Sunday, September 30, 2012

ငါးထမင်းချဉ်

ဒီနေ့..မနက် အိပ်ယာက တရေးနိုးတော့ ဘာချက်ရင် ကောင်းမလဲ စဉ်းစားမိတော့ ငါးထမင်းချဉ် ချက်မလားလို့ပေါ့။ အဲ့ဟင်းချက်မဲ့သာ ချက်ရ..လျှော့ရှိတယ်။ ဘာလို့ဆို သူတအားကြိုက်ပီး သူ့အမေ့လက်ရာ အကောင်းဆုံးဆိုတော့ ဒီဟင်းချက်ရမှာ လက်ကတွန့်နေတာတော့ အမှန်ပဲလေ။ (မိန်းမပဲဟာ)။ဒါတောင် သူ့မယ်တော်ဆီမှာ သင်လာခဲ့သေးတာ။ 

ကိုယ်က ဟင်းတခုချက်မယ်ဆိုရင် လာထား အင်တာနက်လေးနဲ့ ဟိုရှာ ဒီရှာ လုပ်တဲ့အပြင် သူငယ်ချင်းတွေဆီလဲ အလျဉ်းသင့်သလို မေးလိုက်သေးတယ်။ သြော်..ပီးတော့ လုပ်နည်းတွေထဲက ကိုယ်ကြိုက်တဲ့နည်းကို ဟိုဘက်ဒီဘက်က ကိုယ်ကောင်းမယ်ထင်သလို နည်းတွေယူပီး သမလိုက်တာပဲ။ အချိုးအစားတွေတော့ လာမမေးနဲ့နော်။ ပရိုတွေ ထိုင်ငို သွားမယ်။

ကဲ..ပြောနေ အဲ..ရေးနေကြာတယ်။ ချက်တော့မယ်။

          ဘာအရင်ချက်မလဲ ဆိုတော့...ထုံးစံအတိုင်း..မီးအလှည့်မအားရအောင်တည်ဖို့..ပထမဆုံး အာလူးပြုတ် ပီးတာနဲ့ ဆန်ဆေးပီး ရေများများနဲ့ ပလပ်ဖွင့်ထားလိုက်တယ်။ အဲ့အချိန်မှာ ကြက်သွန်ဖြူလှီးတယ်။ ဆီချက်ကများမှ ကောင်းမှာဆိုတော့ ခပ်များများလေးလှီး။ လှီးလဲပီးရော အာလူးကျက်ပီ။

       အိုးက မပေါများတော့ အာလူးကို ခွက်တလုံးတဲထည့်ပီး အိုးကို ခပ်မြန်မြန်လေးဆေး ပီးတာနဲ့ ခရမ်းချဉ်သီး ၁ဗူး ဖောက်ပီးအိုးမှာတည်။ မီးမြှင်းမြှင်းနဲ့  တည် ထားတုန်း အာလူး အခွံနွှာလိုက် ခရမ်းချဉ် သီး ကို မွှေပေးလိုက်နဲ့  အလုပ်တွေရှုပ်။ ခဏနေတော့ အိုးထဲ ဆနွင်းနဲ့ ဆားများများထည့်ပီး မွှေပေး ။ မကပ်အောင်  ဂရု စိုက်နေရတော့ လက်မလည်။ အာလူးကလဲ အလုံးသေးတွေ ဆိုတော့ မပီးနိုင်။ ဒါမဲ့ အာလူးလဲ အပီး ခရမ်းချဉ်သီးချက်လဲ အရ။ ပီးတာနဲ့ ဆီအိုးတင်ထားလိုက်တယ်။ ဆီကျက်တာနဲ့ ကြက်သွန်ဖြူထည့်ပီး မီးမြှင်းမြှင်းနဲ့ပဲ ဂရုတစိုက်မွှေပေးပီး ကြော်။ အိုကေပီဆိုတာနဲ့ ဆီအိုးထဲက ဆီချက်ကို ပန်းကန်တလုံးထဲ ထည့်။ဆီနဲနဲချန်ပီး မြေပဲလေးကြော်။ မီးကတော့ လုံးဝမပြင်းဘူး။

      အဲ့အချိန်မှာ ထမင်းလဲကျက်ပီ။ တမင်းကို လှမ်းပီး အအေးခံ ဖို့အတွက် ပေါင်းအိုးကို အဖုံး လှမ်းဖွင့် လိုက်သေးတယ်။ ခရမ်းချဉ်သီးချက်ထားတဲ့အိုးကို လှယ်ပီး ဆေးရသေးတယ်။  မွှေ..မွှေ... ဆားနဲနဲထပ်ထည့်ပီး ကျက်ပီ ဆိုရင်တခါ ဗူးထဲထည့်။

      ပီးတော့တခါ ပဲပုတ်လေး ကိုကြော်။ မီးကတော့ ထုံးစံအတိုင်းမပြင်းဘူး။ တူးမှာဆိုးလို့ သတိထားရသေး။ ပီးတော့ ပန်းကန်လုံးထဲထည့်။ ပီးတာနဲ့ ငရုတ်သီးခြောက်လေး ကြော်။

     ပီးတော့..ဆေးထားတဲ့အိုးမှာ တူနာငါးဗူး၎ဗူးလောက်ဖောက်ပီး ထည့်။ ဆနွင်းနဲ့ဆားထည့်ပီး မီးမြှင်းမြှင်း နဲ့ပဲ မွှေလိုက်တယ်။ သူ့လဲ မကပ်အောင် ဂရုစိုက်ရသေးတယ်။

      အဲ့အချိန်သူထလာပီး စပ်စုတယ်။ မပီးခင် အသားမဲ(သူက အသားညိုတယ်။) မမြင်စေနဲ့ဆိုတဲ့ စကားမကြားဘူးလားဆိုပီး ချစ်ချစ်ခင်ခင် ကြင်ကြင် နာနာ ပြောလိုက်သေးတယ်။ အိမ်သာနဲ့ ချက်တာနဲ့ တခါးတွေပဲ ခြားတာဆိုတော့ ငါးမွှေနေတုန်း သူ့ကိုကြည့်ပီး ၂ယောက်သား နုတ်ခမ်းလေးတွေစူပွပွ လုပ်နေတုန်း ဗြုန်းဆိုကိုယ်လှည့်ကြည့်ချိန်ဆို မျက်နှာကို တဖက်လှည့်ပီး သူက စ။ အဲလိုဆိုနေပေါ့ ဆိုပီး မကြည့်တော့ဘူး။
       ငါးလဲ ကျက်ပီဆိုတော့ အိုးအကြီး တလုံးချပီး အာလူးကို ညှစ်ပီးခြေ။ ငါးမွှေကို ပန်းကန်ထဲပြောင်းပီး အိုးကို ရေထည့်ပီး ဟင်းချိုတည်ဖို့ပြင်လိုက်တယ်။  အာလူးကျေပီဆိုတာနဲ့ ခရမ်းချဉ်သီး ထပ်ထည့်ပီး နယ်။ တမင်းကိုထည့်ပီး ဆားရယ် အချိုမှုန့် (အစက သိပ်မသုံး တီတီဆွိရေးတဲ့ စာဖတ်ပီး သုံးရဲသွားတယ်။ )ဆီချက်ရယ် ထည့်ပီး အားရပါးရနယ်လိုက်တယ်။ပီးတော့ ငါးထည့်ပီးနယ်တယ်။

         အားလုံးပီးတော့မှ  မြည်းကြည့်ဆိုပီး သူ့ကို မြည်းခိုင်းလိုက်တယ်။ အိုကေတဲ့....တဲ့........။ လာပီ.......နောင်ဂျိန်

      စားလို့ကောင်းတယ်.. ဒါပေမဲ့ ...သူအမြဲတမ်းစားနေတာ ထမင်းက အဲလို မကြေဘူးတဲ့...။ သေရော။ ဒီက လုပ်လိုက်ရတာ ။ မရှိမဲ့ ရှိမဲ့ အားတွေ ညှစ်ပီး ..လူက ပင်ပန်းနေတာ..သူက အဲလိုလဲ ပြောလိုက်ရော ဘာပြောကောင်းမလဲ.. အဲ့ဆိုလဲ မစားနဲ့တော့ ရှင့်အတွက် ထမင်းထပ်တည်ပီး ဟင်းချက်ပေးမယ် ဆိုတာတွေရော ။ ရှင့်အမေအိမ်မှာ အဲလို အားရပါးရ နယ်တာ တွေ့လာခဲ့တဲ့ဟာကို ဆိုပီး..ဆူပုတ်ပွ။

     သူက မကောင်းဘူး ပြောတာ မဟုတ်ဘူး။ အရသာက ရှိတယ်။ ထမင်းက သိပ်ကြေသွားတာတဲ့..။ ဒီကလဲ နဲနဲ တင်းသွားပီ။ တော်ပီ။ ငါးမုန့်ကြော်ရင် ကောင်းမလား မကောင်းဘူးလား...ဆိုပီး စဉ်းစား။ လုပ်ရတာ စိတ်မပါတော့ဘူးလေ။ ဒါပေမဲ့ ဟင်းချိုက ပွက်လာတော့  ချဉ်စော်ကားသီးထည့် အရသာမြည်း ငရုတ်သီးစိမ်း (အိမ်မှာစိုက်ထားတာ..ကြွားတာ) လှီးထည့် ကြက်သွန်ဖြူ ဂျင်းထည့်။ သူ့ကို လှမ်းကြည့်တော့ စားဖို့မပြောဘူး။ အဲဒါနဲ့ သူစမပြောရင် မပြောဘူးဆိုဘူး ပေရင်း ဟင်းချိုက ကျက်နေတော့ ဆီအိုထပ်တည်ပီး ငါးမုန့်ကြော်လိုက်တယ်။ မုန့်ကြော်နေတုန်း သူက ဘယ်တော့ စားရမှာလဲတဲ့..။

  
        သူပြောတော့မှ စားလို့ရပီဆိုပီး ခုံခင်း ခုံပေါ်ကို တင်ပီး ဒါ့ပုံရိုက်လိုက်သေးတယ်။ ပါးစပ်ကလဲ ပြောတယ်။ နောက်တခါ မချက်တော့ဘူးလို့.. သူကပြောတယ်။ စကားမများချင်ဘူးတဲ့..။ ဘယ်သူက များချင်လို့လဲလို့.. ဒီဟင်းချက်ရတာ ပင်ပန်းတယ်။ အားကုန်လို့ မချက်တော့ဘူး ပြောတာလို့။ 
ပီးသတ်ကျတော့ သူပဲ စားလိုက်တာ။ ပုံထဲကဟာက သူတယောက်တည်းစားတာ။ လိုက်ပွဲတောင် ယူလိုက်သေး။ ကိုယ်က မောလို့ တလုံးထဲစားနိုင်တယ်။း(  ပြောသေးတယ်။ နံနံပင်က မလိုက်ဘူးတဲ့။ အင်းလေ..ဂျူးမြစ်အစားသုံးတာလို့..ကြက်သွန်မြိတ်နဲ့လိုက်တယ်။ ရှိသေးလားတဲ့..။ (ဝရံတာ ပန်းအိုး)ခြံထဲက စိုက်ထားတဲ့ဟာ ကုန်ပီလို့ ပြောလိုက်ရသေးတယ်။ 

        စားနေရင်း ကိုယ့်မျက်နှာ ကို ကြည့်တယ် မထင်လိုက်ပါနဲ့။ တီဗွီမင်းသားက တီဗွီပဲ ကြည့်လို့... ။း(
ပီးတော့မှ စားလို့ကောင်းတယ်တဲ့။ အဲ့အချိန်မှာ ကိုယ်စားပီးတော့ တိတ်၂လေး ဘလော့တွေ ပြန်ရှာတယ်။ တမင်းနယ်တာ ကြေလား မကြေလားသိချင်လို့.. အဟီး..ထမင်းနယ်တာ သိပ်မကြေဘူးထင်တယ်။နော်။ ဒီတော့ ကိုယ်လဲ သူ့ကို နောက်တခါ မကျေပွဲ ပြန်ချက်လိုက်ဦးမယ်လို့..ပြောတော့မှ သူက ဘယ်လိုပြောလဲဆိုတော့ တကယ်လို့ နောက်တခါ ချက်ဖြစ်ခဲ့ရင် အာလူးကို အရမ်းကျေအောင်မလုပ်နဲ့တဲ့...။အဲဒီလိုနဲ့ ငါးထမင်းချဉ် ချက်ဖူးပီးသွားတာပေါ့...။

 သြော်.. ပြောသေးတယ်.. ငါးထမင်းချဉ်လုပ်တာ လုံးမနေလို့တဲ့..ဘယ်လုံးတော့မလဲ ..စိတ်နဲနဲဆိုးသွားတားကိုး..နော့်။ ဟီးဟီး..ပီးတော့လဲ... ပဲပုပ်က ကြာသွားလို့လားမသိဘူး ဆီဂျီးဆော်နံလို့တဲ့..စားကြည့်တဲ့.. ကိုယ်ကမကြိုက်လို့ မစားဘူးလို့။ ဒါမဲ့ လွှင့်ပစ်လိုက်လို့ ဆိုတော့ သူက ပဲပုပ်ကြိုက်တော့ မလွှင့်ပစ်ရက်နဲ့ လွှင့်ပစ်လိုက်ရလေရဲ့။ ဤကား မှတ်ချက်


2 comments:

  1. စားချင်တယ် ရှလွတ်။
    လုပ်ရမှာတော့ ပျင်းတယ်။ ညီမရေးတာ ကြည့်ပြီး မောပါ့။

    ReplyDelete
  2. မပီးခင် အသားမဲ မမြင်စေနဲ့တဲ့ ဟားဟား ရယ်ရတယ် ... အသစ်ပဲ :))

    ReplyDelete