ကျနော့်မှာ
မှတ်ပုံတင်တစ်ခုရှိခဲ့ဘူးသည်။ ရန်ကုန်မြို့တွင်း တနေရာကို ကိုယ်စားပြုထားသည်။ ပြုလုပ်စဉ်ကတော့
၁၂ မှတ်ပုံတင်ဖြစ်မည်ထင်သည်။
သေချာမမှတ်မိ။
ဒီလိုနှင့် မှတ်ပုံတင်တွေ လဲတော့ အသက်
၁၈နှစ်ဖြစ်မည်ထင်သည်။ ဒါလဲ သေချာမမှတ်မိ။ မှတ်မိတာကတော့ ဖေဖေမှတ်ခိုင်းထားသော မှတ်ပုံတင်နံပါတ်
နှင့် အရေးကြီးသောပစ္စည်းတခု အဖြစ် သိမ်းထားရမည်ဖြစ်ကြောင်းသာ။ ဒီလိုနှင့် မှတ်ပုံတင်ကို
သေချာမကြည့်ဖြစ် မှတ်ပုံတင်နံပါတ်ကိုသာ အလွတ်ကျက်ပီး နိုင်ပြောင်းထားသည့် မှတ်ပုံတင်ကိုတော့
အရွဲ့တိုက်စိတ်နှင့် ခုချိန်ထိ သေချာ မှတ်မထားဖြစ်။
ဒီလိုနှင့်
ကိုယ့်အသက်လဲ တဖြည်းဖြည်းကြီးလာသလို မှတ်ပုံတင်လေးလဲ ခရီးသွားတိုင်း ကိုင်တွယ်ရတော့
သူလဲ အသက်လေးရလာသည်ထင့်။ ဒီတော့ သူများတွေလို အသစ်လဲချင်လို့ သွားမေးတော့ လဲစရာမလိုတဲ့။
ရိုးလိုက်မိတဲ့ ကိုယ်ကလဲ ဒီအတိုင်းလှည့်ကာ ပြန်ပီး ကိုယ်တိုင်လဲ ခရီးသွားချိန်မှလွဲ၍
မသုံးဘူးဆိုတော့ စိတ်လျှော့လိုက်သည်။ မှတ်ပုံတင်ထဲမှ ပုံက ဆယ်ကျော်သက် ယခု ကိုယ့်အသက်က
ဘယ်လိုမှ ဒီပုံကို မပံ့ပီုးနိုင်တော့ဘူး (ဒါမဲ့ ကိုယ့်အသက်က အမြဲ ၂၅ နော်)။ ပုံကိုကြည့်ပီး
ဒါ ကိုယ့်ကလေး မှတ်ပုံတင်လား ဟု အပြောခံရသည့် အခါ လဲရှိသည်။ သို့သော်..သူတို့မှ လဲမပေးတော့
ကိုယ်ကလဲ အနေသားကြီး မဟုတ်လား။ မှတ်ပုံတင်ပါအကြောင်းအရာ သည် ကိုယ်နဲ့မဆိုင်ဘူးဟုပင်ထင်ထားမိတော့
နံပါတ်ကလွဲပီး ကျန်တာ ဘာမှမစစ်ဆေးမိ။
ဒီလိုနှင့်
ကိုယ့်အလုပ်ကနေ နိုင်ငံရပ်ခြားထွက်တော့လဲ ဒီပြဿနာမရှိသေး။ မရှိဆို ကိုယ်က ယခင်က အစိုးရအရာထမ်းတယောက်ဖြစ်ခဲ့ဘူးသည်လေ။
ဒီတော့ မှတ်ပုံတင်က နံပါတ်ရှိရင် အလုပ်
ဖြစ်သည်။
ပြဿနာအစ က လာပါပီ။ ကိုယ်အလုပ်ထွက်ပီး
နိုင်ငံခြားပြန်ထွက်မည်ဆိုတော့မှ မှတ်ပုံတင် ပြဿနာတက်ပါတော့သည်။ ဒါလဲလေ… ဖြေရှင်းနည်းမျိုးစုံ
ရှိသည့် သကာလ ဘာပြဿနာမှ မဖြစ်။ အေးအေးဆေးဆေးပဲ အားလုံးမှန်မှန်ကန်ကန် ဒေတာများနှင့်
ကိုယ့် နိုင်ငံသားစာအုပ်ကို ကိုင်နိုင်ခဲ့သည်။ မှန်မှန်ကန်ကန် လုပ်ဖို့တော့ နိုင်ငံတော်က
သတ်မှတ်ထားသည့် အခွန်ကိုတော့ ထမ်းဆောင်ခဲ့ရသည်ပေါ့။ သိန်းထားသော ၅၀ကိုတော့ လျော်ကြေးအဖြစ်
ပေးခဲ့ရသည်။ထိုပမာဏသည် ပညာရေး ရန်ပုံငွေထဲဝင်သွားသည်လို့သိရတော့ ၀မ်းသာမိပါသည်။ မှတ်ပုံတင်ကိစ္စက
ဒီတွင်ပီးသွားပီဟုထင်ခဲ့သည်။ ကိုယ့်အတွက် ဒါလဲ အရေးမကြီးသေးဘူးလေ..။ (ဇာတ်ကြောင်း ပြန်ဆက်တော့မယ်။ ဘယ်ရောက်သွားပါလိမ့်)
သြော်..ပြန်ဆက်ရရင်
ကိုယ်နိုင်ငံခြား ရောက်မှပဲ မှတ်ပုံတင်မိတ္တူကို အကြောင်း တစ် ခုကြောင့် ပြန်ကြည့်မိတယ်။
ဟာ..ငါ့ မှတ်ပုံတင်က ဘာကိစ္စ မွေးနေ့မှားနေတာလဲ????မှားတာကလဲ ဘာမှ သိပ်မကွာဘူး။ မှတ်ပုံတင်မှာ
၂ ရက်စောနေတယ်။ အိုး..ဒါနဲ့ ကမန်းကတန်း အိမ်ကို ဖုန်းကောက်ဆက် သမီး မှတ်ပုံတင်ကြီး
မှားနေတယ်လို့ပြောလိုက်တော့ အိမ်ကလူတွေလဲ အဲဒီတော့မှ ကိုယ့်မှတ်ပုံတင် မှားနေမှန်းသိတယ်။
ဇာတ်လမ်းအစက အဲ့မှာစတာ။
မြန်မာပြည်ပြန်တော့လဲ
ဟိုအိမ်ဒီအိမ်ကူး နေပေမဲ့ မှတ်ပုံတင်ဆိုတာကို
ပြင်ဖို့ စိတ်တောင်မကူးမိဘူး။ ကိုယ့်လက်ထဲ နိုင်ငံကူးခွင့်စာအုပ်ပိုင်နေပီပဲ ဘာလုပ်မလဲ
။ အချိန်ကုန်တယ်ပေါ့။ ကိုယ်ပေါ့ပေါ့လေး တွေးလိုက်မိတယ်။ မှတ်ပုံတင်နဲ့ ပက်သက်ပီး ဘဝမှာ
တခါမှ အခက်အခဲ မဖြစ်ဖူးသေးဘူးကိုး။ ဒီလိုနဲ့ အချိန်တန်တော့ ဆံထုံးနောက် ယောင်မလိုက်နိုင်သေးတော့
ယောင်နောက်ဆံထုံးပါလေတော့ ဒီနိုင်ငံ ဗီဇာလျှောက်ရတော့တာပေါ့။
တွေ့ပါပီ ပြဿနာ။ အခုမှ
ဇာတ်လမ်းစတာ။ အင်မတန် ရစ်တတ်တဲ့ ဂျပန်သံရုံးနဲ့ တွေ့ကြတာပေါ့။
အဲ့ဒီအကြောင်း
မရေးခင် ကိုယ် ဂျပန်ဝင်ဖို့ ဂျပန်ဘက်ကနေ ဗီဇာ လျှောက်တဲ့ အကြောင်း ဖြတ်ပြောမှ ဖြစ်မယ်။
အမှန်က ကိုယ်က ဒီနိုင်ငံမှာ မနေချင်ဘူး။ ကိုယ်တို့ရည်ရွယ်ချက်က တခြားတိုင်းပြည်ကို
သွားဖို့ရည်ရွယ်ထားကြတာဆိုတော့ ကိုယ်တို့၂ယောက်မှာ ဂျပန်နိုင်ငံလာဖို့ ဘာအစီအစဉ် မှ
မရှိဘူး။ ဒီတော့ သူလဲ လက်ထပ်ပီး အချိန်တန်လို့ ပြန်သာသွားတယ် ကိုယ်နဲ့ပက်သက်တဲ့ ဘာစာရွက်စာတမ်းမှ
သယ်မသွားသလို ကိုယ်လဲ သူ့နဲ့ပက်သက်တာ ဘာမှမယူထားတဲ့ ၂ယောက်ဆိုတော့ ပြဿနာ တွေ့တာတောင်နဲသေးလို့
ပြောမှာ။း)
သူလဲသွားရော
ကိန္နရာချောင်းခြားဇာတ်လမ်း စပါလေရော။ မနက်တစ်ခါ ၊ နေ့လည်တစ်ခါ၊ ညတစ်ခါ အိမ်ကလူတွေ အမြင်ကပ်
လောက်အောင် ဖုန်းဆက်။ တခါတလေ အင်တာနက်မှာတွေ့တာတောင် အားကို မရပါဘူး။ နှစ်ဖက်သော မိဘများကလဲ
တူတူရှိနေတုန်းက ဘာမှမပြောကြပေမဲ့ အဝေးရောက်သွားတော့မှ လင်နဲ့မယားဆိုတာက အစချည်လို့…
တူတူနေတာကောင်းတယ်ဆိုပီး နားချကြတာပေါ့။ နားချတယ်ဆိုလို့ သိပ်အထင်မကြီးပါနဲ့ဦး သူတို့ပြောတဲ့
စကားတောင် မဆုံးသေးဘူး။ လိုက်သွားမယ်လို့ ပြောဖြစ်တယ်။ သူ့ကိုလဲ လိုက်လာတော့မယ်ဆိုတော့
၂ယောက်သား လုပ်ကြရပီပေါ့။ ဒါနဲ့ သူက အဲ့ဖက်က လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်းတော့
ကိုယ်လဲ ခပ်တည်တည်ပဲ register တွေလုပ်ပီး မန္တလာချမ်းကနေ ပို့လိုက်တာပေါ့။ သူကလဲ ရောက်လာတဲ့
စာရွက် တွေကို သေချာမစစ်ဆေး(ကိုယ့်ကိုယုံလိုက်တာနေမှာ..နောက်မှ ကိုယ်ဆိုတာ အတော်ရှမ်းမှန်း
သူ့ခမျာ သိသွားတာ)ပဲ ခပ်မြန်မြန်ပဲ တင်လိုက်ပါလေရော..။
အဲဒီမှာ ဗီဇာ
လျှောက် ရင် ကွာခြားတာတွေ ထပ်သိလာရပြန်ရော။ အလုပ်ဗီဇာနဲ့သူ၊ ကျောင်းသား ဗီဇာနဲ့သူတွေဆိုရင်
၁လကနေ ၃လပဲ ဗီဇာလျှောက်ရင် ကြာတယ်တဲ့။ သူ့ဗီဇာကျတော့ အနဲဆုံး ၃လကနေ ၄လ အထိကြာတယ်ဆိုပဲ။
ဒီလိုနဲ့ ကိုယ်တို့လဲ အေးဆေးပေါ့။ တင်ထားတယ်။ ကျရင်သွားမယ်ဆိုတဲ့ ပုံစံနဲ့နေလာလိုက်တာ။
ဗီဇာကျမဲ့ရက်နီးလာတော့ သူလဲမရိုးမရွ ကိုယ်လဲမရိုးမရွတွေဖြစ်လို့ပေါ့။ သူက ပိုဆိုးတာပေါ့။
လဝကရုံးလဲ ဖုန်းတွေဆက်တော့ ဟိုကလဲ ပြောလို့မရသေးပါဘူးဆိုတဲ့ အဖြေကလွဲလို့…ဘာမှမသိရ။
သူ့ခမျာ အလုပ်က အပြန်ဆို စာရောက်နေပလား ကြည့်ရတာ အမော။ ဒီလိုနဲ့ ၃လခွဲအကြာမှာတော့ စာရောက်လာပါတော့တယ်။
ရင်ခုန်စွာနဲ့ ဖွင့်ဖတ်လိုက်ချိန်မှာတော့… မျှော်လင့်မထားတဲ့ အဖြေဖြစ်တဲ့ reject ပါတဲ့။
ဖြစ်ပုံက ကိုယ် notary လုပ်ပေးလိုက်တဲ့ သူ့နာမည် စာလုံးပေါင်းက အမှားကြီးပါတဲ့။ ဒါ့ကြောင့်
စာလုံးပေါင်း အမှားဟာ တသက်စာ အမှားဖြစ်တဲ့အတွက် လိမ်တယ်လို့ ယူဆပါသတဲ့။ ဒါကြောင့် လုံးဝအဆိုတင်သွင်းတာကိုလဲ
လက်မခံတော့ပါဘူးတဲ့။ လက်ခံရင်လဲ သူတို့ rule အတိုင်းလုပ်ရင် နောက်ထပ် ၆လကနေ ၁နှစ်အထိ
ကြာမှာပါတဲ့။
ဒီလိုနဲ့
ကိုယ်တို့တွေ ရှေ့နေငှားဖြစ်ပါတယ်။ ရှေ့နေက မြန်မာပြည်လာမယ်။ သူပြန်လာရင် အလည်အပတ်ဗီဇာနဲ့
ရအောင်ခေါ်ခဲ့ပေးမယ်။ ဒီရောက်တာနဲ့ ဗီဇာပြောင်းလို့ရအောင် လုပ်ပေးမယ်။ ဘာမှ လိမ်ထားတာ
မဟုတ်တဲ့ အတွက် အမှန်အကန်တွေပဲ ဖြစ်အောင် လုပ်ပေးမယ်ပေါ့။ ဒီလိုနဲ့ ရှေ့နေမလာခင် လိုအပ်တဲ့
စာရွက်စာတမ်းတွေပြင်ပေါ့။ ဒီအခါ ရှေ့နေပါလာတော့ နည်းစနစ်တွေ ဘာတွေတော့ ကျလာတာပေါ့လေ။
အဲ့ဒီတော့ ကိုယ် လက်ထပ်စာချုပ်ရယ် ပုံစံ၁၀ ကို endorsed လုပ်ဖို့ နေပြည်တော် ဆိုတဲ့
လူမရှိပဲ မီးတွေလင်းနေတဲ့ မြို့ ကိုရောက်ခဲ့တယ်။ (နောက်မှ နေပြည်တော်သွား တောလားကိုရေးတာပေါ့)
ဒီလိုနဲ့
ရှေ့နေမလာခင်မှာပဲ စာရွက်စာတမ်းတွေ တော်တော်စုံနေခဲ့ပီ။ သူလာတော့ သွားတွေ့။ ရှေ့နေအိမ်ကို
သွားတွေ့ရတော့ သူကလဲ စိတ်မချ။ ဒါနဲ့ သူက ရှေ့နေကို ရစ် တော့ ရှေ့နေလဲ ကိုယ့်တို့နဲ့
နီးတဲ့ဆီပဲ လာတွေ့ရတယ်။ အဲ့ဒီမှာ ရှေ့နေကို မှတ်ပုံတင် ကိစ္စပြောတော့ အဲ့ဒီဟာ ပြဿနာ
တက်နိုင်တယ်ဆိုတော့ ဒါဆို မွေးစားရင်းနဲ့ ကျန်တဲ့ စာရွက်စာတမ်းတွေ ကို notary လုပ်ပီး
ပြင်ဆင်တာပေါ့။ ရှေ့နေက နဲနဲစိတ်ပူတာ အဲ့ဒီကိစ္စပဲ။ စာရွက်တွေ စုံတော့ ဘယ်နေ့တင်မလဲ
ရက်ရွေးပီး တင်မဲ့နေ့မှာ ဖြည့်ရမဲ့ ဖောင်ကို ကိုယ့်ဘာသာကိုယ်ဒေါင်းလုပ်လုပ်ပီးဖြည့်ဆိုလို့
သူက ရှေ့နေကို ဒေါသတွေထွက်ပီး ပြဿနာရှာတော့ ရှေ့နေလဲ ည ၁၂နာရီလောက်ဖုန်းဆက်ပီး တင်မဲ့နေမနက်
western park မှာတွေ့မယ်ဆိုပီးချိန်း။ စာရွက်စာတမ်းမှာ ဖြည့်တဲ့ဟာကို သူက စစ်ပေးပေါ့။
အမှန်ဆို ရှေ့နေပါ သံရုံးထဲဝင်လိုက်ပေးရမှာ။ ဆရာသမားက သံရုံးကလူကို ပြဿနာရှာထားတော့
သူလိုက်လို့မရတာ။ ချစ်ချစ်က နောက်မှသိတော့ ရှေ့နေကို ထပ်ရစ်။ ပတ်လည်ကတော့ ရိုက်နေတာပေါ့။
ဘာပဲဖြစ်ဖြစ် ဗေဒင်အချိန်အခါ အရ တင်ဖြစ်ပါတယ်။
တင်လဲတင်ရော….
တွေ့ပါပီ။ ကမ္ဘာ့အရစ်ဆုံး မြန်မာပြည်က ဂျပန်သံရုံး။ မသွားခင်ထဲက ရှေ့နေက သင်ထားတယ်။
ဗီဇာတင်တဲ့နေရာမှာ တင်ခွင့်ရခြင်း ပယ်ချခံခြင်းက အထဲက ဂျပန်ကောင်ဆယ်လာ မလုပ်ခင် အပြင်က
မြန်မာမတွေ လုပ်တာဆိုတာတွေ။ တအားရစ်တာတွေ။ မျက်ရည်ပေါက်ပေါက် ကျအောင် ဘေးကျပ်နံကြပ်ဖြစ်အောင်
လုပ်တာတွေ။ ပါဝါပြတာတွေ အစရှိတာတွေကို စုံနေအောင် ပြောပြထားခဲ့တယ်။ ဒါ့ကြောင့် သူ စိတ်တိုလွန်းအားကြီးလို့
မှန်ကို ရိုက်ခွဲပစ်ဖူးလို့ သူ့ကို ဝင်ခွင့်ပိတ်ထားတာတဲ့။ လူလဲ ပင်ပန်းလိုက်တာဆိုတာ..စိတ်ပန်းလူပန်း
အိမ်ကလူတွေလဲပင်ပန်း၊ ချစ်ချစ်မားသားကြီးလဲ ဆုတွေတောင်း ဗေဒင်မေး ယတြာ လုပ်ရတာ ပင်ပန်း။ ကာယကံရှင် ဆိုတာ
ပြောတောင်မပြောပါနဲ့။ ချစ်ချစ်ကလဲ ဂျပန်ကနေ စိတ်တွေပူပေါ့။
ဒီလိုနဲ့ တန်းစီစောင့်နေရင်း
ကိုယ့်အလှည့် ရောက်လာရော။ ကိုယ်ကအဲ့မိန်းမ (နာမည်ကြီးပေါ့ စူပါ့စူပါ့ ရစ် .. ဗမာ အချင်းချင်းညစ်တဲ့နေရာမှာ)
နဲ့ မတွေ့ချင်လို့ ပတ်ရှောင်ပေမဲ့ မရပါဘူး။ သူနဲ့ပဲထိပ်တိုက်။ ဘယ်ရမလဲ ကိုယ့်မှာလဲ
ဘုရားစာကိုပဲ တတွတ်တွတ်ရွတ်ထားတဲ့ အရှိန်ရှိတယ်။ နောက်မှာ ၂အိမ်တောင် ဆုတောင်းပေးနေမဲ့သူတွေ
ရှိတယ်။း)သူကို ကိုယ်ကြည့်နေတာ ရှေ့ကလူတိုင်း ဘယ်လောက် အသက်ကြီးကြီး သူက ဟောက်နေတော့တာပဲ။
ကိုယ်တွေက လိုတဲ့ စာရွက်တွေ စီပေးထားပေမဲ့ သူပြောတဲ့ အချိန်မှာ သူတောင်းတဲ့ စာရွက်
၁ရွက်ချင်းထုတ်ပေး Original တောင်းရင် ပေး နဲ့ပေါ့။ သူ့ရှေ့ရောက်မှ စီထားတဲ့ဟာတွေကနေ
သူတောင်းသလို လုပ်ရတော့ အနဲနဲ့အများတော့ ကြာမှာပေါ့။ စာရွက်တွေအားလုံးက အရေးကြီးတာတွေကြီးပဲဟာကို။
အဲဒါကို ရှင်တို့က
အစထဲက လုပ်လာတာမဟုတ်ဘူး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ စဉ်းစားကြည့်လေ..လိုတာတွေကို အစီစဉ်တကျစီထားတာကို
လက်မခံပဲ သူလိုတဲ့ဟာ ဟိုဖောက် ဒီဖောက်တောင်းတော့ ပေးရတဲ့သူက တစ်ယောက်တည်း တင်ရတဲ့နေရက
ကျဉ်းကျဉ်းကို။
ဒီလိုနဲ့ ကိုယ့်အလှည့်ရောက်လာတာပေါ့။ ကိုယ့်ကိုလဲ ဟိုတောင်း ဒီတောင်း။
ကိုယ်ကတော့ ရှေ့နေက စီထားပေးပေမဲ့ သူတောင်းသလို ပေးရတော့ သိပ်တော့ အဆင်မပြေဘူးပေါ့။
အဲ့ဒီမှာ မှတ်ပုံတင် ပြဿနာတက်ပါလေရော။ ကိုယ်ကပြောတယ်။ မွေးစားရင်းမှာ ကြည့်ပါ။ အခြား အောင်လက်မှတ် တွေမှာ
ကြည့်ပါ။ ဖြစ်ချင်တော့ ကိုယ့်မှာ ဒီနိုင်ငံက အောင်လက်မှတ်တိုင်းမှာလဲ မွေးနေ့က အဲဒါပဲ။
ဒါကို ဆရာမ က လုံးဝ လက်မခံဘူး။ ပြန်ယူသွားပီး မှတ်ပုံတင် အသစ်ပြန်လုပ် ပီးမှ ပြန်လာခဲ့တဲ့။
ကိုယ်ကလဲ ရှေ့နေက ကိုယ့်ကို သင်လွှတ်လိုက်တယ်။ ဘယ်လိုအကြောင်းကြောင့်နဲ့မှ ပြန်မလှည့်နဲ့
မယူနဲ့တဲ့။ ဒီတော့ ကိုယ်ကလဲ အတိုက်အခံပြောတယ်။ ကိုယ်ဒီမှတ်ပုံတင်နဲ့ပဲ ဟိုနိုင်ငံမှာနေ
ဘွဲ့တွေရခဲ့တာပဲ။ မွေးစားရင်မှာလဲ အသေအချာပဲ မှတ်ပုံတင် သူ့ဟာသူ့မှားတာ လက်ခံသင့်တယ်။
ကျမကတော့ ပြန်မယူသွားနိုင်ဘူး. တခုခု ဖြစ်အောင်လုပ်ပေးပါဆိုပီး နေရာက မခွါတမ်းပေါ့။
မှတ်ပုံတင် အသစ်ပြန်လုပ်လို့ မရလို့ ဒီလို မွေးစားရင်း တွေဘာတွေ ပြင်ဆင်လာတာဆိုပီးပြောရတာပေါ့။
တကယ်လဲ မှတ်ပုံတင်ရုံး သွားပီးသွားပီ။ သူတို့က လုံးဝ မပြင်ပေးနိုင်ဘူး ဆိုတဲ့အဖြေကလွဲလို့
ဘာမှမပေးဘူး။ ဒီမှာ ဒါဆိုရင်လဲ လဝက က မှတ်ပုံတင်အသစ်
မလုပ်ပေးနိုင်ကြောင်း ထောက်ခံစာ ကို နောက်နေ့လာပေးတဲ့။ (ဟာ…စိတ်ထဲက သိလိုက်တယ်။ ဘယ်လိုမှ
မဖြစ်နိုင်တဲ့ ကိစ္စ) ဒါပေမဲ့..ဟုတ်ကဲ့ လာပေးပါ့မယ်ဆိုပီး ပြောတော့မှာ ၁၂ ရက်နေ့ တင်တာ
၁၆ ရက်နေ့လာခဲ့ဖို့ စာထုတ်ပေးတယ်။ ဗီဇာတင်ပီးတော့ ရင်ထဲက အလုံး ၁လုံးကျသွားတယ်။ သံရုံးအထွက်မှာ
အိမ်ကိုချက်ချင်းပြေး မှတ်ပုံတင်ရုံးသွားဖို့ ပြင်ရတယ်။ ဖြစ်ချင်တော့ ကိုယ်က အိမ်ကနေ
သူ့အိမ်လိပ်စာပြောင်းထားတော့ အလုပ်ကို ပိုရှုပ်တာပေါ့။
ဒီတော့ အရင်ဆုံး
ပုံစံ၁၀မူရင်းလိပ်စာကိုသွား အကျိုးအကြောင်းပြောပြတော့ သူတို့က လိပ်စာသစ်ကို ပြန်သွားပေါ့။
သွားရပါတယ်။ သြော် အဲလို မသွားခင် ပြောရပါဦးမယ်။ အဲ့ဒီဌါနက တပွင့်နဲ့သူက ကိုယ့်ဘာသာ
အမှားဖြည့်တာ ကျမတို့ရုံးက မမှားဘူးတဲ့။ ဒါကို အစထဲက မသိဘူးလားတဲ့ အပြစ်ပြောတာ ခံခဲ့ရပါတယ်။
ကိုယ်တို့ကလဲ အဲ့အချိန်က အရမ်းငယ်တော့ အရေးကြီးမှန်းလဲ မသိတော့ နံပါတ်ကလွဲလို့ မဖတ်မိဘူးလို့ပြောမိတယ်။
အဲ့ဒီကနေ လိပ်စာသစ်ဌာနကို ရောက်တော့ ခပ်ဝဝ နဲ့တပွင့်က ဘာပြောလဲဆိုတော့ လုံးဝ မဖြစ်နိုင်ဘူး။
အသစ်လဲ လဲမပေးနိုင်ဘူး။ လဲမပေးကြောင်းထောက်ခံစာလဲ မပေးနိုင်ဘူးဆိုပီး မျက်နှာထားတင်းတင်းနဲ့
ပြောလေရဲ့။ ကိုယ့်ဘာသာ ကိုယ်မှားဖြည့်တာ ဒီရုံးလာ အမှုပတ်တယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့။
အဲဒီလူကို ရန်ဖြစ်ချင်လိုက်တာ တအား။ မမက လက်ကုတ်ပီး အတင်းဆွဲလို့သာ။
ဒီလိုနဲ့
တခြားတပွင့်နဲ့ လူက ညီမတို့.. မြို့နယ်မှူးနဲ့ဝင်တွေ့လိုက် အဆင်ပြေအောင် လုပ်ပေးလိမ့်မယ် ဆိုတော့
မြို့နယ်မှူးကို တွေ့ဖို့စောင့်ရင်း မမက ဘာရယ်မဟုတ် ရုံးခန်းထဲက ဆိုင်းဘုတ်မှာ
မှတ်ပုံတင်ပြင်ဆင်ခွင့်နှင့် ပက်သက်ပီး
လိုအပ်သည့် စာရွက်စာတမ်းဆိုတာကို စာအုပ်မှာ ကူးလိုက်တယ်။ ကိုယ်ကလဲဖတ်မိတယ်ဆိုတော့ မှတ်ပုံတင်ဆိုတာ
ပြင်လို့တော့ ရတာပဲဆိုတဲ့ အသိရှိသွားတယ်။ ။ အကျိုးအကြောင်းကို မြို့နယ်မှူးနဲ့ပြောပြတော့။
သူကသဘောကောင်းပါတယ်။ အမျိုးစုံ ရှင်းပြတယ်။ ဘယ်လိုမှ မကူညီနိုင်ဘူးတဲ့။ အမိန့်ထုတ်ထားတယ်တဲ့။ဒါဆို
ထောက်ခံချက်လေး လုပ်ပေးပါ ဆိုတာတောင် မရဘူး။ လူလဲ မျက်နှာငယ်လေးနဲ့ပေါ့။ ဘယ်လိုမှ မကူညီနိုင်တော့ဘူး
ဆိုရင်လဲ အတတ်နိုင်ဆုံး ဘာမှလုပ်ပေးနိုင်မလဲ စဉ်းစားပေးပါဆိုပီး ဘဝမှာ ပထမဆုံး အသနားခံခဲ့ရသည်ပေါ့။
သူလဲ ညစ်နေတဲ့ပုံပေါ့။
အဲ့ဒီမှာ
ခေါင်းထဲ အလင်းတန်းတစ်ခုဝင်လာတယ်။ ဦးရယ်..ဒါဆိုရင် နိုင်ငံသားတွေအတွက် မှတ်ပုံတင်အသစ်ပြင်ရင်
လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကို အပြင်မှာ ဘာလို့ကပ်ထားတာလဲလို့ မေးတော့တာပေါ့။ ဒီမှာ
သူက ဘာလဲ..ဘယ်မှာလဲဆိုတော့ ဦးရုံးအပြင်မှာ ရေးထားတာလေ ဆိုတော့ သူအပြင်ထွက်ကြည့်တယ်။
ဒါက ဘယ်လို လူမျိုးတွေ အတွက်လဲလို့ ကိုယ်လဲမေးမိတယ်။ ဒီမှာ သူလဲ ကိုယ့်ကို နဲနဲဖြုံသွားတယ်ထင်တယ်။
ချက်ချင်း သူ့ထက် ကြီးတဲ့သူ ဆီ ဖုန်းကောက်ဆက်တော့ ဟိုက လဲပြောတယ်။ သူသိပ်မသိဘူး ဒါပေမဲ့
အဲ့ဒါ ဝန်ထမ်းနဲ့ ကျောင်းသားအတွက်ပဲတဲ့။ ဒီတော့ ကိုယ် အကွက်ပိုတွေ့သွားတယ်။ ဟင်..ဒါဆို
ဝန်ထမ်း မဟုတ်သူ နဲ့ ကျောင်းသား မဟုတ်တော့တဲ့သူက နိုင်ငံသားတွေ မဟုတ်တော့ဘူးလား။ ဒါဆို
သမီးလိုမျိုး နိုင်ငံသားတွေက ဘဝမှာ တသက်လုံး မှတ်ပုံတင် အမှားကို ကိုင်နေရတော့မှာလား လို့
ပြန်မေးလိုက်တယ်။ ဒါဆို သမီးတို့နိုင်ငံက သမီးတို့ကို မတရားဘူးထင်တယ်လို့ပါ ဆက်ပြောလိုက်တော့
သူလဲ ဘာပြန်ပြောရမှန်း သိပုံ မရဘူး။ ဒါနဲ့ပဲ သူက ခုနက အထက်လူကြီးနဲ့ ဖုန်း ထပ်ဆက်တော့
နောက်လူတစ်ယောက်ကိုမေးကြည့်ဆိုတော့ နောက်လူတစ်ယောက်နဲ့တွေ့တော့မှ နိုင်ငံသား
အစစ်အမှန်ဆိုရင်
နိုင်ငံသားခံစားခွင့်အတိုင်း မှတ်ပုံတင် ပြင်ခွင့်ရှိတယ်တဲ့။ ဒီလိုနဲ့..မှတ်ပုံတင်
ပြင်ဖို့ အဆင်ပြေသွားတယ်။ ဒါဆိုရင် သမီး ဒီမှာ မှတ်ပုံတင် အသစ် လျှောက်ထားဆဲ ဖြစ်ကြောင်း
ထောက်ခံချက်လေးရေးပေးမှာလားဆိုတော့..ဘာထောက်ခံချက်မှ မရေးပေးဘူး။ ဒါမဲ့ ဒီရုံးကနေ ရုံးစာနဲ့ထွက်အောင်
ချက်ချင်းတော့လုပ်ပေးမယ်။ ဒါကိုပဲပြပေါ့ဆိုတော့.. အဲ့ဒီစာကို ယူပီး ကိုယ့်ရဲ့ မှတ်ပုံတင်စ
လုပ်တဲ့ ရုံးကိုလာ..လူမရှိတော့အဲ့ဒီနေ့က အဆင်မပြေဘူး။
ကိုယ်ကတော့
မနက်အတွက် စီမံကိန်းဆွဲရတယ်။ ရဲစခန်းထောက်ခံချက်လဲ လိုတယ်ဆိုတော့ ညဖက် ယောက်ခမအိမ်
သွားအိပ်ရမယ်။ ဒီတော့ မနက်ကို မမက သမီးက ယောက်ခမ
အိမ်ကနေ ဟိုရုံးသွားပီးရင် မြို့ထဲသွားပီး notary လုပ်မယ် ပီးရင် သံရုံးသွားမယ်ပေါ့။
မမက အိမ်ကလာ ဒီရုံးမှာတွေ့မယ်။ လူကြီးကို ကန့်တော့မယ် စီစဉ်ထားတာ။ ဒီလိုနဲ့ ည ၇ နာရီမှာ
ယောက်ခမအိမ်သွား မနက်ကျတော့ ချစ်ချစ်အဖေက ရုံးမသွားခင် ရဲစခန်းလိုက်ပို့ ပီးတော့ ရုံးအသွားမှာ
ဝင်ချပေးထားတယ်။ တော်သေးတယ် စောသွားတော့ မြို့နယ်မှူးက ကွင်းဆင်းတော့မှာ ..ဒါနဲ့ လိုအပ်တာ
ထပ်လုပ်ပေး ရိုက်စရာရှိတာ ဖြည့်စရာရှိတာတွေ လုပ်ပေးရင်း သွားတော့မှာ ဆိုတော့ မမကိုဖုန်းဆက်ခေါ်တော့
ချက်ချင်းရောက်လာတယ်။ လူကြီး မသွားခင် ကျေးဇူးတင်ကြောင်း အခါခါပြောပီး ကန့်တော့လိုက်တယ်။
(ဘဝမှာ ဒီတခါ ကန့်တော့ရတာ အတန်ဆုံးပဲ)စိတ်ပါ လက်ပါကို ကန့်တော့မိတာ။ လက်နှိပ်စက်ရိုက်တဲ့
ဦးလေးကြီးတွေ ကူညီသူမှန်သမျှ မလပ်စေရပါဘူး။ လုပ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ရဲစခန်းထောက်ခံစာနဲ့
စာရွက်စာတမ်းတွေစုံတော့မှ ပထမဆုံး သူ့ရုံးကနေ
ရုံးဖိုင်တွဲနဲ့ သက်ဆိုင်ရာ မြို့နယ်ရုံးကို သွား။ အဲ့မှာ တခါစောင့် ရတော့ ဒီဖက်ရုံး
ပြန်လာ။ တော်သေးတယ်.. မြို့နယ်မှူးက အပြင်ထွက်ခါနီးဆိုတော့ လိုတာတွေ ဖောင်ဖြည့်ဖို့ပြော
ပီး သူက လက်မှတ် အရင်ထိုးပေးထားပေလို့ ကိုယ်ရောက်တော့ သူမရှိဘူး။ အဲ့ဒီက စာရွက်ရမှ
မမက ဟိုဖက်ရုံးပြေး ကိုယ်က စီစဉ်ထားတဲ့အတိုင်းလုပ်နဲ့ နောက်ဆုံး သံရုံး ပိတ်ကာ နီးလေး
ရောက်ပီး တောင်းထားတဲ့ စာရွက် လာပေးတာပြောပီး….ဟူးးးးးးကနဲ သက်ပြင်းချဖြစ်တယ်။ ကိုယ့်ဖက်က
တာဝန်ပီးပီ။
၁၆ ရက်နေ့ကို
ရင်ခုန်စွာနဲ့ စောင့်ပေါ့။ မတ်လ ၁၄ ရက်နေ့… ကိုယ့်မှာ မှတ်ပုံတင်ကိစ္စနဲ့ အလုပ်တွေ ရှုပ်ပီးတော့
ဂျပန်မှာ တင်ထားခဲ့တဲ့ မှားနေတဲ့ notary ကို မှားသွားပါတယ်ဆိုတဲ့ အကြောင်း ထောက်ခံချက်အတွက်
အလုပ်ထပ်ရှုပ်တယ်ဆိုပါတော့။ ဒီအချိန်မှာ ဖုံးဝင်လာတယ်။ သံရုံးက ချစ်ချစ်နဲ့ ပက်သက်တဲ့
စာရွက် ထပ်တောင်းတယ်။ ဟာ….ကိုယ်လဲ ပျာသွားတယ်။ ရှေ့နေကို ဖုန်းထပ်ဆက်တယ်။ ရှေ့နေက ဒါတော့
သူလဲ မတတ်နိုင်ဘူးတဲ့။ ဒါ သတ်သတ်ရစ်တာတဲ့။ ပေးထားတဲ့ စာရွက်တွေက ဥပဒေအရ ဟာကွက်မရှိဟာကို
ဒီလိုရစ်တာ တခါမှ သူမကြုံဖူးသေးဘူးတဲ့။ သြော် ဗမာတွေ…ရစ်ပုံ။ ဒီလိုနဲ့ သူ့ဆီ ဖုန်းဆက်ပီး
ပြောတော့။ ဒါဆို fax နဲ့ပို့ပေးမယ်ပြောတယ်။ ဒါနဲ့ ကိုယ်လဲ သံရုံးကိုဖုန်းဆက်ပီး ဖက်စ်နံပါတ်မေးတော့
သူတို့က လက်မခံဘူး။ ကိုယ်လဲ နဲနဲစိတ်တိုလာတော့ ပြန်ရစ်နေပီ။ ဟုတ်တယ်လေ။ တော်ရုံပဲ ကောင်းတယ်။ဘေးက
သူငယ်ချင်းအမကြီးက ဟဲ့ဟဲ့.. ခုချိန်မှာ ကိုယ်က အောက်ကလေ..သွားမတင်းနဲ့ဆိုပီး ဘေးကနေ
အော်နေတယ်။ ဖက်စ်နဲ့မဟုတ်ရင် ကျမ ဘယ်လိုပို့ပေးရမလဲဆိုတော့ ပို့ချင်တာနဲ့ပို့တဲ့ ရောက်လာမှ
ဆက်လုပ်မယ်ဆိုတော့ တင်းပီပေါ့။ ဒါနဲ့ပဲ သူ့ဆီပြောတော့ သူလဲ ဒေါတွေကန်တာပေါ့။ သူလဲ အလုပ်ဖျက်ပီး
လိုတဲ့စာရွက် သွားယူပီး သံရုံးကို fax နံပါတ်ရှာပီးပို့ပေးလိုက်တယ်။ အေးရော။ ကိုယ့်ဆီကိုတော့
အင်တာနက် ကနေ မေးလ်နဲ့ ပို့ပေးတယ်။ ကိုယ် အဲ့ဒါလဲရရော သံရုံးတန်းပြေးတော့ ပိတ်ခါနီးပဲ ရောက်သွားတယ်။
အဲ့ဒီနေ့က ချစ်သူ့မွေးနေ့ မတ်လ၁၄ ရက် သူနဲ့ကိုယ် မကြည်နူးအားဘူး။ စိတ်တွေ ရှုပ်ရတဲ့
နေ့ပဲ။ အဲဒီနေ့က
အိမ်ကလဲ တော်တော်နဲ့ ပြန်မလာတော့ အားလုံးက စိတ်တွေပူ။ အားလုံးပီးမှ ကိုယ်သံရုံးက ထွက်မှ
တင်းထားသမျှ ငိုသံနဲ့ဖုန်းဆက်ဖြစ်တယ်။ ခုမှ သံရုံးက ပြန်ရတယ်လို့။ အိမ်ပြန်ရောက်တော့
အိမ်သားတွေကို အားလုံးပြောပြရတယ်။ တအိမ်လုံးဆိုတာ ကိုယ်ဗီဇာလျှောက်တာ အစားအသောက်ပျက်
အလုပ်ပျက်နဲ့ ကိုယ့်ကိုကြည့်ပီး ရင်မော စိတ်မော။ ကိုယ်တိုင်ကရော ပြောမနေနဲ့ ချစ်ချစ်ဆိုလဲ
ပူလိုက်ရတာ။ ယောက်ခမတွေဆိုတာလဲ စိုးရိမ်လိုက်ရတာ။ နောက်ဆုံး အိမ်ကသူတွေက ပြောတယ် ဂျပန်ကို
အလည်တောင် ဘယ်တော့မှ မလာတော့ဘူးတဲ့…။
အဲဒီနေ့ နဲနဲ အေးဆေးသွားမှ မမကပြောတယ် ..စိတ်မဆိုးနဲ့ဦးတဲ့
နောက်ဆုံးကျတော့ မှတ်ပုံတင်မှာ ဖြည့်တဲ့data အားလုံးအမှန် ကိုယ့်ကိုထုတ်ပေးတဲ့ အရာရှိရဲ့
အမှား။ ကိုယ်ဆိုတာ ဒေါသတွေများ အလိပ်လိုက်ထွက်တာ။ မမက လျှော့လိုက်တော့ဆိုလို့သာ။ ဟင်းးးးး
ဒီလိုနဲ့
၁၆ ရက်နေ့ ။
ညက အိပ်လို့တောင်မရ။
တအိမ်သားလုံးလဲ အိပ်မပျော်ကြ။ ချစ်ချစ်လဲ အိပ်မပျော်တော့ ဖုန်းထိုင်ဆက်နဲ့ ပေါ့..။ဒီလိုနဲ့
နာရီသံ တွေ တချက်ချက်ကနေ အချိန်တွေကုန်လာလိုက်တာ နဲ့အမျှ ရင်ခုန်သံတွေ မြန်လာလိုက်တာ။
တကယ်ပါ။ ချစ်သူနဲ့စတွေ့တုန်းကတောင် အဲလောက်ရင်မခုန်ခဲ့ဘူးဘူး။ သံရုံးကို တစ်ယောက်တည်းတောင်
မသွားရဲတော့အောင် သတ္တိတွေပျောက်ဆုံး ကုန်လေရဲ့။
နေ့လည် ၂နာရီလောက်မှ
သွားပီ…ဗီဇာသွားယူတယ်။ အံ့သြစရာ ကောင်းတာက ဘဝမှာ တခါမှ အဲ့သည်လောက် မပျော်ခဲ့ဘူးဘူး။
ကိုယ် ဗီဇာရတယ်။ ၁လတဲ့။ အိုး…. ကိုယ့်အပျော်မှာ မျက်ရည်စတွေနဲ့… ကိုယ့်ညီမက ကိုယ့်ကိုပြုံးလို့..ချက်ချင်းပဲ
ကိုယ်သံရုံးကအထွက် ချစ်ချစ်ဆီက ဖုန်းအလာ ဝမ်းသာစရာ သတင်းပြောပီး အိမ်ကိုချက်ချင်းဆက်
ပီးတာနဲ့ ယောက်ခမ ပီးတော့ .. သူငယ်ချင်း များစွာ … ပီးတော့ ရှေ့နေဆီ.. အားလုံးလဲ ကိုယ်နဲ့အတူ
အပျော်တွေဝေ..လို့ပေါ့…။ ကိုယ်..နောင်ဆို ဘယ်တော့မှ မြန်မာပြည်က ဂျပန်သံရုံးကို ခြေဦးမလှည့်တော့ဘူးလို့
ဆုံးဖြတ်လိုက်တယ်။ ကိုယ့်မှာ ဘယ်လောက်ခြောက်လှန့်လဲဆို သံရုံးရှေ့က ကားဖြတ်သွားမိရင်တောင်
အဲ့ဒီဖက်ကို လုံးဝမလှည့်ဘူး။ ဇတ်ကနဲဆို လှည့်ဖြစ်တယ်။ ညီမကလဲ ပြိုင်တူလှည့်မိတော့ အကြည့်ချင်းဆုံသွားတဲ့အခါ
ကိုယ်တင်မဟုတ် ကိုယ့်ညီမပါ စိတ်နာသွားတယ်ဆိုတာ သိလိုက်တယ်။ ဘယ်တော့မှ အဲဒီဖက် ခြေဦးမလှည့်လို…။
ဒီလိုနဲ့
မှတ်ပုံတင်ကိစ္စလဲ အဆင်ပြေသွားတယ်။ ဒါတောင် ကိုယ် မြို့နယ်ရုံးကို သွားတော့ ခပ်ဝဝနဲ့
တပွင့်ကို ကလိခဲ့သေးတယ်။ ဒါဆို ကျမဖက်က data အမှန်ဆိုတော့ တရားစွဲလို့ ရပီနော်လို့ပေါ့။
သူလဲ လန့်သွားတယ်။ ဒါနဲ့ ကိုယ့်ကေ့စ်ကို လိုက်မေးတော့ ကိုယ် သူ့ကို ခပ်ဝင့်ဝင့်ပြောခဲ့တယ်။
ကျမ မှတ်ပုံတင် အသစ်ရပီလို့.။ ဘာပဲဖြစ်ဖြစ် ရန်စကားတော့ မပြောဖြစ်တော့ဘူး။ ဘာလို့ဆို
မနက်ဖြန် ချစ်ချစ်ဆီသွားတော့မယ်လေ…။ အဲ့ဒီနေ့က
မှတ်ပုံတင် အသစ်လေးကိုင်လို့ ပျော်ရွှင်စွာ ပြန်ခဲ့တယ်။
သြော် ..ပြောဖို့ မေ့နေတယ်။
မြို့နယ်မှူးက ကိုယ့်ကို နောက်ဆုံး ပြောလိုက်တဲ့စကား .. နောက်ဆုံးတော့ ပြည်သူနဲ့ဝန်ထမ်း
လက်တွဲညီတော့လဲ အဆင်ပြေတာပေါ့တဲ့…။ အဟက် ..ကိုယ်ပြုံးပဲပြမိတယ်.. စိတ်ထဲကတော့ သူတို့အမှား
ကိုယ့်အမှားလုပ်လို့….ဟွန်း…
ဟူးးး မောပါ့ညီမရယ် ...
ReplyDelete