ဂျပန်ကို ရောက်စတုန်းက သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ ဂျပန်မှာ မကျွတ်လွတ်သူတွေ များသတဲ့။ သတိထားပေါ့။
ကိုယ်ဆိုတာကလဲ သရဲ တစေတွေ ဆို ယုံတာ မယုံတာထက် သူတို့အကြောင်းတွေ ဖတ်ရမယ် ကြည့်ရမယ်ဆို ထမင်းမေ့ဟင်းမေ့ပဲ။ စိတ်ဝင်စားတာလေ..။ မြန်မာပြည်မှာ နေတုန်းကတော့ အကြောင်းမဟုတ်ဘူးလေ။ မိသားစုနဲ့နေတာဆိုတော့ သရဲကား ကြည့်မိလို့ ကြောက်ရင် အိမ်က လူကြီးတွေနဲ့ ရောဝင်အိပ်လိုက်တာပေါ့။ တစေ သရဲ စုန်း ကဝေ စာအုပ်တွေဆို ရှာကြံဖတ်တာပဲ။ အိမ်မှာကလဲ စာအုပ်စုံတော့ ဟိုးးး အရင်က စုန်း တစေ စာအုပ်တွေဆိုတာ ရှိတယ်။ အမယ်..စာအုပ်တွေကလဲ အဆက်တွေနဲ့နော်။ မီးဟုန်းဟုန်းထတောက်တာတို့ ဘာတို့ ဖတ်လို့ တယ်ကောင်း။ အိမ်ကို အလည်လာတဲ့ လူကြီးတွေက စုန်းပြုစားတာ ဘယ်လို ဘာညာဆိုလဲ ကြောက်တာကနောက် နားထောင်တာ အရင်။ ပယောဂတွေကို ဘယ်လိုကုတာ ဆိုတဲ့ စာအုပ်တွေဆိုလဲ ရှာဖတ်ရတာ အမောပေါ့။ ဘလော့ပေါ်မှာ သရဲအကြောင်းရေးလဲ ပြေးဖတ်တာပဲ။ ဒါမဲ့ အခုက တစ်ယောက်တည်းဆိုတော့ နေ့လည်ပဲ ဖတ်ပါတယ်။ အဲ့လောက် သရဲတွေ တစေတွေ စုန်းတွေအကြောင်း ဖတ်ရ ကြည့်ရ နားထောင်ရတာ ကြိုက်ပေမဲ့ သရဲ ကို တကယ် တွေ့ချင်လားဆို ဟင့်အင်းပဲ ဖြေမှာ။
တစေ သရဲဆိုတာ မယုံလို့မရသလို တကယ်ရှိတယ်ဆိုတာ စာအုပ်တွေဖတ်ဖူးသလို ဘုန်းကြီးတွေ ဟောထားတာလဲ အတိအကျဆိုတော့ ကိုယ်ကတော့ ရှိတယ်လို့ ယုံပါတယ်။ သရဲ ဆိုတာ အမျှလိုချင်လို့လာတာ အမျှပေးလိုက်တဲ့ ဘုန်းကြီးတွေ ပြောဖူးတာ ကြားဖူးကြမယ်ထင်ပါတယ်။ သရဲ ကိုယ့်အနား ကပ်လာရင် ကြက်သီးထတတ်တယ်တဲ့ စာအုပ်ထဲဖတ်ရတာ ပြောပါတယ်။ သရဲကို ကံနိမ့်ရင်လဲ မြင်ရတယ်တဲ့။
ဒီကလူတွေက ဘာသာတရားကို အလေးအနက် မထားတော့ သရဲတွေ များတယ်ထင်တယ်။ အထူးသဖြင့် ကလေးတွေက သရဲတွေ မြင်ရတာ များတယ်တဲ့ ဂျပန်တွေနဲ့ တခါ စကားစပ်မိလို့ သူတို့ ပြောပြတာ။ ဒီက တီဗွီက လာတဲ့ သရဲကားဆိုလဲ ကိုယ်မလွတ်တမ်း ကြည့်ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ခန်းကျဉ်းပီး နေ့လည်ဖက်ပေါ့။ ညဖက်လာတဲ့ကား ကိုတော့ ဂျပန်အမေအိမ်မှာ ၃လ သွားနေတုန်းက အမြဲ ကြည့်ဖြစ်တယ်။
လွန်ခဲ့တဲ့ ၃နှစ်လောက်က Koya san မှာ ရှိတဲ့ နှစ်၁၀၀ သချိင်္ုင်းကို သွားတုန်းကလဲ ဘာကောင်မှန်းမသိတဲ့ အကောင်တစ်ကောင်ဟာ လူတွေအများကြီး ရှိတဲ့ကြားက ကိုယ့်အနားပဲ ဘယ်လိုမှ မောင်းမရဘူး။ ဓာတ်ပုံရိုက်တိုင်း သူရောက်လာတယ်။ ကြာတော့ ကြောက်တတ်သူတွေက ကိုယ့်အနားကနေ ခွါလျှောက်ကြတယ်။ ကိုယ်လဲ မေတ္တာပို့လိုက်ပါတယ်။ ဘာမှန်းတော့ သေချာမိသိပေမဲ့ အိမ်ပြန်ရောက်တော့ ဂျပန်အမေကို ပြောပြတော့ အဲဒါ အယင်ဘဝက ဆွေမျိုးတွေဖြစ်မယ်တဲ့။း)
ဂျပန်တွေက နှစ်စဉ် ၈လပိုင်းဆို သေပီးသူတွေကို ခေါ်တဲ့ (တရုပ်လို တစေကြီးပွဲ) ပွဲ လုပ်လေ့ရှိပါတယ်။ ပီးရင်တော့ ကိုယ့်နေရာကိုယ်ပြန်ဆိုပီး နုတ်ဆက်ကြပြန်တယ်။ ကျိုတိုမှာတော့ နှစ်စဉ် ၁၆ ရက်နေ့မှာ လုပ်လေ့ရှိတယ်။ အဲဒီလို အချိန်ဆို တီဗွီကလဲ သရဲ အစီအစဉ်တွေ လာတတ်ပါတယ်။ ဂျပန်တွေရဲ့ အယူအဆက လူ့ဘဝမှာ လုပ်ချင်တဲ့အရာတွေ စိတ်မချတဲ့အရာတွေ ကျန်နေတာကို သရဲဘဝနဲ့ လာပြန်လုပ်ပီးရင် ကောင်းကင်ကို ရောက်သွားသတဲ့ ။ သူတို့ ရုပ်ရှင်တွေက ပြောတယ်။
ဂျပန်မှာ နေခဲ့တဲ့ ၅နှစ်မှာ ကိုယ်အိမ် ၂ခါပြောင်းဖူးပါတယ်။ အဆောင်မှာ နေတုန်းကလဲ ဘာမှမဖြစ်ခဲ့ပါဘူး။ အဆောင်ကနေ ပြောင်းတဲ့ အိမ်လဲ ဘာမှ မဖြစ်ခဲ့ပါဘူး။ အဲ.. နောက်ဆုံး အိမ်ကို ပြောင်းချိန်မှာတော့...
ကိုယ့်စိတ်က တခုခုဆို သိတယ်။ အိမ်ထဲကို ဝင်တာနဲ့ စိတ်ခံစားမှူ တခုခုကို
အမြဲခံစားလို့ရတယ်။ စိတ်ထဲ ထင့်ရင် ထင့်သလို တကယ်ကို တခုခု ဖြစ်တာများတယ်။ဒါပေမဲ့ အဲ့ဒီအိမ်ကို ပြောင်းတဲ့အချိန် ဘာခံစားမှူ မှလဲ ဖြစ်မနေဘူး။ ထူးဆန်းတယ်။ အိမ်လေးကလဲ နေချင့်စဖွယ်ပါပဲ။ အခန်းတွေနဲ့ ပစ္စည်းအစုံ ပါတယ်။ တကဲ့ ဂျပန်အိမ်စစ်စစ်လေးပေါ့။ ကိုယ်တစ်ယောက်တည်း အနေနဲ့ အတော်ကျယ်ပါတယ်။ တချို့သူငယ်ချင်းတွေဆို တစ်ယောက်တည်း မနေရဲဘူးတဲ့။
ကိုယ်ကတော့ ကျယ်တယ်။ဆိတ်ငြိမ်တယ်။ လှပတယ်။ ဈေးသက်သာတယ်။ ကူညီစောင့်ရှောက်သူတွေနဲ့ တခြံတည်းဆိုတော့ အိမ်ကလေးကို ကြိုက်တယ်။ တခါတည်းတွေ့တာနဲ့ တအားကြိုက်သွားတယ်။
ဒီလိုနဲ့ လူကြီးတွေနဲ့အတူ စာချုပ်ချုပ်ပီးတော့ သူတို့အစီအစဉ်နဲ့ ပြောင်းခဲ့တယ်။
ပထမတရက် ၂ရက်တော့ နေသားမကျဘူးပေါ့။ မကျဆို အိမ်ကလဲ တအားကျယ်တာရယ်.. ကိုယ့်ပစ္စည်းတွေ နေရာမကျသေးတာရယ် ကြောင့်ပေါ့။ ကိုယ်က ပုံမှန် ၁၂နာရီဆို အိပ်လေ့ရှိတယ်။ အိပ်ပီဆိုလဲ မနက်မိုးလင်းမှ တရေးနိုးတာ။ အိပ်နေချိန် ဘာဖြစ်ဖြစ် မသိတဲ့ အထဲပါလို့ တခါတုန်းကလဲ စိတ္တဇလို ဖြစ်သေးတယ်။ ဒုတိယအိမ်မှာပေါ့။ ကိုယ်တွေးမိတာ..တကယ်လို့ ငါအိပ်နေချိန် ငါနေတဲ့တိုက် မီးလောင်လို့ သတိပေးခေါင်းလောင်းသံ မြည်တာတောင် ငါ မနိုးရင်ဆိုတဲ့ ..ဒုက္ခနဲ့ပေါ့..။ ၂ ရက်လောက် အိပ်ပျက်ခဲ့ဖူးတယ်။ ကိုယ်ကလဲ ရာဇဝင်နဲ့လေ.. ဆင်အော်ရင်တောင် မနိုးဘူးတဲ့ အိမ်ကလူတွေနဲ့ ခရီးတူတူထွက်ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေက နာမည်ပေးထားတာ။ ဘယ် နာမည်ဖျက်မလဲ အခုချိန်ထိ ထိန်းသိမ်းထားတာပေါ့။ကိုယ် ပြောနေကျ စကားက သရဲက ကိုယ့်ကို လာခြောက်ရင် သရဲထိုင်ငိုသွားမှာလို့ သူဘယ်လောက်ခြောက်ခြောက် ကိုယ်မနိုးလို့လေ...။ အဲ..ဘယ်ရောက်သွားပီလဲ..။
သြော်.. များသောအားဖြင့် မိုးလင်းမှ တရေးနိုးတတ်တဲ့ ကိုယ်ဟာ အဲ့ဒီရက်ပိုင်းမှာ မနက် ၂နာရီ ၃နာရီဆို နိုးပီး အိမ်သာထသွားဖြစ်တယ်။ သွားတိုင်းလဲ နောက်ဖေးမီးက လင်းလင်းနေတတ်တယ်။ ပထမတော့ ဖာသိဖာသာပဲ။ သွားပိတ်တယ်။ ပီးတော့ ပြန်အိပ်တယ်။ ဒီလိုနဲ့ ၃ည ဆက်တိုက်လောက် ဖြစ်လာတော့ ကိုယ်လဲ မသင်္ကာတော့ဘူး။ ကိုယ်အိပ်ခါနီး မီးတွေ အကုန်ပိတ်ပီးမှ အိပ်တဲ့ဟာ ဘာဖြစ်လို့ မီးချောင်းပွင့်လဲ တွေးတယ်။ အတွေးတွေနဲ့ ကျောင်းသွားတယ်။ ကျောင်းသွားရင်း တွေးမိတာက စာအုပ်တွေထဲကလို ငါ့အိမ်ကိုလဲ ရှင်း ဟင်းတွေလဲ ချက်ပေးထားရင် သိပ်ကောင်းမှာပဲလို့..။ တစ်ယောက်တည်းတွေးပီး ပြုံးမိတယ်။
ကဲ..ဒီတနေ့တော့ သရဲလား ဘာလားစမ်းသပ်ကြည့် ဦးမဟဲ့ဆိုပီး မီးကို သေသေချာချာပိတ်တယ်။ အိပ်တယ်။ တရေးနိုးပြန်တယ်။ ထတယ်။ မီးပွင့်နေတယ်။ ပိတ်တယ်။ ပြန်အိပ်တယ်။
သေချာပီ... တခုခု။ ကျောင်းမှာ သရဲဆိုတာ ယုံလားဆိုတဲ့ ခေါင်းစဉ်နဲ့ စကားပြောဖြစ်တယ်။ ဘယ်သူမှ မယုံဘူး။
သြော်.. ပြောဖို့မေ့လို့ ကိုယ်က တရားတွေ ဘာတွေ အမြဲ ဖွင့်တယ်။
နောက်တည ဒီတခါတော့ ကိုယ်ဘယ်ရမလဲ မီးချောင်းကို ခလုတ်ကနေ ပိတ်ပြစ်လိုက်တယ်။ ကိုယ့်မီးဖိုချောင် မီးက ကြိုးဆွဲရင် ပွင့်တယ်လေ။ အဲ့ဒါကြောင့် ခလုတ်ကနေပိတ်ပြစ်တယ်။ ဘယ်ရမလဲ။ အဲ့ဒီည အေးအေးဆေးဆေးပဲ။ ကိုယ်တရေးနိုးတယ်။ ထတယ်။ အိမ်သာသွားတယ်။ အမယ်..ဒီနေ့တော့ မီးပိတ်လျက်ပဲ။ ကျေနပ်သွားတယ်။ ငါ ..စိတ်ထင်တာပဲ ဆိုပီးပြန်အိပ်တယ်။
နောက်နေ့ကျတော့ ကျောင်းပိတ်တယ်။ အိမ်မှာ ရှင်းလင်းပီး တရားဖွင့်။ ပရိတ်နဲ့ မေတ္တာသုတ် အမြဲဖွင့်တော့ ဒီတခါတော့ ပဌာန်းဖွင့် မဟဲ့ဆိုပီးဖွင့်လိုက်တယ်။ဒီလိုနဲ့ ညရောက်တယ်။
အရမ်းအိပ်ချင်လာတာနဲ့ ၁၂နာရီသာသာမှာ အိပ်တယ်။
အဲ့ဒီအချိန်မှာ ကိုယ်အိပ်နေတဲ့ အိပ်ခန်းတခါးရဲ့ အောက်ခြေကို ဒုန်းဆိုပီး လာကန်သံကြားရတယ်။ ကိုယ်ပဲ အိပ်ချင်နေတာနဲ့ တခုခုပြုတ်ကျတာ နေမှာဆိုပီး ပေပီးဆက်အိပ်လိုက်တာ မိုးလင်းမှ တရေးနိုးတယ်။ ကိုယ့်အိပ်တဲ့ အခန်းမှာ ဘုရားဆင်းတုတော်ရှိတယ်။
မနက်လင်းတော့ အိပ်ယာကထ မျက်နှာသစ်ဖို့အသွားမှာ ကိုယ့်အခန်းတံခါးကြီးက အောက်ပြုတ်ကျနေတယ်။ အခန်းတံခါးက ဂျပန်စတိုင်လျှောတံခါးလေ။ ကျပီး အခန်းပေါက်မှာ ထောင်လျက်သားခပ်စောင်းစောင်းပေါ့။ ကိုယ်ဘာမှ စဉ်းစားမနေဘူး။ ပြန်တပ်လိုက်တယ်။ မျက်နှာသစ် သွားတိုက်နေရင်း..စဉ်းစားတာ.. အဲ..ဟုတ်သေးပါဘူး။ တံခါးကို ငါပိတ်တယ်။ အိပ်တယ်။ မအိပ်ခင် တံခါးကို တစ်ယောက်ယောက်က လာကန်သလို ကြားလိုက်တာ သေချာတယ်။ ငါထမကြည့်မိဘူး။
ဒါနဲ့ ပြန်စဉ်းစားတယ်။ တံခါး ဘာကြောင့်ကျရတာလဲ????? အိမ်ရှင်ကို မေးတော့ သူတို့ကလဲ မယုံဘူး။ လေတိုးလို့ ဖြစ်မှာပေါ့တဲ့။ ဒါနဲ့ ကိုယ်လေကြောင်းကို ရှာတော့ လေကို မျက်နှာချင်းဆိုင်ထိုင်တဲ့ တံခါးမဟုတ်ဘူး ။ မဖြစ်နိုင်ဘူးဆိုပီး ကိုယ့်ဟာကိုယ် ပယ်ချတယ်။ သူတို့ကိုတော့ ဘာမှ ပြန်မပြောဖြစ်ဘူး။
မီးပွင့်တာလဲ လေတိုက်လို့ ဖြစ်မှာပေါ့တဲ့ ကိုယ်တော့ မယုံဘူး။ သူတို့တွေက ကိုယ့်ကို သိပ္ပံသမားဖြစ်ရဲ့သားနဲ့ ဒါတွေယုံတယ်တဲ့။ ဗီဒီယိုရိုက်ထားပါလားတဲ့.....။ အဲလောက်တော့ သတ္တိမကောင်းဘူးကွယ်..။
ဒါပေမဲ့ စိတ်ကူးထဲမှာ အဖြေထုတ်နေတယ်.. ဒီအိမ်က အိမ်ရှင်တွေက အမြဲမနေဘူး။ တခါတလေမှ အပန်းလာဖြေတဲ့ အိမ်ဖြစ်နေတာတချက်။ နောက် ကိုယ်ဘေးခြံကို မသင်္ကာဘူး။ ဒါနဲ့ စက်ဘီးနဲ့ ဘေးကို ပတ်ကြည့်တော့ လူမနေတဲ့ ခြံ တောင်ကုန်းတကုန်းရှိတယ်။ ဒါနဲ့ အိမ်ရှင်ကို မေးကြည့်တော့ အဲ့ဒီတောင်ကုန်း ပေါ်မှာ လွန်ခဲ့တဲ့ နှစ်၁၀၀က အုတ်ဂူတစ်ခုရှိတယ်။ ဒီမြေက အခုထိ ပိုင်ရှင်တွေ လာမနေဘူး။ ဒါဆို ..ကိုယ်တွက်တယ်.. ဖြစ်နိုင်ချေရှိတယ်လို့ပေါ့။
ဟာ.....ဒါ......တကယ်......သရဲဟ ဆိုပီး ကြောက်မိသလို ဖြစ်သွားတယ်။
ဒါနဲ့ သူငယ်ချင်းကို ဖုန်းဆက်ပီး သူတို့ဆီ သွားအိပ်တယ်။ မသွားခင် သူငယ်ချင်းပြောသလို သောက်တော်ရေ တခွက်ထဲ ရေထည့်ပီး ဘုရားကန်တော့တယ်။ မေတ္တာသုတ် ရွတ်တယ်။ အဲ့ဒီသောက်တော်ရေ နဲ့ တအိမ်လုံး လိုက်ဖြန်းပီး အခုလို ရွတ်လိုက်တယ်... ဒီအိမ်မှာ နေထိုင်ကြတဲ့ မမြင်ရတဲ့ သူတွေ.. ငါ..ဒီအိမ်မှာ အမြဲနေတာ မဟုတ်ဘူး။ ခဏတာ လာနေတာ။ ငါနေသမျှ နင်တို့ကိုလဲ ရန်မလုပ်ဘူး။ ငါ့ကိုလဲ ရန်မလုပ်နဲ့။ အတူတူ သူငယ်ချင်းလိုနေကြရအောင် ။ ငါက ကြောက်တတ်လို့ ငါ့ကိုလဲ မနှောက်ယှက်နဲ့ နင်တို့ကိုလဲ မနှောက်ယှက်ဘူးဆိုပီး ငြိမ်းချမ်းရေးစာချုပ်ချုပ်လိုက်ပါတယ်။
နောက်၂ရက်လောက်နေတော့ အိမ်မှာ သူငယ်ချင်းတွေနဲ့ ပရိတ်ရွတ်ဖြစ်တယ်။ အဲ့ဒီအချိန်က စပီး ကိုယ်လဲ ပဌာန်းတရားတော်ကို မဖွင့်ဖြစ်တော့ဘူး။ ပဌာန်းဆိုတာ အရမ်းပြင်းတယ်လို့ စာအုပ်ထဲဖတ်ဖူးပါတယ်။ သူတို့တွေ တအားပူပီး မနေနိုင်လို့ဆိုပဲ။ မေတ္တာသုတ်ခံပီးရွတ်ပေမဲ့ တခါတည်း မှတ်သွားတယ်။ အဲ့ဒီကစလို မေတ္တာပို့ရင်လဲ အခုလို ပို့ပါတယ်...။ ဤအိမ်မှာ စောင့်ကြပ်ကြကုန်သော နတ်အပေါင်း ပုဂ္ဂိုလ်အပေါင်းတို့အစရှိသဖြင့် အိမ်ပီးတော့ လမ်း ပီးတော့ ရပ်ကွက် မြို့နယ် ခရိုင်ကနေ နိုင်ငံအထိ ပြုပြုသမျှ ကိုယ်သိုက်အစုစုကို အမျှပေးဝေပါသည်ဆိုပီး ဘုရားရှိခိုးတိုင်း ဆုတောင်း ဖြစ်သပေါ့....။
ဒီလိုနဲ့ သရဲလား ဘာလား ညာလား မသိပေမဲ့ ကိုယ်မပြန်ခင်အချိန်ထိ ဘာအနှောက်အယှက်မှမရှိပဲ နေခဲ့ရတယ်။
တခုတော့ ရှိတာပေါ့လေ... မီးဖိုချောင် ပြူတင်းပေါက်ကို ညနေစောင်းတာနဲ့ ပိတ်သလို အိမ်ရှေ့က တံခါးတွေလဲ ညနေမှောင်တာနဲ့ ပိတ်ပစ်တာပေါ့။ ဒီဘက်ခြမ်းပဲ ဖွင့်တော့တယ်။
ကိုယ် အပီးပြန်လာတော့ သရဲတွေကိုတောင် နုတ်မဆက်ခဲ့ရဘူး။ သူတို့ ကိုယ့်များ လွမ်းပဲကျန်နေမလား ဝမ်းပဲသာလေမလား....။
ကြောက်စရာကြီး ညီမ ..
ReplyDeleteအမဆို ကြောက်လို့ တယောက်ထဲ နေရဲမှာ မဟုတ်ဘူး :D
မမ က ဂျပန်မှာနေခဲ့တာလား
ReplyDeleteသမီးတို့ အန်တီတစ်ယောက်လဲ နေခဲ့တာပဲ
မမနာမည်လေးတဆိတ်လောယက်သိချင်ပါတယ်ရှင်
အန်တီက ဒေါက်တာဘွဲ့ယူခဲ့တာပါရှင်
ReplyDelete