဖြူရောင်နေ့မှာ ယောင်္ကျားလေးတွေဟာ သူတို့ လက်ဆောင်ရထားတဲ့ ချောကလက်တန်ဖိုး ထက်ပိုတဲ့ တန်ဖိုးရှိတဲ့ လက်ဆောင်တွေကို ပြန်ပေးရလို့ပါပဲ။ များများရရင် များများ ကုန်တာပေါ့ကွယ်။
ကဲ..ကိုယ်လဲ ဂျပန်တို့ထုံး နှလုံးမူပီး သကာလ.. ချစ်သောသူတွေ အတွက် ဒီနှစ် ချက်ကလော ချောကလက် လုပ်လိုက်ပါတယ်။
အရမ်းခက်တာပဲ။ ဟီးဟီး...။ အပြူထင်း အပျင်းထူပီးတော့ အလွယ်လိုက်ပါကြောင်း ။ အို... ဘူ..သိတာမှတ်လို့...နော်။ ကောင်မလေးတွေ .... ကိုယ့်ချစ်သူကို ကိုယ့်ဘာသာကိုယ်လုပ်တာဆိုပီး ပေးချင်ရင် ပိုက်ဆံကုန်လဲ သက်သာ တဲ့..နည်းလေး လက်တို့ပီး ပြောမယ်နော်။
လိုအပ်တာလေးတွေကတော့လေ...။
ချောကလက် ရယ်
ယန်း၁၀၀ ဆိုင်က ချောကလက်ထည့်ဖို့ မိုလ် လေးတွေရယ်ပေါ့။
ပီးတော့ ချောကလက်ထဲ အစေ့အဆန် ထည့်ချင်ရင်လည်း ၀ယ်ပေါ့။
ကိုယ်ကတော့ အသည်းပုံလေးတွေပါတဲ့ ဟာလေး ထည့်လို့ အဲဒါလေးပဲဝယ်တယ်။
ကဲ လုပ်ပီနော်။
ချောကလက် ၂ပြား ၀ယ်လိုက်တယ်လေ။ ၈၈ ယန်း နဲ့၂ခုပေါ့။
ပီးတော့လေ...ချိုး ခြေထည့်ပီး micro wave oven မှာ ၂မိနစ်လောက် ထည့်ပလိုက်တယ်။
အို လွယ်မှလွယ်..အသည်းပုံလေးထဲ မှာ အသည်းအသေးလေးတွေ ထည့်ပီး အပေါ်ကနေ ချောကလက် အရည်တွေထည့်တယ်..ပီး.တော့ သာသာလေး လှုပ်ခါပေးတယ်။ ညီသွားအောင်လေ..။
ပီးတာနဲ့ ရေခဲသေတ္တာ အခဲခန်းမှာ ၂နာရီလောက်ထည့် လိုက်တယ်။ ဒါပဲ...။ သမီးအတွက်ကတော့ တိရစ္ဆာန်ရုပ်လေးတွေ ပါတဲ့ မိုလ်ကို သုံးလိုက်တယ်။
၂နာရီ အကြာ... ရပါပီ။ လွယ်ကူလျှင်မြန်တဲ့ ချက်ကလော...။
ကောင်မလေးတွေကတော့ ပေးရမှာဆိုတော့ အိတ်လှလှလေးတွေ လိုတာပေါ့...။ အဲ့ဒါတွေလေ... ယန်း၁၀၀ ဆိုင်မှာရှိတယ်။
အမှန်က ချောကလက်လုပ်တာ သိပ်တော့မခက်ပါဘူး။ cocoa အမှုန့်ရယ် သကြားရယ် ထောပတ်ရယ် နို့မှုန့်ရယ် လိုပါတယ်။ မခက်ပါဘူး။

Saturday, February 13, 2016
ထ- ထမနဲ
ဟလို.... စာဖတ်သူ ဘော်ဘော်တို့ရေ...
အခုတခါ ထ - ထမနဲလေး နဲ့ ထိုးပုံထိုးနည်းလေး... လက်တို့ လိုက်ပါရစေ။
သိပ်မခက်ခဲတဲ့ နည်းလေးပေါ့...။
အခြေခံ ကုန်ကြမ်းရယ် နည်းပညာရယ်ကတော့ ဓနုဖြူဒေါ်စောရီ နည်းလေးကို မှီငြမ်းပီး ရှိတာလေးနဲ့ လုပ်ချင်သလို လုပ်ထားပါတယ်။ ဒါပေမဲ့ အရမ်းအရမ်းကို စားလို့ကောင်းပါတယ်။
လုပ်မှာက ကောက်ညှင်းဆန် ၂ခွက် ဆွမ်းတော်တင်ဖို့ရယ် အိမ်သားအနည်းငယ် စားဖို့ လုံလောက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
ကောက်ညှင်းဆန် ၂ခွက် (ဆန်ချင်ခွက်နဲ့ပါ။)
နှမ်းဖြူ နှမ်းမဲပေါ့။ နှမ်းဖြူ ၁ဇွန်း နှမ်းမဲ ၂ဇွန်းပေါ့။ (အို ကြိုက်ရာ ဇွန်းနဲ့ လုပ်တာ။)
အုန်းသီးစိတ်ဆိုပေမဲ့ အုန်းသီး အလွယ်တကူ မရတဲ့ အခါကျတော့ အုန်းသီးခြောက်ပေါ့။ လက်တထုပ်ထက် များများ ထည့်ပါ။
ဆီ မများမနဲထည့်ပါတယ်။ သူပြောတဲ့ အညွှန်းအတိုင်းထည့်ရင် သိပ်များမှာမို့။ ဒါတောင် ကိုယ့်မှာ များလို့ စားခါနီး ဆီပြန်စစ်လိုက်ပါတယ်။
ဂျင်း အကြီးအသေးပေါ်မူတည်ပီး ထည့်ပါ။
မြေပဲ လက်တဆုပ်ထည့်ပါ။
ဆား ၁ဇွန်း ခွဲ ထည့်ပါသည်။
ကဲ..လုပ်ကြရအောင်နော်..။
ကောက်ညှင်းဆန်ကို ည ၇နာရီလောက်ထဲက ရေစိမ်ထားပါ။
နောက်တနေ့ လုပ်မဲ့အချိန် ည ၇ နာရီဆို အတော်ပါပဲနော်။ ၂၄ နာရီအတိပေါ့..။
စချက်တော့မည်ဆိုလျှင် အဆာပလာ များ မပြင်ဆင်ခင် ကောက်ညှင်းဆန်ကို ရေစစ်ထားပါ။
ဂျင်းကို အချောင်းလေး ဖြစ်အောင် ပါးပါး လှီးထားပါ။
မြေပဲ ကို လှော်ပါ။ ပီးလျှင် မြေပဲ တ၀က်ကို ညက်အောင်ထောင်းပါ။ တ၀က်ကို လေးစိပ်ကွဲ ထောင်းပါ။
နှမ်းကို လှော်ပါ။
ဆီပူပူမှာ အုန်းသီးဆံကို ကြော်ပါ။ အုန်းသီးဆံကြော်လျှင် သတိထားပါ။ မီးနဲနဲဖြင့် အရောင် နီစပြုလာလျှင် ချပါ။ တူးသွားနိုင်ပါသည်။ ( တခါ လွှင့်ပစ်ရလို့ပါ.)
ပီးလျှင် ဆယ်ထားပီး.. ဂျင်းချောင်းများကို အရောင်နီလာပီး မွှေးလာလျှင် ကောက်ညှင်းဆန်ကို ထည့်နိုင်ပါပီ။ ဆား
ဆန်ထည့်ပီးလျှင် ရေ ကို ၁၅၀ မီလီ လီတာလောက်ထည့်ကာ မီးပြင်းပြင်းဖြင့် ၇ မိနစ်လောက်အဖုံးဖုံးပီးထားပါ။
ပီးလျှင် ရေကို ၁၀၀ မီလီ လီတာထပ်ထည့်ကာ မီးနဲနဲ ဖြင့် စတင်မွှေပါ.။ မွှေနေရင်းဖြင့် နှမ်းများထည့်ပါ။ ညက်နေအောင်ထောင်းထားသော မြေပဲကို လည်း ထည့်ရင်း အဆက်မပြတ်မွှေပေးပါ။ မွှေရင်းမွှေရင်း ထွေးလုံး လာပါလိမ့်မည်။ ဆန် အပျော့အမာ ကို ကြည့်ပါ။ ဆန် မာနေသေးလျှင် ရေ နဲနဲစီထပ်ထည့်ပါ။ မွှေလည်းမွှေရင်း ဆန် ကိုကြည့်ပီး ထွေးလုံးလေး ဖြစ်လာပါက အုန်းသီးကြော်ကိုလည်း ထည့်ပါ။ ပီးလျှင် မြေပဲ စလုံးစခုကိုထည့်ပါ. မွှေပါ။ ၁၅မိနစ်လောက် နာနာမွှေပီးပါက အနံ့အရသာနှင့် ပြည့်စုံသော ထမနဲကို ရပါပီ။

Thursday, January 14, 2016
သမီးလေးရဲ့ မြန်မာပြည်ခရီစဉ်- အဆုံး
အဲဒါနဲ့ အိမ်က လူကြီးတွေနဲ့ သမီးကို ခေါ်ပီး မြေနီကုန်းက ဆရာကြီး ဆီ ပြေးကြတော့တာပေါ့။ ကိုယ်ကလည်း ရာသီဥတု အပြောင်းမှာ အိပ်ရေးပျက်တော့ အသံဝင် နှာစေးပေါ့။ သမီးအတွက် သွားတာ ကိုယ့်ကိုပါ ဆေးရောင်း လွှတ်လိုက်တယ်ကွယ်။ မြန်မာဆေးဆိုပီး မျေးကတော့ သေးမယ် မထင်နဲ့ သမီးအတွက် နဲ့ ကိုယ့်အတွက် အားလုံးပေါင်း ဆေးဖိုး ၄၀၀၀၀ ကျော် ရိတ်လိုက်သဗျာ။ ကိုယ်လား ... အဲ့ဆေးတွေ တခုမှ သောက်လည်းမသောက်ဘူး။ ကားပေါ်ရောက်မှ အိမ်က မမကို မမရာ သမီးက ပူထူနေတာ မမက တားတာ မဟုတ်ဘူးလို့..။ အဲ့တုန်းက အားပဲနာလို့လား ပူထူနေလို့လား မသိဘူး။ ကိုယ်မသောက်တဲ့ ဆေးကို ရောင်းတာ ဘလိုင်းကြီး ၀ယ်မိလိုက်တယ်။ အလကား ပိုက်ဆံကုန်တယ်။ သမီးအတွက် လိမ်းဆေးကတော့ အိုကေတာပေါ့။ သောက်ဆေးက ဘယ်လိုမှ အဆင်မပြေပေမဲ့..။ သမီးလေး ၂ ရက်နေတော့ သက်သာသွာတယ်။ အပူအရမ်းကြီးရင် ကလေးကို ခေါင်းမလျှော်ရဘူးတဲ့...။
သမီးလေးလဲ ပေါက်စနပဲ ကျန်တော့တယ်။
သမီးလေး နေပြန်ကောင်းပေမဲ့ ကိုယ်ကတော့ ချောင်းတွေတအားဆိုးတာ မသက်သာဘူး။ သမီးလေး ချောင်းဆိုးတာကို တွေးမိတိုင်း သနားလိုက်တာ..။ ကိုယ့်ကိုလည်း ပိုးသတ်ဆေးပဲ တိုက်ကြတော့... သြော်...မြန်မာပြည်မယ် ဘာဖြစ်ဖြစ် ပိုးသတ်ဆေးသာ သောက်ကြပါ လို့ ဆောင်ပုဒ် ထုတ်ရင် ကောင်းမလားလို့။ ဂျပန်က ပါတဲ့ ဆေး လူကြီးလည်း မတိုးပါဘူးလို့စ်။ သက်သာတာပဲ ရှိပါ၏။
ဒီလိုနဲ့ ဖေဖေါ်ဝါရီကိုဝင်လာပါပေါ့။ သမီးနဲ့ ကိုယ်လည်း နေမကောင်း သံသရာနဲ့ ဘယ်မှ မရောက်တော့ဘူး။ ဖေဖေ ကလည်း ဆရာဝန်က လက်လျှော့လိုက် ပေမဲ့ ဆရာဝန်ခန့်မှန်းတာထက် ပိုလာတော့ နေ့တိုင်း အိမ်လာကြည့်တဲ့ ဆရာဝန်ခမျာ ... သမီးနဲ့ မြေးကို တွေ့ရလို့ ဆိုတဲ့ အဖြေမှတပါးပေါ့..။ ဒါပေမဲ့ ဖေဖေါ်ဝါရီ ၈ ရက်နေ့ မှာတော့ ညနေ ၆ နာရီလောက် အိမ်က ဖုန်းလာတယ်...။ အမြန်လာတော့တဲ့။ ကိုယ်လည်း လာမယ်။ သမီးကို ထမင်းကျွေးရင်း တန်းလန်းမို့. ပီးတာနဲ့ လာမယ်လို့..။ ဖေဖေ သွားတော့မယ်ဆိုတာ စိတ်ကို ဖြေထားခဲ့ပေမဲ့.... တကယ်သွားတော့မယ် ဆိုတဲ့အခါ..... မျက်ရည်တွေ နဲ့ပေါ့။ ၁၅ မိနစ်လောက်ပဲခြားတယ်... ဖေဖေ...ဆုံးပီတဲ့....။ ဖေဖေ.....................................................................
ကျတဲ့မျက်ရည်ကို သုတ်။ သမီးကို ထားခဲ့ပီး ဖေဖေတို့ အိမ် အပြေးပြန်ရတဲ့ ခရီးဟာ... တကယ်တမ်း စဉ်းစားကြည့်ရင် ကြေကွဲစရာပေါ့။ သူကလည်း အဝေးကနေ စိတ်မကောင်းဖြစ်လို့ပေါ့။ အဆိုးထဲက အကောင်းတစ်ခုက ဖေဖေဟာ သူသိပ်ချစ်တဲ့ သမီးနဲ့ သူ့ရဲ့ တစ်ဦးတည်းသော မြေးကို တွေ့သွားရသလို ကိုယ်ဟာလည်း ဖေဖေ အသက်ရှင်စဉ် အနားမှာ ရှိနေနိုင်ခဲ့တာတခုက ဖြေသာစရာပါပဲ။
အဲသည်လိုနဲ့ပဲ ဖေဖေနဲ့ ဘယ်တော့မှ ပြန်မတွေ့ရတဲ့ လမ်းမှာ ဖေဖေ့ကိုထားခဲ့ ရပီပေါ့။ မောင်နှမတွေ တည့်အောင်နေပါလို့ ဖေဖေ မှာထားခဲ့တဲ့ အတိုင်း အိမ်နဲ့ပက်သက်တဲ့ မိသားစုနဲ့ ပက်သက်တဲ့ ကောင်းခြင်းဆိုးခြင်းတွေကို ရင်မှာမြိုသိပ်လိုက်ပီး ဖေဖေ့စကား နားထောင် ဖြစ်ပါတယ်။ လောကမှာ တကယ်တော့ မောင်နှမဆိုတာ မရှိမဖြစ်ပဲလေ။
ဖေဖေ့ကိစ္စတွေ ပီးတော့ ပြန်ဖို့ရက်ကလည်း သိပ်မကျန်တော့တာနဲ့ သမီးကိစ္စ လှည့်ရပြန်တယ်။ သမီးကိစ္စ ပြောရရင် လ၀က ကိစ္စပါလာပီဆိုတော့ အများပြောတဲ့ အတိုင်း မြန်မာနိုင်ငံသား အစစ်တွေရဲ့ ကြုံနေကြ ပြသာနာ ပေါ့...။ သမီးကို သန်းခေါင်းစာရင်းသွင်းဒုက္ခများ ဆိုရင်လည်း မမှားပါဘူး။
ဂျပန်ကနေ ဂျပန်မှာမွေးကြောင်း ထောက်ခံစာကို ဂျပန်က မြန်မာသံရုံးမှာ ပိုက်ဆံပေးပီး ယူခဲ့ရပါတယ်။ မြန်မာ ပြန်ရောက်တော့တခါ အဲ့ဒီထောက်ခံစာရယ် ဂျပန်မှာမွေးတဲ့ ဆေးရုံက ရတဲ့မွေးစားရင်းကို ဘာသာပြန်ရတယ်။ နိုကြီလုပ်ဆိုလို့ လုပ်ရတယ်။ အဲ့လိုဆိုလည်း ဒီက သံရုံးထောက်ခံစာ က ဘာသဘောလဲ လုပ်စားလား ရိုက်စားလား။ ဒါမှမဟုတ် ဒီသံရုံးက တာဝန်ခံတွေကို မယုံလို့နေမယ်ထင်ပါရဲ့နော်။
နောက်ဘာတွေ လိုလဲ သိလားဟင်.... အဟက်။ ဖအေ မအေ လက်ထပ်ထပ်စာချုပ်တဲ့ တော်ရေ...။
ပီးတော့ သိလား သမီးရဲ့ နိုင်ငံကူးလက်မှတ် ကော်ပီကို ပုံမှန်ဆို နိုင်ငံအ၀င်အထွက် ကူးပေးရင် ပီးပိပေါ့။ မဟုတ်ဘူး...တော်ရေ...။ ဘာမှမပါတဲ့ စာရွက်တွေပါ ကူးပေးတဲ့ တော်။ ဖအေ မအေ နိုင်ငံကူးလက်မှတ်လဲ ဒီအတိုင်းကူးပေးတဲ့။ ပီးတော့ ဘာဝန်ခံချက်တွေမှန်းမသိ ... ဖအေက မအေနဲ့ ဘယ်မှာစတွေ့ပီး ဘယ်နေ့လပ်ထပ် ဘယ်ရက်မှာ ဘယ်နေရာမှာ ကလေးမွေး ခဲ့တယ်ဆိုတာ ရေးပီး ခံဝန်ချက် ထိုး။ မအေကလည်း အဲသည်လို ရေးပီးခံဝန်ချက်ထိုးရမတဲ့ တော်တို့ရေ...။
ကိုယ်တို့ကေ့စ်က ကိုင်တဲ့သူကသတ်သတ်။ အဲ့ဒါကို ကိုယ့်ချစ်ချစ် အမေက အခြားတစ်ယောက်နဲ့ မိတ်ဆက်တော့ သူနဲ့လုပ်ဖြစ်တယ်။ အဲ့ဒါ ကိုယ်တိုတို့ပေးထားတယ်ထင်လို့ တကယ်ကိုင်တဲ့ သူက စပါယ်ရျယ် ရစ်တယ်။ ကိုယ် ပြေပြေလည်လည် ပြောတယ်။ ရစ်တယ်။ ပီးတော့ ပြောသေးတယ်။ ဒီကိစ္စ သိပ်ကြာတယ်။ အသွားအပြန်အတွက် ငွေလိုမယ်တဲ့။ ပေါ်တင်ပြောတာနော်။ ကိုယ်ပဲ... သိပ်အရစ်မခံနိုင်ဘူး။ တရက်ထဲ သွားရတာ မဟုတ်ဘူး။ ၁ပတ်ကျော်နေပီ။ ကားနဲ့ ဟိုပြေးဒီပြေးလုပ်နေရတာ။ ဟိုဟာ ဒီဟာ လုပ်နေတာ သိပ်စိတ်မရှည်ဘူး။ ဒဲ့ မေးလိုက်တယ်။ ခင်ဗျား ဘယ်လောက်ယူမလဲ ပေးမယ်။ ပြော... အဲ တိုးတိုးတော့ မပြောနိုင်တော့ဘူး။ သိပ်အမြင်ကပ်နေလို့...ဒီတော့ သူ မတောင်းရဲဘူး။ ထားခဲ့တဲ့။ အိုခေ ထားခဲ့မယ်။ ဘယ်တော့ ပြန်လာယူရမလဲ ခင်ဗျားဖုန်းပြော ကျနော့်ဖုန်းယူထားဆိုတော့...ဒါမျိုးကျ လန့်ရော...။ ကဲ ... ခင်ဗျားဟာ ပြန်ယူသွား...မလုပ်ပေးနိုင်ဘူး..။ အိုခေ။
လာထား မြို့နယ်မှူးဆီ ကိုယ်တိုင်ဝင်လိုက်တယ်။ ဒီက အဲလိုတွေ မလုပ်ချင်လို့ အေးအေးဆေးဆေးလေး အောက်က၀င်နေတာ။ အဲ့အချိန်မှာ မြို့နယ်မှူးး ဆီ လဲ အထက်က ဖုန်းဆက်လာတယ်။ ဒီကေ့စ်ကို လုပ်ပေးလိုက်ပါတဲ့..။ အမှန်က ကိုယ်နဲ့ မြို့နယ်မှူးက ရင်းနှီးပီးသား ပုံမှန် သမားရိုးကျလေးများ လုပ်လို့ရမလား ဆိုပီး လုပ်ကြည့်တာ။
သူ့ကို ခေါ်တယ်။ အဲ့တာတောင် ဆက်ရစ်တယ်။ ရစ်လေ.. ကြိုက်သလောက် ။ အန်ကယ်လ်... သမီးထားခဲ့လိုက်တော့မယ်။ သမီးမှာလုပ်စရာတွေရှိသေးတယ်။ သိပ်မကြာခင် ပြန်တော့မှာ ။ ဒီကေ့စ် ထားခဲ့ပီ. ။ ရရင် အကြောင်းကြားလိုက်ပါနော်။ ဘိုင့်ဘိုင်...။ သမီးမှာ ၁ပတ်လောက်ရှိပီ ဒီကို လာနေတာ။ အန်ကယ်အလုပ်များနေလို့ ၀င်မပြောတာ။ ကျေးဇူးပါ အန်ကယ်။ နို့တိုက် ကလေးလေးတစ်ယောက်တည်း ထားပီး လာရတာ။ ခွင့်ပြုပါနော်။
အဲ့ကိစ္စ ၅ လလောက်တော့ ကြာတယ်ထင်တယ်။ အခုတော့ သမီးလဲ သန်းခေါင်စာရင်းဝင်သွားပါပီ။
ပြန်ခါနီး ရက်ကလည်း တအားကပ်နေတော့ ၀ယ်ခြမ်းရေး အမျိုးအဆွေနုတ်ဆက်ရေးလုပ်ပီးသကာလ ပြန်ဖို့ ၂ရက်အလို တခုသော ညနေ ၂နာရီခွဲ မှာပေါ့........။ ပိုက်ဆံအိတ်အပါအ၀င် ချစ်ချစ်အမေ ဖုန်းကလေးက ကိုယ့်ကို လှမ်းနောက်တယ်။ ထီပေါက်သွားတယ်။ အိုးရှင်းမှာ ဈေးဝယ်နေတုန်း ကိုယ်...သတိရလိုက်တာ... ပိုက်ဆံပါ....ပါ....ပါ။
အို...အို....ဂျပန်ငွေ မြန်မာငွေ ဖုန်းအသစ် ကားလိုင်စင်၂ခုရယ် အခြားကဒ်တွေရယ်ပေါ့ကွယ်။ အဲ့ဒါထက် အရေးကြီးတာ... ဂျပန်ကို ပြန်ဝင်မဲ့ ကဒ်..ကိုယ့်ကဒ် သမီးကဒ် ကျန်းမာရေး အာမခံကဒ်တွေ ...ပါသွားတာ။
နာရီဝက်လောက် ခြားပေမဲ့ တက္ကဆီနံပါတ်မသိ ။ အားလုံးအရေးကြီးတာ...ထက် နိုင်ငံကူးလက်မှတ် ပါမသွားလို့ ကျေးဇူးတင်ရတယ်။ အဲဒီလိုနဲ့ ဂျပန်ကို အဆက်အသွယ်ချက်ချင်းလုပ်... အဖြစ်အပျက်ပြောပြ။ဟိုဖက်က လ၀က ကိုချိတ်တော့ ရဲစခန်းထောက်ခံချက်ယူတဲ့။ မြန်မာပြည်က ဂျပန်သံရုံးကိုသွားတော့ နိုင်ငံကူးလက်မှတ်ကြည့်ပီး ပြသနာတော့ မရှိလောက်ပါဘူးတဲ့။ သူတို့တော့ ဘာမှ လုပ်မပေးပါဘူး။ ညကျတော့ ရဲစခန်းထောက်ခံစာ သွားတောင်း။ မနက်ကျတော့ သမီးထား ပီး အဲ့ဒီစာရွက်ကိုယူပီး ဂျပန်ဘာသာပြန်ပီး နိုတြီလုပ်။ အိမ်က လူတွေက shwe FM သွားပိုက်ဆံပေးကြေငြာခဲ့ပါတယ်။ ဒီလိုနဲ့ ပြန်သာလာရ ။ ရေထဲကျတာမှ ပလုံ မြည်မယ်။ ဘာသံမှမကြားရတာ စိတ်တောင်နာတယ်။ မည်သို့ပင် ဆိုစေ... မြန်မာပြည်ကနေ နောက်တနေ့မှာ ထွက်လာခဲ့ပါတယ်။ မပြန်ခင် ညက သမီးနဲ့ ကိုယ်တို့ ရွှေတိဂုံ ဘုရား ဗိုလ်တထောင်ဘုရားကို ကားနဲ့ပတ်ပီး လိုက်ပို့ပေးတဲ့အပြင် ရွှေဘဲမှာပါ ထမင်းလိုက်ကျွေးတဲ့ သူငယ်ချင်းကို ကျေးဇူး တင်ပါတယ်။
ထွက်ချိန်တုန်းက မြန်မာဖက်က ဂျပန်က ကဒ်ကို တောင်းပေမဲ့ အကျိုးအကြောင်း ပြောပြတော့ သူတို့က တာဝန်တော့မယူဘူး။ ဟိုဖက်မှာ ကိုယ့်ဘာသာကိုယ် လုပ်တဲ့။ သမီးနဲ့ ၂ယောက်တည်းမို့ ကိုယ်တို့က လက်မှတ်စ၀ယ်ထဲက လူတစ်ယောက်တောင်းထားပါတယ်။ သမီးလေးက အဲ့အချိန်က ၁နှစ် ၆လပါ။ သမီးက သေချာမပြောတတ်ပေမဲ့ သူ့ အဘိုးအဘွားတွေနဲ့ ခွဲရတော့မယ်ဆိုတာ သိနေတယ် ထင်ပါရဲ့။ ပထမတော့ လေဆိပ်ထဲက ဆိုင်မှာ စားတော့ သူပျော်နေပါသေးတယ်။ ကိုယ်တို့ အထဲဝင်တော့ သူ့အဘိုးအဘွားတွေက ဟိုးအထဲက မြင်နေရတဲ့ နေရာမှာ ထိုင်နေတော့ သူ့အဘိုးအဘွားကို တချိန်လုံး လက်ပြလိုက် ခေါ်လိုက်ပါပဲ။ သမီးကို သိပ်ပေမဲ့ ဘယ်လိုမှ မအိပ်ပါဘူး။ လေယာဉ်ပေါ်တက်ဖို့တန်းစီတော့ ကိုယ်တို့က တန်းစီစရာ မလိုပါဘူး။ အရင်တက်ရပါတယ်။ အဲ့ဒီတော့မှ သမီးလေး အိပ်ပါတယ်။ အိပ်လိုက် နိုးလိုက်နဲ့ သမီးလေးနဲ့ ဂျပန်မြေကို ရောက်လာပါတယ်။ လေယာဉ်မယ်က ခနစောင့်ပါဆိုလို့ လေယာဉ်ပေါ်မှာပဲ သူတို့ လာခေါ်ပေးတဲ့ အထိစောင့်နေပါတယ်။ ပီးတဲံအခါ အစစအရာရာ အဆင်ပြေစွာပဲ ပစ္စည်းတွေပါ ထုတ်ပေးပီး အပြင်မှာ စောင့်နေတဲ့ ယောင်္ကျားဆီ အရောက်ပို့ပေးပါတယ်။ ဟိုဖက်မှာ နိုင်ငံကူးလက်မှတ်ပဲ ကြည့်ပါတယ်။ အဆင်ပြေပါတယ်။ သမီးကို သူ့အဖေကို တွေ့တော့ ပျော်လိုက်တာဆိုတာ စာဖွဲ့လို့တောင် မရပါဘူး။ ဒီလိုနဲ့ ၃ယောက်သား လေဆိပ်ကနေ ဘတ်စ်ကားစီးပီး အိမ်ကို ပြန်ကြပါတယ်။ ကားပေါ်မှာ ၃ယောက်ထိုင်ပီး သမီးလေးလည်း အလယ်ကနေ အိပ်လိုက်လာပါတယ်။ ကားဂိတ်ရောက်တော့ အိမ်နဲ့ သိပ်မဝေးပေမဲ့ ပစ္စည်းတွေ ပါတော့ တက်စ်ဆီနဲ့ ပြန်ကြပါတယ်။ သမီးက အံ့သြစရာ ကောင်းလှစွာ အိမ်ကို မှတ်မိသလို အိမ်ခန်းကိုပါ မှတ်မိပါတယ်။ ဒီလိုနဲ့ သမီးလေး ရဲ့ ခရီးစဉ် ပီးသွားပါပီ။
၂၀၁၅ အစမှာ ဖေဖေ ဆုံးခဲ့သလို ငွေပျောက် စိတ်ရှုပ်ခဲ့တာတွေ အပြင် ဒီဖက်မှာ အိမ်ပြောင်း တော့ အလုပ်ရှူပ် ရုံးကိစ္စတွေရှုပ်နဲ့ ဒုတိယမြောက် ကလေးလေးကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အတွက် ၂၀၁၅ ဟာ အဆိုးများတဲ့ နှစ်၁နှစ်ပါပဲ။
၂၀၁၆ မှာ ကိုယ်အပါအ၀င် အားလုံးသောသူတွေ အတွက် ကံကောင်းခြင်း ကျန်းမာခြင်း ပျော်ရွှင်ခြင်းတွေပဲ လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Thursday, December 31, 2015
သမီးလေးရဲ့ မြန်မာပြည် ခရီးစဉ် ၃
(ဒီနေ့ မြန်မာပြန်ခဲ့ တာ ၁ နှစ်ပြစ် အထိမ်းအမှတ်)
တမနက်တည်းနဲ့ ကားထဲမှာ အေး အပြင်မှာပူလိုက်တာမှာ သမီး ဘယ်လိုမှ မခံနိုင်တော့ပါဘူး။ အပူအအေး မမျှတဲ့ ဒဏ်ကြောင့် အပူရှပ်ပီး သမီး အကြီးအကျယ် ဖျားပါတော့တယ်။ ဂျပန်မှာ သမီးအဖျား က ၃၉ စင်တီဂရိတ် လောက်ပဲ ရှိပေမဲ့ မြန်မာပြည်မှာ သူ့အဖျားက ၄၀ ကျော်တော့ ငယ်ထိပ်မြွေပေါက်ပါပဲ။ ဒီမှာ အဖျား ၄၀ ကျော်ရင် ဆရာဝန်က emergency ပြေးခိုင်းတာဆိုတော့ ...စဉ်းစားသာ ကြည့်တော့...။ တန်းပီး ပြေးရတာပေါ့။
သူများတွေက ပြောလို့ ရန်ကင်း ကလေးဆေးရုံ ပြေးဆိုလို့ ပြေးရပါလေရော။ အောင်မငီးးးးးးးးးးးးးးးးးး လို့ပဲ ပြောပါရစေတော့။
ရန်ကင်းဆေးရုံကို ရောက်တော့ နာ့စ်ကို ဖြစ်စဉ်ပြောရတယ်။ ပြောပီးတော့ သူတို့က အဖျားတိုင်းခိုင်းတော့လည်း သမီး ကိုယ်ပူတာ အဖျား ၁၀၃ ကျော် ၁၀၄ ဆိုတော့ တန်းပီး ရေချိုးခိုင်းပါလေရော။ ရေခွက်နဲ့ ၁၀ခွက် လောင်းခိုင်းတယ်။ အမေဖြစ်တဲ့ ကိုယ်ဟာ...သမီးကို သနားလိုက်တာ...။ သမီးကို တခါမှ ရေအေးနဲ့ မချိုးပေးခဲ့ဖူးဘူးလေ..။ သမီးလေး ကြောက်လန့်တကြားနဲ့ ကိုယ့်ကို ဖက်တွယ် ထားပေမဲ့ ကိုယ်လဲ ရင်နာနာနဲ့ပဲ မဖြစ်မနေ ရေအေးနဲ့ ချိုးပေးလိုက်ရတယ်။ သမီးလေး ငို လိုက်တာ..။ တခွက်လောင်းတိုင်း ရင်ထဲ နင့်ကနဲပေါ့။ ဒီကြားထဲ သူ့အဘွားက ဆေးရုံလာလို့ သိပ်မကြည်ဘူး။ အဲဒါလည်း ပီးရော... ဆရာဝန် ပေါက်စလေး တကဲ့ နို့နံ့ မစင်တဲ့ ပေါက်စလေးကို တခါ ဖြစ်စဉ် ပြန်ပြောရပြန်ရော။ ( အထင်ကြီးစရာ လုံးဝ မရှိတဲ့ ဆရာဝန်ပေါက်စ) အဲကနေ တခါ နောက်ထပ် ဆရာဝန် လူရွယ် တစ်ယောက် ပြောင်းရ ပြန်ရော။ ပြောင်းလဲ ပြောင်းရော သူက တခါတည်း ပြောတယ်။ သူ့အဘွားကို အန်တီတို့ ပါရမီ ကလေး အထူးကု ဆေးခန်းသာ သွားလိုက်ပါတဲ့.....။
ဒါနဲ့ ပါရမီ အထူးကု ဆေးခန်းကို ပြေးရပြန်တာပေါ့... အဲ့ဒီမှာ အဲ့ဒီရက်က တာဝန်ကျတဲ့ ဆရာဝန်မ အသက်ခပ်ကြီးကြီးပါပဲ။ သူနဲ့ ပြရတယ်။ ပြသာ ပြတယ်။ သေချာလည်း စစ်တာ မဟုတ်ပါဘူး။ သူက သောက်ဆေးတွေ ပေးလိုက်တယ်။ ကိုယ်က ဆေး ချိုလားလို့ မေးတော့ ဒီက ကလေးတွေ သောက်တယ်ပေါ့။ အဖျားကျဆေးရယ် ပိုးသတ်ဆေးရယ် အရမ်းပူလာရင် သုံးတဲ့ ဆေးရယ်ပေးလိုက်တယ်။ နောက် ၁ရက်နေရင် ပြန်လာတဲ့။ စာအုပ်ဖိုးက register လုပ်လို့ ပေးရတယ် ဆရာဝန်ခ ရယ် ဆေးဖိုးရယ်ပေါင်း မြန်မာငွေ ၁၅၀၀၀ ကုန်ပါတယ်။ သမီးအတွက် ပထမဆုံး ဆေးခ ကုန်ခြင်းပါ။ ဂျပန်မှာက ကလေးက ဖရီး လေ..ဓာတ်မှန်ရိုက်တာက အစ ဆိုပါတော့။ ထားပါတော့လေ..ဒါ မြန်မာပြည်ကိုး။ကုန်တာက အကြောင်းမဟုတ်ပါဘူး။
ဒီလိုနဲ့ မီးလေးနဲ့ ကိုယ် ဆေးတိုက်ဖို့ ပြင်ရတာပေါ့။ ဆေးမတိုက်ခင် ကိုယ့်မှာ တော်တော်လေး ဗျာများရပါတယ်။ မြန်မာဆေး အွန်မလား ဂျပန်က ဆရာဝန်ပေးလိုက်တဲ့ ဆေး အွန်မလားဆိုပီး အုံးစားတာပေါ့။ ဘာလို့ဆို ဂျပန်မှာ ကလေးမပြောနဲ့ လူကြီးတောင် ၂၀၀ ၂၅၀ ဂရမ်ပဲ အွန်တာ။ ကိုယ်တို့ မြန်မာပြည် မယ် ၅၀၀ ဂရမ် အွန်ထားတာကိုး။ ကိုယ်လဲ နောက်ဆုံး မြန်မာပြည်ဟာပဲ ချကွာဆိုပီး ချတော့ အမလေးးး ကိုယ့်အမှား တစက်မှ မမြည်းကြည့်လိုက်မိဘူး။ သမီးလေး ...ဆေးမကြောက်တဲ့ကလေး... အဲ့ဒီကစပီး တခါတည်း ကြောက်သွားလိုက်တာ ဂျပန်ပြန်ရောက်တာတောင် မပျောက်လို့ မနဲ ပြန်လုပ်ရပါရော။ အဲလိုနဲ့ သမီးကို ဆေးထိုးအပ်မှာထည့်ပီး ချုပ်တိုက်ရတဲ့ အဆင့်ရောက်ရော။ ဆေးက ၀င်လိုက်မ၀င်လိုက်နဲ့ ဆိုတော့ ကလေးက အဖျားမကျ။ အရမ်း အဖျား မတက်တော့ပေမဲ့ မကျဘူး ၁၀၂ မှာတန့်နေတယ်။ သမီးလည်း အစား မစားတော့ဘူး။ အမေနို့ ပဲ ၀င်တော့တယ်။ ဘယ်သူ့မှ ခေါ်လို့ မရတော့ဘူး။ တောက်တဲ့လေး ကပ်နေသလို ကိုယ်ပေါ်မှာပဲ။ ချောင်းကလည်း ဆိုးလိုက်တာ ဆိုတာလေ...။ နောက်ဆုံး သူချောင်းဆိုးတိုင်း ကိုယ်က ထောင်ထောင်ပေးရတဲ့အခါ ကလေးက သူချောင်းဆိုးတော့မယ်ဆို မအေကိုယ်ပေါ်ရောက်လာတော့တာပဲ။ ဒီလိုနဲ့ နောက်တနေ့ ဆရာဝန်ဆီထပ်သွားတော့ ကလေးချောင်းဆိုးတာ ပြောတယ် ကိုယ်ပူမကျတာပြောတော့ ဆေးဝင်အောင်တိုက်တဲ့..။ ကိုယ်မကြိုက်တာက ချောင်းဆိုးတယ် ပြောတာ ချောင်းဆိုး ပျောက်ဆေး လုံးဝ မပေးပဲနဲ့ ပိုးသတ်ဆေးတိုက်တာပါပဲ။ စဉ်းစားကြည့်.. ကိုယ်စိတ်ဆိုးလိုက်တာ။ ချောင်းဆိုးတာ ပိုးသတ်ဆေးသောက်မှဆိုတဲ့ အစွဲ မြန်မာပြည်ကလူတွေ စွဲနေကြတယ်။ အမှန်က ဒီမှာဆို ချောင်းဆိုးပျောက်ဆေး ပေးလို့ မသက်သာမှ ပိုးသတ်ဆေး ထပ်ပေးတာ။ ၂မျိုး သောက်ရတာပေါ့။
အဲ့ဒီပိုးသတ်ဆေးကို မကျေမနပ်နဲ့ပဲ သမီးကို သနားစွာနဲ့ တိုက်ရပါလေရော။ သမီးလေး သိပ်သနားဖို့ ကောင်းတယ်။ အဲလိုနဲ့ ဆေးလဲတိုက်ပီး ခေါင်းပေါ်ရေလောင်းချပလိုက်တယ်။ အဖျားကကြာလာလို့။ ရာသီဥတုကလည်း တအားမပူပေမဲ့ ပူတော့ပူတယ်။ ဒါနဲ့ ဆရာဝန်ကို သမီးအတွက် အခန်းအပူချိန် ဘယ်လောက်လောက်ထားရင် အဆင်ပြေမလဲ မေးတာပေါ့...။ အဆင်ပြေသလိုထားတဲ့။
အဲ့တာနဲ့ ကိုယ့်မှာ ဖွင့်လိုက်ပိတ်လိုက်နဲ့ သမီးနဲံ့ ဗျာများနေတာပေါ့။ သမီးလေးလည်း ကိုယ်အကြမ်းလုပ်လိုက်လို့ လားမသိဘူး။ အဖျားကျသွားလေရဲ့။ အဖျားကျတော့ မျှော်နေကြတဲ့ ကိုယ့်အဖေအိမ် သွားတာပေါ့...။ အဲ့ဒီမှာ ဘာထပ်ဖြစ်လဲ ဆိုတော့ သမီးက အဖျားတော့ ကျပါရဲ့ တကိုယ်လုံးမှာ အနီစက်တွေ ထွက်လာပါလေရော။
ဆက်ရန်

Sunday, December 6, 2015
Saturday, December 5, 2015
Wednesday, November 25, 2015
သမီးလေးရဲ့ ပထမဆုံး မြန်မာပြည် ခရီးစဉ် ၂
ဒီလိုနဲ့ သမီးလေး နောက်တနေ့ကျတော့ ကိုယ်တို့အိမ်ကို သွားတာပေါ့။ ကိုယ်လဲ အိမ်ရောက်မှ သိတယ် ဖေဖေက ၂၄ နာရီ အောက်စီဂျင်နဲ့. ။ အံ့လဲ အံ့သြ စိတ်လဲမကောင်း ၀မ်းလဲနည်းပေါ့။ ဒါပေမဲ့ ဖေဖေက ကိုယ့်ကို မြင်တော့ သိပ်ပျော်သွားပါတယ်။ သူ့ရဲ့ တစ်ဦးတည်းသော မြေးအရင်းကို တွေ့တော့ ဖေဖေ သိပ်ပျော်သွားပါတယ်။ ဖေဖေ့ကို တွေ့ပီးမှ မောင်နှမတွေက အပေါ်ထပ်ကို ခေါ်ပီး ဖေဖေ့ အခြေအနေ မကောင်းတော့တဲ့ အကြောင်းပြောပြပါတယ်။ တကယ်ဆို နဲနဲတော့ ကြိုပြောထားသင့်တယ် ထင်တာပါပဲ။ ကိုယ်ကတော့ အသက်ကြီးလို့ ကောင်းတလှည့် မကောင်းတလှည့် ဖြစ်နေတယ်ပဲ ထင်ထားခဲ့တာလေ။ နောက်ကျမှ ချစ်ချစ်နဲ့ ကိုယ်တို့တွေ မြန်မာပြည်ကို ပြန်လာတာ ကံကောင်းတယ်လို့။ နို့မို့ဆို တသက်လုံး နောင်တရ နေမှာ။ ဖြေသိမ့်လို့ လည်း ဆုံးမှာ မဟုတ်ဘူးလို့ ပြောဖြစ်ကြတယ်။ ချစ်ချစ်က အစွမ်းကုန် နားလည်လိုက်လျောပေးပါတယ်။ ဖေဖေက သူ့မြေးကို တွေ့တော့ ပျော်ရွှင်နေလေရဲ့။ လေသံလေးနဲ့ စကားပြောတာတောင်မှ အကုန် မှတ်မိနေတယ်။ ဖေဖေက အစားစားချင်စိတ်ရှိရဲ့နဲ့ အစားမ၀င်တာပါ။ ဘာစားစား ချွဲတွေဖြစ်ပီး သနားဖို့ ကောင်းပါတယ်။ ဆရာဝန်က နေ့တိုင်း အိမ်လာပီး စမ်းသပ်ပေးပါတယ်။ အစာမ၀င်တော့ ၂ ရက်တခါ အားဆေးသွင်းရသလို ဆီးကိုလည်း ပိုက်တပ်ပေးထားရပါတယ်။
သူ့မြေး မနှင်းဆီလေးကလည်း ဖေဖေ့ကို တွေ့ရင် နုတ်ဆက်ပုံက ဖေဖေ့လက်ကလေးကို သွားကိုင်ပီး ဘိုးဘိုးကြီး နေကောင်းလားတဲ့။ ပီးရင် သူ့အဘိုးကို ကပြလိုက် စကားတွေပြောလိုက်ပေါ့။ သူ့အနားမှာလဲ ဆွေတော် မျိုးတော်အပေါင်းနဲ့ ဆိုတော့ သမီးက သိပ်ပျော်ပါတယ်။ ညဆို ဟိုဖက်အိမ်မှာနေပီး နေ့ဆို ဒီဖက်အိမ်ကို သားအမိ သားအဖတွေ ရောက်ပေါ့။ ချစ်ချစ်က မြန်မာပြည် ၂ပတ်ပဲ နေချိန်ရတော့ သူ့ဖက် အမျိုးတွေဆီလဲ သွားရသေးတယ်လေ။ ဒီကြားထဲ ရန်ကုန် က အသံဗလံတွေကြောင့် ကားမောင်းခွင့်ကို သူ့အမေက ခွင့်မပြုဘူး။ ၂ ပတ်နေတာ ၁ ပတ်က ၀မ်းလျှောလို့ အိပ်ယာထဲမှာ။ ဖြစ်မှာပေါ့။ စားလိုက်တဲ့ ၀က်သားထုတ်ထိုး။ စိမ်းလန်းက စားတာ ဒီတခါ သူ ပန်းကိုကို ဖြစ်တယ်။ အဲ့တာနဲ့ သူရှိချိန်မှာ ရွှေတိဂုံဘုရားကလွဲလို့ ဘယ်မှမရောက်။ သမီးကလဲ ငယ်တော့ ကိုယ်လည်း သိပ်မသွားရဲသလို သူပြန်သွားတော့ သူ့အမေက ပင်လယ်သွားမယ်ဆိုပေမဲ့ သူက ကိုယ့်မိဘ ဖြစ်နေတာ သူများပြောစရာ ဖြစ်မယ်ဆိုတာရယ်ကြောင့် အပါအ၀င် သမီးသိပ်ငယ်သေးလို့ ဘယ်မှ မသွားဖြစ်ခဲ့ပါဘူး။
ဒီလိုနဲ့ သူပြန်တော့ ကိုယ်တို့ သားအမိ၂ယောက်က မနက်ဆို သူတို့အိမ်က ကားနဲ့ လိုက်လာ ညနေ ၅ နာရီဆို သူတို့ဆီ ပြန်ပေါ့။ စနေတနင်္ဂနွေဆိုရင်တော့ သူတို့အိမ်မှာပဲ နေဖြစ်ကြတယ်။ သမီးက သူတို့အိမ်မှာ လူနည်းပေမဲ့ ကစားစရာ အစုံရှိတော့ ပျော်ပေမဲ့ ကလေးဆိုတော့ အဖော်မက်တော့ ကိုယ့်အိမ်ဖက်မှာ ပိုပျော်တယ်။ ဒီဖက်မှာက လူက ၂ယောက်တပိုင်းမှာ အခန်းထဲဝင်နေကြတော့ သမီးက ပျင်းမှာပေါ့။ ဒီကြားထဲ ကြွေပြားဆိုတော့ သမီးချော်လဲမှာကို ပူရတယ်။ သမီးက ပြေးကြီးနေတာကိုး။ လှေကားဆိုလည်း ကြွေပြားဆိုတော့ ပူရတယ်။ မိဘ ဖြစ်ရတာ မချောင်ဘူးနော်။ ဟိုဖက်အိမ်မှာဆို ကိုယ်လဲ အေးဆေးနေရတယ်။သမီးကို ကြည့်ပေးမဲ့သူတွေ အများကြီးပဲ...ဟီးဟီး။
သမီးကို ကိုယ်တို့အိမ်ရောက်ရင် ကိုယ်ကရေချိုးပေးပီးရင် သနပ်ခါးလိမ်းပေးသူ ထမင်းလုပ်ပေးသူ ထိန်းပေးသူတွေနဲ့ ဆိုတော့ သမီးက လူများတော့ ပိုပျော်တာနေမယ်။ တရက်မှာ သမီးလေး သူ့အဖေအိမ်မှာ အိုင်ပက်လေးပေးတာ youtube မရလို့ စိတ်တွေတိုတာ။ ကိုယ့်မှာ ရီချင်လိုက်တာ။ အဲဒါနဲ့ ပြုံးချင်ချင် ဖြစ်နေတာ မျက်နှာသတ်ပီး သမီးလေးကို ရှင်းပြရတယ်။ သမီးလေး... မေမေတို့နိုင်ငံက ကွန်နက်ရှင် မကောင်းဘူးလေ လို့ပြောရတယ်။ အဲ့တော့မှ သူက ကျေနပ်သွားတယ်။ ကလေးဆိုပီး အထင်မသေးနဲ့ မြန်မာပြည်နဲ့ စကားပြောလို့ ကွန် မကောင်းတဲ့ အသံထွက်ရင် သမီးက ကွန်နက်ရှင် မကောင်းဘူးလို့ ပြောတာနော်။ အဲ့ဒါနဲ့ youtube မရတာ သူ့ဦးလေးတွေ အဘတွေပြောပြတော့ သူ့အဘတွေက ဒေါင်းလုပ်လုပ်ပေးလိုက်တော့ သမီးက အဲ့ သီချင်းနဲ့ ဖေဖေကို လိုက်ဆိုပီး ကပြသေးတယ်။
အော်..ပြောရဦးမယ်.. သမီးလေးက သိပ်ငယ်သေးတော့ သူ့ဖေဖေ ဂျပန်ပြန်တာကို သိပ်သတိမထားမိလိုက်ဘူး။ လေဆိပ်ကို လိုက်ပို့ပေမဲ့ သူပျော်နေတယ်။ ကိုယ်ကလဲ မပြောဘူး။ ဒါပေမဲ့ အချိန်တန်လို့ သူ့အဖေကို မတွေ့တော့ သူ့စိတ်ထဲ သတိရတယ် ထင်ပါတယ်။ သူ့အဖေ က ဟိုကနေ လှမ်းပီး စကိုင်ပီကနေခေါ်တော့ ကိုယ့်လက်ထဲက ဖုန်းကိုယူပီး သူ့အဖေကို မွှေးမွှေးပေးလိုက်တာများ ကိုယ့်ဆီဖုန်းကို ပြန်မပေးတော့ဘူး။ အဲ့တော့မှ ကိုယ်လဲ သမီးလေး ဖေဖေ့ကို သတိရလားလို့မေးမှ ခေါင်းညိမ့်ပြတယ်။ ကိုယ်က သမီးကို ဖေဖေ့ကို သတိရလား လွမ်းလားလို့ ဘယ်အမျိုးကိုမှ အမေးမခံပါဘူး။ အစထဲက တားထားပါတယ်။ ၂ဖက်အမျိုးတွေ က အဲ့ဒါကျတော့ လက်ခံလို့ တော်ပါသေးရဲ့။
အဲဒီလိုနဲ့ တခါ ဆရာဝန်က ဖေဖေ့ကို ဒီ၃ ရက်အတွင်း တောင်မကျော်နိုင်တော့ဘူးတဲ့။ စိတ်ကို ကြိုပြင်ဆင်ထားဖို့ အိမ်ကလူတွေကို ပြောပါတယ်။ အဲ့ဒါနဲ့ ကိုယ်လည်း ဖေဖေ့အတွက် သင်္ကန်းကပ်ဖို့ စီစဉ်လိုက်တယ်။ ဆရာဝန်ကပြောပေမဲ့ ဖေဖေက အဲ့လောက်မဆိုးဘူး။ သတိလည်းကပ်နေတာပါပဲ။ ဖေဖေကိုယ်တိုင် လက်နဲ့ သင်္ကန်းကပ်လိုက်ရသေးတယ်။ သာဓုလည်း ခေါ်နိုင်ပါသေးတယ်။ အဲ့ဒါကြောင့်ပဲလား စိတ်ကြောင့်ပဲလားတော့ မသိပါဘူး။ ဖေဖေ က ဆရာဝန်ပြောတဲ့ တောင်ကို ကျော်လာပြန်ပါတယ်။ ကိုယ်ကတော့ ဖေဖေ သင်္ကန်းကပ်လိုက်ရတဲ့ အကျိုးကြောင့် လို့ ထင်ပါတယ်။ ဆရာဝန်ကလည်း အံ့သြသွားပါတယ်။ ဆရာဝန်ကတော့ ပြောတယ် သူ့မြေးနဲ့ သူ့သမီး ကြောင့်ထင်တယ်..စိတ်ဆောင်နေတာတဲ့။ မြေးကလဲ ဘိုးဘိုးကြီးနဲ့ စကားတွေပြောပေါ့။
အော်..တခုသော တနင်္ဂနွေမှာ ဆိုင်နာမည်တွေ မမှတ်မိတော့ဘူး။ သွားပေမဲ့ junction လား တော်ဝင်လား သေချာ မမှတ်မိတော့ပါဘူး။ အဲ့မှာ သမီးအတွက် အကျီင်္လေးတွေ သွားကြည့်ပါတယ်။ အဲ့ဒီမှာ ကွန်ပျူတာ လား electronic ပစ္စည်းတွေ လားမသိပါဘူး။ သူတို့ ပရိုမိုးရှင်း လုပ်နေပါတယ်။ သူတို့ လုပ်တဲ့ အခါ တီးလုံးတွေ ဖွင့်ထားပါတယ်။ အဲ့ဒီမှာ မရွှေနှင်းဆီလေးက တီးလုံးနဲ့ လိုက်ကပါတော့တယ်။
သမီးလေး က လိုက်ကတဲ့အခါ အဲ့ဒီက မန်နေဂျာက ကိုယ့်ဆီလာပီး ခွင့်တောင်းပါတယ်။ သမီးကို စင်ပေါ်မှာ တင်ပါရစေ တဲ့။ ဓာတ်ပုံ ရိုက်ချင်လို့ပါတဲ့။ လက်ဆောင်ပေးပါ့မယ်တဲ့။ လက်ဆောင်ထက် ကိုယ်က သမီးလေး ပျော်နေတော့ လိုက်လျောလိုက်ပါတယ်။ သမီးလေး စင်ပေါ်တက်ကမယ်လို့လည်း ပြောပီး သမီးကို စင်ပေါ်တင်ပေးလိုက်ပါတယ်။ အဲ့ဒီမှာ မရွှေချောက ခနလေး ကြောင်နေပေမဲ့ တီးလုံးက အလိုက်အတိုင်း ကပါတော့တယ်။ လုံးဝကို အကြောက်အလန့် မရှိပါဘူး။ လူတွေကလည်း ၀ိုင်းလာပီး ဓာတ်ပုံရိုက်သူတွေနဲ့ ဗီဒီယို ရိုက်သူတွေပါ များလာပါတယ်။ သမီးလေး တီးလုံးပီးတဲ့ အထိ ကပါတယ်။ ကဲ..ပိုးကတော့ မသေးပါဘူး။ တရက်မှာတော့ မနှင်းဆီလေး မနက်စောစောမှာ ဗိုလ်တထောင်ရယ် ရွှေတိဂုံရယ် တခါတည်း သွားလိုက်မိပါတယ်။
ဆက်ရန်
Saturday, November 7, 2015
သမီးလေး ရဲ့ ပထမဆုံးအကြိမ် မြန်မာပြည် ခရီးစဉ် -၁
သမီးလေး ၁ နှစ် ၃လ ပြည့်စ မှာ မြန်မာပြည်ကို ပြန်ပါတယ်။ မပြန်ခင်
အင်္ဂလန်က သူ့ အဒေါ်ငယ် ဂျပန်ကို လာလည်ပါတယ်။ သူ့အဒေါ်ငယ် မိပ်ကပ်လိမ်းတာ
ကြည့်ပီး သူက သူ့မျက်နှာကို ဖတ်ဖတ်နဲ့ လုပ်တာ အစက ဘာလုပ်ပြနေမှန်း
မသိပါဘူး။ နောက်မှ သမီး တီတီ ဘယ်လို မိပ်ကပ်လိမ်းလဲဆိုတော့မှ သူ့မျက်နှာကို
လုပ်ပြနေတာမှန်း သိကြပါတယ်။
သမီးက လမ်းလျှောက်တာလဲ မြန်သလို စကား ပြောတတ်တာလဲ မြန်ပါတယ်။ သမီး တီတီ လာတော့ သမီးက ၁နှစ် ၂လ ပါ။ သူ့ တီတီ ကို တီတီလို့ ပီပီသသ ခေါ်တတ်နေပါပီ။ မေမေ့ကိုတော့ သမီးလေး ၈လလောက်တည်းက ပီပီသသ ခေါ်ပါတယ်။ သမီး ၉လ မှာတော့ ဖေဖေ ကို ပီပီသသ ခေါ်နိုင်နေပါပီ။ သမီးကို မြန်မာပြည် မပြန်ခင် ၂ ရက်လောက် ကတည်းက သမီးကို သမီးလေးရေ.. မေမေတို့ မြန်မာပြည် ပြန်ရင် သမီး ဘိုးဘွားတွေနဲ့ တွေ့မယ်နော်။ တွေ့ရင် သမီးက ဘိုးဘိုး ဘွားဘွား ဦးဦး ဒေါ်ဒေါ် ခေါ်တတ်အောင် လုပ်နော်ဆိုပီး သင်ပေးလိုက်တာ။ သမီးလေး က ဘွားဘွား ဘိုးဘိုး ဦးဦး ဘဘ အကုန် ပီပီသသ ခေါ်နိုင်ပါတယ်။ ဦးဦး လို့ ခေါ်တဲ့အခါ သိပ်ရီရပါတယ်။ သူ့နုတ်ခမ်းလေးကို ချွန်ပီးစုလိုက်သေးပါတယ်။ ပီးတော့မှ ဦးဦးလို့ ခေါ်တာပါ။
သမီးလေး နဲ့ ပထမဆုံး လေယာဉ် စီးခြင်း
သမီးနဲ့ လေယာဉ် မစီးခင် သူ့အဒေါ်လာတုန်းက ရှင်ကန်ဆန်လို့ ခေါ်တဲ့ bullet train စီးဖြစ်ပါတယ်။ ဂျီမကျတတ်တဲ့ ကလေး ဂျီကျတာ အဲ့ဒီမှာ သိလိုက်ပါတယ်။ ကလေးတွေ အိပ်ရေးမ၀ရင် လူကြီးတွေ အဆင်မပြေဘူးဆိုတဲ့ သင်ခန်းစာလဲ ရသွားပါတယ်။ ဒါနဲ့ သမီးလေး လေယာဉ်စီးတဲ့ အခါ အဆင်ပြေအောင် အတွေ့အကြုံရှိသူတွေကို မေးရမြန်းရပါတယ်။
သမီး သိပ်ကြိုက်တဲ့ အရုပ်ရယ် စာအုပ်ရယ် အိုင်ပက်ရယ် ကို စီစဉ်ရပါတယ်။ ပီးတော့ သမီးလေးအတွက် စားစရာ မုန့်နဲ့ readymade လေးတွေ ကို ကိုယ်နဲ့ တပါးတည်း သယ်ပါတယ်။
မြန်မာပြည် ပြန်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ သမီးအတွက် လိုအပ်တာတွေကို စီစဉ်ရပါတော့တယ်။ သမီးက ငယ်သေးတော့ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရပါတယ်။ ဒီတော့ မသွားခင် ၁ ရက်အလို မှာ ဆရာဝန်ကို သမီး ခရီးသွားမယ် ဆိုတဲ့ အကြောင်း ပြောပြပီး လိုအပ်တဲ့ ဆေးဝါး အထူးသဖြင့် အဖျားပျောက်ဆေး၊ ၀မ်းပိတ်ဆေးတွေ ပေါ့။ ခြင်ကိုက်ရင် လိမ်းတဲ့ ဆေးအပါအ၀င်ပေါ့။ အဲ့ဒီအချိန်က သမီးက ရိုးရိုးရေ လုံးဝမသောက်တတ် သေးပါဘူး။ အဲ့အတွက် ခေါင်းတော်တော်စားပါတယ်။ သူများတွေကတော့ ပိုတယ် ပြောမှာပါပဲ။ ပြောလဲ ပြောကြပါတယ်။ တသက်လုံး ရေမသောက်ပဲ ရမလားတဲ့။ ဒါပေမဲ့ ဖြစ်နေတဲ့ အခြေအနေကို ကိုယ်လဲ မတတ်နိုင်ဘူးလေ။ သူမသောက်တော့ သောက်တဲ့ ဟာတော့ စီစဉ်ရမှာပေါ့။ ဒီတော့ မသွားခင် ၂ပတ်အလိုတည်းက ဆိုင်တကာ ပတ်ပီး သမီးသောက်တဲ့ ရေ အတွက် ဖြည့်တင်းဖို့ ၀ယ်ရပါတယ်။ ကံကောင်းစွာပဲ စက္ကူဗူးလေးနဲ့ တခါသောက်ဗူးလေးတွေ ၀ယ်လို့ ရလာပါတယ်။ ဒါပေမဲ့ ၁လခွဲ စာလောက်ပဲ ရပါတယ်။ သူသောက်တဲ့ ရေက ရိုးရိုးရေတော့ မဟုတ်ပါဘူး။ ကျန်းမာရေး အတွက် ကောင်းပီး အခြားဗီတာမင်တွေ ပါတဲ့ ရေပါ။ ဒါနဲ့ အဲဒီရေဗူးအပြင် ကုန်သွားခဲ့ရင် ဖျော်ပီး သောက်လို့ရတဲ့ အထုပ်တွေပါ ၀ယ်ခဲ့ရတာပေါ့။ သူငယ်ချင်းတယောက်က ပြောသေးတယ်။ ကလေးကို ၀မ်းမလျှောအောင် မြန်မာပြည်ကရေသန့်နဲ့ ဂျပန်က ရေသန့် နဲနဲစီရော တိုက် ဆိုလို့ ရေသန့်ဗူး အသေး ၂လုံးလောက်လည်း သယ်လိုက်ပါသေးတယ်။
ပီးတော့ သမီးလေး ထမင်းမစားတဲ့အခါ အရေးပေါ်သုံးလို့ရမဲ့ readymate ဟင်းထုပ်လေးတွေ ရယ် snack ထုပ်လေးတွေ cheese တွေ သယ်ပါတယ်။ သမီးအတွက်ရတဲ့ ၂၃ ကီလိုဟာ သမီး မုန့်တွေ ရေတွေနဲ့ပဲ ပြည့်နေပါတယ်။ နို့မှုန့်လည်း တဗူး ပါလိုက်သေး။ သမီးအတွက် ဒိုင်ဗာလဲ ၂လစာ မှန်းပီး သယ်လိုက်ပါသေးတယ်။ မြန်မာပြည်မှာ ရှိတယ်လို့ သတင်းရပေမဲ့ စိတ်မချတာနဲ့ သယ်သွားတာပါ။
ပစ္စည်းတွေ အားလုံးကို မသွားခင် ၂ ရက်အလိုတည်းက လေဆိပ်ကို လှမ်းပို့ထားပါတယ်။ ဒီတော့ သွားတဲ့အခါ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ လူကြီးသတ်သတ် လေဆိပ်ကို သွားပါတယ်။ ကိုယ်တို့ သွားမဲ့ အချိန်က စောတော့ သမီးကို ညကတည်းက ၀တ်စုံပြည့်ဝတ်ပေးထားလိုက်ပါတယ်။ အဲဒါမှ သမီးလေး မနိုးအောင်ပါ။ ဒါပေမဲ့ သွားမဲ့ မနက်စောစော မှာ သမီးက နိုးလိုက်တာမှ ပြန်သိပ်လို့ကို မရဘူး။ သမီးက ဖေဖေနဲ့ မေမေနဲ့ တူတူထွက်တော့ သိပ်ပျော်နေတာ ကိုး။
ဒီလိုနဲ့ ရထား ပြောင်းစီးပီး လေဆိပ်ကို ရောက်သွားပါတယ်။ သမီးက ပျော်ရွှင်စွာနဲ့ စပ်စုစိန်လုပ်နေတာပေါ့။ အိပ်ကို မအိပ်ပါဘူး။ ကိုယ်လဲ သမီးလေး မေမေတို့ လေယာဉ် စီးမယ် စီးပီး သွားမယ် ကြိုပြောထားပါတယ်။ ဒီလိုနဲ့ လေယာဉ် ပေါ်တက်တော့မှ မရွှေချောက အိပ်သွားပါတယ်။ အဲ့ဒီအချိန် ကိုယ်က သမီးလေးကို လေယာဉ်တွေ ပြချင်နေတဲ့ အချိန်ပေါ့။ သမီးလေးဟာ လေယာဉ် စတက်ကတည်းက အိပ်လိုက်တာ နောက်ထပ် ၄နာရီလောက်ပါ။ အဲလို အိပ်တာ ကလေးတွေ အတွက် သိပ်ကောင်းသလို မိဘတွေ အတွက်လည်း အတော် အဆင်ပြေပါတယ်။
သမီးလေးနိုးတော့ မငြိမ်တော့ဘူးလေ။ ဒါနဲ့ အရုပ်လေးတွေပေး အစာကျွေး စာအုပ်ဖတ်ပြနဲ့ သူပျင်းလာရင် လေယာဉ်ပြတင်းပေါက်ကနေ မြင်နေရတဲ့ တိမ်တွေရယ် လေယာဉ်တောင်ပံရယ် ကြည့်နဲ့ပေါ့။ ထိုင်ခုံ တီဗီမှာ ကစ်တီ ကာတွန်းကားရယ် ဒိုရမွန် ရယ်ရှိတော့ တခါတလေ အဲဒါလေးပြတော့ သူလဲ အဆင်ပြေပေါ့။ သမီးက နို့စို့ချင်လာတော့ သမီးကို နို့ဖြတ်မယ်လို့ ရည်ရွယ်ထားတော့ သမီးကို ဟိုလှည့်ဒီလှည့်နဲ့ မတိုက်ဘူးပေါ့။ ဒါပေမဲ့ ကိုယ် မခံမရပ်အောင် နို့နာလာတော့ လေယာဉ်အိမ်သာမှာ သွားညှစ်ထုတ်ရတယ်။ ဒါပေမဲ့ အကုန်မညှစ်နိုင်ပါဘူး။ ဒါနဲ့ သူ့ဖေဖေကလည်း ကလေးသနားပါတယ်ဆိုတာနဲ့ ဆိုတာနဲ့....... ပြန်တိုက်ရတော့တာပဲ။ တိုက်လိုက်တာလည်း ခပ်ကောင်းကောင်းပါ။ သမီးက လေယာဉ်ဆင်းတော့ နားနာလာပုံရပါတယ်။ မအေနို့စို့လိုက်တော့ သက်သာအောင် သမီးကို မေမေ့နို့ကို စို့နေနော် သမီးလို့ ပြောရပါတယ်။ သနားပါတယ်။ မြန်မာပြည်ကို လေယာဉ်ဆိုက်တော့ ခန့်မှန်းချိန်ထက် အတော်လေးစောပါတယ်။ လာကြိုသူတွေတောင် မရောက်သေးပါဘူး။ ၄နာရီ၁၅ လောက် ရောက်တယ်ထင်ပါတယ်။ အပြင်ထွက်လာတာတောင် ဘယ်သူမှ မရောက်ကြသေးပါဘူး။
သမီး အဘွားလာကြိုပါတယ်။ သူ့အဘွားက တွေ့တွေ့ချင်း သမီးကို မြေး မြေးဆိုပီး အော်ပီး ပြေးလာချီတော့ သမီးလေးက ၀ါးကနဲ ငိုတော့တာပါပဲ။ ဘယ်သူမှ ခေါ်လို့မရတော့ပဲ အမေဆီပဲ ကပ်ပါတော့တယ်။ သမီးလန့်သွားတာလေ။ အဲဒါနဲ့ သူ့ကို လာကြိုတဲ့ တယောက်က အမေ အရမ်းသွားခေါ်တာ ကလေးလန့်သွားတာပေါ့လို့ ဆိုမှ ချီချင်ပေမဲ့ သူတို့လည်း ဘေးကနေ အသာလေး လိုက်လာရပါတယ်။
သူ နဲနဲ အဆင်ပြေပီးသွားမှ ကားပေါ်မှာ သမီး လေး ဘွားဘွားကြီးလေ မှတ်မိလား စကိုင်ပီမှာ ပြောတယ်လေဆိုတော့ အင်းတဲ့။ ဒါပေမဲ့ သမီးက လန့်နေတုန်းပဲ အဖေရယ် အမေရယ် ၂ယောက်တည်းကနေ ရုတ်တရက်ဆိုတော့ လူအများကြီးနဲ့ ဆိုတော့သူလန့်မှာပေါ့။ ကားပေါ်မှာ ငြိမ်ပီး သူပါလာတယ်။ အိမ်ကိုရောက်တော့ သူ့အဘွားအိမ်မှာ ကစားကွင်း လို လုပ်ထားတော့ သူသိပ်ပျော်နေတာပေါ့။ ကစားရင်း ကစားရင်းမှ ဘွားဘွားကို မှတ်မိသွားတယ်။ သူ့အဘွားကတော့ ပျော်လို့ သမီး ဘာလုပ်လုပ် ဓာတ်ပုံတွေ ရိုက်ပေါ့။ မိုးလည်းချုပ်လာရော မနှင်းဆီလေးလည်း အိမ်ပေါ် အိမ်အောက် ထမင်းစားခန်းမကျန် အကုန်ပတ်ပီး သွားပီပေါ့။ မကြာခင် သူ့ ဘိုးဘိုး ပြန်လာရော။ သမီးလေး သိပ်ပျော် သွားတာပေါ့...။

Thursday, October 8, 2015
သမီးလေး နှင့် အရိပ်
သမီးလေး ၁နှစ်နဲ့ ၁၁လကျော်မှာ သမီးလေးဟာ အရိပ်ကြောက်သူလေး ဖြစ်လာပါတော့တယ်။
အင်မတန်ဆော့တဲ့ သမီး ၄ ၊ ၅ နှစ် ကလေးတွေ မှတက်တဲ့ လျှောပေါ်ကို မှ အမြဲစီးနေကြ သမီးလေးဟာ... အမြင့်ကို မတက်ရဲတော့ သလို လှေခါးကိုလည်း မတက်ရဲ တော့ပါဘူး။ အိမ်အပြင် ထွက်ပီဆိုတာနဲ့ မအေကို ကုပ်ပီး ဖက်တွယ်ထားတဲ့ သမီးကို ကြည့်ရင်း အစက သမီးဘာကိုကြောက်မှန်း မသိ ဖြစ်ခဲ့ရပါတယ်။ နောက်မှ သေသေချာချာ သိပါတယ်။ သမီးလေးက အရိပ်ကြောက်တာကိုး။ သမီးကို ခြောက်လှန့်တာလဲ မရှိတော့ သမီး ဘာကြောင့် အဲလို ဖြစ်သွားတာလဲ ဆိုတာ တော်တော် အုံးစားပါတယ်။ ရှော့ပင်းစင်တာတွေ သွားလဲ ပြေးလွှားသွားတတ်တဲ့ သမီးဟာ သူ့အရိပ်ကိုကြည့်ပီး လမ်းကောင်းကောင်းမလျှောက်တော့ပါဘူး။
ဘယ်လိုမျိုး ဖြေပေးရမှာလဲ ဆိုတာ ကို ဖတ်မိသလောက် ဥာဏ်ရှိသလောက် အတော် ကြိုးစားခဲ့ရပါတယ်။
သမီးလေးကို သမီးအရိပ် မေမေ့အရိပ် ဖေဖေ့အရိပ် အရုပ်လေးတွေ အရိပ်ဆိုပီး ဆော့ တမ်းကစားလဲ... ကစားတုန်းပါပဲ။ အိမ်ထဲမှာဆို သူ မကြောက်ပါဘူး။ လိုက်ကာအရိပ်လေးဆိုပီး ကိုယ်က လှုပ်ပြ သူကဆော့။ အပြင်ထွက်ရင်လဲ သမီးအရိပ် မေမေ့အရိပ်ပြလဲ ပြပြပါပဲ။ သမီး အရိပ်ကို မကြောက်ဘူးကွာ ပြောလဲ ပါးစပ်ကနေ အရိပ် မကြောက်ဘူးလို့ လိုက်ပြောပေမဲ့ ကြောက်တာပါပဲ။ ဒါနဲ့ ကိုယ်က သမီးလေး I am brave လို့ အမူအယာနဲ့ သင်ပေးတော့ သမီးလေးက လက်ဝှေ့ထိုးသူလို လက်ပိုက်ပီး လက်ခမောင်းခတ်ရမဲ့ အစား ပုခုံးပေါ်ကို လက်လေးတွေတင်ပီး I am brave တဲ့။ ကိုယ်တို့ ၂ယောက်သား ရီလိုက်ရတာ။ သမီးဟာ သူများက မကြောက်ပဲ ဖက်နမ်းခံရမဲ့ ဒီဇိုင်း။ ဒီလိုနဲ့ သမီးလေးနဲ့ အပြင်တွေထွက် ကစားကွင်းတွေသွား ရှော့ပင်းမောလ်တွေ သွား သမီးလေးကို ကစားရင်းနဲ့ ကြောက်စိတ်လေး ဖြေပေး။ တခါတခါ ဖေဖေ့ဆီကနေ မေမေက ခပ်လှမ်းလှမ်းကစောင့် လက်၂ဖက်ကားပီး သမီးကိုခေါ်။ ဖေဖေတလှည့် မေမေတလှည့်လုပ်ပေးပေါ့။ သူငယ်ချင်းတွေ ရောက်လာတော့လည်း အဲဒီလိုလေးတွေ လုပ်ပေး ဆော့ပေးနဲ့ ပေါ့။ သူ့ကစားကွင်းတို့ ကစားစရာတွေနဲ့ တွေ့ရင်တော့ သမီးရဲ့ အရိပ်ကြောက် ရောဂါက အဆော့မက်ပီး ပျောက်ပါတယ်။ ဒီလိုနဲ့ ကိုယ်လည်း အပင်ပန်းခံပီး ရက်ဆက် ရှော့ပင်းမောလ်သွား ပေးလိုက်တာ... အခုတော့ သမီးရဲ့ အရိပ်ကြောက်ရောဂါ က ပျောက်သလောက် ဖြစ်သွားပါပီ။ အဲ့လို ဖြစ်တဲ့ အခါ ကြတော့လဲ မေမေ့မှာ စိတ်ပူရပြန်ပါတယ်။ လမ်းကောင်းကောင်းမလျှောက်ပဲ ပြေးနေတော့တာကိုး။ ချော်လဲမှာ စိတ်ပူရတာ တမျိုး ပျောက်သွားမှာ ကြောက်ရတာ တမျိုးပေါ့။
သမီးလေး အရိပ်ကြောက် ရောဂါပျောက်ဖို့ အချိန် ၂လ နီးပါး ကြာသွားခဲ့ပါတယ်။
သမီးက စကားတွေလဲ တအားတတ်တတ်လာပါတယ်။ တခါတလေ ဘာတွေ ပြောမှန်းလဲ မသိပါဘူး။ မနေ့ကတော့ ရီစရာကောင်းတာက သမီးအလုပ်လုပ်နေတယ်တဲ့။ ဘာလုပ်နေတာလဲဆိုတော့ ဟင်းချက်နေတာတဲ့။ ဘာဟင်းချက်လဲဆိုတော့ မန်မန်တဲ့။

Thursday, October 1, 2015
သမီးလေး အတွက် ကိုယ့်ကဗျာ
အင်္ဂလိပ်လို
၁ ကနေ ၁၀ အထိ သမီးလေး ၂နှစ်ပြည့်စမှာ ရေတွက်နိုင်တဲ့ အတွက် သိပ်ကို
အံ့လဲသြမိ ဂုဏ်လဲယူမိရပေမဲ့ မြန်မာလို ရေတွက်တာ မသင်ရသေးလို့ ကဗျာတွေ
အင်တာနက်က ရှာတဲ့ အခါ အဆင်မပြေတာနဲ့ပဲ ကိုယ့်ဘာသာ တီထွင်ထားတဲ့ ကဗျာပါ။
ကဗျာလေးက သမီးအတွက်တော့ အဆင်ပြေပါတယ်။ သမီးလေး နားလည်တဲ့ အရာပေါါ်
အခြေခံထားလို့ပါ။ ကလေးတစ်ယောက် နားလည်ဖို့ရယ် စိတ်ဝင်စားစေဖို့အတွက်
ကိုယ်တိုင်
ဟန်ပန် အမူအယာနဲ့ သင်ပေးရပါတယ်။ ( ကလေး အမေ ဖြစ်တဲ့ အတွက် သမီး လေး
စိတ်ဝင်စားဖို့ပဲ အဓိက ထားပါတယ်။ သူများတွေ မြင်ရင်တော့ မရှက်ဘူးလို့
ထင်မှာပေါ့။)
တစ် နှစ် မျက်နှာသစ်
သုံး လေး လက်ကိုဆေး
ငါး ခြောက်တံခါးခေါက် (ဒေါက်.. ဒေါက်..ဒေါက်)
ခုနှစ် ရှစ် အကျီင်္ဝတ်
ကိုး တစ်ဆယ် အပြင်ထွက်မယ်။ (သမီးက let’s go, c u , bye bye ပါထည့်ဆိုပါတယ်။)
ဒီအပုဒ်ကတော့ သူသိပ်ကြိုက်ပါတယ်။ သူ့ရဲ့ အဖြစ်ကို အခြေခံထားတာကိုး။
တစ် နှစ် သုံး လေး ငါး။ ထမင်းတွေ အများကြီးစား။ သေသေချာချာ ၀ါး။ လျှာကို ကိုက်မယ် သတိထား။
ခြောက် ခုနှစ် ရှစ် ကိုး တစ်ဆယ်။ လျှာကို ကိုက်မိတယ်။ လျှာကို ကိုက်တော့ နာနာဖြစ် ။ အား အား.. အီး အီး အစ်။
သမီးလေး နှစ်သက်ပီး သူ နားလည်တဲ့ ကဗျာလေး ဖြစ်တဲ့ အတွက် ခဏအတွင်း ရသွားပါတယ်။ နောက်မှ သူငယ်ချင်းတွေက ငါးလေးတစ်ကောင်ဖမ်းမိတယ် ကဗျာလေးပြောပြလို့ သမီးကို သင်ရပါသေးတယ်။
အပြင်သွားလို့ လှေခါး အတက်အဆင်းတွေ ဆိုရင် သမီးလေးက လှေခါးထစ် ရေတွက် ပီးတက်ဆင်း လုပ်ပါတယ်။
အရောင်တွေ သင်ပီး နောက်မှာလဲ လမ်းကူးရင် သမီးကို မီးပွိုင့်မှာ မီးအရောင် ကို ကြည့်ခိုင်းပါတယ်။

Tuesday, September 22, 2015
ipad အသုံးတည့်ပုံ
အခုတလော ipad iphone တွေရွဲှ့န္တရာယ် တွေ ပဲ ဖတ်နေရလို့ ကောင်းကျိုးလေးတွေ လည်း ရှိတယ်ဆိုတဲ့ အကြောင်း ပြောပြချင်ပါသေးတယ်။
သမီးလေးနဲ့ အိုင်ပက် ပေါ့။
အရင် ဦးဆုံး အိုင်ပက် သုံးပီး သမီးလေး တိုးတက်မှုကို ပြောပြချင်ပါတယ်။
သမီးလေးကို 1 to 10 ကို တခါမှ သေချာ မသင်ပေးခဲ့ပါဘူး။ ဒါပေမဲ့ youtube ကနေ counting nos , 1,2,3,4,5 သီချင်းတွေနဲ့ သမီးလေးက အလွတ်ရ သွားသလို ကလေးတွေ အကြိုက် ဂဏန်းလေးကို ပုံလေးတွေနဲ့ပါတဲ့ အခါ သမီးလေး အလွတ်ရသွားသလို ၁ ကနေ ၅ အထိ သူမှန်အောင် ရွေးချယ်နိုင်ပါတယ်။ ဓာတ်လှေကား တက်တဲ့ အခါမှာ သူ့ကို သမီးလေး ဘယ်အထပ်ကို နှိပ်ပေးပါလို့ ပြောရင် သူ ရွေးချယ်ပေးပါတယ်။ လှေကား တက်တဲ့အခါ သူနဲ့အတူ လှေကားထစ်တွေ ရီပီး တက်ပေးပါတယ်။ ပြောချင်တာက youtube က သမီးလေး ကို စာသင်ပေးတယ်ဆိုတဲ့ အကြောင်းပါ။
ဒီလိုပါပဲ A, B, C သီချင်းကို သမီးလေး အလွတ်ရသလို အခုအရွယ်လေးနဲ့ A ကနေ z အတွင်း စာလုံးတွေ မြင်ရင် သူက ဒါကို မေမေ abc ဟိုမှာတဲ့..။ အဲဒါ သူ ၂ နှစ်မပြည့်ခင်ထဲက ပြောတာပါ.။
သမီးကို A, B, C ရွေးခိုင်းရင် သူ အေ ကနေ စီ အထိ မှန်အောင် ရွေးနိုင်ပါတယ်။
သမီးလေးဟာ YOUTUBE ကနေ အင်္ဂလိပ် စာလုံးတွေ နားလည်မှုတိုးလာသလို ဂျပန်စာလုံးလေးတွေ လည်း သူ နားရည်ဝနေ ပါတယ်။ မြန်မာလို ကဗျာလေးတွေလည်း YOUTUBE ကပဲ ရပါတယ်။ သမီးလေး ကြိုက်တဲ့ ကဗျာသီချင်းလေးတွေက ရောင်စုံဘောလုံး ၊ ပစ်တိုင်းထောင်၊ သူတို့ဘ၀နဲ့သူတို့တွေ၊ အဘိုးကြီးအို ခါးကုန်းကုန်း၊ ငြိမ်းချမ်းတဲ့ မိသားစုလေး တို့ပါပဲ။ အဲလို ကဗျာတွေကို မိခင်တွေ ကိုယ်တိုင် အင်္ဂလိပ် ဂျပန် မြန်မာ အကုန် ကလေးနဲ့ အတူ အမူအယာလေး တူတူလုပ်ပီး လိုက်ဆိုရင် သူတို့လေးတွေ သိပ်သဘောကျပါတယ်။ အင်္ဂလိပ်ကဗျာ တော်တော်များများ ရသလို ဂျပန်လို ကဗျာလေးတွေ လည်း သူရနေပါတယ်။ ဒါကတော့ youtube ကနေ ရတဲ့ အကျိုးပါ။
နောက်ပီး သမီးကို ဘာလုပ်စေချင်လဲ။ youtube မှာရှာပီး ကိုယ်တိုင်ဘယ်လို လုပ်တာ ဒါမှမဟုတ် မိဘက ဘယ်လို လုပ်တာကိုပါ ပြပေးရပါတယ်။ ဒါဆို သူတို့က အဲဒါကို မြင်ပီး အတုမြင် အတတ်သင်ကြပါတယ်။
ဒီက ကလေးချန်နယ်မှာလည်း ကလေးတွေ အကျီင်္ ခေါက်သိမ်းတာ အ၀တ်ကိုယ်တိုင်ဝတ်တာ သွားတိုက်တာ အိမ်သာတက်တာ လေးတွေ ပြတာကို ကြည့်ပီး သမီးက ကိုယ့်ဘာသာ လုပ်ချင်တာ များပါတယ်။ ဥပမာ..အခုတလော သမီးလေးက ရှူးရှူးပေါက်တာ အိမ်သာမှာ မသွားလို့ youtube မှာရှာပီးပြရတာပေါ့. အခုတော့ သမီးလေးက အိမ်သာမှာ သွားပါတယ်။ သွှူအရုပ်တွေကို တောင် ရှူးရှုးတည် ပေးတမ်းဆော့ပါတယ်။ အခုတလော ကိုယ်က သွားတိုက်ပေးတိုင်း ငြင်းနေလို့ အဲဒါလေး ရှာပြပေးမှ မအေလုပ်တာ ခံပါတယ်။ သူ ကိုယ်တိုင် အ၀တ်ဝတ်နိုင်သလို ခြေအိတ် ဖိနပ်ဝတ်နိုင်ပါတယ်။ တခါတလေတော့လည်း ပြောင်းပြန်ဖြစ်တာတို့ မှားတာတို့တော့ ရှိတာပေါ့နော်။
သမီးကိုယ်ဝန်နဲ့ တည်းက ကိုယ်တိုင် ဂိမ်းဆော့တဲ့ အကျင့်ကို ဖျက်လိုက်ပါတယ်။ ဒါပေမဲ့ သမီးလေးအတွက် educated game လေးတွေ ရှာထားပေးတော့ အခုချိန်မှာ သမီးလေး အတွက် အတော် လေး အသုံးဝင်ပါတယ်။ colour တွေ shape တွေ တူတာလေးတွေ ဆက်တာ သမီးလေးလဲ ပျော်ရ တခါတည်း သင်ပေးပီးသား ဖြစ်သွားပါတယ်။ အခု သမီးကို shape တွေ သင်နေပါပီ။
သမီးက tango, viver, line, skype ကို ကောင်းကောင်းခွဲတတ်ပါတယ်။ ဘယ်သူက ဘယ်သူ ဆိုပီး tango, line, skye မှာ သူကိုယ်တိုင်ရှာပီး ခေါ်တတ်ပါတယ်။ သူကိုယ်တိုင် လျှောက်ရိုက်တဲ့ ပုံတွေကတော့ သမီးလေး ၁ နှစ်ခွဲလောက်တည်းက ကောင်းကောင်း ကိုင်တတ်နေပါတယ်။
ဒါတွေကတော့ အကျိုးရှိပုံတွေပေါ့။
အကျိုးမရှိတာကတော့ မျက်စိပျက်စေမည်။ စွဲလန်းစေမည်ပေါ့။
ဒီတော့..... အချိန်နဲ့ ပေးသုံးပါ။ ပါးစပ်မပိတ်တမ်း ပြောပေးပါ။ ငြိမ်ပီးရော တယောက်တည်း လွှတ်မထားပါနဲ့။
သမီးကို အမြဲ ပေးမသုံးပါဘူး။ သူနဲ့ တူတူသုံးတဲ့ အခါ ကဗျာတွေ တူတူလိုက်ဆိုပေးပါတယ်။ သူတယောက်တည်း ပေးသုံး ဖြစ်တဲ့အခါ တချိန်လုံး နောက်ဆုတ်ကြည့်ဖို့ပြော ရပါတယ်။ သမီးရေ နောက်ဆုတ် မျက်စိပျက်မယ် လို့ အာပေါက်မတတ် ပြောရပါတယ်။ ပြောလိုက်ရင်တော့ နောက်ဆုတ်တာပေါ့. ပီးတော့ ရှေ့ပြန်ရောက်။
သူ အိုင်ပက်သုံးပီး ကိုယ်အလုပ်လုပ်နေပေမဲ့ မျက်ခြေမပျက် ကြည့်နေပေးပါ။ သူဘာတွေ ကြည့်နေလဲ ဘာတွေ လုပ်နေလဲပေါ့။ တခါတလေ သူ့ဘာသာ ဖွင့်တဲ့ အထဲက ကိုယ်က ကောင်းတယ်ထင်တာလေး တွေ မှတ်ထားပီး သူ့ကို ပြန်ပြရတာပေါ့.။ မိနစ်၂၀ တခါတလေ နာရီဝက် ပီးရင် သမီးရေ... တော်တော့ နောက်နေ့မှ ကြည့်လို့ ပြောပါ။ သေချာပါတယ်။ မပေးချင်ပါဘူး။ အဲဒါဆို သမီးရေ..the last လို့ပြောပါ။ ပီးရင်တော့ ငိုလည်း သိမ်းလိုက်ပါ။ အခြားဟာကို အာရုံ ပြောင်းပေးလိုက်ပါ. သမီး မျက်စိ ပျက်မှာမို့လို့ ဆိုတာ ရှင်းပြပေးလိုက်ပါ။
ဒါကတော့ သမီးနဲ့ အိုင်ပက်အကြောင်း တစေ့တစောင်းပေါ့။
Subscribe to:
Posts (Atom)