အဲ့ဒီတုန်းကပေါ့.....
၁၀.၃.၂၀၁၁ ကိုယ် ၅ နှစ်တာ နေထိုင်ခဲ့တဲ့ ဂျပန်အနောက်ပိုင်းမြို့တော်တစ်ခုကနေ စွန့်ခွါလာခဲ့တယ်။ ကိုယ်နေတဲ့အိမ်ရှင်ဆရာတွေကိုယ်တိုင် ရထားပေါ်ကို လိုက်ပို့ပေးခဲ့တယ်။ ကိုယ်... စိတ်နာနာနဲ့ ဒီမြေကို စွန့်ခွါတော့မယ်လို့ ဆုံးဖြတ်ပီးတော့ အရာရာဟာ ကိုယ့်အတွက် မလွမ်းလောက်ပါဘူးလို့ ထင်ထားခဲ့ပေမဲ့.... တကယ်တမ်း ခွဲခွါရတဲ့ အခါ... သိပ်ပီးဖော်ရွေတဲ့ ကိုယ့်သူငယ်ချင်းတွေ သိပ်ကို လေးစားချစ်ခင်ရတဲ့ ဂျပန်ဆရာတွေ ဂျပန်မိဘတွေနဲ့ ၅နှစ်ဆိုတဲ့ ခရီးမှာ အတူပျော်ရွှင်ခဲ့ဖူးခဲ့တာတွေ ..သိပ်လှပပီး သိပ်သန့်ရှင်းတဲ့ ဒီမြေပေါ်မှာ နေရာများစွာ ခြေရာချင်းထပ်ခဲ့ဖူးတာတွေ ဇီးပန်းပွင့်ချိန် ချယ်ရီပွင့်ချိန် မိုမိဂျိအချိန် စသည့် ရာသီးပန်းတွေနဲ့ အချိန်များစွာမှာ ဖြတ်သန်းပျော်ရွှင်ခဲ့ရတာတွေဟာ မေ့စရာထက် လွမ်းစရာ က ပိုများနေမလားပဲ။ ဝုန်းဝုန်းဒိုင်းဒိုင်း ဆုံးဖြတ်အပီးမှာ တကယ်ခွဲရတဲ့အခါတော့ မျက်ရည်လေးတလည်လည်နဲ့..နောင်ဘယ်သောခါမှ ထပ်မံခြေချခွင့် လည်ပတ်ခွင့် ရမှန်းမသိတော့တဲ့အခါ မျက်ရည်လေး တဝေဝေပေါ့...။ ဘေးနားမှာ ကူညီဖေးမတဲ့ ချစ်သူသာ ပါမလာခဲ့ရင် ကိုယ်လေ.... အားရပါးရ အော်ငိုမိမလားပဲ။ ချစ်သူက ဖေးမပီး မျက်ရည်ကျနေတဲ့ ကိုယ့်ကို... တချိန်ချိန်မှာ ပြန်လာလည်လို့ ရတာပဲလေလို့ နှစ်သိမ့်ပေးခဲ့တယ်... ဒီလိုနဲ့ ရထားကြီး ခေါ်ဆောင်ရာ ကို လိုက်ပါပီး ည၁၁ နာရီမှာ ညကားစီးလို့ ဂျပန် အရှေ့ဖက်ခြမ်းကို ခြေဆန့်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ် ဂျပန်က မခွါခင် အရှေ့ဖက်ခြမ်းက မရောက်ဖူးသေးတဲ့ နေရာတွေ သွားကြမယ်ရယ်လို့ပေါ့လေ...။
၁၁-၃.၂၀၁၁ မနက် ၉နာရီခွဲ။
ချစ်သူ နေထိုင်ရာ နယ်မြေကို ရောက်ပီဆိုတော့ ကားဂိတ်မှာ ချစ်သူရဲ့ သူငယ်ချင်းတွေ ကားနဲ့လာကြိုကြတယ်။ ပီးတာနဲ့ သူ့အိမ်ကို ၁၀နာရီလောက်မှာ ရောက်ပီး အထုပ်တွေချပီး ဈေးဝယ်ထွက်ခဲ့ကြတယ်။ ချစ်သူနဲ့သွားခဲ့တဲ့ ဆူပါကြီးတွေက ကြီးလွန်း ကျယ်လွန်းလှတယ်။ နာမည်တော့ မမှတ်မိခဲ့ဘူးပေါ့လေ။ ကိုယ့်ရဲ့ ကျန်ရှိနေသေးတဲ့ အစားအသောက်အချို့က ကိုယ်အရင်နေခဲ့တဲ့ မြို့ကနေ ချစ်သူရှိတဲ့ မြို့ကို မနက်ဖန်မှ ရောက်လာမှာ။ ဒါတောင် ချစ်သူက အဲ့ဒီအစားအသောက်တွေ လွှင့်ပစ်ခဲ့ဖို့ ပြောပေမဲ့ ကိုယ်က နောက်ထပ် ၁လ တောင် နေရဦးမှာဆိုတော့ မလွှင့်ပစ်နိုင်ခဲ့ပဲ သယ်ခဲ့တယ်။ ချဉ်ပေါင်တွေ အပါအ၀င် အခြောက်အခြမ်း အစုံပေါ့။ ဒီတော့ ဆူပါ တွေမှာ ကိုယ်ဝယ်ဖြစ်တာ ဆန်လေး ၂ ကီလိုပေါ့။ မလောက်မှ ထပ်ဝယ်မယ်ဆိုတဲ့ အကြံနဲ့ပေါ့လေ.. ချစ်သူက ဘုံဘိုင်ရေ မသောက်နိုင်တော့ ရေဘူးကြီးတွေတော့ ၆ဗူးလောက် ဝယ်ဖြစ်ခဲ့သေးတယ်။ တခြား တိုလီမိုလီလေးတွေလဲ ဝယ်ဖြစ်တာပေါ့လေ...။ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ အဆင့်သင့်စားလို့ရတဲ့ ဝယ်လာတာလေးနဲ့ နေ့လည်စာ စားကြတယ်။ စားပီးတော့ နေ့လည် ၁နာရီလောက်ပေါ့။ ဒီလိုနဲ့ တညလုံး ကားစီးရတာ ပင်ပန်းလာတော့ အိပ်ကြတယ်...။ အိပ်နေတဲ့အချိန် ၁နာရီခွဲလောက်မှာ အိမ်က ယိမ်းယိုင်သွားတယ်...။ဒါနဲ့ ကမန်းကတန်း ဘာဖြစ်သလဲဆိုပီး ထကြည့်တဲ့အခါ... ငလျှင်ဖြစ်မယ်ဆိုပီး သူ့ကို အတင်းအော်ခေါ် နှိုးလိုက်တော့ သူပါ ထလာတယ်။ အဲ့ဒီအချိန် လှုပ်တဲ့ ငလျှင်က အစပျိုးခဲ့တာ မှန်း ကိုယ်အပါအ၀င် ဂျပန်တနိုင်ငံလုံး ဘယ်သူမှ မသိခဲ့ကြဘူး။ ဒီလိုနဲ့ သူရော ကိုယ်ရော ပြန်နှပ်။
နေ့လည် ၂နာရီ ၁၅ မိနစ်။
ကမ္ဘာမှာ တတိယ အကြီးဆုံး ငလျှင်ဖြစ်တဲ့ မဂဂ္ဂနီကျူ ၈.၉ တချို့ကလဲ ၉ ပြင်းအားငလျှင် စတင်လှုပ်ခတ်ပါတော့တယ်။ ငလျှုအစမှာပဲ ကိုယ်က အရင် အိမ်ပြင်ထွက်တဲ့အချိန် ဖိနပ်ပါမလာခဲ့ဘူး... ဖြည်းဖြည်းချင်းလှုပ်လာတဲ့အခါ စိတ်ပူတဲ့ ကိုယ်က ချစ်သူရေ.. အမြန် ..အမြန်...ဆိုတော့ သူကတော့ ဘာမှမဖြစ်နီုင်ပါဘူးဆိုတဲ့ စတိုင်နဲ့... ထွက်လာတယ်။ ကိုယ်ခေါ်လို့သာ လာရတဲ့ပုံနဲ့ပေါ့လေ..။ သူလဲ အပြင်ကိုရောက် အခြေအနေကြည့်နေရင်းနဲ့ပဲ တောင်စောင်းမှာ မေးတင်ထားတဲ့ သူ့အိမ်ရှေ့ မှာ သက်ရှိဆိုလို့ ကိုယ်တို့၂ယောက်ကလွဲလို့ မရှိတဲ့အချိန်မှာပဲ .... ၂ယောက်သား တယောက်ကို တယောက်တင်းတင်းဖက်လို့ ဘုရားစာကိုရွတ်ရပါတော့တဲ့။ ကိုယ်ရပ်နေတဲ့ မြေကြီးပေါ်မှာ သေချာရပ်လို့မရအောင် လှုပ်ခတ်သွားခဲ့တဲ့ ငလျှင်ကြောင့် ဘုရားစာတွေသာ ပီးခဲ့ပေမဲ့ မပီးဆုံးနိုင်သေးတဲ့ ကြန့်ကြာမှူ... တလောကလုံးကို ကြည့်လိုက်ပြန်တော့လဲ လှုပ်ခတ်နေလိုက်ကြတာ.... ကောင်းကင်ကြီးက ပဲ ရွေ့နေသလား မြေကြီးကပဲ ရွေ့နေသလား... ဘာဆိုဘာမှ မသိနိုင်ဘူး။ ကြုံဖူးသမျှထဲမှာ အချိန်အကြာဆုံးနဲ့ အကြီးမားဆုံး ငလျှင်ပေါ့..။ ကိုယ်တိုင်လဲ သေတော့မယ်ဆိုတဲ့ စိတ်ကို သွင်းလိုက်ပီ...။ ငလျှင် ပီးသွားတဲ့ အချိန်မှာ ကိုယ်သိလိုက်တာက ကိုယ်တို့ ၂ယောက် အသက်မသေသေဘူးဆိုတာပဲ။ ဒါပေမဲ့ ကိုယ်တွေးလိုက်တာက ကိုယ်တို့လွတ်ပေမဲ့ မလွတ်နိုင်တဲ့ သူတွေ ရှိရမယ်လို့... သတ္တဝါအပေါင်း ကျန်းမာကြပါစေ......လို့ ဆုတောင်းလိုက်သေးတယ်။
ဒီလိုနဲ့ အိမ်ပြင်ကနေ အိမ်ထဲဝင်ဖို့အလုပ် ဖိနပ်မပါခဲ့တဲ့ ကိုယ့်ခြေထောက်တွေ ... လျှောက်လှမ်းလို့ မရအောင် ယိုင်နဲ့ခဲ့ပီ။ ဒီတော့ သူက အိမ်ထဲဝင် ရေတခွက် ခတ်လို့ ကိုယ့်ကိုတိုက်ပီး ၃မိနစ်လောက်အပြင်မှာ သူ့ရင်ခွင်ကိုမှီပီး ကိုယ်နေလိုက်ရသေးတယ်... ပီးတော့မှ ဖြေးဖြေးချင်း အိမ်ထဲကို လှမ်းလို့... ချစ်ရေ.. တီဗွီ ဖွင့်တော့ အရေးကြီးတယ်။ ကိုယ့်အနားဘာမှ မဖြစ်ပေမဲ့ ဘာတွေ ဖြစ်မလဲ သိရအောင် သတင်းနားထောင် ဆိုတော့ ......
ဖြစ်တာပေါ့.........ဆူနာမီ အရေးပေါ်သတင်းတွေ တောက်လျှောက် လွှင့်နေပီ။ အဲ့ဒီအချိန်က ကိုယ်တို့နေတာ ချိဘ။ ကိုယ်တို့မနက်က သွားခဲ့တဲ့နေရာ ဆူပါက အောက်ဖက်တွေ ကျိုးပဲ့ ပျက်ဆီး ကျန်ခဲ့ပီ။ ကိုယ်တို့ဆီဝင်ထည့်ခဲ့တဲ့ နေရာက ဆီတိုင်ကီတွေ ပေါက်ကုန်ခဲ့ပီ။ အိုး.... အစုံအစုံ။ ဒီအချိန်အထိ လူတွေ အသေအပျောက်တော့ မရှိသေးပါဘူး။ စက်ရုံတွေ မီးလောင် တဲ့နေရာ လောင်ကုန်ပီ။ ဆူနာမီ ကလဲ အဆက်မပြတ် သတိပေးနေပေမဲ့ ကိုယ်အပါအဝင် လူအတော်များများ ပင်လယ်ကမ်းခြေက လူတွေပါ သိပ် အလေးအနက်မထားခဲ့ကြဘူး။ ဒါပေမဲ့ ကိုယ်က မအိပ်ရဲတော့ဘူး။ သူကတော့ ဆက်အိပ်လေရဲ့... ဒီလိုနဲ့ ဘေးနားက သူကအိပ်တဲ့အခါ ကိုယ်လဲ တီဗွီကြည့်ရင်းနဲ့ လူပန်းစိတ်ပန်းတဲ့ အရှိန်နဲ့ ပြန်အိပ်လိုက်တာ ညနေ ၃နာရီထိုးတော့ အိပ်ချင်မူးတူးနဲ့ တီဗွီက ဘာတွေပြနေတာလဲ ရေတွေ အိမ်တွေ...ဒါနဲ့ လူးလဲထ မျက်စိဖွင့်ကြည့်တော့...ဘုရားရေ..... လူသားတွေ ဆူနာမီ ဘေး တွေ့နေပါလား....။ ဒါနဲ့ သူကို နှိုးတော့ သူပါ ပြန်မအိပ်ဖြစ်တော့ပဲ.... ဟာ.........................ဘုရား ဘုရား... ဘာတွေဖြစ်ကုန်ပီလဲ....။ ကိုယ်တို့ အိမ်နားမှာလဲ ဆူညံသံတွေ စကြားနေရပီ။ ငလျှင်ကလဲ အဆက်မပြတ် လှုပ်လိုက် ပျောက်လိုက်နဲ့...............................
ဆက်ရန်
Showing posts with label ဂျပန်အကြောင်း. Show all posts
Showing posts with label ဂျပန်အကြောင်း. Show all posts
Tuesday, March 12, 2013
Thursday, January 31, 2013
ဂျပန်နိုင်ငံနှင့်ပက်သက်သမျှ
အနိုင့်ကျင့်ခြင်းများကြောင့် နှစ်စဉ်ကျောင်းသား ကျောင်းသူများပြားစွာ ကိုယ့်ကိုကိုယ်သတ်၍ သေပျောက်မှူ ရှိသော နိုင်ငံသည် ဂျပန်နိုင်ငံဖြစ်မည်ထင်သည်။ (သိသလောက်..အခြားနိုင်ငံတွေပါရှိလျှင် ဝေမျှစေချင်ပါသည်။)
ဘာလို့ အနိုင့်ကျင့်ကြတာလဲ... အဖြေရှာမိသည်။ ကိုယ်မသိ။ ကျောင်းတွေမှာ အနိုင့်ကျင့်မှူများကြောင့် ကျောင်းမတက်ချင်တော့သော ကျောင်းသား/သူ အများအပြားရှိသည်။
သိသလောက် ဂျပန်အချင်းချင်းသာ မဟုတ်။ နိုင်ငံခြားသားနှင့်လက်ထပ်ထားသော ဂျပန်များ၏ သားသမီးများ လည်းပါသည်။ ကိုယ့်လူမျိုးအချင်းချင်း လက်ထပ်ထားသော သားသမီးများ သိပ်တော့ မခံစားရဟုဆိုသည်။သို့သော်.. ကလေးမိခင်သည် ဂျပန်စကားလည်လည်ဝယ်ဝယ်ပြောနိုင်လျှင် တော့ တမျိုးတဖုံ သက်သာသည်တဲ့။ နောက်တမျိုးက... အသက် ၄ - ၅- ၆ နှစ်မှ မိဘအလုပ် ဒါမှမဟုတ် ကျောင်းကြောင့် ကျောင်းလာတက်သော ကလေးများလဲ အနိုင့်ကျင့်ခြင်းခံရတတ်လေ့ရှိသည်။ မိဘက သေချာ ဆရာမနှင့်လိုက်ပြောနိုင်ပါမှ ထိုအဖြစ်က လွတ်လေသည်တဲ့။ (သူငယ်ချင်း ကိုယ်တွေ့)
ကျောင်းတွေလားဆိုတော့လဲ မဟုတ်။ ယခု ဂျပန်နိုင်ငံမှာ လူငယ် အိမ်မဲ့ယာမဲ့များ ပိုမိုများပြားလာသည်။ အကြောင်းမူ ... အလုပ်ထဲမှာလဲ အနိုင့်ကျင့်မှူများကြောင့် ဆက်မလုပ်နိုင် မလုပ်လို့ရသောကြောင့်ဟုဆိုသည်။ (အခြားနိုင်ငံများမှာတော့မသိ)
အလုပ်ထဲမယ်..သူတို့နိုင်ငံသားချင်းသာမက နိုင်ငံခြားသားများကိုလည်း အနိုင်ကျင့်တတ်လေ့ရှိသည်။
တယောက်ကွယ်လျှင် တယောက်အကြောင်း အတင်းပြောတတ်သည်။ ရှေ့မှာ ပြုံးပီး အတွင်းကောက်သူ ပိုများသည်။
ဘူတာရုံမှာ ရထားစောင့်နေရင်းလဲ အကြောင်းမဲ့ တွန်းချခံနိုင်သေးသည်။ ရထားထဲမှာ လမ်းမှာ အရူးတွေလဲ များသည်။ သူတို့နှင့် ရန်ဖြစ်မိပါက အခန့်မသင့်လျှင် အသက်ပါ ပေးရနိုင်သည်။ အဆိုပါနိုင်ငံသည် ဂျပန်ဖြစ်သည်။
ထို့ကြောင့် ဂျပန်နိုင်ငံကို နတ်ပြည်တမျှ ထင်နေသော လူများ သတိထားနိုင်ရန် သိသလောက် အနည်းအကျဉ်းရေးသားရခြင်းဖြစ်သည်။ကောင်းသည့် အပိုင်းများရှိသော်ငြား မကောင်းသည့်အပိုင်းများကို ရေးသူနည်းသောကြောင့် ရေးသားရခြင်း ဖြစ်သည်။
ဆက်ပါဦးမည်...။

Subscribe to:
Posts (Atom)