Wednesday, October 31, 2012

ရောက်ခဲ့တဲ့ မြို့

နေပြည်တော်တဲ့ ...
နွေနေ့လည်မှာ အထီးကျန်နေသည့် ရေပန်းဥယာဉ်
အမှန်အတိုင်း ဝန်ခံရလျှင် ရန်ကုန်သူ ကိုယ်သည် နေပြည်တော်ကို ယနေ့တိုင် မြန်မာပြည်၏ မြို့တော်အဖြစ် မသတ်မှတ်နိုင်သေး။ နောင်လဲ သတ်မှတ်လိမ့်မည်မထင်။
လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့ပီး စီးပွါးရေး အပါအဝင် အချက်အခြာ ကျသော နေရာ ကိုသာ မြို့တော်ဟု ခေါ်မည်ဆိုလျှင် နေပြည်တော် ပတ်ဝန်းကျင် ကို ရေလမ်းကြောင်း ဖွင့်ပေး ရမည် ဖြစ်သလို လေလမ်းကြောင်း ကိုလည်း အတင်းလုပ်ယူခြင်း မဟုတ်ပဲ အဆင်ပြေချောမွေ့ နေ မှသာလျှင် မြို့တော် ဖြစ်မည်မဟုတ်ပါလား။

နေပြည်တော်ကို ၂ခေါက်ရောက်ဖူးသည်။ ရောက်ခဲ့သမျှသည်လဲ မလုပ်မဖြစ် အလုပ်လုပ်ဖို့အတွက်ပေါ့။ ပထမတခေါက်က ၂၀၀၆ ။ အဲ့ဒီတုန်းကတော့ အရာအားလုံးက ဆောက်လုပ်ဆဲ။ များသောအားဖြင့် ဖုန်ထူထူ လွင်တီးခေါင်ပေါ့။ ကားမရှိပါက အဆင်မပြေနိုင်သောနေရာ။ အဲ့ဒီတုန်းက ကိုယ့်အမလဲ အဲ့မှာဆိုတော့ အစစအရာရာ ဘာမှမပူရ။ လိုတာအဆင်သင့်။ အဲ့ဒီအချိန်က ဘာမှလဲ သေချာမရှိသေး။ ဒီလိုနှင့် အဲ့ဒီနောက်မှာ တစတစ ဟော်တယ်တွေ မော်တယ်တွေနဲ့ စားသောက်ဆိုင်တွေ ပေါလာသည်။

ကိုယ်ပြန်ရောက်တော့ နေပြည်တော် သွားမလားမေးလျှင် ဟင့်အင်းပဲဖြေမည်။ မေမြို့သွားတုန်းကတော့ လူမရှိပဲ ညဥ့်သန်းခေါင်မှာ ကွက်ကွက်ကြီး ထိန်ထိန်ညီးနေသော လျှပ်စစ်မီးများကို ကြည့်ကာ မနာလို စွာ ဖြင့် ပြုံးမဲ့မဲ့ ဖြစ်ခဲ့သလို သူငယ်ချင်းအမ ကလေးများ မေးခဲ့သော စကားလုံး အချို့ကို ပြန် ကြားယောင် မိသည်။

ရန်ကုန်မြို့။ အချိန်ကား ည ၉ နာရီ  အပြင်မှ အိမ်သို့အပြန် တလမ်းလုံး မှောင်နေရာမှ ထိန်ထိန်  လင်းနေသော  ဂေါက်ကွင်း ရှေ့က အဖြတ် တွင် ...
မေမေ.. သားတို့ဖြတ်လာတဲ့ အိမ်တွေ မီးမလင်းသလို သားတို့အိမ်ကျလဲ မီးမလာတဲ့ဟာ ဘာလို့များ လူမနေတဲ့ ပန်းခြံကြီးတွေမှာ မီးလင်းနေတာလဲဟင်.... တဲ့

 ကိုယ့်အနေနဲ့ နေပြည်တော်ဆိုတာ ကိုယ်နှင့်မဆိုင်သော မြို့အဖြစ် သတ်မှတ်ခဲ့ပေမဲ့ မသွားမဖြစ်သွား ရသော အကြောင်း ပေါ်လာခဲ့သည်။ ကိုယ့်အမြင် ပြောရမည်ဆိုလျှင်... တကဲ့ကို ပိုက်ဆံ မကုန်ကုန်အောင် စေခိုင်းနေသလို အချိန်မကုန်ကုန်အောင် အရှုပ်ထုပ် လုပ်သည့်နေရာကို ပြပါဆိုလျှင် မနှေးမမြန် လက်ညိုးထိုးပြရမည့်နေရာသည် အဆိုပါ နေရာဖြစ်လေသည်။ ကိုယ်ကြားရသလောက်ဆို အရပ်ရပ်မှ အမှူထမ်း အရာထမ်း ဖြစ်ချင်သူများသည် နေပြည်တော်တွင် ရေးဖြေသွားဖြေရသည်။ တည်းစရာမရှိလျှင် တည်းခိုခန်း ဟော်တယ် တည်းပေရော့။ မအောင်ပြန်လျှင် ထိုင်ငိုပေတော့။ အနီးအနား နယ်က လူတွေအဖို့တော့ အဆင်ပြေမည် ဖြစ်သော်လည်း လူနည်းစုသာ။

 ဟော်တယ်များ၏ ဈေးများကလည်း ကြောက်ခမန်းလိလိ။ ဒါတောင် တည်းခိုခန်းမရလို့ မတည်း ရသူတွေတောင် ရှိသတဲ့။ ဒါက တနှစ်မှာ ၂ခါ လုပ်သော ကျောက်မြတ်ပွဲကြောင့်။ ဒါကြောင့် လာဘ်မြင်သည့် မြန်မာဖွားတရုပ်လား မသေချာသည့် ကိုရွှေတရုပ်တို့က ခြံဝယ်ကာ တည်းခိုခန်း သဖွယ် ကျောက်မျက်ပြပွဲ ချိန်မှာ ငှားစားကြလေသတည်း။နေပြည်တော် မြေဈေးကွက်ကလဲ သာမန်ပြည်သူတွေ လက်လှမ်း မမှီနိုင်သည့် ဈေးကွက် အဖြစ်သို့ တရိပ်ရိပ်ပြောင်းနေသည်။ သည်တော့ ဝန်ထမ်း သမားတွေသာ လိမ်ဖယ်လိမ်ဖယ်နှင့် ရန်ကုန် မိသားစု နှင့် တာဝန်ကျရာမှာ နေရသည့် မိသားစု၂စုစာ ရုန်းကန်ကြရသော်လည်း ကောင်းစားသူတွေကတော့ လုပ်စားကိုင်စား ဖားစား မြှောက်စား သူတွေသာ။ တကယ်တမ်းတော့ ဘာမျှမလုပ်စား တတ်သော ဝန်ထမ်း များသည် သနား ဖို့  ကောင်းလှသည်။

အိမ်ခန်းပေးသည် ဆိုသော်လည်း ရောက်စ ပထမနှစ်တွင်သာ အလကားပေးပီး အခုတော့ လခပေးနေရသည်။ ဖြစ်ကတတ်ဆန်း ဆောက်လုပ်ထားသော အိမ်ယာများရှိ အပျက်အဆီးကိုလည်း တာဝန်ယူရသည်။ ပျက်ပါက ပြန်လျော်။ ကိုယ့်ဘာသာ ကိုယ်တပ်ထားလျှင်တော့ အိမ်ပေါ်က ဖယ်ခိုင်းလျှင် ပြန်ယူခွင့်မရှိ။ အိမ်ပေါ်က ဖယ်ခိုင်းသည် ဟု ပြောရာမှာ စည်ပင်ပိုင် အိမ် ဖြစ်သောကြောင့် ဌာနဆိုင်ရာများ အား  ပေးထားသည် ဖြစ်ရာ စည်ပင်မှ ဖယ်ခိုင်းသည့် အခါ အထက်ပါ ဖြစ်ရပ်များ ဖြစ်ခဲ့ သည့် အတွက် သိရှိခဲ့ခြင်း ဖြစ်သည်။ ဒါတောင် အောက်ခြေဝန်ထမ်း အိမ်ရာ မဟုတ်။

အဝေးက လှမ်းမြင်ရတဲ့ ဘုရား
နေပြည်တော် လမ်းမကျယ်ကြီးသည် အတော်ကားမောင်းလို့ ကောင်းသည်။ အလုပ်တက်ချိန် နှင့် ဆင်းချိန်မှ လွဲလျှင် ကားများနှင့် လူများစွာ ကို မြင်ခွင့်ရမည်မဟုတ်သလို  မနက်စောစော တချိန်၊ နေ့လည်နေ့ခင်းချိန် နှင့် ည၇ နာရီဝန်းကျင်ချိန်မှ စကာ နောက်တနေ့ မနက်စောစောထိ ထိုလမ်းမကျယ်များ နှင့် လမ်းသွယ်များကို မြင်ပါက တိတ်ဆိတ်နေသည့် အပြင် ခွေးဟောင်သံတောင် မကြားရသည့် အတွက် ကိုယ့်ကိုကိုယ် ဘယ်ရောက်နေသလဲ ဟု အထပ်ထပ်မေးရမည့် နေရာမှာ အဆိုပါ နေရာလဲ ဖြစ်သည်။

ထိုသို့ တိတ်ဆိတ် နေသော်လည်း ညအခါတွင် လမ်းတလျှောက် ထိန်ညီးနေသည့် မီးရောင်စုံများ ကို  တွေ့မြင်ရပေမည်။ ကားလမ်းဘေး တလျှောက် အလှစိုက်သမျှ သေသည့် အပင်များကို အစားထိုးစိုက်ရင်း နေ့လည်နေ့ခင်း မကျန် ရေမပြတ်လောင်းနေသည့် အလုပ်သမများကို လည်း တွေ့မြင်နိုင် သည် မှာ အဆိုပါနေရာ။

၂၀၁၂ အစောပိုင်းက ကိုယ် လက်ထပ်စာချုပ်အပါအဝင် ပုံစံ၁၀ကို endorsed  လုပ်ဖို့ နေပြည်တော် သွားဖို့ အကြောင်း ပေါ်လာသည်။ ကိုယ်တိုင်သွားမလား လူကြုံပေးမလား?????? စဉ်းစားရပီ။ မူရင်းတွေပါ ပေးရမည်ဆိုတော့ စိတ်မချ။ ကိုယ်တိုင်သွားရင် ဘယ်လောက် ကျပီး ပိုက်ဆံပေးရင် ဘယ်လောက်တဲ့ ။ တခါတည်း ဈေးထွက်သည်။ သို့သော် ကိုယ့်ကို ဥပဒေအကြံပေးက ကိုယ်တိုင်သွားတာ အကောင်းဆုံးဟု အကြံပေးသည်။ ဒီလိုနှင့် သူ့ကို အကျိုးအကြောင်း လှမ်းပြောတော့ သူက စိတ်ပူစွာ မသွားရတဲ့။ ပြောရင်း ၂ယောက်သား ရန်ဖြစ်ကြပြန်သည်။ ကိုယ်က အကျိုးအကြောင်း ပြောတာ လက်မခံ။ သူက ကိုယ့်ကို ကဲချင်လို့ သွားသည်ဟု စွပ်စွဲလို့ ဖြစ်သည်။ သည်ဇာတ်လမ်းမှာ သူက ဟိုကနေ သူ့သူငယ်ချင်း ဆီ ဆက်သည်။ ပိုက်ဆံနဲ့ လုပ်ခိုင်းမည်တဲ့။ သူ့ သူငယ်ချင်းကလဲ ပြောသည်။ မူရင်းတွေပါတော့ ကိုယ်တိုင်သွားတာ အကောင်းဆုံးပေါ့။ ဒါနဲ့ ကိုယ်သွားဖြစ်သည်။ သို့သော် အဖော် ပါမှသွားတဲ့။ ကိုယ်သွားမယ်ဆိုတော့ အိမ်ကလဲ ဘယ်သူမှ မလိုက်နိုင်။ ကိုယ့်ညီမကလဲ ကလေးတွေ စာမေးပွဲ နီးနေတော့ ဘယ်လိုမှ မလိုက်နိုင်။ အိမ်မှာက လူခွဲ မရှိ။ အဒေါ်က လေဖြတ်ထားတော့ မမက လဲ လိုက်လို့ အဆင်မပြေ။ သူကလဲ အဖော်မပါရင် မသွားရနဲ့။ ဒီလိုနဲ့ သူ့အိမ်က ကောင်မလေးကို အဖော်ခေါ်သွားတဲ့။း))))))) သူ့အိမ်မှာ ၂ယောက်တောင် ဆိုတော့ ကိုယ်လဲ သိပ်မကြာတော့ အဆင်ပြေသည်ပေါ့။ ဒါပေမဲ့ ကိုယ်ကပြောသည် ချစ်ချစ်ကိုယ်တိုင် ပြောပေးလို့...။ ကိုယ်ကတော့ မပြောပါ။ သည်လိုဆိုတော့ သူက သူ့အိမ်ကိုပြောသည်။ ထွက်နေမည့် အဖြေကို ကိုယ်က သိပီးသားဆိုတော့ ခပ်အေးအေးပင်။ ကိုယ့်ဖက်က လုပ်စရာရှိတာတွေ လုပ်ထားသည်။ တည်းဖို့ ရယ်။ သွားဖို့ ကားရယ်။ ဟိုမှာ အဆင်ပြေဖို့ ကားရယ်ပေါ့။ နောက်ဆုံးတော့ ကိုယ်တစ်ယောက်တည်း သွားဖြစ်သည်။ ကားလက်မှတ် တော်တော် ဝယ်လိုက်ရသည်။

တယောက်တည်းဆိုတော့ သူက စိတ်တွေပူကာ ... တမနက်လုံး ဖုန်းတခေါ်ခေါ် ။ ဒီလိုနှင့် မနက် ၇နာရီမှာ  ကားစထွက်သည်။ ၄၅ မိုင်မှာ ကားပျက်ပါသည်။ သို့သော် နောက်ကား တစ်စီး ၈နာရီခွဲ လောက်မှာ ရောက်လာသည်။ ပျက်သည့်နေရာက ဖုန်းလိုင်းမိတချက် မမိတချက်ဆိုတော့ ကိုယ်လဲ ဘာမှမတတ်နိုင်။ ထုံးစံအတိုင်း ၁၁၅ မိုင်မှာ ကားရပ်သည်။ သူနှင့် ထိုင်ခဲ့သည့် Feel ဘေးက ဆိုင်ကိုရောက်တော့ သူ့ကို သတိရစွာ ပြုံးဖြစ်လိုက်သေးသည်။ သူမပါသည့် ဒီခရီးသည် လွမ်းဆွတ်ဖွယ်အတိ။ ပီးတော့ တစ်ယောက်တည်းဆိုတော့ စိတ်လှုပ်ရှားစရာ ကောင်းသလိုလို။ ဒီတခေါက်တော့ Feel မှာပဲ ကားပေါ်မှာ သိခဲ့သော ဘေးက အန်တီတစ်ယောက်နှင့် အဖော်လုပ် စားခဲ့သည်။  ဒီလိုနှင့် သတ်မှတ်ထားသည့် အချိန်ထက် ၁နာရီလောက် နောက်ကျပီး မှ နေပြည်တော်ကို ရောက်သည်။ လမ်းမှာ သူ့ဖုန်း ၂ခါလာသည်။ ရောက်ခါနီးတော့ လာကြိုမည့် အမကို ဖုန်းဆက်လိုက်သည်။ ကိုယ်လဲ ကားဂိတ် အရောက် သူလဲ အရောက်။

စားခဲ့တာ..ကျန်တာတွေ စားပီးမှ သတိရတော့ မရိုက်ဖြစ်တော့ပါ။
နောက်တော့ အမက သူ့အိမ်ကို တည်းဖို့ပို့ပီး သူ့ကို ရုံး ပြန်ပို့ပေးသည်။ ကားကို ၄နာရီမှာ ပြန်လွတ်လိုက်သည်။ ကိုယ်က အိပ်သည်။ ရေမိုးချိုးသည်။ တီဗွိကြည့်သည်။ ၄ နာရီထိုးတော့ မနက်အတွက် ပြင်ဆင်ရမည့် အချက်တို့ကို မေးမြန်းရင်း အဲ့ဒီညက အခြားအန်တီအခန်းများမှ ထမင်းစားဖိတ်သော်လည်း အပြင်မှာ သွားစားခဲ့သည်။ Feel ထင်တယ်..။အရသာ မဆိုး။ ဗျူးမဆိုး။ ဆိုင်မှာလဲ လူအပြည့်။ နေပြည်တော်သည် အဲ့လိုနေရာတွေ တော့ စည်းကားသည်။ အိမ်ပြန်ရောက်တော့ မတွေ့တာ ကြာပီ ဖြစ်သည့် အန်တီများနှင့် စကားပြော။ အမနှင့်လဲ သတင်းပေါင်းစုံ ဖလှယ်ရင်း တညတာ ကုန်ဆုံးသည်။

ကားပေါ်က မြင်ရတဲ့ ရေကန်နှင့်အိမ်များ ညဖက်ကျလျှင် ရေကန်ကို မီးထိန်အောင်ထွန်းသည်
မနက်စောစော သွားဆိုလို့ ကားတစ်စီးနှင့် ကိုယ် ယောင် ချာချာ နိုင်ငံခြားရေးရုံး ရောက်သည်။ အဲ့သည်မှာ ပြောစရာ ဖြစ်သည်။ဌာနဆိုင်ရာ ကားတွေသာ အထဲထိဝင်လို့ရသည်။ ဆိုင်ကယ် ကယ်ရီနှင့်လာပါက ရုံးအထိ ရောက်ဖို့ တမျှော်တခေါ် လျှောက်ပေရော့။

 သိပ်စောနေတော့ ကားတွေတောင် သိပ်မတွေ့။ စောလှသည် ဆိုသော်လည်း ၈နာရီလောက်ပါ။ ကိုယ်က သိပ်စောနေတော့ မသွားချင်။ ဒီလိုနှင့် ကားပတ်မောင်းခိုင်းလိုက်သည်။ ၈နာရီခွဲကျော် ၉နာရီလောက်မှ လူအပြည့်နှင့် ဖယ်ရီများ အရာရှိကားများ ကိုတွေ့ရတော့သည်။ ကိုယ်လဲ နိုင်ငံခြားရုံးကို ပြန်ဝင်တော့ ကိုယ့်ထက်စောသူတွေ ၇ ယောက်မက ရှိသည်။ ဘာတွေလိုလဲ ဆိုတော့ ကျသင့်ငွေ ငွေသွင်းချလန် တဲ့။ ဟမ်... မှတ်ပုံတင်ကလဲ ၂ယောက်စလုံး မှတ်ပုံတင်ပါရမတဲ့..ဟမ်.... သူ့ဟာ ပါမလာဘူးဆိုတော့ ဘယ်လိုလုပ်ရပါ့။ ပျားတုပ်ပီ။ ခရီးကလဲ နောက်ကြောင်းပြန်လို့ ရတဲ့ အရာမဟုတ်။ဦးနှောက် ကို အလုပ်ပေး ဆိုင်ရာတွေကို အပူကပ်ဖို့ လုပ်ပေမဲ့ အခြေအနေက ရတက်မအေးဖွယ်။း(
ငွေသွင်း ချလန်က သူတို့ လုပ်ပေးမယ်။ အဲဒါဆို ဘယ်လောက်ပေါ့။ ဟုတ်တာပေါ့။ ကိုယ့်ဟာကိုယ် သွားမယ်ဆိုရင် ဆိုင်ကယ်ကယ်ရီခ အပြင် အသွားအပြန် လမ်းလျှောက် မောကြော..။ ဒါပေမဲ့ ကိုယ်က ကားပါတော့ ကိုယ်တိုင်သိအောင် လိုက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။အဲဒီမှာ အမ မှတ်ပုံတင် ထပ်ထားအမ နောက် ၁၀နာရီခွဲ ၁၁ နာရီလောက်ဆို ရမယ်ဆိုလို့ အဲဒီကနေ ဘဏ်ကိုထွက်လာခဲ့တယ်။

လက်ရှိ ပြဿနာက မှတ်ပုံတင် ကိစ္စ။ ကားကို ဘဏ်ဖက် ဦးလှည့်ပီး ကားပေါ်မယ် ကိုယ်တစ်ယောက်တည်း ပျားတွေ တုပ်နေတာ....။ ရန်ကုန်က အပူကပ်လို့ ရမဲ့သူများဆီ ဆက်နဲ့ နောက်ဆုံး သူ့အမေဆီပဲ ပြန်ရောက်တယ်။ သူ့ မှတ်ပုံတင်မပါရင် မရဘူးတဲ့။ ဟူးး... ဒါနဲ့ သူ့အမေက စကန်ဖတ်ပီး မေးလ်နဲ့ လှမ်းပို့ပေးတယ်။ ဘဏ်ကလဲ မဖွင့်သေးတော့ အတော်စောင့်ရတယ်။
အမယ်..ဒီတခါ ဘဏ်က ဝန်ဆောင်မှူ နဲနဲကောင်းလာသလားလို့..။ ကိုယ့်ကို အကုန် လာ ကူညီပီး ပြောဖြည့်ပေးတယ်။း) အဲ့ဒီမှာ ပိုက်ဆံသွင်းပီး ချလန်ရတော့ အင်တာနက် ဆိုင် ရှာပုံတော် ဖွင့်ရတယ်။ ရုံးကို လိုက်သွားရင် အဆင်ပြေပေမဲ့ မသွားချင်တော့ နေပြည်တော်မှာ ဆိုင်ပတ်ရှာနေတာ ... လမ်းတွေက သိပ်များလွန်းတော့ ကိုယ်တောင် အလွတ်ရကုန်တယ်။း))

ဟိုဆိုင်မှာ နက်မကောင်း ဒီဆိုင်မှာ နတ်ကျနဲ့ နောက်ဆုံး ကားဂိတ်နားက ဆိုင်မှာ အဆင်ပြေတယ်။ ဆက်ဆံရေးကလဲ ကျဲတောက်လိုက်တာ ပုံမှန် အချိန်ဆို ဝင်ဖြစ်မယ်မထင်ပေမဲ့ ပြေးကြည့်လို့မှ ဆိုင်မရှိတော့လဲ အဲ့ဒီမှာပဲ သူ့ကဒ်ကို ထုတ်ခဲ့ရတယ်။ ၅၀၀ ကျပ်တောင် ပေးခဲ့ရတယ်။ ဘယ်တတ်နိုင်မလဲ..ပေးပေါ့..နော်..။အဲဒီလိုနဲ့ ၁၀နာရီခွဲပီး ၁၁နာရီတောင်ထိုးတော့မှာ ဆိုတော့ ကားနဲ့ အမြန်ပြန်လာတော့ ကိုယ့်နာမည် ခေါ်နေပီ။ သူတို့တောင်းတဲ့ဟာ တွေ ပြ. မေးတဲ့ မေးခွန်းလေး ၂ခု ဖြေပေးပီးတော့ အသင့်လုပ်ပီးသား စာကြောင်းနဲ့ တံဆိပ်တုံးလေး တခု ထုပေးတယ်။ သြော်... အဲဒါလေးရဖို့ ရန်ကုန်ဆိုတဲ့ ရွှေမြို့တော် ကနေ ဒီအထိ ကားအဆင့်ဆင့်စီးပီး လာရတယ်တဲ့ဗျာ။ စဉ်းစားသာ ကြည့်ပါ။ အချိန်ကုန် ငွေပိုကုန် လူပန်း ။ အဲ့ဒီနားမယ် ကိုယ်လိုလာလုပ်သူတွေ က အဲ့ဒီမှာပဲစားပီး ညကားနဲ့ ရန်ကုန်ပြန်ကြရမှာ။ ကိုယ်ချင်းစာတတ်ရင် သိပ်ကောင်းမယ်။ မလိုလားအပ်တဲ့ အလုပ်တခုကို လုပ်နေရသလို ခံစားရတယ်။ ပြည်သူတွေကို တကယ် အဆင်ပြေ ချောမွေ့ စေချင်ရင် ..... ဒီလို မဖြစ်သင့်ဘူးလို့ ထင်တာပဲဗျာ။

ကိစ္စပီးတော့ ..ဘာလုပ်မလဲ..ဘယ်သွားမလဲ...။ အမက သွားချင်ရာသွားတဲ့။ ဆာဖာရီ သွား မလား ဝေး
တော့ ဝေးတယ်.. မသွားချင်။ ဒီလောက် ပူလောင်နေ တဲ့ နေ့လည် မှာ သေရ ချည် ရဲ့။  ရေပန်း ဥယာဉ် သွားမလားတဲ့။ နေအပူနဲ့တင် ဘယ်မှ မသွားချင် ကားပတ်မောင်းတော့ရော။ ဘာမှမရှိ။ ကုန်နေပီ။ အရင်ဦးဆုံး မောရှမ်းမှာ နေ့လည်စာ သွားစားတယ်။ စားပီးတော့ ဘုရားသွားမလား...ဘယ်ဘုရားလဲဆိုတော့..........ဥပန္တိယစေတီတဲ့။ နိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး ရန်ကုန်မှာ ရွှေတိဂုံ ဘုရားကြီးရှိတယ်။ ဒါနဲ့ အဲ့ဒီက ရှေးဟောင်းဘုရား ဆီရောက်တယ်။ ပီးတော့ ပျဉ်မနားဖက်ရောက်တယ်။ ပျဉ်းမနားဖက် အထွက်မှာ ဟော်တယ်တွေ ဆောက်လက်စတွေ ပီးပီးသားတွေ အစီအရီနဲ့ပေါ့ အဝေးကနေတော့ ဘုရားကို လှမ်းမြင်ရတယ်။ အမ Capital သွားမလားတဲ့.. ဟမ်... ရန်ကုန်က လာတဲ့သူက နေပြည်တော်မှာ ဘာဝယ်ရမှာလဲ..။ မန္တလေးတို့ မေမြို့တို့ဆို ဈေးဝယ်ဖို့ စိတ်ကူးဦးမယ်။ ရုပ်ရှင်ရုံကြီးလဲ တွေ့ခဲ့ပါ့။ နေရောင်အောက်မှာ အထီးကျန်စွာ ရပ်နေလေရဲ့။

ပေါင်းလောင်းစီမံကိန်း ဘေးက ဝင်းရသော ရှေးဟောင်း ဘုရားရှိရာ တောင်
တောင်ထိပ်က ဘုရား
ဒီလိုနဲ့ ပေါင်းလောင်းလမ်းက ပတ်ဝင်ရသော တောင်ပေါ်ရောက်တယ်။(တောင် နာမည် မမှတ်မိ)ပွဲတော်ရှိလျှင် အတော်စည်သည်ဆိုပဲ။တောင်ကလဲ အတော်မြင့်သား။

မောင်တထမ်း မယ်တရွက်

မောင်တထမ်း မယ်တရွက် ကျောက်စာ

ရွှေလှေငွေလှေ

ပေါင်းလောင်းမြစ် ကို လှမ်းမြင်ရသည့် တောင်ထိပ်

ရွှေလှေငွေလှေ ရှေ့က ထွက်ရက်ပေါက် ပုဂ္ဂိုလ်များ

  တောင်ပေါ်ကနေ ပေါင်းလောင်း ရေတမံကို မြင်ရတယ်။ အတိတ်ကို လွမ်းယောင်ရင်း သူငယ်ချင်းတွေကိုတောင် သတိရမိသေးတယ်။ သြော်..ခုတော့လဲ တကွဲတပြားစီ..။ 

လွှတ်တော်နားက ဘုရား
  ဒီလိုနဲ့အပြန် စောနေသေးတာနဲ့ လွှတ်တော် အနားက ရှေးဟောင်းဘုရားတစ်ဆူ ထပ်ဝင်ဖြစ်သေးတယ်။ ပီးတော့မှ ဈေးနားက လက်ဖက်ရည်ဆိုင်ထိုင် ဖြစ်တယ်။ အမရဲ့ ဈေးနေ့ဆိုရင်    စည်တယ်တဲ့ ။ ဈေးနေ့ ဆိုတာ ဈေးသည်တွေရဲ့ ဈေးနေ့ မဟုတ် ဘူးနော်။  ဈေးဝယ်သူတွေရဲ့ ဈေးနေ့။ ဘာလို့ဆို ဝန်ထမ်းတွေ ကို တပတ်တခါ ဖယ်ရီကားတွေ နဲ့ ဈေး လိုက်ပို့ ပေးရတယ်။ ဘာလို့ဆို.. သူတို့ခမျာ စီးစရာလဲ ကားမရှိ စက်ဘီးနဲ့ သွားရအောင်လဲ နေကပူ ဝေးကဝေးနဲ့ ဒီလိုမှ မပို့ပေးရင် ဝယ်ခြမ်းစရာတွေ ဘယ်လိုဝယ်ရမလဲတဲ့..။ ဆိုင်ကယ်ကယ်ရီကလဲ အမြဲ စီးရင် မွဲလိမ့်မယ်တဲ့။

ဒီလိုနဲ့ ၄နာရီခွဲမှာ ရုံးရှေ့သွားစောင့်နေလိုက်တာ... အမက ရုံးကနေအိမ်ပြန်ပီး အိမ်မှာစောင့်နေသတဲ့။ ဒီတော့ အိမ်ပြန်။ ကိုယ်ရေပြန်ချိုးပီး နောက်အမ တစ်ယောက်နဲ့ ထပ်ချိန်းထားတာ ဆိုတော့ ။ ကားက ၂စီးဖြစ်နေတယ်။ အပြန်ကို ဘယ်လိုလုပ်ကြမလဲ ဆိုပီး တစ်စီးထားခဲ့ပီး တစီးတည်းနဲ့ သွားကြတာ.. YKKO ဆိုင်။ အဲ့ဒီမှာလဲ လူအပြည့်ပဲ။ စားရင်းနဲ့ မတွေ့တာကြာတော့ အလုအယက် စကားတွေပြောကြတာ.. အပြန်ကျတော့ ရေပန်းဥယာဉ် ဝင်ကြတယ်။

ရောင်စုံမီးများနဲ့ ရေပန်း
 ရေပန်း ဥယာဉ်အဝင်ဝ
အပြင်မှာသာ လူသိပ်မရှိပေမဲ့ ဥယာဉ်ထဲမှာတော့ လူအချို့ရှိသား။ ရေပန်းဖွင့်ပီး ဆလိုက် ထိုးထားတော့ ရေပန်းထဲက သီချင်းသံနဲ့ ရုပ်ပုံက ကိုယ့်ကို ကြိုနေတယ်။ မပီပြင်ပဲ အဲ့နားတဝိုက် တအားမှောင်နေတော့ ကိုယ်လဲ သိပ်စိတ်မပါဘူး။ သူတို့ ခေါ်တဲ့နောက် လိုက်သွားတော့ ကြိုးတံတားတဲ့ လှုပ်လှုပ်နောက်မှာ လျှောက်ခဲ့သေးတယ်။ ပန်းခြံက လမ်းတလျှောက်လုံး လင်းနေတာလဲ မဟုတ်ဘူး။ လင်းတဲ့နေရာ မှောင်တဲ့နေရာဆိုတော့ လမ်းလျှောက်လို့ သိပ်အဆင်မပြေဘူး။ အတွဲတွေ အတွက်တော့ အဆင်ပြေမယ် ထင်တာပဲ။ နောက် မှောင်ရီဝိုးတဝါး လမ်းကနေ ရေတံခွန်ဆီရောက်တယ်။  လည်မယ်ဆိုရင် ရသေးပေမဲ့ ကိုယ်စိတ်သိပ်မပါလို့ ပြန်ခဲ့တယ်။ အဲ့ဒီနောက် ညဖက် ကားပတ် မောင်းလိုက်သေးတယ်။ ပီးတော့မှ အိမ်ပြန်လာတယ်။
ကြီုးတံတား










နောက်တနေ့ မနက်တော့ ရန်ကုန် ကို ပြန်လာတာပေါ့ကွယ်။ ဒီတခါတော့ ကားမပျက်ဘူး။း)

1 comment: