Wednesday, October 24, 2012

ဦးဘုန်း(ဓါတု) ခြင်မလေးရဲ့ လက်ခုပ်သံ

အင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲတစ်ခုတွင် ဖြစ်သည်။
အင်္ဂလိပ်စကားပြော သင်တန်း တက်ကြတယ်ဆိုတော့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ၊ လက်ရှိ တက္ကသိုလ်အသီးသီးမှာ တက်နေသူတွေ များပါသည်။ အသက်အရွယ်က ၁၆-၁၇-၁၈။ တကယ့်ကို လှတပတ နုနုနယ်နယ်လေးတွေပါ။

အဲဒီ သင်တန်းဆင်းပွဲမှာ သင်တန်းအုပ်ချုပ်သူ ဆရာက ကလေးတွေ အတွက် ကျန်းမာရေး ပညာပေးဖို့ ဆရာဝန်တစ်ယောက်ကို ဖိတ်ထားသည်။ ပြီးတော့ ကျွန်တော့ကို လည်း စကားပြောစေချင်သတဲ့။ 

နားထောင်တဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၀၀)နီးပါးလောက်ရှိမည်။ ထိုင်နေကြတာကလည်းကြည့်ဦး။ ယောက်ျားလေး သတ်သတ်၊ မိန်းကလေးသတ်သတ်မဟုတ်။
ထိုင်ချင်သလိုထိုင်ခွင့်ရှိသည်။ အများအားဖြင့်တော့ ကိုယ့်စုံတွဲံနှင့် ကိုယ်ထိုင်နေကြတဲ့ပုံပဲ။ စကားပြောခန်းမကလည်း အဲယားကွန်းဖွင့်ထားပေးသည်။ ထင်သလောက်ကြီး မအေးပါ။

ဦးစွာပထမ သင်တန်းအုပ်ချုပ်သူ စကားပြောသည်။ ပြီးနောက် ဆရာဝန်က HIV,AIDS အကြောင်း၊ အသည်းရောင်အသားဝါ (B)ပိုး၊ (C)ပိုးအကြောင်းပြောလေတော့သည်။ 

“ခုဆိုရင် ကူးစက်ရောဂါဆိုတာ ကိုယ်ဆင်ခြင်တတ်ရင် ကြောက်စရာမလိုဘူး။ မင်းတို့ ပညာတတ်တွေပဲ၊ နားလည်မှာပါ” 

ဆရာဝန်က HIV ရောဂါအကြောင်းကို အကျယ်တ၀င့် ရှင်းပြလေတော့ သည်။ ဆေးထိုးအပ်က ကူးတယ်။ သွေးက ကူးတယ်။ သုတ်ပိုး ကူးတယ် ကွန်ဒုံး အစရှိသဖြင့်ပေါ့ဗျာ။ 

နားထောင်နေကြတဲ့ ကလေးတွေက စိတ်မ၀င်စားဘူးဗျ။ ဆရာဝန်က အပြောမကောင်းလို့ မဟုတ်ဘူးနော်။ ဆရာဝန်က တော်တော်အပြောကောင်းသည်။ ဒါပေမယ့် သူတို့က သိပြီးသားပါ၊ ဒါလေးများဆိုတဲ့  အမူအရာနဲ့ နားထောင်နေကြသည်။ ကောင်မလေးတစ်ယောက်ကဆိုရင် နေကြာစေ့ကို အခွံနွှာပြီး သူ့ကောင်လေး ကို ခွံကျွေးနေသည်။ ကောင်လေးတစ်ယောက်ကဆိုရင် သူ့ကောင်မလေးအတွက် ပီကေကို အခွံနွှာပေးနေသည်။ ကောင်မလေးတစ်ယောက်က ဆိုရင် သူရဲ့ လက်သည်း လှလှလေးတွေပေါ် က ဒီဇိုင်းလှလှလေးတွေက်ု သူ့ကောင်လေးအားပြနေသည်။ နောက်ထပ်ကောင်လေးတစ်ယောက်က လိမ္မော်သီးကို အခွဲနွှာ သည်။ အပေါ်ရှိ အမျင်အဖြူလေးများကို ဖယ်သည်။ ပြီးနောက် လိမ္မော်သီး ကို  နွှာသည် ။ အစေ့ ထုတ်သည်။ ပြီးမှ သူ့ကောင်မလေးကို ကျွေးသည်။ ကျွန်တော့ မျက်စိထဲတွင် အမြင်မတော်။ စိတ်ထဲမှာလည်း တော်တော်ခံစားနေရသည်။

ညာဖက်ထောင့်ရှိ ကျောင်းသူတစ်စုက Mp3ကို နားကြပ်တပ်ပြီး သီးချင်း နားထောင်နေကြသည်။   ကောင်လေးတစ်ချို့ ကွမ်းစားနေရင်း ထထပြီး ကွမ်းထွေးလေသည်။ တစ်ချို့ကောင်လေးတွေက ပါလာသည့် စာအုပ်ကို ထုတ်ပြီးဖတ်နေကြသည်။ 

ထို့သို့ စိတ်ထဲတွင် ခံစားနေရသည့်အထဲ ခြင်တစ်ကောင်က ကျွန်တော်၏ ခြေဖမိုးကို လာ၍ကိုက်သည်။ အဲယားကွန်းအခန်းဖြစ်ပြီး ခြင်၇ှိရတယ်လို့ဗျာ။ ခြင်ကိုက်တယ်ဆိုတော့ ခြေဖမိုးက ယားတော့တာပေါ့။ ကုန်းကုန်းကွကွ ဖြင့် လူရှေ့သူရှေ့တွင် ကျွန်တော်က ကုတ်လိုက်သည်။

ကျွန်တော့မျက်လုံးက ရှေ့ဆုံးခုံတန်းသို့ ရောက်သွားပြန်သည်။ ရှေ့ဆုံးခုံတွင် ထိုင်နေသော စုံတွဲက အဆိုးဆုံးဖြစ်သည်။ သူ့ကောင်မလေးရဲ့ ဆံပင်ကို ကောင်လေးက လက်ဖြင့် သပ်ပေးနေသည်။   ကောင်မလေးကလည်း ကောင်လေးရဲ့ ပခုံးကို မှီထားသည်။ မျက်လုံးကို မှိတ်ထားသည်။ 
စကားပြောနေသော ဆရာဝန်က တက်တက်ကြွကြွပြောသည်။ ဆေးပညာရှု့ထောင့်မှ ပြောသည်။ 

“ဆရာ ပြောဦးမယ်။ ဒါကတော့ မှတ်တမ်းအရပြောတာနော်၊ ဘယ်သူဘယ်ဝါရယ်လို့ မဆိုလိုဘူး။ ဆရာ့ဆီကို သွေးလာစစ်တဲ့ လူတွေထဲက ကျောင်းသားလူငယ်တွေရဲ့ သွေးကို ဆရာစစ်ကြည့်တယ်။ သူတို့က သွေးအမျိုးအစားကို လာပြီး စစ်ဆေးတာ။ ဆရာက HIVပိုးရှိ၊မရှိ သိချင်လို့ ကိုယ့်ကုန်ကျစရိတ်နဲ့ ကိုယ် စစ်ကြည့်တာ။ ကျောင်းသား၊ ကျောင်းသူ အယောက် ၅၀ မှာ ၁ ယောက်လောက် HIV positive ဖြစ်နေတာ တွေ့ရတယ်။ဒါဟာ စိုးရိမ်စရာ အခြေအနေပဲ။ အပေါ်ယံကြည့်ရုံနဲ့ ပိုးရှိမရှိ မသိနိုင်ဘူး။ ”

ဟောနေပြောနေသူက တာဝန်ကျေသည်။ နားထောင်နေသူတွေက ဂရုမစိုက်ကြ။ ဆရာဝန်ကတော့ သူပြောစရာရှိတာကို တာဝန်ကျေကျေ ပြောပြီးသွားပြီ။ 

ကျွန်တော့ အလှည့်။ 
နာရီကို ငုံ့ကြည့်လိုက်တော့ ၁၁နာရီထိုးပြီ။ နားထောင်နေသူများက ပြန်ချင်သည့် မျက်လုံးများဖြင့် ကျွန်တော့ကို ကြည့်ကြသည်။ ကျွန်တော်က ၁၅ မိနစ်သာ ပြောမည်ဟု ဆုံးဖြတ်လိုက်သည်။ 
“ဆရာကတော့ ထူးထူးခြားခြား မပြောလိုဘူး။ လိုရင်းပဲ ပြောမယ်။ ဒီနေ့ ခေတ်ကို IT ခေတ်လို့ ဆိုကြတယ်။ Information Technology ပေါ့။ မင်းတို့ သိပါတယ် အင်တာနက်တို့ ဖေ့ဘုတ်တို့ ဆိုတာ မင်းတို့ ကျွမ်းကျင်ပြီးသားပါ။ chatting ဆိုတဲ့ အာလာပသလ္လာပအလုပ်မျိုးတော့ မင်းတို့ နေ့စဉ် လုပ်နေတာပါ။ မင်းတို့အရွယ.်က လှတယ်၊ ချစ်စရာကောင်းတယ်။ ပျော်စရာလည်းကောင်းတယ်။ ”

စကားပြောရင်း အကဲခတ်လိုက်သည်။ မည်သူမျှ ကျွန်တော့ကို စိတ်မ၀င်စားကြပါ။ ထိုအချိန်တွင် ကျွန်တော့လက်ကိုလာပြီးကိုက်လိုက်သော ခြင်ကောင်ကို သတိရပြီး ခြင်ကောင်ပေါ် အခြေခံသည့် ပုံပြင်ဆန်ဆန် ဇာတ်လမ်းလေးတစ်ပုဒ် ချက်ချင်းဖန်တီး လိုက်သည်။ 

“ပုံပြင်တော့ မဟုတ်ဘူးကွ၊ ပုံပြင်ဆန်ဆန် ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြမယ်” 
ပုံပြင်ဆိုလို့ အားလုံးခေါင်းထောင်လာကြသည်။ 

“တစ်ခါတုန်းကပိုးလောက်လမ်းလေးတစ်ကောင် ရှိတယ်။ အရွယ်ရောက်လာတော့ ခြင်ကောင်လေးဖြစ် သွားတာပေါ့။ ခြင်ကောင်တောင် ခြင်ကောင်မလေးဗျ။ ခြင်ကောင်ဖြစ်ကာစဆိုတော့ အတောင်တ၀ီဝီဖြန့်ပြီး ပျော်တယ် ပျံတယ်။ တစ်နေ့တော့ အဲဒီ ခြင်မလေးက အချိန်တန်တဲ့ အထိ အိမ်ပြန်မလာဘူးတဲ့။ ခြင် မေမေကြီးခမျာ သူ့သမီးလေး ပြန်မလာတော့ နတ်အုန်းတိုင်ကို ယပ်ခတ်သတဲ့ ”

အားလုံးက “၀ါးခနဲ” ရယ်လိုက်ကြသည်။ ဒီလောက်ဆိုရင် ဒီကျောင်းသား၊ ကျောင်းသူတွေ ငါ့လက် နည်းနည်း ပါလာပြီဟု ကျွန်တော်သိလိုက်သည်။ 

“မရယ်ကြနဲ့ကွ၊ ခြင်မှာလည်း နတ်အုန်းတိုင် ရှိနိုင်တာပေါ့။ ခြင်မေမေကြီးက ပါးစပ်ကနေပြီး ပွတ်တွတ် ပွတ်တွတ် ရွတ်တယ်၊ ဖတ်တယ်၊ ငါထင်တယ်။ ငါ့သမီးလေး အန္တရာယ် ကင်းပါစေ ၊     ဘေးရှင်းပါစေလို့ ပြောနေတာပဲဖြစ်မယ်” 

ထိုအချိန်တွင် ရှေ့ဆုံးခုံမှ အကဲဆုံးစုံတွဲ၏ ခပ်ချောချော ကောင်မလေးက ကျွန်တော့ကို မျက်စောင်းထိုးလေတော့သည်။ 

“အေးကွ၊ တော်တော်လေး အချိန်လွန်မှ သူ့သမီး “ခြင်မလေး” ပြန်လာတယ်။ ပြန်လာလာချင်း သူ့အမေကို “ခြင်မလေး”က ဒီလို ပြောတယ်။ မေမေရေ မေမေရေ၊ လူတွေကလေ သမီးကို မြင်ရင် လက်ခုပ်တွေတီးတီးပြီး ကြိုကြတယ်၊ တဖြောင်းဖြောင်းနဲ့ သိလားမေမေ။ သမီး သိပ်ပျော် တာပဲ။ နောက်နေ့လည်း လူတွေရှိတဲ့ ဆီ သမီးသွားဦးမယ်။ သူ့စကားကိုလည်း ကြားရော သူ့အမေက စိုးရိမ်သွားတယ်။ မျက်လုံးပြူးသွားတယ်။ ပြီးတော့ ဒီလိုပြောတယ်။ 

“ဟဲ့ သမီးရဲ့ ၊ အဲဒါ နင့်ကို လက်ခုပ်တီးပြီး ကြိုတာမဟုတ်ဘူး နင့်ကို လက်ဝါးနဲ့ ရိုက်နေတာဟဲ့၊ အမိုက်မရဲ့” 

ထိုအချိန်တွင် နားထောင်နေသော ကျောင်းသား၊ ကျောင်းသူတချို့ လက်ခုပ်ကြလေသည်။ 

“အေး .... ကိုယ့်ကိုယ်ကိုယ် “ခြင်မလေး” ဖြစ်နေတယ်ဆိုတာ သမီး တချို့ သိထားသင့်တယ်။ ဆရာရှေ့က ဆရာဝန်ကြီးကတော့ ဆေးပညာရှုထောင့်ကနေပြီးတော့ ပြောသင့်တာတွေကို ပြောပြီးသွားပြီ။  ဆရာကတော့ စာပေရှုထောင့်ကနေပြောတယ်။ သြော်...လက်တွေ့ စမ်းသပ်ချက်တစ်ခု ဆရာလုပ်ဖို့ စိတ်ကူးထားတယ်” 

လက်တွေ့စမ်းသပ်ချက်လို့ ပြောလိုက်လို့ အားလုံးက စိုးရွံသွားကြတော့သည်။ 

“ဘာလဲ ကြောက်သွားကြတာလား ဒီလိုကွ...” 

ကျွန်တော် ပြောပြောဆိုဆို ပရိသတ်ထဲကို ဆင်းလိုက်သည် ။ ရှေ့ဆုံးခုံတွင် ထိုင်နေသော   ကျောင်းသား၊ ကျောင်းသူများထံမှ ဘောပင်တစ်ချောင်းစီကို ကျွန်တော် တောင်းလိုက်သည်။ အားလုံးက အလိုက်တသိ ပေးကြသည်။ ကျွန်တော့ လက်ထဲတွင် ဘောပင် ၁၀ချောင်း ၁၅ချောင်းခန့်ပါလာသည်။

“ဆရာ့လက်ထဲမှာ ဘောပင်တွေ တွေ့လား။ တစ်ချောင်းကို တစ်ရာ၊ တစ်ရာ့ငါးဆယ်၊ နှစ်ရာလောက်ပဲ တန်မယ်ထင်တယ်။ သိပ်လည်း ဈေးမကြီးဘူးနော်။ ပြောရဦးမယ်၊ ဒီဘောပင်တွေက တစ်ခါသုံးကွ၊ မင်ကုန်ရင် လည်း မင်ပြန်မထည့်ဘူး။ ပျောက်သွားရင်လည်း ဘယ်သူမှ မနှမြောဘူး။ ဘောပင်ပျောက်လို့ ငိုတဲ့သူ ငါဖြင့် မတွေ့ဘူးပေါင်” 

ကျောင်းသားကျောင်းသူအားလုံး ကျွန်တော့ကို စိတ်ဝင်စားနေကြသည်။ ကျွန်တော် ဘာလုပ်မလဲပေါ့။ 
“ဟောဒီမယ် .... တွေ့လား၊ ဘောပင်တစ်ချောင်း” 
ဘောပင်တစ်ချောင်းကို ထောင်ပြလိုက်သည်။ 
”ဒီတစ်ခါသုံး ဘောပင်ကို လွင့်ပစ်တယ်ကွာ” 
ကျွန်တော်နှင့် အနီးဆုံးတွင်ရှိသော ပြတင်းပေါက်မှနေပြီး ဘောပင်များကို တစ်ချောင်းပြီး တစ်ချောင်း ကျွန်တော် လွင့်ပစ်လိုက်သည်။ လွင့်ပစ်ရင်း ကျွန်တော့် ပါးစပ်က ပြောသည်။

“တန်ဖိုးမရှိတဲ့ တစ်ခါသုံးဘောပင်တွေ၊ သွားကွာ...သွားကွာ...။ တစ်ရာ...နှစ်ရာလောက်တန်တဲ့  တစ်ခါသုံးဘောပင်တွေ သွားကွာ...သွားကွာ။

ကျွန်တော်၏် အမူအရာကို ကြည့်ပြီး အားလုံးက ရယ်သည်။ 

“အေး...ငါပြောချင်တာ အဲဒါပဲ။ ဒီမယ် ကလေးတို့ မှတ်ထားကြ။ 

မင်းတို့ရဲ့ ခန္ဓာကိုယ်ဟာ တစ်ခါသုံး ဘောပင်မဟုတ်ဘူးကွ။ တန်ဖိုးရှိတယ်။ အကြိမ်ကြီမ်သုံးရမယ့် ပစ္စည်းဆိုရင် တန်ဖိုးထားရတယ်။ ကိုယ့်ကိုကိုယ် ငုံ့ကြည့်စမ်း။ အဲဒါဟာ တစ်ခါသုံးပစ္စည်းတွေလား။ ရိုင်းတယ်လို့တော့ မထင်နဲ့ ဟေ့၊ အကြိမ်ကြိမ်အခါခါ သုံးရမယ့် ပစ္စည်းကို တစ်ခါသုံးဘောပင်လောက်ပဲ တန်ဖိုးထားကြတော့မလို့လား။ ဒီမယ်မှတ်ထား၊ မင်းတို့ဟာ တန်ဖိုးရှိတယ်။ မင်းအတွက်လည်း တန်ဖိုးရှိတယ်။ မင်းမိသားစု အတွက်လည်း တန်ဖိုးရှိတယ်။ အနာဂတ်တိုင်းပြည်အတွက်လည်း တန်ဖိုးရှိတယ်။ တန်ဖိုးရှိတဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ်၊ ကိုယ့်ရဲ့ပစ္စည်း ကို တစ်ခါသုံးဘောပင်လောက်တောင် တန်ဖိုးထားမိကြရဲ့လား.။ ဘယ်နှကြိမ်သုံးရမယ့် ပစ္စည်းလဲဆိုတာ ကိုယ့်ဘာသာကိုယ် တွေးကြည့်။ လူကြီးတွေကို မေးကြည့်။ တန်ဖိုးရှိအောင်နေတတ်မှ တန်ဖိုးဆိုတာရှိတယ်။ ငါပြောတာမယုံရင်နေကြ။ ဒီမယ်ကွ၊“ကိုယ်ဖြစ်ကိုယ်ခံ...ကြာနီကန်” ပဲဟေ့။ “ကိုယ့်စားရိတ် ကိုယ်စား...ရေဝေးသွား” ပဲဟေ့။ “ဗြောင်ကမြင်း...တောင်အင်း” က ကြိုနေတယ်။“လျှောက်ကမြင်း ...မြောက်အင်းနဲ့ တွေ့မယ်” ။ အခုတော့ကွာ ကိုယ့်ခန္ဓာကိုယ်ကို တစ်ခါသုံးများ မှတ်နေကြလား၊ အံ့သြပါ့ကွာ။ 

အားလုံးက “ကြာနီကန်၊ရေဝေး၊တောင်အင်း၊မြောက်အင်း” ဟူသော သင်္ချိုင်းကုန်းများကို ကာရန်နဘေဖြင့် ပြောလိုက်သောကြောင့် ကြောက်လန့်တကြားဖြင့် နားထောင်နေကြတော့သည်။ တချို့ကတော့ ပြုံးစိစိ။ 

“ငါကတော့ IT ခေတ်ကို ကြိုဆိုတယ်။ ဒါပေမယ့် LT ခေတ်ကို ရှုတ်ချတယ်။ IT ဆိုတာ information technology. မင်းတို့သိတယ်။ LT ဆိုတာလည်း မင်းတို့ လူငယ်တချို့ လုပ်နေကျ အလုပ်ပဲ။ စိတ်တော့ မဆိုးနဲ့ကွာ၊ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောတယ်လို့ အောက်မေ့ပါ။ LT ဆိုတာ living together ကို ပြောတာ။ ”

နားထောင်နေသူ ကျောင်းသားကျောင်းသူ တော်တော်များများ မျက်နှာပျက်သွားကြသည်။ 
“ကဲ...လက်ခုပ်တဖြောင်းဖြောင်းတီးပြီး ကြိုဆိုခံနေရတယ်လို့ ထင်နေတဲ့ “ခြင်မလေး” တွေ မဖြစ်ဖို့ သတိပေးတယ်။ လက်ခုပ်တီးပြီး  ကြိုဆိုနေတာမဟုတ်ဘူးနော်။ အားပေးနေတာ မဟုတ်ဘူးနော်။ အဲဒါခြင်ကို ရိုက်နေတာ။ ခြင်ကို သတ်နေတာ။ မှတ်ထား၊ ဒါပဲ” 

နားထောင်သူ လူငယ်လေးများ တစ်ယောက်ကို တစ်ယောက် ပြုံးစိစိ ဖြင့် အပြန်အလှန်ကြည့်ပြီး လက်ခုပ်တီးလိုက်ကြလေသည်။ 
တချို့ကတော့ အဲယားကွန်း မအေးလို့နဲ့ တူပါရဲ့ ။ ဇောချွေးတွေနဲ့။ 
တချို့ ကတော့ မျက်စိမျက်နှာ ပျက်နေကြလေရဲ့။
တချို့ ကတော့ မျက်စောင်းတခဲခဲနဲ့ပေါ့......

ဦးဘုန်း(ဓါတု)


No comments:

Post a Comment