ကြက်ခြေထောက် ချဉ်စပ် ကို မြန်မာပြည်ပြန်တုန်းက အကင်ဆိုင်မှာ စားဖြစ်တာများပါတယ်။ အကင်ဆိုင်ကတော့ တုံယန်းမပါပဲ ရိုးရိုးချဉ်စပ်လေးပေါ့။
ကြက်ခြေထောက် အကြောင်းမပြောခင် ကြက်ခြေထောက် စားဖြစ်သော ရာဇဝင်ကို မှတ်တမ်းတင်ချင်ပါသေးတယ်။
ကြက်ဆိုလျှင် အရိုးကြိုက်တဲ့ ကိုယ်ဟာ ကြက်ခြေထောက်နှင့် ကြက်ခေါင်းကို လုံးဝ မစားရဲခဲ့ပါ။ သို့သော်...
၂၀၀၃ ခုနှစ်ကထင်သည်။ ကိုယ် ဂျပန်လုပ်ဖော်ကိုင်ဖက်များနှင့် ဆီဒိုးနားဟော်တယ်မှာ နေ့လည်စာ သွားစားခဲ့သည်။ အစားအသောက် သောင်းကျန်းသော ကိုယ့်ကို ကြက်ခြေထောက်စားကြည့်ဖို့ တိုက်တွန်းတော့ ကိုယ် မရဲတရဲ စားကြည့်ပီး သိပ်ကြိုက်သွားသည်။ အဲ့ဒီက စလို့ ကိုယ်လဲ ကြက်ခြေထောက်ကို စားတော့သည်။ မြန်မာပြည်မှာ နေတုန်းတော့ ထူးထူးထွေထွေ ဝယ်မစားဖြစ်ပါ။ အိမ်က ဈေးသွားလို့ ကြက်တကောင် ဝယ်လျှင် ခြေထောက် ၂ချောင်းပါသလို အဆစ်ကို ခြေထောက်နှင့်တောင်ပံ တစ်ချောင်းချောင်းရသည် မဟုတ်ပါလား။ဤကား ကြက် ခြေထောက် စ စားဖြစ်ရခြင်း အကြောင်းအရင်း။
အခု ကြက်ခြေထောက်ဟင်းစချက်ပါတော့မယ်..
ကြက်ခြေထောက်ကို ရေမဆေးခင် လက်သဲလေးတွေကို ခုတ်ပြစ်လိုက်သည်။ ပီးတော့မှ ရေသေချာဆေးသည်။ ဆား ဆနွင်း ငန်ပြာရည်နှင့် ကြက်ခြေထောက်ကို နယ်ကာ နာရီဝက်လောက် နှပ်ထားသည်။ အဲ့သည်နောက် ပေါင်းအိုးမှာ ဂျင်း ကြက်သွန်ဖြူ နှင့် မီးနည်းနည်း နှင့် ပစ်ထားလိုက်သည်။ မိနစ် ၃၀လောက်ကြာတော့ ရေထည့်ပီး အပေါ့အငန်မြည်းသည်။ ချက်တုန်းကတော့ မြန်မာပြည်မှာ စားသလို ချဉ်စပ်ဆိုတော့ ငရုတ်သီးစိမ်းလှီးထည့်ကာ သံပုရာသီးညှစ်သည်။ ဒါကို သူက တုံယန်းလေးပါထည့်ဆိုတော့ တုံယန်းထည့်လိုက်တော့ တုံယန်းနံ့သင်းသည့် စားချင်စဖွယ် ကြက်ခြေထောက် စွပ်ပြုတ်လေး ဖြစ်သွားသည်။
ရာသီဥတုအေးအေးမှာ ပူစပ်ပူလောင် ကြက်ခြေထောက် စွပ်ပြုတ်ကလေး သောက် ရင်း အရိုးလေးကိုက်ကြည့်ပါ။ အပျင်းပြေတာပေါ့။ သူကတော့ ဗိုက်မဝပဲ အလုပ်ရှုပ်တယ်တဲ့...။ ပီးတော့ သူပဲ အများဆုံးအားပေးတာ။း)
စကားမစပ်။ ဝက်ခြေထောက်ရော ကြက်ခြေထောက်မှာ ပါတဲ့ ထုပ်ထုပ်အဖြူအရွတ်ကလေးတွေက ကိုလာဂင် အများဆုံးပါလို့ မိန်းမတွေအတွက် ကောင်းတယ်နော့်..။
No comments:
Post a Comment