Sunday, March 2, 2014

ကိုယ်ဝန်ဆောင် အတွေ့အကြုံ သင်တန်းများနှင့်ဆေးရုံတက်ခြင်း အတွေ့အကြုံ

ကိုယ်ဝန်ဆောင်နေချိန်မှာ ဒီမှာစစ်ဆေးနည်း အဆင့်ဆင့်က မှန်တာပြောရရင် ဘာတွေစစ်နေမှန်းတော့သိဘူး။ ဟီးဟီး.. သူတို့ လုပ်ခိုင်းသမျှ လုပ်လိုက်တာကြီးပါပဲ..။
ကိုယ်ဝန်ရှိစကနေ ၄လ အထိ ၁လ၁ကြိမ် စစ်ပါတယ်။ပထမဆုံးလမှာ ဆီး..သွေးနဲ့ အတော်များများစစ်ပါတယ်။ ၁လ ၁ခါကတော့ ဆီးအမြဲစစ်ပါတယ်။ ၅လနဲ့ ၇လမှာ တခါ ဆီးအပြင် သွေး၎ခါဖောက်စစ်ပါတယ်။ ကိုယ်ဝန် ၄လကျော်ပီဆိုတာနဲ့ ၁လတခါကနေ ၂ပတ်၁ခါ စစ်ဆေးမှု လုပ်ပါတယ်။ ၇ လကျော်တာနဲ့ ၁ပတ် ၁ခါ စစ်ဆေးပါတယ်။ ကိုယ်ဝန် ၃၅ ပတ်ကနေစပီး ကလေးရဲ့ နှလုံးခုန်နှုန်းကို ၁ပတ်၁ခါ နာရီဝက် တိုင်းပါတယ်။ ကလေးလှုပ်ရှားမှုကို ကြည့်တာပါ။ ကိုယ်ဝန်ဆောင်တယောက်ဟာ ၃၇ ပတ်ကျော်ရင် မွေးဖွားဖို့ အဆင်သင့်ဖြစ်နေပါပီ။ အပတ်၄၀ ဆိုရင်တော့ ပိုကောင်း တာပေါ့ နော်။ သမီးကို ၃၈ပတ်ကျော်မှာ မွေးပါတယ်။

ကိုယ်ဝန် ၅လ အချိန်မှာ စစ်ဆေးမှူကြောင့် ကိုယ်ဟာ ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်သွားပါတယ်။ ဒါကြောင့် အစားအသောက်ကို ညှိထိန်းပီးစားရပါတယ်။ အစားအသောက်နဲ့ ကယ်လိုရီထိန်းနည်း သေချာသင်ပေးပါတယ်။ ငှက်ပျောသီး အလွန်စားတဲ့ အကျိုးကြောင့် ဆီးချိုဖြစ်သွားသလို အချိုရည်သောက်သုံးခြင်းကြောင့်လိုဆိုပါတယ်။ အဆီ မစားပဲ အကင်နဲ့အပြုတ် အပြင် မျှတအောင်အစုံစားလိုက်တဲ့အခါမှာ ကိုယ်အလေးချိန်ဟာ သိသိသာသာကျသွားပါတယ်။ ကိုယ်ဝန်ဆောင်ပီ ဆိုလျှင် ၇ ကနေ ၁၀ ကီလိုထိ တက်ပေမဲ့ ဒီမှာ ၇ အထိပဲ တက်ခိုင်းပါတယ်။ ဆရာဝန်တွေက အလေးချိန် သိပ်တက်တာမကြိုက်ပါဘူး.။

ဒီမှာ တက်သမျှ သင်တန်းတွေထဲမှာ မြို့နယ်က လုပ်ပေးတဲ့ အခမဲ့သင်တန်း တွေမှာ အစားစားပုံကိုပါ သင်ပေးပါတယ်။ အချိန်မှန် အစာစားခြင်းဟာလည်း ဆီးချိုကို ထိန်းပေးပါတယ်။ ကိုယ်ဝန်ဆောင်ပီဆိုတာနဲ့ လူတွေက ထင်နေတာ ၂ယောက်စာ စားဖို့ပါပဲတဲ့။ ဒါက အရင်က ခေတ်အောက်တဲ့ အတွေးအမြင်တွေပါ။ ခေတ်သစ်မှာ ဥရောပအနောက်နိုင်ငံ တွေနဲ့ အမေရိကန်အပါအ၀င် ဂျပန်နိုင်ငံမှာပါ ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ သူနေ့စဉ်စားသုံးနေတာထက် ပိုပီး ဘာမှစားစရာမလိုပါဘူးလို့ ဆိုကြပါတယ်။ အထဲက ကလေးဟာ မိခင်ဆီမှာရှိတဲ့ အသွေးအသားတွေထဲက စုတ်ယူစားသုံးနေနိုင်လို့ပါပဲတဲ့။ ဒါကြောင့် ကိုယ့်ကလေးဟာ ကိုယ်အစားထိန်းလိုက်ပေမဲ့ ၃၂၀၆ ဂရမ်ရှိပါတယ်။ ကိုယ်ကတော့ သူ့ကြောင့် သွေးအားနည်းသွားပါတယ်။ ကိုယ်စားရတဲ့ အစာက မနက်စာ ပုံမှန်စားပါတယ်။ မနက်စာကို နွားနို့ ဒါမှမဟုတ် ဒိန်ချဉ် ဒါမှမဟုတ် ထမင်းနဲနဲ ဒါမှမဟုတ် ပေါင်မုန့်၂ချပ်ပါ။ မလိုင်၁လုံးပေါ့။ချိစ်လဲ ၂ပြားလောက်စားလို့ရပါတယ်။  ထောပတ်နဲ့ မယိုးနိစ် ပေးမစားပါဘူး။ မယိုးနီးစ်မှာပါတဲ့ ကီလိုရီဟာ အစားအရာတွေစားတာထက် ကီလိုရီများပါတယ်။ အသီးစားချင်ရင် ငှက်ပျောသီးတခြမ်း ဖရဲသီးတစိတ် စတော်ဘယ်ရီ၃-၄ လုံး ပေါ့။ တကြိမ်မှာ အကုန်မဟုတ်ဘူးပေါ့နော်။ ကီလိုရီတွက်ပီး စားရတာပါ တနေ့ကို ကီလိုရီ ၁၅၀၀ ထိပဲ စားခိုင်းတာပါ။ ထမင်းဆိုလည်း အများကြီး မစားခိုင်းပါဘူး။ အကြော်တွေမစားခိုင်းပါဘူး။ ဒါက စားသောက်ခြင်းဆိုင်ရာ အတွေ့အကြုံပါ။

အခြားသင်တန်းကတော့ မြို့နယ်နဲ့ဆေးရုံမှာ အမျိုးသားနဲ့တူတူတက်ရတာကတော့ ဗိုက်နာချိန်မှာ နေပုံထိုင်ပုံနဲ့ နှိပ်နယ်နည်းတွေပါပဲ။ဆေးရုံမှာ တက်ရတာကတော့ ပိုက်ပိုက်ပေးရပါတယ်။
အဲဒီ သင်တန်းမှာကတော့ ဘာတွေ သင်လဲဆိုတော့... ဗိုက်ဘယ်လိုပုံ နာတယ်ဆိုတာကနေစပါတယ်။ ဗွီဒီယိုနဲ့လဲရှင်းပါတယ်။ ဗိုက်နာတာစိတ်ပီး ၁၀ မိနစ်ဆက်တိုက်စိတ်စိတ်နာမှဆေးရုံက လာခဲ့ဖို့ လက်ခံပါတယ်။ နာလိုက်ပျောက်လိုက်ဆို မမွေးနိုင်သေးဘူးလို့ ဆိုပါတယ်။ ဗိုက်နာချိန်မှာ အသက်ရှူနည်း က အရမ်းအရေးကြီးပါတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန် ရှုပီး ဖူးဆို အသက်ရှူထုတ်ရတာပါ။ ဗိုက်နာချိန်မှာ relax အနေအထားဖြစ်ဖို့. ကိုယ်သက်သာသလိုနေခိုင်းတာပါ။ တယောက်နဲ့တယောက် သက်သာစေတဲ့ ပုံစံက တူမှာ မဟုတ်ပါဘူး။ အဲလိုနာချိန်မှာ ခင်ပွန်းက နှိပ်နယ် ပြုစုပေးတာ ယပ်ခပ်ပေးတာ ရေတိုက်တာ အစရှိသဖြင့် ဘေးကနေ အားပေးကူညီဖို့အတွက် သင်တန်းပေးတာပါ။ ဗိုက်နာပုံ ကလေးမွေးပုံ ကလေးခေါင်းဘယ်လိုစတိုးပုံ ခေါင်းထွက်ပီဆိုတာနဲ့ ကိုယ်ကို ဘယ်လိုလှည့်ပီးထုတ်ပုံ အစရှိတာတွေကို ရုပ်ပုံအပြင် မိန်းမကိုယ်ထဲကလေးထည့်ပီးပြတာပါ။ နာမယ်ဆိုတာသိပေမဲ့ အဲဒီအနာကလွန်ရင် ချစ်စရာကောင်းတဲ့ ကလေးလေးကို တွေ့ခွင့်ရမယ်ဆိုတဲ့အတွေးနဲ့ မွေးပါလို့ဆိုပါတယ်။ အဲဒီသင်တန်းကတော့ ကိုယ်ဝန် ၃၅ ပတ်ကျော်မှ တက်ရတာပါ။

ဒီမှာက ဗိုက်နာချိန်မှာ အရေးပေါ်ကား ခေါ်ခွင့်မရှိပါဘူး။

ဆေးရုံမတက်ခင် ဆေးရုံတက်ဖို့ အဆင်သင့်ပြင်ထားရမဲ့ ပစ္စည်းတွေကို နာ့စ်မတွေက ကိုယ်ဝန်၃၅ ပတ်မှ စပြောပါပီ။ မှန်တာပြောရရင် တခါမှ မမြင်ဖူးတဲ့ပစ္စည်းများပါ။ နာ့စ်မက ပစ္စည်းနမူနာတွေပါ ပြပေးပါတယ်။
ဥပမာ..ကပ်ခွါဘောင်းဘီ..တို့ ရာသီလာရင်ခံတဲ့ဟာ အထူအကြီးစား (၁တောင်လောက်ရှိတာ)တို့ အလတ် အသေးတို့ပေါ့.နောက်ပီး မွေးရင်ဝတ်တဲ့ ဒူးလောက်ရှည်တဲ့ ရင်ခွဲထားတဲ့အကျီံတို့ပေါ့။ မြင်ဖို့မပြောနဲ့ ကြားတောင်မကြားဖူးပါဘူး။ သူတို့ပြောမှ ကမန်းကတန်းပြေးဝယ်ရတဲ့ ပစ္စည်းတွေပေါ့။ ကျန်တာကတော့ ကလေးအနှီး ကလေးဖင်သုတ်ပုဝါ နို့သုတ်ပုဝါ လူကြီးရေချိုးဖို့ တာဝါအသေးအကြီး ကိုယ်သုံးဖို့တစ်ရှူး လိပ် သွားပွတ်တံသွားတိုက်ဆေးပေါ့။ ဆေးရုံတက်လက်မှတ်တို့ကို တခါတည်းအိတ်ထဲအဆင်သင့်ပြင်ထားခိုင်းတာပါ။

ဆေးရုံမတက်ခင်မှာလဲ ဆေးရုံအခန်းအခြေအနေတွေကို ရှင်းပြပေးပါတယ်။ ဒါကဗိုက်နာခန်းပေါ့..အခန်းထဲမှာ ကုတင်၁လုံး စားပွဲ ကုလားထိုင်နဲ့ ဗိုက်နာထောက်ကူ ပစ္စည်းတွေ ရယ် ကလေးနှလုံးခုန်နှုန်းတိုင်းတဲ့ဟာရယ်ပါပါတယ်။ အဲဒိအခန်းကနေ သားအိမ် ၁၀ စင်တီပွင့်ပီဆို မွေးခန်းထဲကို ၀င်ခိုင်းပါတယ်။ မွေးခန်းထဲကိုပါ အမျိုးသား ခေါ်ခွင့်ရှိပါတယ်။ မွေးခန်းထဲက ကိရိယာတွေကို ပြပေးပါတယ်။ ပီးတော့ မွေးလာတဲ့ အခါ ကလေးကို ဘယ်လိုထားပါတယ်ဆိုတာပါ ရှင်းပြပေးပါတယ်။ ပီးတော့ မွေးပီးရင် နေရမဲ့အခန်းတွေ လိုက်ပြပေးတယ်။ အိမ်သာရေချိုးခန်းပါ လိုက်ပြပေးတာပေါ့။ ရေချိုးချိန်သတ်မှတ်ထားလို့ ချိုးချိန်မှာ ကိုယ့်ကုတင်နံပါတ်ရေးခိုင်းတာတွေကိုပါ ရှင်းပြပါတယ်။ အစားအသောက်ကိုလဲ ဘာမစားတာလဲမေးပါတယ်။ဒါတွေက ဆေးရုံမတက်ခင်မှာ ကြိုတင်ပြင်ဆင်တာတွေပါ။

တကယ် တန်း ကိုယ်ဗိုက်နာလာပါပီ... အိုးမိုင်ဒါလင်...နာ..နာ...နာ ပေါ့..။ ကို့ နာတယ်..အင့်ဟင့်ဟင့်... ဆို သူလဲ မနားတမ်း ကျောလေးကိုသပ် နှိပ်နယ်ပေးပေါ့။ နာလွန်းတာဟာ ပထမအဆင့်နာတာ ဒုတိယအဆင့်နာတဲ့အခါ ပထမဆင့်နာတာဟာ ဘာမှ မဟုတ်ပါဘူး။ သားအိမ်ပွင့်ဆေးလဲမပေးတဲ့အခါ ကိုယ်ဟာ ပြန်မစဉ်းစားချင်လောက်အောက်ကို နာလှပါတယ်။ အရပ်ကလဲ ပေမှီထောက်မှီ အင်တာနေရှယ်နယ် အာရှအရပ်ဆိုတော့...။ နေ့တွေညတွေ ပြောင်းပီး ၂ည၃ရက်ကြာတဲ့အခါမှာတော့ ရေမွှာပေါက်နေတာ ကြာပီဖြစ်တာကြောင့် နောက်ဆုံးခွဲလိုက်ရတာပါ။ ကိုယ်ဆေးရုံရောက်ရောက်ချင်းပါပဲ..ကိုယ်ပါလာတဲ့ အိတ်ထဲက အကျီတွေဘောင်းဘီတွေ ပက်တွေထုတ်ပီး နာ့စ်မက ကိုယ်တိုင်လဲပေးတာပါ။ မြန်မာပြည်က ကိုယ့်အတွက် အထူးအဆန်းပေါ့။ ထမင်းလာပို့တာလဲ နာ့စ်တွေပါပဲ။ ဗိုက်လေးလာနှီပ်ပေးတာလဲ နာ့စ်တွေပါပဲ။ အော်ဟစ်ဆူပူငေါက်ငန်းခြင်း လုံးဝမရှိပါဘူး။ အဲလို နာခန်းကလဲ အခန်းကန့်ထားတော့ အော်ချင်သလိုသာ အော်ပေတော့ပေါ့.. ချစ်ချစ်လဲ ကိုယ့်ညည်းသံကြားမှာ အရူးတပိုင်းပါပဲ။ နာပါတယ်ဆိုမှ သူက ရီစရာတွေ လာပြော ကိုယ်နာတာကို ဗီဒီယို ရိုက်ထားတာ မသိလိုက်ပါဘူး။ သမီးလေးကို ပြမလို့တဲ့။

ခွဲဖို့ ဆုံးဖြတ်လိုက်ချိန်မှာလည်း စနေမမွေးရေးအတွက် ချစ်ချစ်နဲ့ ဆရာဝန်တွေ အကျိတ်အနယ်ဆွေးနွေးရတာပါ။ နောက်ဆုံး သောကြာည ၉နာရီကျော်မှခွဲဖို့ အဆင်သင့်ဖြစ်နေပါပီ။ ခွဲခန်းထဲကိုပါ ချစ်ချစ်လိုက်လာပါတယ်။ ဆရာဝန်တွေနဲ့ မိတ်ဆက်ပေးပါတယ်။ ကိုယ့်ကိုခွဲ့မဲ့ဆရာဝန်ကိုယ်တိုင် ကိုယ့်ကိုတွန်းလှဲပေါ်တင်ပေးပါတယ်။ ဗိုက်နာခန်းက ပစ္စည်းတွေကို နာ့စ်က ဖိနပ်ကအစ သိမ်းပီး ခွဲပီးကိုယ်နေရမဲ့အခန်းဆီယူသွားပေးပါတယ်။ ခွဲခန်းထဲမှာ ခွဲစိတ်မဲ့ဆရာဝန် မေ့ဆေးဆရာဝန် အကူဆရာဝန်နဲ့ နာ့စ်၂ယောက်အပြင် ကလေးဆရာဝန်ပါ အဆင်သင့်ကြိုနေကြပါတယ်။ ကလေးထွက်လာရင် ကလေးသန့်ရှင်းရေးလုပ်ပီး အနွေးပေးတဲ့ကလေးရုံ အသေးထဲမှာ ကလေးဆရာဝန်က စောင့်နေပါတယ်။ မေ့ဆေးစပေးပါပီ... ပုဇွန်ထုပ်ကွေးခိုင်းပါတယ်။ ရင်ဗတ်ကနေ အောက်ပိုင်းအထိ ပေးတာပါ။ ထိုးပီးတာနဲ့ချက်ချင်း အောက်ပိုင်းတခုလုံး ထုံသွားပါတယ်။ ဘာမှမခံစားရတော့ပါဘူး။ ရေခဲတားတဲ့အထုပ်နဲ့ တကိုယ်လုံးကိုစမ်းပီး မေးတာပါ။ မျက်နှာနဲ့လည်ပင်းရင်ညွှန့်ကအေးတာကိုသိတာ။ မေ့ဆေးဆရာဝန်က လိုအပ်တဲ့ တနေရာစီကိုတိုင်းပီး မေးတာပါ။ ခွဲခန်းက နဲနဲပူနေတော့ ကိုယ်က ဆရာဝန်ကို ကျနော်က ပူရင် အသက်ရှူကြပ်တတ်တယ်.. အခန်းကပူတယ်လို့ပြောတော့.ကလေးထွက်လာရင် အေးလို့မရဘူးလို့ပြောပီး.. မပူပါနဲ့တဲ့ တခုခုဖြစ်တာနဲ့ ဒီမှာရှိတဲ့ အောက်ဆီဂျင်တို့ ဘာတို့ အသက်ကယ်တဲ့ စက်တွေ အများကြီးရှိပါတယ်တဲ့။ကလေးမွေးပီးမှ နဲနဲပြန်အေးပေးမယ်တဲ့။

ကိုယ့်ကို လည်ပင်းကစပီး အောက်ပိုင်းကို မမြင်ရအောင်ကာလိုက်ပါတယ်။ ကိုယ့် ခေါင်းဖက်မှာ မေ့ဆေးဆရာဝန်ကြီးက တချိန်လုံး ကိုယ်နဲ့စကားပြောပေးနေပါတယ်။ အိပ်ပျော်သွားမှာ ဆိုးလို့တဲ့။ မအိပ်ရဘူးဆိုပဲ။ ကိုယ့်အောက်ဖက်မှာ ဆရာဝန်တွေ ခွဲနေပါပီ။ ကိုယ်ပဲ မကြားလို့လား မသိပါဘူး။ စစချင်း သူတို့ အချင်းချင်း တူတူခွဲကြစို့ ဆိုတဲ့စကားကလွဲပီး ကျန်တာ ဘာမှမကြားရပါဘူး။ နောက် ကလေးထွက်ပီဆိုတာ ကြားရပီး ခနလေး ခလေးကို သန့်ရှင်းရေးလုပ်ပီးမှ ကြည့်နော်တဲ့ ။ ကလေးက ဖအေတူတဲ့။ ခွဲခန်းထဲဝင်တော့ ၉နာရီပါ။ သမီးလေးကို ၉နာရီ၃၅မိနစ်မှာ မွေးပါတယ်။ မွေးတာနဲ့ တခါတည်း နာရီမှတ်ပေးပါတယ်။ ခလေးကိုသန့်စင်ပေးပီး သမီးလေးကို လာပြပါတယ်။ သမီးဆံပင်တွေက အများကြီးနဲ့ မဲနက်နေတာပါပဲ။ သမီးလက်ကလေးကို ကိုင်ပီးကြည့်ရတာနဲ့တင် အရင်ဗိုက်နာခဲ့ဖူးတာတွေ အကုန်မေ့ပလိုက်နိုင်ပါတယ်။ သမီးကို ကလေးများအခန်း ယူသွားမယ်လို့ ပြောပါတယ်။ ၉နာရီ ၄၅ မှာ ခွဲစိတ်ခြင်းအမှူ အောင်မြင်စွာပီးဆုံးခဲ့ပါပီ။ သမီးလေးကို ယူသွားပီးတာ့ အခန်းအပူချိန်ကိုလျှော့ပေးပါတယ်။ လျှော့ပေးပီးကြောင်းလည်း ကိုယ့်ကိုပြောပါတယ်။ ကိုယ်လည်း ဆရာဝန်တွေ နာ့စ်တွေကို ကျေးဇူးတင်ကြောင်းပြောပီး ကိုယ့်ကို ခွဲတဲ့ဆရာဝန် ကိုယ်တိုင် တွန်းလှည်းကိုတွန်းပီး ခွဲခန်းထဲက ထွက်ပါတယ်။လူနာကုတင်ကို ခေါင်းကဆရာဝန်ဖြစ်ပီး ခြေပိုင်းက နာ့စ်၁ယောက်က တွန်းပေးတာပါ။ ခွဲခန်းအထွက်မှာတော့ စိုးရိမ်နေတဲ့ ချစ်ချစ်ကို တွေ့တော့ သမီးလေးကို တွေ့ပီးပလားမေးတော့ တွေ့ပီးပီတဲ့။ သူကထင်တာ သမီးကို သူအရင်တွေ့တာဆိုပီး ဂုဏ်ယူပါသေးတယ်။

ဒီမှာက ကလေးကိုရိုးရိုးမွေးရင် ၁ပတ် ခွဲမွေးရင် ၁၀ ရက် ဆေးရုံတက်ရပါတယ်။ ဆေးရုံတက်နေစဉ် ပရိုက်ဗိတ်နဲ့ အများသုံးအခန်း ဘယ်မှာနေမလဲမေးပါတယ်။ အများသုံးခန်းမှာမှ ၄ယောက်ခန်း ၅ယောက်ခန်းဆိုပီး များသောအားဖြင့် ၂ခန်းထပ်ခွဲပါတယ်။ ပရိုက်ဗိတ်အခန်းက၁ခန်းလောက်ပဲရှိတာများပါတယ်။ သူက အိမ်သာပါတွဲရက်ပါတာကိုး။ တော်ရုံလူကတော့ တယောက်ခန်း သိပ်မသုံးပါဘူး။

ဆေးရုံမှာ ဘာလို့ကြာကြာထားရသလဲဆိုတာ နောက်မှသိတာပါ။ ကလေးအတွက် စပါယ်ရှယ်လေ့ကျင့်ပေးလိုက်တာပါ။ ဆေးရုံစောင့်အိပ်ခွင့်မရှိပါဘူး။ အမျိုးသမီးတွေကြီးပဲ ဖြစ်လို့ အမျိုးသားအိမ်သာတောင် မထားပေးပါဘူး။ ဆေးတိုက်တာကအစ သူ့အချိန်နဲ့သူ နာ့စ်က လာပေးတာပါ။ ကလေးတွေကို ၃နာရီခြားတခါနို့တိုက်ဖို့ နာ့စ်တွေ က လာနှိုးပါတယ်။ နို့မထွက်လို့ နို့ကို နှိပ်နယ်ပေးခြင်းကိုလည်း လုပ်ပေးပါတယ်။ အဲဒါကတော့ ဆေးရုံတခုနဲ့မတူတာက တခါတည်းလုပ်ပေးတာနဲ့ ခနခနလုပ်ပေးတဲ့ ဆေးရုံ ကွာပါတယ်။ အစားအသောက်ကလဲ သူ့နာမည်နဲ့သူပါ။ ကယ်လိုရီ ဘယ်လောက်ဆိုတာကို ဖော်ပြပေးထားပါတယ်။ မနက်၆နာရီ နေ့လည် ၁၁ ခွဲ ညနေ၃နာရီ နဲ့ ညနေ၆နာရီ မှာ အစားအသောက်တွေကို နာ့စ်တွေက လူနာ နာမည်စစ်ပီးး ကုတင်ဘေးကို လာတင်ပေးထားပါတယ်။ ဧည့်သည်တွေကိုတော့ မနက် ၆နာရီကနေ ည၉နာရီအထိ လက်ခံပါတယ်။ အ၀တ်လျှော်စက် အခြောက်ခံစက်တွေကို ပိုက်ဆံထည့်ပီးသုံးနိုင်ပါတယ်။  အခန်းထဲမှာ လူနာကုတင်ပတ်လည် လိုက်ကာ အထူတွေကာဆီးပေးထားပါတယ်။ ကုတင်ပေးမှာ စားပွဲတလုံး ဗီဒီု၁လုံး ကုလားထိုင် ရေခဲသေတ္တာအသေး နဲ့ တီဗွီထားပေးပါတယ်။ လူနာစောင့်တို့ လူနာအတွက် ထမင်းတို့က ပူစရာမလိုအောင် အဆင်ပြေလှပါတယ်။ ဆေးရုံတက်နေစဉ်မှာလဲ ကလေးရေချိုးနည်းကို တခါ ထပ်သင်ပြပေးပါတယ်။ ဆေးရုံဆင်းကာနီးမှာတခါ ဗွီးယိုနဲ့ ကလေးအိပ်နေစဉ်မှာ အလုပ်ဘယ်လိုလုပ်ဖို့ ကလေး မွေးပီးချိန်မှာ ဘာကိုမှမတွေးဖို့ စိတ်တွေရှုပ်ရင် တယောက်တည်းမနေဖို့ ပညာပေးတာပါ။

ဒီလိုနဲ့ ကလေးတယောက်မွေးဖွားပီး ချိန်မှစကာ မိခင်တွေဟာ ၃နာရီခြား၁ခါ ပုံမှန် နို့တိုက် ။ မိခင်နို့ဆို ၂နာရီခြားတိုက်ရင်း အိပ်ရေးပျက်ခြင်းများနဲ့ ရာသက်ပန်လက်တွဲရပါတော့တယ်။ ဒီကြားထဲ ကလေး မအိပ်ရင်.. ကိုယ်ပါမအိပ်ပဲ ကျော်ဖြတ်ရပြန်ပါတော့တယ်။

သည်းခံပါ။ အပိုင်းပိုင်းကို ကလေးတဖက် အိမ်အလုပ်တဖက်နဲ့အကြာကြီးရေးထားတာပါ။ စာလာဖတ်သူ ကော်မန့်ပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။

7 comments:

  1. မလွယ်ဘူးနော်။ ကလေးတစ်ယောက် မွေးရတာ။ ဒါကြောင့်မို့လဲ ကလေးမိခင်တိုင်း သူရဲကောင်းစိတ်ဓါတ်ရှိကြတာ။
    နာလို့အော်နေပုံလေး ကင်မရာနဲ့ မှတ်တမ်းတင်ထားတာလေး စိတ်ကူးကောင်းတယ်။ တချိန်ချိန်မှာ ကလေးအတွက် အသုံးဝင်မှာပါ။

    ReplyDelete
  2. ဟန်ကြည်March 3, 2014 at 9:12 PM

    ကိုယ်ဝန်ဆောင်တွေကို ဘယ်လိုဂရုစိုက်တယ်ဆိုတဲ့ အချက်တွေကို ကျကျနန ဖတ်သွားဖြစ်ပါတယ်...အတုယူသင့်တဲ့ လုပ်ထုံးလုပ်နည်းတွေပါပဲ...ကလေးတစ်ဖက်နဲ့ဆိုတော့လည်း သက်တောင့်သက်သာ ရေးစေချင်ပါတယ်...ကလေးထိန်းကျောင်းရတဲ့အလုပ်ဆိုတာ အပြောမလွယ်သလို အလုပ်လည်းခက် ပင်လည်းပင်ပန်းလွန်းတယ် မဟုတ်လား...

    ReplyDelete
  3. ကိုယ်တိုင်လဲ ကိုယ်ဝန်ဆောင်ချင်တယ် ကိုယ်ကမရခဲ့ဘူးဆိုရင် သူများကိုပြောပြပေးလို့ရတယ် သေချာဖတ်ခဲ့ပါတယ်(ဆရာဦးဟန်ကြည်)မှာတွေ့လို့ လိုက်ပြီးလာလည်မိတယ်...

    ReplyDelete
  4. ကလေးတစ်ဘက်နဲ့ အချိန်ယူပြီးရေးနိုင်တာ ချီးကျူးပါတယ်..ညီမရေ ...။
    သမီးလေး တော်တော်တတ်နေပြီပေါ့ ။

    ReplyDelete
  5. မှတ်သားစရာတွေပါ ကျေးဇူးပါ

    ReplyDelete
  6. အောင်မလေး..မိဆိုးလေးရယ်...ဒီဘလော့ကို..ကြိုက်လွန်းလို့...ပျောက်သွားတာ.နှစ်ရက်တိတိမနည်းရှာလိုက်ရတယ်...ခုမှပဲပျော်တော့တယ်....သမီးတုန်လေး..နဲ့ မိသားစုလေးပျော်ရွှင်ပါစေ....း)

    ReplyDelete
  7. စာလာဖတ်ပေးသူ ကော်မန့်ပေးသူ အားလုံး ကျေးဇူးပါပဲနော်။

    အယ်.. မလင်းစု ကျေးဇူးပါပဲနော်။ တကူတက သေချာရှာပီး လာဖတ်ပေးလို့။




    ReplyDelete