Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Sunday, February 14, 2016

ချစ်သူ အတွက် ချောကလက်

သူများနိုင်ငံနှင့် အစဉ်အမြဲ ပြောင်းပြန် လုပ်တတ်သော ကျနုပ်တို့ လက်ရှိ နေထိုင်ရာ အရပ်တွင်
မနက်ဖြန် ဆိုလျှင် ချစ်သူများနေ့ရောက်ပေတော့မည်။

ချစ်သူများနေ့တွင် မိန်းကလေးများက ယောင်္ကျားလေးများကို ချောကလက်တွေ ပေးကြသော ဓလေ့ ဖြစ်သည်။
လက်အောက်ငယ်သားများ ကလည်း အထက်အကြီးအကဲများကို ချောကလက် လက်ဆောင်ပေးလေ့ပေးထ ရှိသည်။
ဖေဖေါ်ဝါရီ ၁၄ ဟာ ချစ်သူများနေ့ပါ။ မိန်းကလေးတွေ က ချောကလက်ပေး ယောင်္ကျားလေးတွေ ငိုတယ်လေး။ ဘာလို့လဲ ဆိုတော့...။
မတ်လ ၁၄ က အဖြူရောင်နေ့။ အဖြူရောင်နေ့မှာ ယောင်္ကျားလေးတွေဟာ သူတို့ လက်ဆောင်ရထားတဲ့ ချောကလက်တန်ဖိုး ထက်ပိုတဲ့ တန်ဖိုးရှိတဲ့ လက်ဆောင်တွေကို ပြန်ပေးရလို့ပါပဲ။ များများရရင် များများ ကုန်တာပေါ့ကွယ်။

ကဲ..ကိုယ်လဲ ဂျပန်တို့ထုံး နှလုံးမူပီး သကာလ.. ချစ်သောသူတွေ အတွက် ဒီနှစ် ချက်ကလော ချောကလက် လုပ်လိုက်ပါတယ်။
အရမ်းခက်တာပဲ။ ဟီးဟီး...။ အပြူထင်း အပျင်းထူပီးတော့ အလွယ်လိုက်ပါကြောင်း ။ အို... ဘူ..သိတာမှတ်လို့...နော်။ ကောင်မလေးတွေ .... ကိုယ့်ချစ်သူကို ကိုယ့်ဘာသာကိုယ်လုပ်တာဆိုပီး ပေးချင်ရင် ပိုက်ဆံကုန်လဲ သက်သာ တဲ့..နည်းလေး လက်တို့ပီး ပြောမယ်နော်။
လိုအပ်တာလေးတွေကတော့လေ...။
ချောကလက် ရယ်
ယန်း၁၀၀ ဆိုင်က ချောကလက်ထည့်ဖို့ မိုလ် လေးတွေရယ်ပေါ့။
ပီးတော့ ချောကလက်ထဲ အစေ့အဆန် ထည့်ချင်ရင်လည်း ၀ယ်ပေါ့။
ကိုယ်ကတော့ အသည်းပုံလေးတွေပါတဲ့ ဟာလေး ထည့်လို့ အဲဒါလေးပဲဝယ်တယ်။
ကဲ လုပ်ပီနော်။
ချောကလက် ၂ပြား ၀ယ်လိုက်တယ်လေ။ ၈၈ ယန်း နဲ့၂ခုပေါ့။
ပီးတော့လေ...ချိုး ခြေထည့်ပီး micro wave oven မှာ  ၂မိနစ်လောက် ထည့်ပလိုက်တယ်။
အို လွယ်မှလွယ်..အသည်းပုံလေးထဲ မှာ အသည်းအသေးလေးတွေ ထည့်ပီး အပေါ်ကနေ ချောကလက် အရည်တွေထည့်တယ်..ပီး.တော့ သာသာလေး လှုပ်ခါပေးတယ်။ ညီသွားအောင်လေ..။

ပီးတာနဲ့ ရေခဲသေတ္တာ အခဲခန်းမှာ ၂နာရီလောက်ထည့် လိုက်တယ်။ ဒါပဲ...။ သမီးအတွက်ကတော့ တိရစ္ဆာန်ရုပ်လေးတွေ ပါတဲ့ မိုလ်ကို သုံးလိုက်တယ်။
 ၂နာရီ အကြာ... ရပါပီ။ လွယ်ကူလျှင်မြန်တဲ့ ချက်ကလော...။

ကောင်မလေးတွေကတော့ ပေးရမှာဆိုတော့ အိတ်လှလှလေးတွေ လိုတာပေါ့...။ အဲ့ဒါတွေလေ... ယန်း၁၀၀ ဆိုင်မှာရှိတယ်။

အမှန်က ချောကလက်လုပ်တာ သိပ်တော့မခက်ပါဘူး။ cocoa အမှုန့်ရယ် သကြားရယ် ထောပတ်ရယ် နို့မှုန့်ရယ်  လိုပါတယ်။ မခက်ပါဘူး။




Thursday, October 1, 2015

သမီးလေး အတွက် ကိုယ့်ကဗျာ

အင်္ဂလိပ်လို ၁ ကနေ ၁၀ အထိ သမီးလေး ၂နှစ်ပြည့်စမှာ ရေတွက်နိုင်တဲ့ အတွက် သိပ်ကို အံ့လဲသြမိ ဂုဏ်လဲယူမိရပေမဲ့ မြန်မာလို ရေတွက်တာ မသင်ရသေးလို့ ကဗျာတွေ အင်တာနက်က ရှာတဲ့ အခါ အဆင်မပြေတာနဲ့ပဲ ကိုယ့်ဘာသာ တီထွင်ထားတဲ့ ကဗျာပါ။ ကဗျာလေးက သမီးအတွက်တော့ အဆင်ပြေပါတယ်။ သမီးလေး နားလည်တဲ့ အရာပေါါ် အခြေခံထားလို့ပါ။ ကလေးတစ်ယောက် နားလည်ဖို့ရယ် စိတ်ဝင်စားစေဖို့အတွက် ကိုယ်တိုင် ဟန်ပန် အမူအယာနဲ့ သင်ပေးရပါတယ်။ ( ကလေး အမေ ဖြစ်တဲ့ အတွက် သမီး လေး စိတ်ဝင်စားဖို့ပဲ အဓိက ထားပါတယ်။ သူများတွေ မြင်ရင်တော့ မရှက်ဘူးလို့ ထင်မှာပေါ့။)
တစ် နှစ် မျက်နှာသစ်
သုံး လေး လက်ကိုဆေး
ငါး ခြောက်တံခါးခေါက် (ဒေါက်.. ဒေါက်..ဒေါက်)
ခုနှစ် ရှစ် အကျီင်္ဝတ်
ကိုး တစ်ဆယ် အပြင်ထွက်မယ်။ (သမီးက let’s go, c u , bye bye ပါထည့်ဆိုပါတယ်။)


ဒီအပုဒ်ကတော့ သူသိပ်ကြိုက်ပါတယ်။ သူ့ရဲ့ အဖြစ်ကို အခြေခံထားတာကိုး။
တစ် နှစ် သုံး လေး ငါး။ ထမင်းတွေ အများကြီးစား။ သေသေချာချာ ၀ါး။ လျှာကို ကိုက်မယ် သတိထား။
ခြောက် ခုနှစ် ရှစ် ကိုး တစ်ဆယ်။ လျှာကို ကိုက်မိတယ်။ လျှာကို ကိုက်တော့ နာနာဖြစ် ။ အား အား.. အီး အီး အစ်။

သမီးလေး နှစ်သက်ပီး သူ နားလည်တဲ့ ကဗျာလေး ဖြစ်တဲ့ အတွက် ခဏအတွင်း ရသွားပါတယ်။  နောက်မှ သူငယ်ချင်းတွေက ငါးလေးတစ်ကောင်ဖမ်းမိတယ် ကဗျာလေးပြောပြလို့ သမီးကို သင်ရပါသေးတယ်။

အပြင်သွားလို့ လှေခါး အတက်အဆင်းတွေ ဆိုရင် သမီးလေးက လှေခါးထစ် ရေတွက် ပီးတက်ဆင်း လုပ်ပါတယ်။

အရောင်တွေ သင်ပီး နောက်မှာလဲ လမ်းကူးရင် သမီးကို မီးပွိုင့်မှာ မီးအရောင် ကို ကြည့်ခိုင်းပါတယ်။

Sunday, September 21, 2014

သမီးလေး အတွက် ချော့သိပ်တေး

သမီးလေး...အကြောင်း ရေးထားတာ တန်းလန်းလေးတွေ အများသားရယ်။ စာရေးရတာထက် ဖတ်ရတာကို ပိုအားသန်ပီး ပျင်းနေတာရယ် မအားတာရယ်ပေါင်းပီး ဒီဘလော့လေးကို ဖုန်တက်တက်ဆိုပီး ပစ်ထားဖြစ်တယ်။
ဒါပေမဲ့ အမ ခင်ဦးမေ ဘလော့ကို အမြဲဖွင့်ဖတ်တယ်။ ဖတ်လို့ ကောင်းသကိုး။ အန်တီတင့် ရဲ့ ဘ၀ ဇာတ်ကြောင်းတွေကို လည်း စောင့်ဖတ်။ မဒမ်ကိုး ရဲ့ တင်သိန်းအေး အပါအ၀င် ဇာတ်လမ်းလေး တွေဖတ်။ အိမ့်ချမ်းမြေ့ ရဲ့ မိတော ကိုလည်း ကြိုက်လွန်းလို့ ဖတ်ပေါ့။ သူဂျီး ရေးတဲ့ စာတွေလဲ မလွတ်တမ်း။ အမ မေဓာဝီ ရေးတာတွေ ဖဘ က ကဗျာတွေဆိုလည်း ကြိုက်လိုက်တာ။ ဦးဟန်ကြည် တင်တဲ့ ပို့စ်ဆိုလည်း အလွတ်ပေးလို့ရပါ့မလား...။ အို... အမ မရွှေစုရဲ့ ပုံပြင်ကိုလည်း မကြာခဏ သွားနားထောင်...အဲ ဖတ်ရတာ အရသာရှိလွန်းလို့...။ အဲ့အမကို အနားခေါ်ထားချင်တာ။ အမ တန်ခူးရဲ့ ဆုံးမစာတွေ ရသစာတွေ ကလည်း ကောင်းလွန်းလို့...။
အခုတလော ဘလော့စည်းရုံးရေးမှူးကြီး သူဂျီးကြောင့် ဘလော့တွေ နဲနဲ ပြန်လှုပ်ရှားလာတယ်။ ဘလော့ဒေးက နေစပီး ခေါင်းတွဲကြီး အန်တီတင့်ရဲ့ အိမ်တံခါးတွေ လိုက်ခေါက်နေလို့လဲ ပါမယ် ထင်ပါရဲ့။

 အယ်... သမီး ချော့တေးက နေ ဘယ်တွေ ရောက်နေပါလိမ့်...။ ဘွာတေး ဘွာတေး...။
စာရေးတာ ပျင်းတာ သိပ်မကြာပါဘူး။ သမီးလေး မနှင်းဆီလေးတောင် ၁နှစ်ပြည့်ပီး လစွန်းနေပီ။ ဟီးးးး..
 ကိုယ့် သမီးချော့တေး ကို ကြိုက် လွန်းလို့ ကော်ပီ မလုပ် ကြနဲ့နော်...ဟင်း..။
ယောက် က ပြောတယ်..။ သမီးကို ချော့တဲ့ သီချင်း မဆိုတာ ကြာပီနော်တဲ့...။ ဟုတ်တယ်... ကိုယ်တိုင်စပ်ထားတဲ့ ပေါက်ကရ သီချင်းဆိုတော့ ကြာရင် မေ့မှာစိုးလို့ ဒီဘလော့မှာ မှတ်တမ်းတင်ပါရစေ...။ ဖတ်ပီး မရီကြနဲ့နော်...။

သမီးလေး....သမီးလေး... အိပ်ပါတော့ကွယ့်လေး....။
သမီးကလေး အိပ်တော့ကွယ်.. မေမေ.. ချော့သိပ်မယ်...။ အိပ်တော့မယ် ...အိပ်တော့မယ်.. မျက်စိကလေး မှိတ်လို့ကွယ်..။သမီးလေး...အိပ်တော့မယ်။

သမီးလေးရယ်... အိပ်တော့ကွယ်။ မေမေကြီးလဲ အိပ်ချင်တယ်..။ အိပ်ပါတော့ကွယ်...အိပ်တော့ကွယ်။
ဖေဖေကြီးလဲ အိပ်ချင်ပီ...။ အိပ်ပါတော့ကွယ်...အိပ်တော့ကွယ်...။

သမီးလေး...လည်း အိပ်တော့မယ်..။ ပူစီလေးလည်း အိပ်တော့မယ်... ညောင်....ညောင်...ညောင်.။ ပါပီလေးလည်း အိပ်တော့ မယ်... ၀ုတ်..၀ုတ်...၀ုတ်...။ ငှက်ကလေးတွေလည်း အိပ်တော့မယ်...ကျလိ..ကျလိ..ကျလိ။ နွားကြီးတွေလည်း အိပ်တော့မယ်...၀မ်း...ဘဲ....အဲ..။
ဆိတ်ကလေးတွေလည်း အိပ်တော့မယ်...ပဲ...ပဲ....အဲ...။
သမီးလေးလည်း အိပ်တော့မယ်...အားလုံးတိတ်ကြကွယ်...။ ပူစီလေးလည်း အိပ်တော့မယ်...ညောင်...အိုယဆုမိ။ ပါပီလေးလည်း အိပ်တော့မယ်... ၀ုတ်..၀ုတ်...အိုယဆုမိ။ ငှက်လေးတွေလည်း အိပ်တော့မယ်... ကျလိ ...ကျလိ... အိုယဆုမိ။

ချမ်းမြေ့..ချမ်းမြေ့ပါစေ...။ ဖေဖေ လည်း ချမ်းမြေ့ပါစေ.. မေမေလည်း ချမ်းမြေ့ပါစေ...သမီးလေးလည်း ချမ်းမြေ့ပါစေ..။ အားလုံးပဲ ချမ်းမြေ့ပါစေ..။

ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီးကို ချစ်တယ်..။ မေမေကြီး ..မေမေကြီးကို ချစ်တယ်။ ပါပီ့ကိုလည်း ချစ်ပါတယ်။ပူစီ့ကိုလည်း ချစ်ပါတယ်။ ငှက်လေးကိုလည်း ချစ်ပါတယ်။

အထက်ပါ သီချင်းတွေကို သမီးလသားအရွယ်ကနေ ၇လ အထိ ဆိုပီးသိပ်တာပါ။ သမီးလေးက အဲ့ပေါက်ကရ သီချင်းတွေနဲ့ နားဆင်ပီး မအိပ်တာလား.. အဲ ..အိပ်တာလား မသိပါဘူး။ တခါတလေ...ယောက်ကတော့ အဲ့သိချင်းဆို ဦးလေတဲ့...။ သူတခါမှ မကြားဘူးတဲ့ ပေါက်တက်ကရ သီချင်းတွေ ကို နားဆင်ချင်လိုတဲ့...ဟီးးးဟီး...။ စာဖတ်သူတွေလည်း လိုက်မဆိုကြနဲ့နော်... ဒါ နောင်ဂျိန်တို့ မူပိုင်...ဟွင်းဟွင်း...။

သမီးနာမည်လေးက မြန်မာလို အသ့ထွက်က ဂျပန်လို အသံထွက်ရင် မြန်မာနာမည် မနှင်းဆီလို့ အဓိပါယ် ရလို့ ဒီပို့စ်ကနေ မနှင်းဆီလေးလို့ ခေါ်မယ်နော်။

Wednesday, June 19, 2013

လက်စွပ်များရဲ့ ရာဇဝင်

လက်စွပ်ဆိုလို့.. ကိုယ့်မှာ သူနှင့်ပက်သက်ပီး လက်စွပ် ၃ခု ရှိလေသည်။ ပထမတခုက ပတ္တမြား၃ လုံးကို ရွှေကွပ်ပီး သူကိုယ်တိုင် ဒီဇိုင်းလုပ်ခဲ့ကာ ကိုယ့် ကို ချစ်သက်လက်ဆောင် ပေးခြင်းဖြစ်သည်။

ဒုတိယလက်စွပ်ကတော့ အသည်းပုံမှာ စိန်တလုံးထည့်ကာ ပလက်တီနမ် နှင့် ပြုလုပ်ထားသော လက်စွပ်ဖြစ်သည်။ ထိုလက်စွပ်မှာ မေမြို့ကန်တော်ကြီး ပန်းခြံမှာ ကိုယ့်ကို လက်ထပ်ခွင့်တောင်းသည့် လက်စွပ် ဖြစ်သည်။ ကိုယ့်ကို လက်ထပ်ခွင့်တောင်းချိန်သည် အမှန်တကယ် အားဖြင့် စော ရမည်  ဖြစ်သော်လည်း အမြဲ ကမောက်ကမ ဖြစ်တတ်သည့် ကိုယ်တို့ နှစ်ယောက်အတွက် မင်္ဂလာ လက်မှတ်မထိုးခင်  မြန်မာပြည်တွင် ပထမဆုံး အကြိမ် ဟန်နီးမွန်းထွက် ဖြစ်ခဲ့သည့် နေ့က ဖြစ်သည်။  အကြောင်းမူ ....... သတ်မှတ်ရက် မတိုင်မှီ မင်္ဂလောင်ဆောင် ဖြစ်ခြင်း၏ အကျိုးဆက် နောက်ဆက်တွဲ များဖြစ်သည်။ မတ်လ ၁၁ ရက်တွင် ဖြစ်ပွါးခဲ့သော ငလျင်သည် ကိုယ်တို့ ၂ယောက်ကို အလျှင်အမြန် အိမ်ထောင်သည် ဘဝသို့ ကူးပြောင်းသွားစေ သောကြောင့် ဖြစ်လေသည်။ ကိုယ်တို့ ၂ယောက် မြန်မာပြည်မှာ တရားဝင် လက်မှတ် မထိုးခင် ခပ်မြန်မြန် ဟန်းနီးမွန်းရ ခြင်းကလဲ ထိုရက်ပီးပါက ရသည့်အချိန်ကို ကျောင်းတက်ကြမည်ဖြစ်သော ကြောင့် ကမောက်ကမ ဖြစ်ကြခြင်းပင်။

ဟန်းနီးမွန်းဆိုလို့ တလမ်းလုံး ပျော်ရွှင်နေလိမ့်မည်ဆိုလျှင် တော့ စာဖတ်သူအသင် မှားပေလိမ့်မည်။
ကိုယ်တို့၂ယောက်သည် အဝေးပြေးကားဖြင့် ညနေ ၅နာရီမှ ထွက်ခွါခဲ့သည်။ လမ်းတွင် အဆင်ပြေခဲ့သော်လည်း ......... တထောက်နားသော စခန်း အရောက်မှာတော့ နောင်ဂျိန် ဇာတ်လမ်းစလေပီ။ အချိန်ကား ည၁၂ နာရီ....feel မှာ လူတွေ ပြည့်တော့ ဘေးကဆိုင်ကို ဝင်သည်။ ကိုယ်က ကြက်သားဟင်း နှင့် မှိုကန်စွန်းတပွဲ မှာသည်။ သူကတော့ ဆိတ်ကလီဇာ မှာသည်ပေါ့။ ပီးတော့ ဘီယာတလုံး ဘာကနေဘယ်လို စဖြစ်သည်ကိုတော့ မမှတ်မိတော့ ရန်ဖြစ်နေရင်း ကိုယ်တမင်မလုပ်ပေမဲ့ ကြက်သားဟင်းကို အဖဲ့မှာ ဟင်းရည်သူ့ကို စင်သွားခဲ့သည်။ ထိုအခါ ဘသားချောက ထပီး ဘာဆိုဘာမှမစားပဲ ထွက်သွားခဲ့သည်မှာ ကိုယ့်ရှေ့က ထမင်းပန်းကန်အပါအဝင် ဘီယာတစက်မှမသောက်ပဲ ပိုက်ဆံပေးခဲ့ရလေသည်။ ကိုယ်လဲ တော်တော်တင်းသွားသလို ရှက်လဲ ရှက်သည်။ ဒီတော့ အိမ်ကို ဖုန်းခေါ်ဖို့ကြည့်တော့ ဖုန်းလိုင်းမမိ။ ခက်တော့ခက်နေပီ။ ကိုယ်တအားစိတ်တိုပီး ရန်ကုန်ပြန်မည်ပြင်သည်။ သို့သော် အချိန်ကား ၁၂ နာရီဆိုတော့ အဆင်မပြေ။ (နောက်မှ ပြန်ပြောပြတာက သူက လက်ဖက်ရည်ဆိုင်မှ ကိုယ့်အရိပ်အခြေ ထိုင်ကြည့်နေသတဲ့ တကယ်လို့ တယောက်တည်းသွားရင် စိတ်ပူလို့တဲ့....း)
ကိုယ်လည်း စိတ်လျှော့ပီး ကားပေါ်တက်တော့ ကိုယ့်အနောက်က သူကပ်ပါသည်။ သူ့ကိုမကြည့်ပဲ ကားဆက်စီးလိုက် အိပ်လိုက်ပေါ့။ နောက်တော့ နဲနဲပြန်လျှော့ပီး စကားပြောမိကြသည်။ မနက်၎ နာရီလောက် ရောက်တော့ လာကြိုမဲ့သူဆီ ဖုန်းဆက်လိုက်ကြသည်။ ၄ နာရီ ၁၅လောက် မေမြို့ရောက်တော့ လာကြိုသည့်ကားဆီသွားပီး တည်းခိုသည့် ဟော်တယ်သို့ လိုက်ပို့သည်။ မနက်ကျ ကားဘယ်အချိန် ပြန်လာရမလဲမေးတော့ တခါ ပြဿနာ တက်ပြန်သည်။ ကိုယ်က သိပ်မအိပ်ပဲ လျှောက်လည်ချင်သည်ကိုးးးးးး။ သို့သော် သူ့စိတ်အတိုင်း ၁၁ နာရီလောက် လာကြိုခိုင်းလိုက်သည်။ ကဲ...စပါပီ....

တည်းခိုခန်းရောက်တော့ အခန်းသော့ပေးတော့.. အခန်းထဲမှာ ၂ယောက်အိပ်ကုတင်တလုံးနှင့် တယောက်အိပ်ကုတင်တလုံးပါလေသည်။ အခန်းထဲ ဝင်ဝင်ခြင်း တံခါးပိတ်ပီးသကာလ ကျောင်းတော်က..အဲ လမ်းမှာ မပီးသေးသည့် ဇာတ်လမ်းကို ပြန်ဆက်ကြသည်။ တစ်ယောက်တခွန်း စကားများရင်း ကုတင်ကလဲ အဆင်သင့် ခွဲပေးထားတော့ အကြိုက်ပေါ့...။ သို့သော်.... ရန်ဖြစ်လို့ မောသွားတော့ သူကပြန်ချော့လိုက်ပြန်သည်။ ဒီလိုနှင့် ရန်ဖြစ်ပြန်ချစ်။

မဟာအံ့ထူးကံသာဘုရားကြီး
ဘုရားကြီးတန်ဆောင်း
မနက်ရောက်တော့ ကားလဲရောက်ရော မေမြို့က ရှမ်းခေါက်ဆွဲဆိုင်မှာ သွားစားကြသည်။
ဘုရားရှေ့ကန် ဥယာဉ်
စားလို့မကောင်းပုံများ ကိုယ် ၂ဇွန်းအပြင် စားမဝင်။ သူကလဲ ကိုယ့်အကြိုက်လိုက်ပီး ဆိုင်ကလူကို  ပြင်ပေးခိုင်းသော်လည်း စားမကောင်းတော့ ကိုယ်စားမဝင်။ ဒါကို သူကမကြိုက်။ အဲ့အချိန်မှာ သူဘာမှမပြောပေမဲ့ ကားပေါ်ရောက်တော့ ကိုယ်တို့ အသံတိတ် တိုက်ပွဲ ဆင်နွှဲကြသည်။ မေမြို့ဘုရားကြီးရောက်သည်။ ဘုရားဖူးပီးလှူကြသည်။

ပိတ်ချင်းမြှောင်
  ဘုရားကအပြန် ပိတ်ချင်းမြှောင်ရောက်တော့ ဘုရားမဝင်သေးပဲ ကိုယ်တို့၂ယောက်    အကြီးအကျယ်
ဂူထဲက ဘုရားများ
ဖိုက်ကြသည်။ ကွဲကြ ကွာကြသည့်အဆင့်ထိရောက်ကုန်သည်။ အဲ့အကြောင်း ကိုယ်သိပ်ပြန်မတွေးချင်။ ကိုယ်ကမတင်း သူကတင်းတော့ ကိုယ် လျှော့ရသည်ကိုးးး။ ၁နာရီကျော်ကြာ ဆွေးနွေးပီး သကာလ လက်ချင်းပြန်တွဲကာ ဘုရားဖူးကြလေသတည်း။

ိတ်ချင်းမြှောင် ရှေ့က ဒီတောလမ်းကလေးကနေ ဖြတ်ရတယ်။ အပေါ်ကလှမ်းမြင်ရတာ ရေတံခွန် ရှိတဲ့နေရာလေးပေါ့...

ရေတံခွန်ရောက်ပီ။ ရေမကူးရတဲ့ လူသေလို့လို့ ပြောတယ်။
ဒီကနေဖြတ်မှ အပေါ်က ရေတံခွန်နေရာကို ရောက်သည်။
လမ်းတလျှောက် မြင်ရပါတဲ့ ရေတံခွန်တွေ....
မိုက်တယ်ဟုတ်...
ပိတ်ချင်းမြှောင်မှတဆင့် ခုနှစ်ထပ်ရေတံခွန်တို့တောင် ရောက်လိုက်သေးသည်။ ၂ယောက်သား ကြည်ကြည်လင်လင် ပုံတွေရိုက်ကြသည်။ ပိတ်ချင်းမြှောင်မှာပဲ ထမင်းစားသည်။ ဆတ်သားခြောက်ဟင်း၊ ယုန်သားဟင်း၊ ကြက်သားဟင်း နဲ့ ဂေါ်ရခါးညွှန့်ကြော် ပီးတော့ စွန်တန်ဟင်းချို။ စားကောင်းပါသည်။ ယုန်သားတော့မစားရဲလို့ မစားခဲ့။






စိန်ပန်းပြာတွေနဲ့ ပနံ့ရနေတဲ့ ဘီအီးဖော
အကြိုက်ဆုံးးးးးးနေရာ မိုးတွေရွာနေလို့ ရေနဲ့ မထိခဲ့ရဘူး။
အရင်ကဆို ရေထဲ လျှောက်ပီး ပုံတွေရိုက်ဦးမှာ...
လှတယ်နော်.. ရှူထောင့်အမျိုးမျိုး
သူက အောက်က ရေတံခွန်လေးပေါ့
အဲ့ကအပြန် ဘီအီးဖောဝင်သည်။ ကိုယ်တို့ဝင်ကာမှ မိုးရွာသည်။ ကားထဲကနေ မိုးခိုသည်။ ကားကို အထဲထိ ဝင်လိုက်တော့ လမ်းသိပ်မလျှောက်ရတော့ အတော်လေးအဆင်ပြေသည်။ အမှန်က မိုးရွာလို့ လမ်းမလျှောက်ဖြစ်ခြင်းပါ။ လူတွေမရှိတော့ ရေတံခွန်ပုံရိုက်ရတာ အတော်လေးလှသည်။ မိုးကလဲသည်းလိုက်တိတ်လိုက်။ အဲ့ကအပြန် စတ်ေဘယ်ရီခြံဝင်သည်။ စတော်ဘယ်ရီသီးကိုယ်တိုင်ခူးလို့ ရသည်ဆိုပဲ။ သို့သော် စတော်ဘယ်ရီ မရှိတော့လို့ ဆိုင်ပိတ်တော့ မြို့ထဲက ဆိုင်မှာ စတော်ဘယ်ရီဖျော်ရည် ဝင်သောက်သည်။ အပြန်မှာ မေမြို့ဈေးဝင်သည်။ ဟိုဟာဒီဟာ လက်ဆောင်ဝယ်သည်။ ညစာကို တရုပ်ဆိုင်မှာစားသည်။ တည်းခိုဆောင်ပြန်ကြသည်။ တည်းခိုသည့်ဟော်တယ် နာမည်မမှတ်မိ။ ဘာvilla လဲမသိ။ ဘေးက resort လဲနာမည်မေ့။ အဲ့ဒီမှာ ညဖက် ၂ယောက်သား ခေါင်းလျှော်ကြသည်။ အနှိပ်ခံကြသည်။ ခြေထောက်လဲ အနှိပ်ခံသည်။ အမယ် အဲ့အချိန် အိန္ဒြာကျော်ဇင်တို့ လဲ တည်းနေသတဲ့။ အနှိပ်ခံရင်း သူတို့ လင်မယားအကြောင်း ကြားခဲ့ရသေးသည်။ ကိုယ်ဝန်ရှိနေပီဆိုပဲ။ အဲ့ဒီအချိန်တုန်းက ဂျာနယ်တွေမှာတောင် သတင်းမပါသေး။

ညလဲရောက်ရော ကိုယ်ဇာတ်လမ်းစပီ။ ဒီတခါကတော့... ထုံးစံအတိုင်း ပန်းမမ ဖြစ်သည်။ ခေါက်ရေတောင် မမှတ်မိတော့ မနေ့က စတော်ဘယ်ရီဖျော်ရည်ဖြစ်မည်ထင်သည်။ ဆေးလဲ ပါမလာ။ တော်သေးတာက တည်းခိုခန်းပိုင်ရှင်က ပင်စင်စား ဆရာဝန်ဆိုတော့ သူဝယ်ခိုင်း သည့်   ဆေးဝယ်သောက်တော့   နေ့လည် အခြေအနေကောင်း သွားသည်။ မိုးကလဲ မနေ့က တညလုံး မနက်ခင်းတခင်းလုံး ရွာ။ သူကတော့ လက်ဖက်ရည်ဆိုင်သွားလေရဲ့။ ကိုယ့်ကို ဆေးတွေ မုန့်တွေလာပေးပီး နေ့လည်ကျတော့ ကိုယ် ကောင်းသွားပီဆိုတော့ အပြင်ထွက်ချင်ပီ။ သူက ကိုယ်လိုချင်သည့် ကားလမ်းဘေးက ပန်းဓာတ်ပုံတွေ လိုက်ရိုက်ပေးသည်။
သူ့နဲ့အတူ သူ့အဖေတပည့်တဦးနှင့် လိုက်ပီး ခြံလိုက်ကြည့်ဖြစ်သည်။ ငယ်ငယ်က မေမြို့နှင့် ယခုမေမြို့ အတော်ပြောင်းသွားသည်။ လူနေအိမ်ထူထပ်လာသည်။ လူမနေနိုင်လျှင် ခြံတွေသည် စိတ်မချရ။သေချာခြံခတ်နိုင်မှ တော်ကာကျသည်။ ခြံစောင့်ထားလဲ ခြံစောင့်ကိုပါ စိတ်မချရ။း( လိုအပ်သည့်ပုံအချို့ရိုက်ခဲ့သည်။ အဲ့ကအပြန်မှာ သူ့သူငယ်ချင်းနဲ့တွေ့သည်။
နေ့လည်ရောက်ပီ။ မိုးကရွာတုန်း။ သို့သော် ကန်တော်ကြီးသွားမည်ပူဆာတော့ သူလိုက်ပို့သည်။ ကိုယ်.ရထားလုံး.မြင်းလှည်းစီးချင်သည်။  ကားက ကန်တော်ကြီးမှာ ချပေးပီး ပြန်ထွက်သွားသည်။ သူ့သူငယ်ချင်းက ဆိုင်ကယ်ဖြင့် လိုက်လာသည်။ ကန်တော်ကြီးကနေအပြန် feel မှာညစာ စားဖို့ချိန်းသည်။

ကန်တော်ကြီးသည် နိုင်ငံတကာ အဆင့်မှီသည်။ စိတ်ချမ်းသာစရာ ကောင်းသည်။ တော်တော်လေး လှပ သပ်ယပ်သည်။ ကိုယ်တို့ လျှောက်လည်ကျသည်။ သို့သော် လိပ်ပြာတွေရှိသည့် သစ်ခွရုံတော့ ပိတ်သွားလို့ မဝင်ဖြစ်။ သူက ဘဲ၃ကောင်ကို ရီုက်နေသည်မှာ နာရီဝက်ကြာသည်။ ကိုယ်နဲနဲတင်းနေပီ။ မိုးကလဲတဖွဲဖွဲ... ဒီလိုနှင့် ပြန်ဖို့ပြင်ပေမဲ့ သူက ဟိုနားဒီနားသွားဖို့ပြောသည်။ စိန်ပန်းပြာတွေ ပွင့်နေတာ သိပ်လှသည်။ တခါမှ စိန်ပန်းပြာပွင့်တဲ့ အချိန် မေမြို့မရောက်ဖူးသေး။ ပန်းခြံထဲက ဘုရားပေါ်မှာကန်တော့ဖြစ်သည်။ ကိုယ်ကန်တော့တာ သူမလာလို့ ဘာဖြစ်နေတာလဲမေးတော့ လာပီဆိုပီး ကိုယ့်အနားလာထိုင်သည်။ ဘုရားရှိခိုးပီး သူ့ကိုလှည့်ကြည့်တော့ လက်ထဲက ဗူးနီနီလေးကို တွေ့သည်။ သူက မျက်စိမှိတ်ဆိုတော့ ကိုယ်လဲ ဘာမှန်းမသိ မျက်စိမှိတ်ဖြစ်တော့ ကိုယ့်လက်မှာ သူလက်စွပ်ဝတ်ပေးသည်။ အဲဒါလေးက နောက်ကျနေပီ ဖြစ်ပေမဲ့ လက်ထပ်ခွင့်တောင်းသည့် လက်စွပ်တဲ့။ သူကပြောသည်။ သူ့ကို လက်ထပ်ပါတဲ့......။း) (အချိန်စောခြင်း နောက်ကျခြင်း။ သူများတွေလို အဆင့်အဆင့်ဖြစ်မနေခြင်းသည် ကိုယ်တို့အတွက် အရေးမပါပါ။ ကိုယ်တို့၂ယောက်သည် အမြဲ အဆင့်ကျော်တတ်သောကြောင့် ဖြစ်၏။)

အဲ့ကအပြန်ကို မြင်းလှည်းလေးနဲ့ feel ကိုသွားသည်။ feel မှာညစာ စားတော့ ထွန်းအိန္ဒြာဗိုလ်တို့ လင်မယားတာင် တွေ့သေးသည်။ ဟင်းတွေ အများကြီးမှာပီး ကုန်လဲမကုန်။ အများကြီး ကျန်ခဲ့သည်။  နှမျောစရာ။ စီးစရာ ကားမပါတော့ အပြန်ကို စားပွဲထိုးတွေကိုပြောထားတော့ တက်ဆီတော့မရှိ။ ဆိုင်ကယ်တုတ်တုတ်တော့ ရှိသတဲ့။ ပထမဆုံး အကြိမ် စီးဖူးခြင်းဖြစ်သည်။ သူနဲ့ ကိုယ်နဲ့တဖက်စီထိုင်သည်။ ကြေက်လဲကြောက် ရင်လဲတုန် ပျော်လဲပျော်။ ဒီလိုနှင့် တည်းခိုခန်းပြန်ရောက်သည်။

မနက်လင်းတော့ တည်းခိုခန်းပိုင်ရှင်ဆီက ကားငှားပီး လျှောက်ပတ်ကြသည်။ လက်ဆောင်တွေဝယ် အပင်တွေကြည့်။ တရုပ်ဘုံကျောင်းသွား။ မိုးကလဲ ဖွဲဖွဲ..။ နေ့လည်မှာ တူးတူးထမင်းဆိုင်မှာ ဝင်စားဖြစ်သည်။ အရမ်းကြိုက်သည်။ ကောင်မလေးတွေလဲ သဘောကောင်းကြသည်။ စားလို့လဲ ကောင်းသည်။ ကိုယ်စားကောင်းတော့ သူပျော်လေသည်။ ညနေကျတော့  resort က စားသောက်ဆိုင်မှာ လက်ဖက်ရည်သောက်ဖြစ်သည်။ ညနေစောင်းတော့ ပြန်ဖို့ပြင်သည်။ တည်းခိုခန်းပိုင်ရှင်ကပဲ လိုက်ပို့ပေးသည်။ မိုးကလဲ ရွာလို့ကောင်းတုန်း။ နုတ်ဆက်ခဲ့ပါသည်..ပန်းမြို့တော်...။ အဲ့ဒီကအပြန်မှာ ကိုယ်အသားတွေ မဲသွားသည်။ မြန်မာပြည်မှာ နေစဉ်တုန်းကထက်တောင် မဲသွားသည်။း(

လက်စွပ်အကြောင်းရေးတာ... အမှတ်တရ မြန်မာပြည်ဟန်းနီးမွန်းအကြောင်း ဖြစ်သွားသည်။ တော်ချက်.။း) သို့သော်.. လက်စွပ် အကြောင်း ပါသည့် အတွက် လက်စွပ်ဇာတ်လမ်းပဲလေ..။

တတိယလက်စွပ်ကတော့ လက်ထပ်လက်စွပ်ဖြစ်လေသည်။ ထိုလက်စွပ်ကတော့ သူ့အမေ လုပ်ပေးခြင်းဖြစ်သည်။ စိန်တလုံးကို ပလက်တီနမ်နှင့် ကွပ်ထားခြင်းဖြစ်သည်။ ထိုလက်စွပ်ကို ပွဲမဝင်ခင် သေချာဝတ်ကြည့် ကြသော်လည်း တကဲ့နေ့ကျမှ အရမ်းချောင်နေတော့သည်။
လက်စွပ်များ အရမ်းချောင်နေခြင်းသည် ပြဿနာအစဖြစ်ပေသည်။

 လက်မှတ်ထိုးသည့် စာချုပ်သည် လဲ သူ့ဒီဇိုင်းဖြစ်သည်။ ဖုံးကြွငွေရောင်ပေါ်မှာ စီးကွင့်တွေ စီထားသည်။
ကိုယ်တို့လက်မှတ်ထိုးတော့ ကိုယ်အရင် တုန်းက သိခဲ့ဘူးသည့် အမ တရားသူကြီးတယောက်ရှေ့မှာ ထိုးခဲ့ခြင်းဖြစ်သည်။  ပန်းပဲတန်းတရားရုံးမှာဖြစ်သည်။ အိမ်ခေါ်ပီး လက်မှတ်ထိုး လို့ရသည့်အပြင် ဟော်တယ်မှာထိုးလို့ရသည် ဆိုတာကို နောက်ကျမှ သိတော့သည်။ တရားရုံးဆိုတော့ တရားခံစစ်ဆေးသည့် နေရာတွေရှိသည်။ သိမှမသိပဲ။ သွားဖြစ်ခဲ့သည်။ တခုတော့ တော်သေးသည်။ ကိုယ်တို့က ခပ်စောစော လက်မှတ်ထိုးတော့ တရားရုံးမှာ လူသိပ်မစုံသေး။ တရားရုံးထဲမယ် ဓာတ်ပုံမရိုက်ရတဲ့။ မသိပဲ ရိုက်လိုက်ကြသည်မှာ ဝက်ဝက်ကွဲ။း) တိုင်လုံးကြီးတွေ တော်တော်လှသည်။ နောက်ခံ ရန်ကုန်မြစ်နှင့် ဆိပ်ကမ်းကို မြင်ရသည်။ အားလုံးပီးတော့ ပြန်ဆင်းလာတော့ အနိဌာရုံ တွေ မြင်ခဲ့ရသည်။ အမှန်က ကိုယ်စပ်စုချင်သေးသည်။ မင်္ဂလာယူနေချိန်မှာ မကြည့်ရဆိုလို့ ဒီအတိုင်း ပြန်လာရသည်။

အဲ့ကအပြန် ၂ဖက်မိဘကို ကန့်တော့ ကြသည်။ လူကြီးတွေကို ဝင်ပို့ပေးပီး အဝတ်အစားလဲကာ ဖိတ်စာ အပ်ဖို့ပြင်ကြသည်။ ဖိတ်စာအပ်ရင်း  ဆိုင်ရှာရင်း ၂ယောက်သား ရန်ဖြစ်ကြပြန်သေးသည်။ ကားနဲ့ပတ်ပီး ဟိုဆိုင် ဒီဆိုင် ဝင်ရသည်မှာလဲ သိပ်တော့ မချောင်။ ဖိတ်စာကို နောက်ဆုံးတော့ ဗိုလ်ချုပ်လမ်းကဆိုင်တဆိုင်မှာ အပ်ဖြစ်သည်။ ငွေရောင်ဖောင်းကြွ လေး။ သြော်..ကိုယ်တိုင် မင်္ဂလာဆောင်မှပဲ သိတော့သည်။ ဈေးကမသေး။ တစောင် ၇၀၀ ကျပ်တောင်။ ဒါတောင် သူများတွေကပြောကြသည်။ ထောင်ကျော်တောင် ရှိသတဲ့။ နှမျောစရာကောင်းသည် ဟု ကိုယ်တော့ထင်သည်။ ဖိတ်စာဆိုသည်မှာ ကာယကံရှင်ပဲ သိမ်းထားတတ်ကြတာကိုးး။

ဖိတ်စာအပ်တော့တခါ စာရေးတော့ ပြဿနာတက်ကြသေးသည်။ ကိုယ်က ဘာဘွဲ့မှမရေးသလို မိဘတွေကိုလဲ ဘာရာထူးမှမထည့် ။ သူ့အမေကတော့ သူတို့ရာထူးတွေထည့်တော့ .. ကိုယ့်ဖားသားကြီးနဲ့ ပြဿနာတက်လိုက်သေးသည်။ သူကလဲ အဲ့ဒါကို မကြိုက်။ မထည့်ရင် ၂ဖက်လုံးမထည့်တာ ပိုမကောင်းဘူးလား။ ဟုတ်ပါသည်။ သို့သော် သူ့အမေထည့်တာကို ကိုယ်ဘယ်လိုငြင်းမလဲ..နော့်။း) ဖိတ်စာရိုက်ပီး အပြန် လမ်းမှာ စကားပြော အဆင်မပြေဖြစ်တော့ ရန်ဖြစ်ကြပြန်သည်။ သူသည် ကားကို အရှိန်ပြင်းစွာ မောင်းလို့ ကိုယ်ကလဲ ခပ်ရွပ်ရွပ်ဆိုတော့ သေချာကိုင်ပီး မျက်စိမှိတ်ထားသည်။ ဘယ်ရမလဲ..ဟဲဟဲ... လုပ်လုပ် ကြိုက်သလောက်လုပ်ပေါ့...။ သို့သော်.. မိနစ်အနည်းငယ်အတွင်း ကြောက်လာလို့ ကိုယ်ပဲ ပြန်လျှော့ရသည်။ မလျှော့လို့ ရမလား။ သူလုပ်ပုံကြည့် ဦးလေ..။ ပလက်ဖောင်းရဲ့ တဝက်ကို တင်ပီး ကားကို အသားကုန်သမနေတဲ့ဟာ..။ တော်သေးသည်။ အဲ့အချိန် လူရှင်း ကားရှင်းနေပေလို့။ မော်တော်ပီကယ်လဲ မရှိပေလို့ပေါ့။ ခုပြန်တွေးရင်းတော့ ရီရသည်။း) ချော်သွားပြန်ပီ။

လူတွေလဲသိပ်မဖိတ် ။ စာသင်သားသံဃာ ၂၀၀ကျော် ကို လှူဖွယ်ဝတ္တုများနှင့် ဆွမ်းကပ်ဖြစ်သည်။ ကျောင်းက ဆရာတွေကိုတော့ ဖိတ်တော့ ဆရာတွေ လာကြပါသည်။ သူငယ်ချင်းကတော့ အနဲငယ်ပဲ ဖိတ်ဖြစ်သည်။ လူနဲစုပဲဖိတ်ဖြစ်တော့ အဖိတ်မခံရတဲ့ သူငယ်ချင်းတွေဆိုတာ ခုချိန်ထိ အပြစ်တင်လို့မဆုံး။ အသိအမှတ်မပြုဆိုပဲ။ ကိုယ်ကလဲ ကိုယ်။  ဘယ်သူ့မှ သိပ်မဖိတ်ဖြစ်။ ၀တ္တရားအရဆောင်လိုက်ယုံ သတ်သတ်သာ။ ပီးတော့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးနဲ့ လှူတာပဲ လုပ်ဖြစ်သည်ဆိုတော့။ အဲ့ဒီအတွက် အစစအရာရာ သူ့အမေ စီစဉ်ပေးတော့ ကိုယ်တို့ မပင်ပန်း။ သူကလဲ ကျောင်းတက် ကိုယ်ကလဲ ကျူရှင်တက် မပြတ်။

ဆွမ်းကျွေးကိုတောင် အလှမပြင်ဖူး ပြင်မယ်နဲ့ စိတ်ကဝေခွဲမရ။ နောက်ဆုံး အမများ၏ တိုက်တွန်းမှူကြောင့် လက်ခံလိုက်ရပေမဲ့ မင်္ဂလာပွဲသွားသူလိုပဲ ပြင်မယ်။ သတို့သမီးလို မပြင်ချင်ဘူးဟုပြောပီး သဘောတူမိသည်။ တကဲ့နေ့ကျတော့မှ သူတို့သမီးမှန်း သိသွားကာ အလှပြင်ဆိုင်မှ သတို့သမီးဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြင်ဖြစ်သွားသည်။ ဆံထုံးကို အကြီးကြီး မထုံးချင်။ မိပ်ကပ်ကိုလဲ အများကြီးမပြင်ချင်နှင့် ဂျေးများသေးသည်။ သို့သော် အတော်အဆင်ပြေပါသည်။၄၃လမ်းထဲက မိပ်ကပ်ပွင့်ဖြစ်သည်။ပြင်တာသပ်ယပ်သည်။ မြန်သည်။ မိပ်ကပ်ထူလပျစ်မဟုတ်။  သူနဲ့ကိုယ်နဲ့ ကားတစီးစီမှာ သူ ဘုန်းကြီးကျောင်းကို ရောက်တော့ မိပ်ကပ်တွေ လိမ်းထားသည့် ကိုယ့်ကို မမှတ်မိ။ သူထင်တာက ..ဟင် ..ဒီနေ့ မင်္ဂလာဆောင် ၂ခုတောင်ရှိတယ်တဲ့။ နောက်မှ ကားမောင်းသည့်ဖက်ကြည့်မှ ကိုယ့်တူလေး ကို တွေ့မှ..ဟာ.. သူ့သတိုးသမီးပဲ ဆိုပီး လာခေါ်သည်။း)

ပထမတော့ ပုဝါတွေ မိတ်ကပ်တွေ ဆံထုံးတွေနှင့် အနေရခက်သည်။ မဖိတ်ပဲ အတင်းမင်္ဂလာလက်ဖွဲ့ ပို့ပေးသော အမရွှေစင်ကို ကျေးဇူးတင်ပါသည်။ အမပို့ပေး သော ပန်းချီကားမှာ ရန်ကုန် မှာရှိသော လက်ရာတွေထက် အများကြီး ကောင်းပါသည်။ ကျေးဇူးလဲ အထူးတင်ပါသည်။ ကြိုက်လဲကြိုက်ပါသည်။ သိပ်မကြာခင်တော့ ကိုယ်နှစ်သက်သည့် နိုင်ငံရှိ အိမ်ဧည့်ခန်းမှာ ချိတ်ဖြစ်မည်ဟု ထင်ရပါသည်။

မင်္ဂလာဆောင် ပီးအပြန်ကျတော့လဲ ရန် ဖြစ်ကြတာပဲ။ ရုပ်ရှင်တွေထဲကလိုတော့ ဆံထုံးတွေ ကိုတူတူဖြုတ်မယ်မထင်နဲ့ ရန်ဖြစ်ပီး ကိုယ်ပဲဆံထုံးတွေ ဆောင့်ဖြုတ်ပစ်လိုက်တာ။း) ရန်ဖြစ်တာ အခန်းထဲမှာတိုးတိုးတိတ်တိတ်ပေါ့။ဒါမဲ့ သူ့အိမ်က ကောင်မလေးတွေကတော့ ကြားတယ်တဲ့။

မင်္ဂလာပွဲ ပီးတော့တခါ နောက်တနေ့မှာ ဒင်နာလုပ်ဖြစ်သည်။ ကိုယ့်လက်မှာ သူပေးထားသော လက်စွပ် ၃ကွင်း အမြဲဝတ် ဖြစ်သည်။ လက်စွပ်တွေက ချောင်တော့ သတိထားရသည်။ ပုံမှန်ဆိုလျှင် လက်ထပ်ခွင့်တောင်းသည့်လက်စွပ်ကို အောက်က လက်ထပ်လက်စွပ်ကို အပေါ်က အဲ့လို ဝတ်ရသည်ဟု ယောင်းမတော်က ပြောသည်။ သို့သော် ချောင်သောကြောင့် ဘယ်မှ ညာသို့ပြောင်းဝတ်ကာ လက်ထပ်လက်စွပ်ကိုအောက်ကထားပီး အပေါ်က ခွင့်တောင်းသည့် လက်စွပ်ဝတ်ဖြစ်သည်။

ဒီလိုနှင့် ဂျပန်ကိုပဲ ပြန်လာဖြစ်သည်။ ရောက်ကတည်းက ဖြစ်လိုက်သည့်ရန်။ တရက်မှ မပြတ်။ တပတ်မှာ ၇ ရက်ရှိလို့ပဲတော်သည်။ ၈ ရက်ဆိုမလွယ်။ တရက်မှ မလွတ်။ ယခုမှ အိမ်ထောင်သည် ဘဝကို ၂ယောက်တူတူ ရင်ဆိုင်ရသည်ကိုး။ မြန်မာပြည်မှာ ရှိစဉ်တုန်းကတော့ အပူအပင်မရှိ။ ဘာမှ လုပ်စရာလဲ မလို။ ကျောင်းတက် ။ အဆင်သင့်စား။ကားတစီးနဲ့ လျှောက်သွား ဟိုဖက်အိမ်စား ဒီဖက်အိမ်စား။

အဲဒီလိုနှင့် ရောက်ပီး သိပ်မကြာခင် သူ့သူငယ်ချင်းတွေနဲ့ စားပွဲလုပ်ဖို့ တခါချိန်းတယ်။ ရန်ဖြစ် စိတ်ကောက် ကိုယ်ပျောက်နေတော့ တခါ ပျက်ပြန်တယ်။ နောက်၂ပတ်ကြာတော့ တခါ ထပ်ချိန်းတယ်။ ထုံးစံအတိုင်း ရန်ဖြစ် စိတ်ကောက်။ ဒီတခါတော့ ပျက်ရင်မကောင်းလို့ ပြန်တည့်ကြတယ်။သူ့သူငယ်ချင်းတွေက ညနေကျတော့ တခါ ဖုန်းဆက်ပီး ဒီတခါ တကယ်သေချာလား မေးကြသည်။း) ပထမတခါ ရန်ဖြစ်ပီး မိန်းမပျောက်သွားသည်ကိုး။း)  အမှန်က ရန်ဖြစ်ပီးကာစလေး..။  ပြန်ကြည်ပီး ညစာ တူတူသွားစားကြတယ်။ အဲ့ဒီမှာ သူ့မကောင်းကြောင်းတွေ သူ့သူငယ်ချင်းရှေ့ပြော။ မကျေနပ်ချက်တွေ ဖွင့်အံရင်း အဲ့ဒီကစလို့ နောက်ပိုင်း နဲနဲတော့ ၂ဦးသား ပြေလည်လာကြတယ်။ သူ့သူငယ်ချင်းတွေက သူ့ထက်ရော ကိုယ့်ထက်ရော ကြီးတယ်လေ။

အဲ့ဒီနေ့က သူတို့နဲ့ လမ်းခွဲပီး အပြန် ခေါက်ဆွဲဆိုင်တဆိုင်ဝင်စားတယ်။ လမ်းမှာ အချစ်နာလန်ထပီး လက်ကိုဆွဲပီး ယမ်း ပီး ၂ယောက်သား သောင်းကျန်းကြတယ်။ တွန်းထိုးရိုက်မောင်းနဲ့ပေါ့။ အိမ်ရောက်တော့ ကွန်ပျူတာဖွင့်ပီး စာရိုက်လိုက်သေးတယ်။ အဲ့ဒီမှာ သတိထားမိတာ လက်စွပ်။ ဟာ.............လက်ထပ်လက်စွပ် ။ ဘယ်လိုရှာရှာ မတွေ့တော့ဘူး။ သူကပြောတယ် ပြုတ်ကျရင် အသံကြားတယ်တဲ့။ အဲ့ဒီနေ့က ကိုယ် အဲဒါကို အပေါ်က ဝတ်မိတော့ ချောင်နေတော့ ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်။ အဲ့ဒီနေ့က ကိုယ်... အိပ်လို့မပျော်ခဲ့ဘူး။ သူကတော့ မစဉ်းစားနဲ့တဲ့။ ပစ္စည်းက အဓိက မကျဘူး။ သစ္စာနဲ့ ခိုင်မြဲခြင်းသာ အဓိကတဲ့။ ဒါပေမဲ့.. ကိုယ် အဲ့ဒီနေ့က လုံးဝ အိပ်မပျော်ခဲ့ဘူး။ နောက်နေ့ကစလို့ ဘယ်မှာ ကျပျောက်မှန်းမသိတဲ့ လက်စွပ်ကို ၂ယောက်သား သွားခဲ့တဲ့ လမ်းတလျှောက် မျက်စိတောင်းမှောက် ရှာကြတာ ၂လကျော် ကြာတဲ့အထိ။ တွေ့ပါတယ်။ သူများတွေရဲ့ ငွေလက်စွပ်တွေ ငွေလက်ကောက်တွေ။ အဟောင်းဆိုင်တွေတောင် ရောက်တယ်။ ကိုယ့်ဟာများ ရှိမလားလို့ပေါ့။
ဒါနဲ့ သူ့ကိုပြောတယ်။ ၂ဖက်မိဘ ဘယ်သူ့ကိုမှ မပြောနဲ့ ပြန်ဝယ်ပီး အစားပြန်ထိုးမယ်ဆိုပီး စိန်တန်ဖိုး လိုက်မေးရတယ်။ ကိုယ်က ငပိန်း ဘာမှမသိဘူး။ စိန်ကလဲ ဘယ်လ်ဂျီယမ်ဆိုတာသိတယ်။ ဈေးဘယ်လောက်လဲ မသိ။ အသိအမတွေလဲမေး။ ဒီက ပုံစံတူရှိရင်လဲ စပ်စုပေမဲ့။ ဒီမှာ စိန်ကို ဘယ်နိုင်ငံကလဲဆိုတာ မေးမရဘူး။ အဲ့ဒီလိုနဲ့  လက်စွပ်ပျောက်တာ ၆လကျော်လာပီ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ပြန်ရင် အစားပြန်ထိုးရမှာပဲလေ..။ တခါတလေ သူ့လက်စွပ်ကို မြင်ရင် ပြောမိရင် သူက အလေးထားလို့တဲ့။ သူများကို မခံချင်အောင်စတယ်။

ကိုယ်ကလဲ တခါက  ကိုပီတာရေးဖူးတဲ့ အထဲ မိန်းမတစ်ယောက်က သူ့လက်ထပ်လက်စွပ်လေး နှစ် ၂၀ကြာတော့ ခြံထဲက မုန်လာဥနီရဲ့ထိပ်မှာ စွပ်လျက်သားပြန်တွေ့တဲ့ အကြောင်း ပြောပီး .. လက်စွပ်ကလေးကို ဘယ်လိုပုံနဲ့ ပြန်တွေ့မှာလဲဆိုတဲ့ မှိန်ပျပျ မျှော်လင့်ချက်လေးနဲ့ပေါ့....။

ဒီလိုနဲ့ လက်စွပ်လေးရဲ့အကြောင်း မေ့လိုက် ပြန်ပေါ်လိုက်နဲ့.... တနေ့က သူ အိမ်ပြန်လာတော့ ကုတင်ပေါ်မှာ စောင်းအိပ်တဲ့ အခါ သူ့ပစ္စည်းကျနေတော့ ကိုယ်မနက်ထတော့ သူ့ပစ္စည်းတွေ တင်ပေးရင် အထဲ ကပစ္စည်းတခု ကျသံကြားတော့ ကိုယ်ကောက်လိုက်တာ....... မထင်မှတ်ပဲ ကိုယ့်လက်စွပ်ကလေး ပြန်ရတယ်။ အဲ့ဒီနေရာ ကိုယ်အမြဲ သန့်ရှင်းရေးလုပ်ခဲ့ပေမဲ့ တခါမှ မတွေ့ခဲ့ဘူးး။ ကိုယ်..ပထမတော့ သူ့လက်စွပ်ထင်တော့ သူ့ကိုနှိုးပီး လက်စွပ်မေးတော့ လက်စွပ်က သူ့လက်မှာ။ ဟာ..တကယ်ပဲ ကိုယ့်လက်စွပ်ကလေး.. ပြန်တွေ့ပီ။ သူလဲ အံ့သြပီး အိပ်ယာကထကြည့်တယ်။ ဒါနဲ့ သူ့ကို ကိုယ်က ဒုတိယအကြိမ် လက်ထပ်လက်စွပ် ပြန်ဝတ်ခိုင်းခဲ့တယ်..........။ ပျော်လိုက်တာ။



လက်စွပ်ပျောက်နေချိန်တုန်းက တခါတလေ သူ့ကို ကိုယ်ပြောတာက ကိုယ့်ဆီမှာ လက်ထပ်ခွင့်တောင်းတဲ့ လက်စွပ်ပဲ ရှိတဲ့အတွက် သူက ကိုယ့်ကို အမြဲ လက်ထပ်ခွင့်တောင်းနေတဲ့ အဓိပ္ပါယ်လို့ ကိုယ်ပြောမိတယ်..။ ဟဲဟဲ...။ အဲဒီလိုနဲ့ ကိုယ့်မှာ ရာဇဝင်လေးနဲ့ လက်စွပ်ကလေးတွေ... ၃ကွင်းတောင် ရှိခဲ့ပါတယ်။

 ဘလော့မှာစာရေးဖို့ မအားလပ်လို့ရယ်.. စာရေးရမှာပျင်းနေတာရယ်ကြောင့် ခုမှ အရင်တုန်းက ဇန္န၀ါရီလတုန်းက ရေးထားခဲ့တဲ့ စာကို တင်ခြင်းဖြစ်ပါတယ်။ နောက်များမှ ကလေးလေးနဲ့ ပက်သက်တာလေးတွေ တင်ပေးပါမယ်။ ခုတော့ တော်တော်လေးကို အလုပ်ရှုပ်နေပါတယ်...

Tuesday, March 12, 2013

၃နှစ်ပြည့်.....

အဲ့ဒီတုန်းကပေါ့.....
၁၀.၃.၂၀၁၁ ကိုယ် ၅ နှစ်တာ နေထိုင်ခဲ့တဲ့ ဂျပန်အနောက်ပိုင်းမြို့တော်တစ်ခုကနေ စွန့်ခွါလာခဲ့တယ်။ ကိုယ်နေတဲ့အိမ်ရှင်ဆရာတွေကိုယ်တိုင် ရထားပေါ်ကို လိုက်ပို့ပေးခဲ့တယ်။ ကိုယ်... စိတ်နာနာနဲ့ ဒီမြေကို စွန့်ခွါတော့မယ်လို့ ဆုံးဖြတ်ပီးတော့ အရာရာဟာ ကိုယ့်အတွက် မလွမ်းလောက်ပါဘူးလို့ ထင်ထားခဲ့ပေမဲ့.... တကယ်တမ်း ခွဲခွါရတဲ့ အခါ... သိပ်ပီးဖော်ရွေတဲ့ ကိုယ့်သူငယ်ချင်းတွေ သိပ်ကို လေးစားချစ်ခင်ရတဲ့ ဂျပန်ဆရာတွေ ဂျပန်မိဘတွေနဲ့ ၅နှစ်ဆိုတဲ့ ခရီးမှာ အတူပျော်ရွှင်ခဲ့ဖူးခဲ့တာတွေ ..သိပ်လှပပီး သိပ်သန့်ရှင်းတဲ့ ဒီမြေပေါ်မှာ နေရာများစွာ ခြေရာချင်းထပ်ခဲ့ဖူးတာတွေ ဇီးပန်းပွင့်ချိန် ချယ်ရီပွင့်ချိန် မိုမိဂျိအချိန် စသည့် ရာသီးပန်းတွေနဲ့ အချိန်များစွာမှာ ဖြတ်သန်းပျော်ရွှင်ခဲ့ရတာတွေဟာ မေ့စရာထက် လွမ်းစရာ က ပိုများနေမလားပဲ။ ဝုန်းဝုန်းဒိုင်းဒိုင်း ဆုံးဖြတ်အပီးမှာ တကယ်ခွဲရတဲ့အခါတော့ မျက်ရည်လေးတလည်လည်နဲ့..နောင်ဘယ်သောခါမှ ထပ်မံခြေချခွင့် လည်ပတ်ခွင့် ရမှန်းမသိတော့တဲ့အခါ မျက်ရည်လေး တဝေဝေပေါ့...။ ဘေးနားမှာ ကူညီဖေးမတဲ့ ချစ်သူသာ ပါမလာခဲ့ရင် ကိုယ်လေ.... အားရပါးရ အော်ငိုမိမလားပဲ။ ချစ်သူက ဖေးမပီး မျက်ရည်ကျနေတဲ့ ကိုယ့်ကို... တချိန်ချိန်မှာ ပြန်လာလည်လို့ ရတာပဲလေလို့ နှစ်သိမ့်ပေးခဲ့တယ်... ဒီလိုနဲ့ ရထားကြီး ခေါ်ဆောင်ရာ ကို လိုက်ပါပီး ည၁၁ နာရီမှာ ညကားစီးလို့ ဂျပန် အရှေ့ဖက်ခြမ်းကို ခြေဆန့်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ် ဂျပန်က မခွါခင် အရှေ့ဖက်ခြမ်းက မရောက်ဖူးသေးတဲ့ နေရာတွေ သွားကြမယ်ရယ်လို့ပေါ့လေ...။

၁၁-၃.၂၀၁၁ မနက် ၉နာရီခွဲ။
ချစ်သူ နေထိုင်ရာ နယ်မြေကို ရောက်ပီဆိုတော့ ကားဂိတ်မှာ ချစ်သူရဲ့ သူငယ်ချင်းတွေ ကားနဲ့လာကြိုကြတယ်။ ပီးတာနဲ့ သူ့အိမ်ကို ၁၀နာရီလောက်မှာ ရောက်ပီး အထုပ်တွေချပီး ဈေးဝယ်ထွက်ခဲ့ကြတယ်။ ချစ်သူနဲ့သွားခဲ့တဲ့ ဆူပါကြီးတွေက ကြီးလွန်း ကျယ်လွန်းလှတယ်။ နာမည်တော့ မမှတ်မိခဲ့ဘူးပေါ့လေ။ ကိုယ့်ရဲ့ ကျန်ရှိနေသေးတဲ့ အစားအသောက်အချို့က ကိုယ်အရင်နေခဲ့တဲ့ မြို့ကနေ ချစ်သူရှိတဲ့ မြို့ကို မနက်ဖန်မှ ရောက်လာမှာ။ ဒါတောင် ချစ်သူက အဲ့ဒီအစားအသောက်တွေ လွှင့်ပစ်ခဲ့ဖို့ ပြောပေမဲ့ ကိုယ်က နောက်ထပ် ၁လ တောင် နေရဦးမှာဆိုတော့ မလွှင့်ပစ်နိုင်ခဲ့ပဲ သယ်ခဲ့တယ်။ ချဉ်ပေါင်တွေ အပါအ၀င် အခြောက်အခြမ်း အစုံပေါ့။ ဒီတော့ ဆူပါ တွေမှာ ကိုယ်ဝယ်ဖြစ်တာ ဆန်လေး ၂ ကီလိုပေါ့။ မလောက်မှ ထပ်ဝယ်မယ်ဆိုတဲ့ အကြံနဲ့ပေါ့လေ.. ချစ်သူက ဘုံဘိုင်ရေ မသောက်နိုင်တော့ ရေဘူးကြီးတွေတော့ ၆ဗူးလောက် ဝယ်ဖြစ်ခဲ့သေးတယ်။ တခြား တိုလီမိုလီလေးတွေလဲ ဝယ်ဖြစ်တာပေါ့လေ...။ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ အဆင့်သင့်စားလို့ရတဲ့ ဝယ်လာတာလေးနဲ့ နေ့လည်စာ စားကြတယ်။ စားပီးတော့ နေ့လည် ၁နာရီလောက်ပေါ့။ ဒီလိုနဲ့ တညလုံး ကားစီးရတာ ပင်ပန်းလာတော့ အိပ်ကြတယ်...။ အိပ်နေတဲ့အချိန် ၁နာရီခွဲလောက်မှာ အိမ်က ယိမ်းယိုင်သွားတယ်...။ဒါနဲ့ ကမန်းကတန်း ဘာဖြစ်သလဲဆိုပီး ထကြည့်တဲ့အခါ... ငလျှင်ဖြစ်မယ်ဆိုပီး သူ့ကို အတင်းအော်ခေါ် နှိုးလိုက်တော့ သူပါ ထလာတယ်။ အဲ့ဒီအချိန် လှုပ်တဲ့ ငလျှင်က အစပျိုးခဲ့တာ မှန်း ကိုယ်အပါအ၀င် ဂျပန်တနိုင်ငံလုံး ဘယ်သူမှ မသိခဲ့ကြဘူး။ ဒီလိုနဲ့ သူရော ကိုယ်ရော ပြန်နှပ်။

နေ့လည် ၂နာရီ ၁၅ မိနစ်။
ကမ္ဘာမှာ တတိယ အကြီးဆုံး ငလျှင်ဖြစ်တဲ့ မဂဂ္ဂနီကျူ ၈.၉ တချို့ကလဲ ၉ ပြင်းအားငလျှင် စတင်လှုပ်ခတ်ပါတော့တယ်။ ငလျှုအစမှာပဲ ကိုယ်က အရင် အိမ်ပြင်ထွက်တဲ့အချိန် ဖိနပ်ပါမလာခဲ့ဘူး... ဖြည်းဖြည်းချင်းလှုပ်လာတဲ့အခါ စိတ်ပူတဲ့ ကိုယ်က ချစ်သူရေ.. အမြန် ..အမြန်...ဆိုတော့ သူကတော့ ဘာမှမဖြစ်နီုင်ပါဘူးဆိုတဲ့ စတိုင်နဲ့... ထွက်လာတယ်။ ကိုယ်ခေါ်လို့သာ လာရတဲ့ပုံနဲ့ပေါ့လေ..။ သူလဲ အပြင်ကိုရောက် အခြေအနေကြည့်နေရင်းနဲ့ပဲ တောင်စောင်းမှာ မေးတင်ထားတဲ့ သူ့အိမ်ရှေ့ မှာ သက်ရှိဆိုလို့ ကိုယ်တို့၂ယောက်ကလွဲလို့ မရှိတဲ့အချိန်မှာပဲ .... ၂ယောက်သား တယောက်ကို တယောက်တင်းတင်းဖက်လို့ ဘုရားစာကိုရွတ်ရပါတော့တဲ့။ ကိုယ်ရပ်နေတဲ့ မြေကြီးပေါ်မှာ သေချာရပ်လို့မရအောင် လှုပ်ခတ်သွားခဲ့တဲ့ ငလျှင်ကြောင့် ဘုရားစာတွေသာ ပီးခဲ့ပေမဲ့ မပီးဆုံးနိုင်သေးတဲ့ ကြန့်ကြာမှူ... တလောကလုံးကို ကြည့်လိုက်ပြန်တော့လဲ လှုပ်ခတ်နေလိုက်ကြတာ.... ကောင်းကင်ကြီးက ပဲ ရွေ့နေသလား မြေကြီးကပဲ ရွေ့နေသလား... ဘာဆိုဘာမှ မသိနိုင်ဘူး။ ကြုံဖူးသမျှထဲမှာ အချိန်အကြာဆုံးနဲ့ အကြီးမားဆုံး ငလျှင်ပေါ့..။ ကိုယ်တိုင်လဲ သေတော့မယ်ဆိုတဲ့ စိတ်ကို သွင်းလိုက်ပီ...။ ငလျှင် ပီးသွားတဲ့ အချိန်မှာ ကိုယ်သိလိုက်တာက ကိုယ်တို့ ၂ယောက် အသက်မသေသေဘူးဆိုတာပဲ။ ဒါပေမဲ့ ကိုယ်တွေးလိုက်တာက ကိုယ်တို့လွတ်ပေမဲ့ မလွတ်နိုင်တဲ့ သူတွေ ရှိရမယ်လို့... သတ္တဝါအပေါင်း ကျန်းမာကြပါစေ......လို့ ဆုတောင်းလိုက်သေးတယ်။
ဒီလိုနဲ့ အိမ်ပြင်ကနေ အိမ်ထဲဝင်ဖို့အလုပ် ဖိနပ်မပါခဲ့တဲ့ ကိုယ့်ခြေထောက်တွေ ... လျှောက်လှမ်းလို့ မရအောင် ယိုင်နဲ့ခဲ့ပီ။ ဒီတော့ သူက အိမ်ထဲဝင် ရေတခွက် ခတ်လို့ ကိုယ့်ကိုတိုက်ပီး ၃မိနစ်လောက်အပြင်မှာ သူ့ရင်ခွင်ကိုမှီပီး ကိုယ်နေလိုက်ရသေးတယ်... ပီးတော့မှ ဖြေးဖြေးချင်း အိမ်ထဲကို လှမ်းလို့... ချစ်ရေ.. တီဗွီ ဖွင့်တော့ အရေးကြီးတယ်။ ကိုယ့်အနားဘာမှ မဖြစ်ပေမဲ့ ဘာတွေ ဖြစ်မလဲ သိရအောင် သတင်းနားထောင် ဆိုတော့ ......
ဖြစ်တာပေါ့.........ဆူနာမီ အရေးပေါ်သတင်းတွေ တောက်လျှောက် လွှင့်နေပီ။ အဲ့ဒီအချိန်က ကိုယ်တို့နေတာ ချိဘ။ ကိုယ်တို့မနက်က သွားခဲ့တဲ့နေရာ ဆူပါက အောက်ဖက်တွေ ကျိုးပဲ့ ပျက်ဆီး ကျန်ခဲ့ပီ။ ကိုယ်တို့ဆီဝင်ထည့်ခဲ့တဲ့ နေရာက ဆီတိုင်ကီတွေ ပေါက်ကုန်ခဲ့ပီ။ အိုး.... အစုံအစုံ။ ဒီအချိန်အထိ လူတွေ အသေအပျောက်တော့ မရှိသေးပါဘူး။ စက်ရုံတွေ မီးလောင် တဲ့နေရာ လောင်ကုန်ပီ။ ဆူနာမီ ကလဲ အဆက်မပြတ် သတိပေးနေပေမဲ့ ကိုယ်အပါအဝင် လူအတော်များများ ပင်လယ်ကမ်းခြေက လူတွေပါ သိပ် အလေးအနက်မထားခဲ့ကြဘူး။ ဒါပေမဲ့ ကိုယ်က မအိပ်ရဲတော့ဘူး။ သူကတော့ ဆက်အိပ်လေရဲ့... ဒီလိုနဲ့ ဘေးနားက သူကအိပ်တဲ့အခါ ကိုယ်လဲ တီဗွီကြည့်ရင်းနဲ့ လူပန်းစိတ်ပန်းတဲ့ အရှိန်နဲ့ ပြန်အိပ်လိုက်တာ ညနေ ၃နာရီထိုးတော့ အိပ်ချင်မူးတူးနဲ့ တီဗွီက ဘာတွေပြနေတာလဲ ရေတွေ အိမ်တွေ...ဒါနဲ့ လူးလဲထ မျက်စိဖွင့်ကြည့်တော့...ဘုရားရေ..... လူသားတွေ ဆူနာမီ ဘေး တွေ့နေပါလား....။ ဒါနဲ့ သူကို နှိုးတော့ သူပါ ပြန်မအိပ်ဖြစ်တော့ပဲ.... ဟာ.........................ဘုရား ဘုရား... ဘာတွေဖြစ်ကုန်ပီလဲ....။ ကိုယ်တို့ အိမ်နားမှာလဲ ဆူညံသံတွေ စကြားနေရပီ။ ငလျှင်ကလဲ အဆက်မပြတ် လှုပ်လိုက် ပျောက်လိုက်နဲ့...............................



ဆက်ရန်

Wednesday, November 7, 2012

ထိုးကြမယ်ဟေ့ ကောင်းကောင်း

ဆောင်းဟေမာန်နဲ့အတူ
 နှင်းသခင်တို့ အပေါင်းအပါများ..
ပျော်မြူးကြတော့မည်ဆိုတော့ တစတစနှင့် ညနေ ၅နာရီ မတိုင်ခင်ကတည်းက မှောင်ရီပျိုးတော့သည်။

သည်လိုနှင့် နွေအကုန် ဆောင်းဦးရာသီကနေ ဆောင်းဥတုကို ရောက်ခဲ့ပြန်ပီ။
ဒီနှစ်ဆောင်းရာသီမယ်...... အလုပ်လက်မဲ့ ကိုယ်သည် မလုပ်စဖူး အလုပ်ထူးသည့် ဘဝမှာ ပထမဆုံးအကြိမ်လဲ ဖြစ်သည့် သိုးမွှေးထိုးခြင်း အလုပ်ကို ဘာစိတ်ကူးနဲ့ လုပ်မိသည် မသိပေမဲ့ အကောင်အထည်တော့ ဖော်ဖြစ်လေသည်။

ဖော်ဖြစ်ရခြင်း အကြောင်းကလည်း မရည်ရွယ်ပဲ လုပ်ဖြစ်သည်ဆိုပါတော့..

ထိုးဖြစ်ပုံကလည်း..ဒီလို ...

တနေ့ အိမ်ကနေ ဟိုဟိုဒီဒီ လမ်းများနေတုန်း အထက်ကောင်းကင်ယံမှာ ရုတ်တရက် မှောင်မဲလာကာ လေကြီးမိုးကြီး ချပါလေတော့သည်။ သည်တော့ ထီးမပါသည့် ကိုယ် က အိမ်ကို ပြန်လို့မရ။ မရသည့်အတူတူတော့ အဆောက်အဦထဲ ပြန်ဝင်ပီး ဟိုဒီလျှောက်ကြည့် ဖြစ်သည်။ ယန်း၁၀၀ ဆိုင်ကလဲ အဆင်သင့်ဆိုတော့ လှည့်ပတ်ကြည့်ရှူရင်း စိတ်ကူးပေါက်လာသည်ကား မျက်စိရှေ့မှာ ရှိတဲ့ သိုးမွှေးအထုံးစီ။ သူ့အတွက် လည်ပတ်စီးကလေး ထိုးပေးရင် ဆိုတဲ့ အတွေးဝင်လာတော့ အရောင်ရွေးရင်း ထိုးပေးဖို့ ဝယ်မိသည်။

လွန်ခဲ့သော ဆယ်စုနှစ်ကျော်တစ်ခုမှာ ကိုယ်သိုးမွှေးထိုးခဲ့ဘူးသည်။ အကျီ င်္တစ်ထည် တကယ်ထိုးဖြစ်ခဲ့သည်။ သိပ်တော့မကြာ ၁နှစ်လောက်ပါ။း))
နောက် နှစ်ချောင်းထိုး နှင့် ကလေးခြေအိတ် တစ်စုံ ထိုးခဲ့ဘူးသည်။ ပီးခါနီးမှ အပ်ကနေ လွတ်ကျသွားတော့ စိတ်မရှည်သည့် ကိုယ် အစပြန်မကောက်တတ်တော့ ကိုယ်တိုင်ပဲ ဖျက်ဆီးပစ်သည်။  အမယ်.. ကိုယ် သိုးမွှေးထိုးတော့မယ် ဆိုတာနဲ့ ကိုယ့်ဆီမယ် စာအုပ်တွေ များ လောင်ဆက်တွေ ဗလပွ ရခဲ့ဘူးတာ။ ကိုယ်ကလဲ ဟိုပုံစံ လေး ဒီပုံစံလေးနဲ့ အစတော့ထိုးသည်။ အဆုံးဘယ်တော့မှ မသတ်။ ထိုးခဲ့ဘူးသည့် ဝတ်စကုတ်လေးကိုလဲ အစအဆုံးသေချာ ပြန်ဖျက်ခဲ့ဘူးသည်။ ထိုးတော့သာ ကြာတာ ဖျက်မယ်ဆို ...ဟော...ဟော နဲ့ ဖျက်လို့ ကောင်းမှကောင်း။ မှတ်မှတ်ရရ ၂ခုတော့ အဖတ်တင်သည်။ တခုက ကတ်ဆက်ဖုံး နှင့် တယ်လီဖုန်းအတွက် ။  အဲသည်လောက်တော် သည့် ကိုယ်သည် သိုးမွှေးထိုးခြင်းကို မျက်စိပျက်မည် အကြောင်းပြပီး ရပ်နားခဲ့သည်။ ဒါက ကိုယ့်ရဲ့ သိုးမွှေးထိုးခြင်း မှတ်တမ်း။

သိုးမွှေးထုံးတွေဝယ်ပီး ခနနေတော့ မိုးက သူမဟုတ်ခဲ့တဲ့အတိုင်း တိတ်သွားတော့ လမ်းမြန်မြန်လျှောက်ပီး အိမ်ရောက်တော့တာပေါ့။ အိမ်ရောက်တော့ ဇာတ်လမ်းစတာပေါ့။ ပထမတော့ တိတ်တိတ်လေး သူမသိအောင် ထိုးပေးပီးမှ သူ့ပြမယ်ပေါ့။ ဒါပေမဲ့ ခက်တာက ယောင်္ကျားဆိုက် က ကြီးကလဲကြီးတော့ ကိုယ်မမှန်းတတ်ဘူး။ ထိုးလဲ မထိုးဘူးတော့ နောက်ဆုံး သူသိသွားလေရဲ့။ မျက်စိပျက်မယ်တဲ့ သူက။ နားနားနေနေထိုးတဲ့။း)) မယ်စက်ကြာ မဟုတ်ပေမဲ့ မယ်ငပျင်း အကြောင်း သူမသိရှာဘူး။ ဒါပေမဲ့ သူ့အတွက်ဆိုတော့ အားကြိုးမာန်တက် ထိုးသပေါ့လေ.......။

သူ့အတွက် ထိုးနေရင်းနဲ့ပဲ ကောက်ခါငင်ကာ ထိုးလိုက်တာ ကိုယ့်အတွက် ဦးထုပ်။ ဟီး... ကိုယ့်ဥစ္စာလေးပီးမှ သူ့အတွက် ပြန်ထိုးရတယ်။ ကိုယ့်ဟာလေးကို ၃ရက်နဲ့ အပီးထိုးပီးတာ ဇာတ်ကြောတောင် တက်တယ်။ သူပြန်လာတော့ ကိုယ့်ကိုတောင် ဇက်ကလေး နှိပ်ပေးသေး။း)
ဒါလေးက သူ့ရဲ့ လည်ပင်းပတ်ကလေး
နှိပ်ပီးမှ သူ့ကိုပြတော့ သူက သူ့ဟာတော့ မပီးသေးဘူးလားတဲ့..။ ဒါနဲ့ သူ့ဟာလေး ဆက်ထိုးပေးတာ..။ နောက် ၂ ရက်ကြာတော့ ပီးသွားတယ်။ သူက ဦးထုပ်လေးကို ပန်းဖွားလေး လုပ်ပါဆိုလို့ ကိုယ်လဲ သူပြောသလို လုပ်လိုက်တယ်။ ပန်းဖွားလုပ်တာ တခါမှ မလုပ်ဖူးလို့ youtube မှာရှာပီးလုပ်ထားတာ။ အင်တာနက်က သုံးတတ်ရင် ပညာရတယ်ဆိုတာ အမှန်ပဲ။ ခုတလော တော့ ဘာသိချင်သိချင် ဘာရှာချင် ရှာချင် အင်တာနက်ကိုပဲ မေးမေးနေတယ်။ အမှန်က ကိုယ်မေးနေကျ သူငယ်ချင်းတွေ အကုန် မြန်မာပြည် ပြန်ကုန်ကြလို့။
ဒါလေးက ကိုယ့်ဦးထုပ် သူ့လည်ပင်းပတ်
သူ့ဦးထုပ်လေး
အဲဒါတွေလဲ ပီးရော ကိုယ့်လက်ရာကို ယုံ သွားတဲ့ သူက ကိုယ့်ကို ဦးထုပ်တစ်ခု ထိုးခိုင်းတယ်။ ဒါနဲ့ ဒီဦထုပ်လေး ထိုးဖြစ်သွားတယ်။ သူ့အတွက်ထိုးရင်း သူနဲ့ဆင်တူ ကိုယ်လဲ နောက် ဦးထုပ်တစ်ခု ထပ်ထိုးဖြစ်ပြန်ရော...။ သူ့စိတ်ကြိုက် လုပ်ပေးရတာ။ အရောင်က ကိုယ်ရွေးထားတာ သူကြိုက်တယ်ဆိုတော့ စိတ်ချမ်းသာတာပေါ့။ ပီးသွားတော့ သူက နောက်ထပ် တလုံးတောင် ထပ်ထိုးဖို့ ပူဆာနေသေးတာ..း) ။ ကိုယ့်ဦးထုပ်ကလေးက ကျောက်ကပ်နေတာ သေးတော့ ကပ်ရတာ အဆင်မပြေလို့ ၃လုံးပဲ ပီးသေးတယ်။ ဒါပေမဲ့ အဲ့ဒီဦးထုပ်လေးကို လဲ အရမ်းကြိုက်တယ်။ဆောင်းရာသီ မှာ ဆင်တူကဲ ..အဲ အပြင်သွားရင် ဆင်တူဝတ်လို့ရပီ။း)


ဒါကတော့ အင်္ဂလန်က သူ့တူလေးအတွက် မှန်းပီးထိုးထားတာ.. တော်မတော် တော့မသိသေး။ အင်တာနက်က အတိုင်းအတာ ယူပီး ထိုးလိုက်တာပါ။ မျက်လုံးရယ် ခေါင်းကြိုးသိုင်းက သူကထည့်လိုက်ပါဆိုလို့ ထည့်တာ။ တခါမှ မထိုးဘူးသလို တိုင်းလဲ မတိုင်းရတော့ အဆင်ပြေပါ့မလား မသိဘူးရယ်..။


စကားမစပ်..
အမေရီးကားမှာ အိုဘာမားနိုင်သွားတာ ကိုယ် ..သိပ်ပျော်။



Wednesday, October 31, 2012

ရောက်ခဲ့တဲ့ မြို့

နေပြည်တော်တဲ့ ...
နွေနေ့လည်မှာ အထီးကျန်နေသည့် ရေပန်းဥယာဉ်
အမှန်အတိုင်း ဝန်ခံရလျှင် ရန်ကုန်သူ ကိုယ်သည် နေပြည်တော်ကို ယနေ့တိုင် မြန်မာပြည်၏ မြို့တော်အဖြစ် မသတ်မှတ်နိုင်သေး။ နောင်လဲ သတ်မှတ်လိမ့်မည်မထင်။
လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့ပီး စီးပွါးရေး အပါအဝင် အချက်အခြာ ကျသော နေရာ ကိုသာ မြို့တော်ဟု ခေါ်မည်ဆိုလျှင် နေပြည်တော် ပတ်ဝန်းကျင် ကို ရေလမ်းကြောင်း ဖွင့်ပေး ရမည် ဖြစ်သလို လေလမ်းကြောင်း ကိုလည်း အတင်းလုပ်ယူခြင်း မဟုတ်ပဲ အဆင်ပြေချောမွေ့ နေ မှသာလျှင် မြို့တော် ဖြစ်မည်မဟုတ်ပါလား။

နေပြည်တော်ကို ၂ခေါက်ရောက်ဖူးသည်။ ရောက်ခဲ့သမျှသည်လဲ မလုပ်မဖြစ် အလုပ်လုပ်ဖို့အတွက်ပေါ့။ ပထမတခေါက်က ၂၀၀၆ ။ အဲ့ဒီတုန်းကတော့ အရာအားလုံးက ဆောက်လုပ်ဆဲ။ များသောအားဖြင့် ဖုန်ထူထူ လွင်တီးခေါင်ပေါ့။ ကားမရှိပါက အဆင်မပြေနိုင်သောနေရာ။ အဲ့ဒီတုန်းက ကိုယ့်အမလဲ အဲ့မှာဆိုတော့ အစစအရာရာ ဘာမှမပူရ။ လိုတာအဆင်သင့်။ အဲ့ဒီအချိန်က ဘာမှလဲ သေချာမရှိသေး။ ဒီလိုနှင့် အဲ့ဒီနောက်မှာ တစတစ ဟော်တယ်တွေ မော်တယ်တွေနဲ့ စားသောက်ဆိုင်တွေ ပေါလာသည်။

ကိုယ်ပြန်ရောက်တော့ နေပြည်တော် သွားမလားမေးလျှင် ဟင့်အင်းပဲဖြေမည်။ မေမြို့သွားတုန်းကတော့ လူမရှိပဲ ညဥ့်သန်းခေါင်မှာ ကွက်ကွက်ကြီး ထိန်ထိန်ညီးနေသော လျှပ်စစ်မီးများကို ကြည့်ကာ မနာလို စွာ ဖြင့် ပြုံးမဲ့မဲ့ ဖြစ်ခဲ့သလို သူငယ်ချင်းအမ ကလေးများ မေးခဲ့သော စကားလုံး အချို့ကို ပြန် ကြားယောင် မိသည်။

ရန်ကုန်မြို့။ အချိန်ကား ည ၉ နာရီ  အပြင်မှ အိမ်သို့အပြန် တလမ်းလုံး မှောင်နေရာမှ ထိန်ထိန်  လင်းနေသော  ဂေါက်ကွင်း ရှေ့က အဖြတ် တွင် ...
မေမေ.. သားတို့ဖြတ်လာတဲ့ အိမ်တွေ မီးမလင်းသလို သားတို့အိမ်ကျလဲ မီးမလာတဲ့ဟာ ဘာလို့များ လူမနေတဲ့ ပန်းခြံကြီးတွေမှာ မီးလင်းနေတာလဲဟင်.... တဲ့

 ကိုယ့်အနေနဲ့ နေပြည်တော်ဆိုတာ ကိုယ်နှင့်မဆိုင်သော မြို့အဖြစ် သတ်မှတ်ခဲ့ပေမဲ့ မသွားမဖြစ်သွား ရသော အကြောင်း ပေါ်လာခဲ့သည်။ ကိုယ့်အမြင် ပြောရမည်ဆိုလျှင်... တကဲ့ကို ပိုက်ဆံ မကုန်ကုန်အောင် စေခိုင်းနေသလို အချိန်မကုန်ကုန်အောင် အရှုပ်ထုပ် လုပ်သည့်နေရာကို ပြပါဆိုလျှင် မနှေးမမြန် လက်ညိုးထိုးပြရမည့်နေရာသည် အဆိုပါ နေရာဖြစ်လေသည်။ ကိုယ်ကြားရသလောက်ဆို အရပ်ရပ်မှ အမှူထမ်း အရာထမ်း ဖြစ်ချင်သူများသည် နေပြည်တော်တွင် ရေးဖြေသွားဖြေရသည်။ တည်းစရာမရှိလျှင် တည်းခိုခန်း ဟော်တယ် တည်းပေရော့။ မအောင်ပြန်လျှင် ထိုင်ငိုပေတော့။ အနီးအနား နယ်က လူတွေအဖို့တော့ အဆင်ပြေမည် ဖြစ်သော်လည်း လူနည်းစုသာ။

 ဟော်တယ်များ၏ ဈေးများကလည်း ကြောက်ခမန်းလိလိ။ ဒါတောင် တည်းခိုခန်းမရလို့ မတည်း ရသူတွေတောင် ရှိသတဲ့။ ဒါက တနှစ်မှာ ၂ခါ လုပ်သော ကျောက်မြတ်ပွဲကြောင့်။ ဒါကြောင့် လာဘ်မြင်သည့် မြန်မာဖွားတရုပ်လား မသေချာသည့် ကိုရွှေတရုပ်တို့က ခြံဝယ်ကာ တည်းခိုခန်း သဖွယ် ကျောက်မျက်ပြပွဲ ချိန်မှာ ငှားစားကြလေသတည်း။နေပြည်တော် မြေဈေးကွက်ကလဲ သာမန်ပြည်သူတွေ လက်လှမ်း မမှီနိုင်သည့် ဈေးကွက် အဖြစ်သို့ တရိပ်ရိပ်ပြောင်းနေသည်။ သည်တော့ ဝန်ထမ်း သမားတွေသာ လိမ်ဖယ်လိမ်ဖယ်နှင့် ရန်ကုန် မိသားစု နှင့် တာဝန်ကျရာမှာ နေရသည့် မိသားစု၂စုစာ ရုန်းကန်ကြရသော်လည်း ကောင်းစားသူတွေကတော့ လုပ်စားကိုင်စား ဖားစား မြှောက်စား သူတွေသာ။ တကယ်တမ်းတော့ ဘာမျှမလုပ်စား တတ်သော ဝန်ထမ်း များသည် သနား ဖို့  ကောင်းလှသည်။

အိမ်ခန်းပေးသည် ဆိုသော်လည်း ရောက်စ ပထမနှစ်တွင်သာ အလကားပေးပီး အခုတော့ လခပေးနေရသည်။ ဖြစ်ကတတ်ဆန်း ဆောက်လုပ်ထားသော အိမ်ယာများရှိ အပျက်အဆီးကိုလည်း တာဝန်ယူရသည်။ ပျက်ပါက ပြန်လျော်။ ကိုယ့်ဘာသာ ကိုယ်တပ်ထားလျှင်တော့ အိမ်ပေါ်က ဖယ်ခိုင်းလျှင် ပြန်ယူခွင့်မရှိ။ အိမ်ပေါ်က ဖယ်ခိုင်းသည် ဟု ပြောရာမှာ စည်ပင်ပိုင် အိမ် ဖြစ်သောကြောင့် ဌာနဆိုင်ရာများ အား  ပေးထားသည် ဖြစ်ရာ စည်ပင်မှ ဖယ်ခိုင်းသည့် အခါ အထက်ပါ ဖြစ်ရပ်များ ဖြစ်ခဲ့ သည့် အတွက် သိရှိခဲ့ခြင်း ဖြစ်သည်။ ဒါတောင် အောက်ခြေဝန်ထမ်း အိမ်ရာ မဟုတ်။

အဝေးက လှမ်းမြင်ရတဲ့ ဘုရား
နေပြည်တော် လမ်းမကျယ်ကြီးသည် အတော်ကားမောင်းလို့ ကောင်းသည်။ အလုပ်တက်ချိန် နှင့် ဆင်းချိန်မှ လွဲလျှင် ကားများနှင့် လူများစွာ ကို မြင်ခွင့်ရမည်မဟုတ်သလို  မနက်စောစော တချိန်၊ နေ့လည်နေ့ခင်းချိန် နှင့် ည၇ နာရီဝန်းကျင်ချိန်မှ စကာ နောက်တနေ့ မနက်စောစောထိ ထိုလမ်းမကျယ်များ နှင့် လမ်းသွယ်များကို မြင်ပါက တိတ်ဆိတ်နေသည့် အပြင် ခွေးဟောင်သံတောင် မကြားရသည့် အတွက် ကိုယ့်ကိုကိုယ် ဘယ်ရောက်နေသလဲ ဟု အထပ်ထပ်မေးရမည့် နေရာမှာ အဆိုပါ နေရာလဲ ဖြစ်သည်။

ထိုသို့ တိတ်ဆိတ် နေသော်လည်း ညအခါတွင် လမ်းတလျှောက် ထိန်ညီးနေသည့် မီးရောင်စုံများ ကို  တွေ့မြင်ရပေမည်။ ကားလမ်းဘေး တလျှောက် အလှစိုက်သမျှ သေသည့် အပင်များကို အစားထိုးစိုက်ရင်း နေ့လည်နေ့ခင်း မကျန် ရေမပြတ်လောင်းနေသည့် အလုပ်သမများကို လည်း တွေ့မြင်နိုင် သည် မှာ အဆိုပါနေရာ။

၂၀၁၂ အစောပိုင်းက ကိုယ် လက်ထပ်စာချုပ်အပါအဝင် ပုံစံ၁၀ကို endorsed  လုပ်ဖို့ နေပြည်တော် သွားဖို့ အကြောင်း ပေါ်လာသည်။ ကိုယ်တိုင်သွားမလား လူကြုံပေးမလား?????? စဉ်းစားရပီ။ မူရင်းတွေပါ ပေးရမည်ဆိုတော့ စိတ်မချ။ ကိုယ်တိုင်သွားရင် ဘယ်လောက် ကျပီး ပိုက်ဆံပေးရင် ဘယ်လောက်တဲ့ ။ တခါတည်း ဈေးထွက်သည်။ သို့သော် ကိုယ့်ကို ဥပဒေအကြံပေးက ကိုယ်တိုင်သွားတာ အကောင်းဆုံးဟု အကြံပေးသည်။ ဒီလိုနှင့် သူ့ကို အကျိုးအကြောင်း လှမ်းပြောတော့ သူက စိတ်ပူစွာ မသွားရတဲ့။ ပြောရင်း ၂ယောက်သား ရန်ဖြစ်ကြပြန်သည်။ ကိုယ်က အကျိုးအကြောင်း ပြောတာ လက်မခံ။ သူက ကိုယ့်ကို ကဲချင်လို့ သွားသည်ဟု စွပ်စွဲလို့ ဖြစ်သည်။ သည်ဇာတ်လမ်းမှာ သူက ဟိုကနေ သူ့သူငယ်ချင်း ဆီ ဆက်သည်။ ပိုက်ဆံနဲ့ လုပ်ခိုင်းမည်တဲ့။ သူ့ သူငယ်ချင်းကလဲ ပြောသည်။ မူရင်းတွေပါတော့ ကိုယ်တိုင်သွားတာ အကောင်းဆုံးပေါ့။ ဒါနဲ့ ကိုယ်သွားဖြစ်သည်။ သို့သော် အဖော် ပါမှသွားတဲ့။ ကိုယ်သွားမယ်ဆိုတော့ အိမ်ကလဲ ဘယ်သူမှ မလိုက်နိုင်။ ကိုယ့်ညီမကလဲ ကလေးတွေ စာမေးပွဲ နီးနေတော့ ဘယ်လိုမှ မလိုက်နိုင်။ အိမ်မှာက လူခွဲ မရှိ။ အဒေါ်က လေဖြတ်ထားတော့ မမက လဲ လိုက်လို့ အဆင်မပြေ။ သူကလဲ အဖော်မပါရင် မသွားရနဲ့။ ဒီလိုနဲ့ သူ့အိမ်က ကောင်မလေးကို အဖော်ခေါ်သွားတဲ့။း))))))) သူ့အိမ်မှာ ၂ယောက်တောင် ဆိုတော့ ကိုယ်လဲ သိပ်မကြာတော့ အဆင်ပြေသည်ပေါ့။ ဒါပေမဲ့ ကိုယ်ကပြောသည် ချစ်ချစ်ကိုယ်တိုင် ပြောပေးလို့...။ ကိုယ်ကတော့ မပြောပါ။ သည်လိုဆိုတော့ သူက သူ့အိမ်ကိုပြောသည်။ ထွက်နေမည့် အဖြေကို ကိုယ်က သိပီးသားဆိုတော့ ခပ်အေးအေးပင်။ ကိုယ့်ဖက်က လုပ်စရာရှိတာတွေ လုပ်ထားသည်။ တည်းဖို့ ရယ်။ သွားဖို့ ကားရယ်။ ဟိုမှာ အဆင်ပြေဖို့ ကားရယ်ပေါ့။ နောက်ဆုံးတော့ ကိုယ်တစ်ယောက်တည်း သွားဖြစ်သည်။ ကားလက်မှတ် တော်တော် ဝယ်လိုက်ရသည်။

တယောက်တည်းဆိုတော့ သူက စိတ်တွေပူကာ ... တမနက်လုံး ဖုန်းတခေါ်ခေါ် ။ ဒီလိုနှင့် မနက် ၇နာရီမှာ  ကားစထွက်သည်။ ၄၅ မိုင်မှာ ကားပျက်ပါသည်။ သို့သော် နောက်ကား တစ်စီး ၈နာရီခွဲ လောက်မှာ ရောက်လာသည်။ ပျက်သည့်နေရာက ဖုန်းလိုင်းမိတချက် မမိတချက်ဆိုတော့ ကိုယ်လဲ ဘာမှမတတ်နိုင်။ ထုံးစံအတိုင်း ၁၁၅ မိုင်မှာ ကားရပ်သည်။ သူနှင့် ထိုင်ခဲ့သည့် Feel ဘေးက ဆိုင်ကိုရောက်တော့ သူ့ကို သတိရစွာ ပြုံးဖြစ်လိုက်သေးသည်။ သူမပါသည့် ဒီခရီးသည် လွမ်းဆွတ်ဖွယ်အတိ။ ပီးတော့ တစ်ယောက်တည်းဆိုတော့ စိတ်လှုပ်ရှားစရာ ကောင်းသလိုလို။ ဒီတခေါက်တော့ Feel မှာပဲ ကားပေါ်မှာ သိခဲ့သော ဘေးက အန်တီတစ်ယောက်နှင့် အဖော်လုပ် စားခဲ့သည်။  ဒီလိုနှင့် သတ်မှတ်ထားသည့် အချိန်ထက် ၁နာရီလောက် နောက်ကျပီး မှ နေပြည်တော်ကို ရောက်သည်။ လမ်းမှာ သူ့ဖုန်း ၂ခါလာသည်။ ရောက်ခါနီးတော့ လာကြိုမည့် အမကို ဖုန်းဆက်လိုက်သည်။ ကိုယ်လဲ ကားဂိတ် အရောက် သူလဲ အရောက်။

စားခဲ့တာ..ကျန်တာတွေ စားပီးမှ သတိရတော့ မရိုက်ဖြစ်တော့ပါ။
နောက်တော့ အမက သူ့အိမ်ကို တည်းဖို့ပို့ပီး သူ့ကို ရုံး ပြန်ပို့ပေးသည်။ ကားကို ၄နာရီမှာ ပြန်လွတ်လိုက်သည်။ ကိုယ်က အိပ်သည်။ ရေမိုးချိုးသည်။ တီဗွိကြည့်သည်။ ၄ နာရီထိုးတော့ မနက်အတွက် ပြင်ဆင်ရမည့် အချက်တို့ကို မေးမြန်းရင်း အဲ့ဒီညက အခြားအန်တီအခန်းများမှ ထမင်းစားဖိတ်သော်လည်း အပြင်မှာ သွားစားခဲ့သည်။ Feel ထင်တယ်..။အရသာ မဆိုး။ ဗျူးမဆိုး။ ဆိုင်မှာလဲ လူအပြည့်။ နေပြည်တော်သည် အဲ့လိုနေရာတွေ တော့ စည်းကားသည်။ အိမ်ပြန်ရောက်တော့ မတွေ့တာ ကြာပီ ဖြစ်သည့် အန်တီများနှင့် စကားပြော။ အမနှင့်လဲ သတင်းပေါင်းစုံ ဖလှယ်ရင်း တညတာ ကုန်ဆုံးသည်။

ကားပေါ်က မြင်ရတဲ့ ရေကန်နှင့်အိမ်များ ညဖက်ကျလျှင် ရေကန်ကို မီးထိန်အောင်ထွန်းသည်
မနက်စောစော သွားဆိုလို့ ကားတစ်စီးနှင့် ကိုယ် ယောင် ချာချာ နိုင်ငံခြားရေးရုံး ရောက်သည်။ အဲ့သည်မှာ ပြောစရာ ဖြစ်သည်။ဌာနဆိုင်ရာ ကားတွေသာ အထဲထိဝင်လို့ရသည်။ ဆိုင်ကယ် ကယ်ရီနှင့်လာပါက ရုံးအထိ ရောက်ဖို့ တမျှော်တခေါ် လျှောက်ပေရော့။

 သိပ်စောနေတော့ ကားတွေတောင် သိပ်မတွေ့။ စောလှသည် ဆိုသော်လည်း ၈နာရီလောက်ပါ။ ကိုယ်က သိပ်စောနေတော့ မသွားချင်။ ဒီလိုနှင့် ကားပတ်မောင်းခိုင်းလိုက်သည်။ ၈နာရီခွဲကျော် ၉နာရီလောက်မှ လူအပြည့်နှင့် ဖယ်ရီများ အရာရှိကားများ ကိုတွေ့ရတော့သည်။ ကိုယ်လဲ နိုင်ငံခြားရုံးကို ပြန်ဝင်တော့ ကိုယ့်ထက်စောသူတွေ ၇ ယောက်မက ရှိသည်။ ဘာတွေလိုလဲ ဆိုတော့ ကျသင့်ငွေ ငွေသွင်းချလန် တဲ့။ ဟမ်... မှတ်ပုံတင်ကလဲ ၂ယောက်စလုံး မှတ်ပုံတင်ပါရမတဲ့..ဟမ်.... သူ့ဟာ ပါမလာဘူးဆိုတော့ ဘယ်လိုလုပ်ရပါ့။ ပျားတုပ်ပီ။ ခရီးကလဲ နောက်ကြောင်းပြန်လို့ ရတဲ့ အရာမဟုတ်။ဦးနှောက် ကို အလုပ်ပေး ဆိုင်ရာတွေကို အပူကပ်ဖို့ လုပ်ပေမဲ့ အခြေအနေက ရတက်မအေးဖွယ်။း(
ငွေသွင်း ချလန်က သူတို့ လုပ်ပေးမယ်။ အဲဒါဆို ဘယ်လောက်ပေါ့။ ဟုတ်တာပေါ့။ ကိုယ့်ဟာကိုယ် သွားမယ်ဆိုရင် ဆိုင်ကယ်ကယ်ရီခ အပြင် အသွားအပြန် လမ်းလျှောက် မောကြော..။ ဒါပေမဲ့ ကိုယ်က ကားပါတော့ ကိုယ်တိုင်သိအောင် လိုက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။အဲဒီမှာ အမ မှတ်ပုံတင် ထပ်ထားအမ နောက် ၁၀နာရီခွဲ ၁၁ နာရီလောက်ဆို ရမယ်ဆိုလို့ အဲဒီကနေ ဘဏ်ကိုထွက်လာခဲ့တယ်။

လက်ရှိ ပြဿနာက မှတ်ပုံတင် ကိစ္စ။ ကားကို ဘဏ်ဖက် ဦးလှည့်ပီး ကားပေါ်မယ် ကိုယ်တစ်ယောက်တည်း ပျားတွေ တုပ်နေတာ....။ ရန်ကုန်က အပူကပ်လို့ ရမဲ့သူများဆီ ဆက်နဲ့ နောက်ဆုံး သူ့အမေဆီပဲ ပြန်ရောက်တယ်။ သူ့ မှတ်ပုံတင်မပါရင် မရဘူးတဲ့။ ဟူးး... ဒါနဲ့ သူ့အမေက စကန်ဖတ်ပီး မေးလ်နဲ့ လှမ်းပို့ပေးတယ်။ ဘဏ်ကလဲ မဖွင့်သေးတော့ အတော်စောင့်ရတယ်။
အမယ်..ဒီတခါ ဘဏ်က ဝန်ဆောင်မှူ နဲနဲကောင်းလာသလားလို့..။ ကိုယ့်ကို အကုန် လာ ကူညီပီး ပြောဖြည့်ပေးတယ်။း) အဲ့ဒီမှာ ပိုက်ဆံသွင်းပီး ချလန်ရတော့ အင်တာနက် ဆိုင် ရှာပုံတော် ဖွင့်ရတယ်။ ရုံးကို လိုက်သွားရင် အဆင်ပြေပေမဲ့ မသွားချင်တော့ နေပြည်တော်မှာ ဆိုင်ပတ်ရှာနေတာ ... လမ်းတွေက သိပ်များလွန်းတော့ ကိုယ်တောင် အလွတ်ရကုန်တယ်။း))

ဟိုဆိုင်မှာ နက်မကောင်း ဒီဆိုင်မှာ နတ်ကျနဲ့ နောက်ဆုံး ကားဂိတ်နားက ဆိုင်မှာ အဆင်ပြေတယ်။ ဆက်ဆံရေးကလဲ ကျဲတောက်လိုက်တာ ပုံမှန် အချိန်ဆို ဝင်ဖြစ်မယ်မထင်ပေမဲ့ ပြေးကြည့်လို့မှ ဆိုင်မရှိတော့လဲ အဲ့ဒီမှာပဲ သူ့ကဒ်ကို ထုတ်ခဲ့ရတယ်။ ၅၀၀ ကျပ်တောင် ပေးခဲ့ရတယ်။ ဘယ်တတ်နိုင်မလဲ..ပေးပေါ့..နော်..။အဲဒီလိုနဲ့ ၁၀နာရီခွဲပီး ၁၁နာရီတောင်ထိုးတော့မှာ ဆိုတော့ ကားနဲ့ အမြန်ပြန်လာတော့ ကိုယ့်နာမည် ခေါ်နေပီ။ သူတို့တောင်းတဲ့ဟာ တွေ ပြ. မေးတဲ့ မေးခွန်းလေး ၂ခု ဖြေပေးပီးတော့ အသင့်လုပ်ပီးသား စာကြောင်းနဲ့ တံဆိပ်တုံးလေး တခု ထုပေးတယ်။ သြော်... အဲဒါလေးရဖို့ ရန်ကုန်ဆိုတဲ့ ရွှေမြို့တော် ကနေ ဒီအထိ ကားအဆင့်ဆင့်စီးပီး လာရတယ်တဲ့ဗျာ။ စဉ်းစားသာ ကြည့်ပါ။ အချိန်ကုန် ငွေပိုကုန် လူပန်း ။ အဲ့ဒီနားမယ် ကိုယ်လိုလာလုပ်သူတွေ က အဲ့ဒီမှာပဲစားပီး ညကားနဲ့ ရန်ကုန်ပြန်ကြရမှာ။ ကိုယ်ချင်းစာတတ်ရင် သိပ်ကောင်းမယ်။ မလိုလားအပ်တဲ့ အလုပ်တခုကို လုပ်နေရသလို ခံစားရတယ်။ ပြည်သူတွေကို တကယ် အဆင်ပြေ ချောမွေ့ စေချင်ရင် ..... ဒီလို မဖြစ်သင့်ဘူးလို့ ထင်တာပဲဗျာ။

ကိစ္စပီးတော့ ..ဘာလုပ်မလဲ..ဘယ်သွားမလဲ...။ အမက သွားချင်ရာသွားတဲ့။ ဆာဖာရီ သွား မလား ဝေး
တော့ ဝေးတယ်.. မသွားချင်။ ဒီလောက် ပူလောင်နေ တဲ့ နေ့လည် မှာ သေရ ချည် ရဲ့။  ရေပန်း ဥယာဉ် သွားမလားတဲ့။ နေအပူနဲ့တင် ဘယ်မှ မသွားချင် ကားပတ်မောင်းတော့ရော။ ဘာမှမရှိ။ ကုန်နေပီ။ အရင်ဦးဆုံး မောရှမ်းမှာ နေ့လည်စာ သွားစားတယ်။ စားပီးတော့ ဘုရားသွားမလား...ဘယ်ဘုရားလဲဆိုတော့..........ဥပန္တိယစေတီတဲ့။ နိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး ရန်ကုန်မှာ ရွှေတိဂုံ ဘုရားကြီးရှိတယ်။ ဒါနဲ့ အဲ့ဒီက ရှေးဟောင်းဘုရား ဆီရောက်တယ်။ ပီးတော့ ပျဉ်မနားဖက်ရောက်တယ်။ ပျဉ်းမနားဖက် အထွက်မှာ ဟော်တယ်တွေ ဆောက်လက်စတွေ ပီးပီးသားတွေ အစီအရီနဲ့ပေါ့ အဝေးကနေတော့ ဘုရားကို လှမ်းမြင်ရတယ်။ အမ Capital သွားမလားတဲ့.. ဟမ်... ရန်ကုန်က လာတဲ့သူက နေပြည်တော်မှာ ဘာဝယ်ရမှာလဲ..။ မန္တလေးတို့ မေမြို့တို့ဆို ဈေးဝယ်ဖို့ စိတ်ကူးဦးမယ်။ ရုပ်ရှင်ရုံကြီးလဲ တွေ့ခဲ့ပါ့။ နေရောင်အောက်မှာ အထီးကျန်စွာ ရပ်နေလေရဲ့။

ပေါင်းလောင်းစီမံကိန်း ဘေးက ဝင်းရသော ရှေးဟောင်း ဘုရားရှိရာ တောင်
တောင်ထိပ်က ဘုရား
ဒီလိုနဲ့ ပေါင်းလောင်းလမ်းက ပတ်ဝင်ရသော တောင်ပေါ်ရောက်တယ်။(တောင် နာမည် မမှတ်မိ)ပွဲတော်ရှိလျှင် အတော်စည်သည်ဆိုပဲ။တောင်ကလဲ အတော်မြင့်သား။

မောင်တထမ်း မယ်တရွက်

မောင်တထမ်း မယ်တရွက် ကျောက်စာ

ရွှေလှေငွေလှေ

ပေါင်းလောင်းမြစ် ကို လှမ်းမြင်ရသည့် တောင်ထိပ်

ရွှေလှေငွေလှေ ရှေ့က ထွက်ရက်ပေါက် ပုဂ္ဂိုလ်များ

  တောင်ပေါ်ကနေ ပေါင်းလောင်း ရေတမံကို မြင်ရတယ်။ အတိတ်ကို လွမ်းယောင်ရင်း သူငယ်ချင်းတွေကိုတောင် သတိရမိသေးတယ်။ သြော်..ခုတော့လဲ တကွဲတပြားစီ..။ 

လွှတ်တော်နားက ဘုရား
  ဒီလိုနဲ့အပြန် စောနေသေးတာနဲ့ လွှတ်တော် အနားက ရှေးဟောင်းဘုရားတစ်ဆူ ထပ်ဝင်ဖြစ်သေးတယ်။ ပီးတော့မှ ဈေးနားက လက်ဖက်ရည်ဆိုင်ထိုင် ဖြစ်တယ်။ အမရဲ့ ဈေးနေ့ဆိုရင်    စည်တယ်တဲ့ ။ ဈေးနေ့ ဆိုတာ ဈေးသည်တွေရဲ့ ဈေးနေ့ မဟုတ် ဘူးနော်။  ဈေးဝယ်သူတွေရဲ့ ဈေးနေ့။ ဘာလို့ဆို ဝန်ထမ်းတွေ ကို တပတ်တခါ ဖယ်ရီကားတွေ နဲ့ ဈေး လိုက်ပို့ ပေးရတယ်။ ဘာလို့ဆို.. သူတို့ခမျာ စီးစရာလဲ ကားမရှိ စက်ဘီးနဲ့ သွားရအောင်လဲ နေကပူ ဝေးကဝေးနဲ့ ဒီလိုမှ မပို့ပေးရင် ဝယ်ခြမ်းစရာတွေ ဘယ်လိုဝယ်ရမလဲတဲ့..။ ဆိုင်ကယ်ကယ်ရီကလဲ အမြဲ စီးရင် မွဲလိမ့်မယ်တဲ့။

ဒီလိုနဲ့ ၄နာရီခွဲမှာ ရုံးရှေ့သွားစောင့်နေလိုက်တာ... အမက ရုံးကနေအိမ်ပြန်ပီး အိမ်မှာစောင့်နေသတဲ့။ ဒီတော့ အိမ်ပြန်။ ကိုယ်ရေပြန်ချိုးပီး နောက်အမ တစ်ယောက်နဲ့ ထပ်ချိန်းထားတာ ဆိုတော့ ။ ကားက ၂စီးဖြစ်နေတယ်။ အပြန်ကို ဘယ်လိုလုပ်ကြမလဲ ဆိုပီး တစ်စီးထားခဲ့ပီး တစီးတည်းနဲ့ သွားကြတာ.. YKKO ဆိုင်။ အဲ့ဒီမှာလဲ လူအပြည့်ပဲ။ စားရင်းနဲ့ မတွေ့တာကြာတော့ အလုအယက် စကားတွေပြောကြတာ.. အပြန်ကျတော့ ရေပန်းဥယာဉ် ဝင်ကြတယ်။

ရောင်စုံမီးများနဲ့ ရေပန်း
 ရေပန်း ဥယာဉ်အဝင်ဝ
အပြင်မှာသာ လူသိပ်မရှိပေမဲ့ ဥယာဉ်ထဲမှာတော့ လူအချို့ရှိသား။ ရေပန်းဖွင့်ပီး ဆလိုက် ထိုးထားတော့ ရေပန်းထဲက သီချင်းသံနဲ့ ရုပ်ပုံက ကိုယ့်ကို ကြိုနေတယ်။ မပီပြင်ပဲ အဲ့နားတဝိုက် တအားမှောင်နေတော့ ကိုယ်လဲ သိပ်စိတ်မပါဘူး။ သူတို့ ခေါ်တဲ့နောက် လိုက်သွားတော့ ကြိုးတံတားတဲ့ လှုပ်လှုပ်နောက်မှာ လျှောက်ခဲ့သေးတယ်။ ပန်းခြံက လမ်းတလျှောက်လုံး လင်းနေတာလဲ မဟုတ်ဘူး။ လင်းတဲ့နေရာ မှောင်တဲ့နေရာဆိုတော့ လမ်းလျှောက်လို့ သိပ်အဆင်မပြေဘူး။ အတွဲတွေ အတွက်တော့ အဆင်ပြေမယ် ထင်တာပဲ။ နောက် မှောင်ရီဝိုးတဝါး လမ်းကနေ ရေတံခွန်ဆီရောက်တယ်။  လည်မယ်ဆိုရင် ရသေးပေမဲ့ ကိုယ်စိတ်သိပ်မပါလို့ ပြန်ခဲ့တယ်။ အဲ့ဒီနောက် ညဖက် ကားပတ် မောင်းလိုက်သေးတယ်။ ပီးတော့မှ အိမ်ပြန်လာတယ်။
ကြီုးတံတား










နောက်တနေ့ မနက်တော့ ရန်ကုန် ကို ပြန်လာတာပေါ့ကွယ်။ ဒီတခါတော့ ကားမပျက်ဘူး။း)

Tuesday, October 30, 2012

သီတင်းကျွတ် ပီ...တဲ့

သီတင်းကျွတ်ပီ.....ဆိုလျှင်   ဗြောက်အိုးသံများ ကြားရမည်။ 
သီတင်းကျွတ်လျှင် အသေချာဆုံးတခုက အလုပ်ထဲမှာ ကျောင်းမှာ ကန့်တော့ရတော့ ပိုက်ဆံကုန်တော့မည်။
ငယ်တုန်းကတော့ သီတင်းကျွတ်လျှင် ပိုက်ဆံရလို့ ကလေးတိုင်းပျော်ကြသည်။ ကိုယ်လဲ ပျော်ခဲ့ဖူးသည်။
ဖယောင်းတိုင် ယုန်ရုပ်တွန်းလှည်း ကို တွန်းခဲ့ရသည့်အခါလဲ ရှိသလို မတွန်းခဲ့ရသည်လည်းရှိသည်။ သူများတွေ ပျော်ကြသလိုတော့ ငယ်ဘဝသည် ပီပြင်အောင် မပျော်ခဲ့ရဘူးထင်သည်။ သိပ်မမှတ်မိ။ လူကြီးသူမ အစောင့်မပါပဲ အိမ်အောက်မှာ ဆင်းဆော့ရခြင်း အလွန်နည်းခဲ့သည့် ကိုယ်သည် သီတင်းကျွတ် ကလေးဘဝကို မုန့်ဖိုးရသည်က လွဲလို့ မမှတ်မိပါ။

တခုတော့ ရှိသည်။ ဖေဖေနဲ့ အတူ မောင်နှမတသိုက် နှစ်စဉ်နှစ်တိုင်း ရေကျော် သီတင်းကျွတ်
မီးထွန်းပွဲ ကို လျှောက်ခဲ့ဘူးသည်။ ရေကျော်လမ်းမမှသည် ဗိုလ်ချုပ်လမ်းပေါ်စည်ကားလှသော ပွဲဈေးတန်းကြီးကား ပြောရမည်ဆိုလျှင် ပုဇွန်တောင်ဈေး အေးတံတားထိပ် ကနေ တည့်တည့်လျှောက် ၀ိုင်အမ်ဘီအေ ရှေ့ကနေစပီး ပွဲဈေးတန်း စလိုက်သည်မှာ.. ဗိုလ်ချုပ်လမ်းနှင့် ရေကျော်လမ်းထောင့် မောင်အေးလက်ဖက်ရည်ဆိုင်မှာ အလယ်မှတ်ဖြစ်သည်။ ဗိုလ်ချုပ်လမ်း၏ ဟိုဖက် ၄၅ လမ်း ၄၆ လမ်း အထိ။ ဒီဖက်ဆိုလျှင် အရင်နွယ်နီဓာတ်ပုံတိုက်နားအထိ ရှည်လျားသည်။ လမ်းတလျှောက်တွင် ကစားစရာ များ မုန့်အစုံ ကလေးများ စိတ်ဝင်စားစရာ များအပြင် လူငယ်လူရွယ်များ အတွက် တက်တူး ထိုးခြင်း လူငယ်အကြိုက် လက်စွပ် ဆွဲကြိုး အပြင် အဝတ်ဆိုင်တန်း အနည်းငယ်ကိုလည်း တွေ့နိုင်သည်။ မုန့်အစုံတွင် ရေမုန့် မုန့်လင်မယား အာပုံမုန့် ကောက်ညှင်းကျီတောက် အကြော်စုံ  ကော်ပြန့်စိမ်း ရှမ်းခေါက်ဆွဲ အစရှိသည်ဖြင့် စုံလင်လှသည်။ လမ်းတလျှောက်တွင်လည်း ဗလာပွဲပြသော ရုပ်ရှင်ပိတ်ကား အပြင် စတိတ်ရှိုးလဲ ကြည့်နိုင်သည်။ မိုးနတ်သူဇာ အဖွဲ့က ကျင်းပသော စတိတ်ရှိုးလဲ ကြည့်နိုင်သည်။ အဆိုပါ ရေကျော် သီတင်းကျွတ်သည် ကိုယ်တို့ငယ်စဉ်က အစဉ်အမြဲ ယဉ်ပါးခဲ့သော နေရာလဲဖြစ်သည်။ ကိုယ့်အကြိုက်ဆုံး ပြောရလျှင် ရေမုန့် ။ ထိုပွဲမှ ရေမုန့် သည် ကိုယ်အကြိုက်ဆုံး။ နောက်တော့ မုန်တိုင်း အီကြာကွေး။ အဆိုပါ မုန့်သည် ကိုယ့်အတွက် သီတင်းကျွတ် ပြယုဂ် ဖြစ်သည်။

သည်လိုနှင့် ကိုယ် ၉တန်းရောက်သောနှစ်တွင်  ရေကျော်သီတင်းကျွတ်ကို လူတိုးရမှာ မကြိုက်သော ကြောင့် မသွားဖြစ်တော့ပေ။ သို့သော် သီတင်းကျွတ်ရောက်တိုင်း ရေကျော်သတင်း နားစွင့်မိသလို ရေမုန့်နှင့် အီကြာကွေး ကို တမ်းတမြဲ။ စားမြဲ။ ရေကျော်သီတင်းကျွတ်တိုင်း လူစည်ကားမှုနှင့်အတူ ရန်ဖြစ်ခြင်းများ အပြင် ရိုက်မှု များလဲ နှစ်စဉ် မပျက်မကွက်ဖြစ်လေ့ရှိခဲ့ရာမှာ ကိုယ်မမှတ်မိတော့သော နှစ်တခုတွင် လူသတ်မှု ဖြစ်သည်။ ၂နှစ် ၃နှစ် လောက် ဆက်တိုက် ဖြစ်သွားသောကြောင့် သက်ဆိုင်ရာတို့က ရေကျော်သီတင်းကျွတ် ကို ပိတ်ပြစ်လိုက်လေသည်။ သည်လိုနှင့် သီတင်းကျွတ် မုန့်မျှော်ခြင်းလဲ အလိုလိုရပ်စဲသွားရာမှ သိပ်မကြာခင်က သက်ဆိုင်ရာမှ ပြန်လည်ကျင်းပပေးခဲ့သည်။ အရင်လို မုန့်မမျှော်တော့ပေမဲ့ နားစွင့်လျှက်တော့ ရှိသည်။

လမပြည့်ခင် တနေ့

မနှစ်က မြန်မာပြည်ပြန်တော့ ရေကျော်သီတင်းကျွတ်နှင့်ဆုံသည်။ ကိုယ်တွေပဲဆို သွားဖြစ်မည်မထင်။ တူမလေးတွေကို လိုက်ပို့ဖြစ်လို့ သွားဖြစ်သည်။ အရင်လို တော့ သိပ်မပြောင်းလဲပါ။ မောင်အေးရှေ့မှာ ခြားရဟတ်အကြီး တစင်း။ ဒီဖက်ဗိုလ်ချုပ်လမ်းပေါ်မှာ ကလေးရဟတ်များအပြိုင်အဆိုင် လည်ပတ်လျှက် ခရစ်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် မှာလဲ ရဟတ်အကြီး တစင်း အဲ့ဒီကဟိုမှာဖက် ချားရဟတ်တစီး ဟိုဖက်ထိပ်မှာ ရဟတ်တစ်စီး အဲ့ဒီဘေးမှာ မျက်လှည့်ရုံတခု ပီးတော့ မျောက်ဆပ်ကပ်ရုံ။ ထုံးစံအတိုင်း မုန့်စားကြတော့ ဒီတခါ စားဖြစ်တာက မာလာဟင်း။ ပီးတော့ ချောကလက်ဖျော်ရည်လားသောက်မိသည် ထင်သည်။

ပီးနောက် တူမတော် အကြီးက ရဟတ်အကြီးစီး မယ်ဆိုတော့ သူနဲ့ကိုယ် စီးဖို့ သွားပေမဲ့ ကိုယ်မစီးချင်တာနဲ့ သူ့ကိုပဲတင်ပေးဖြစ်သည်။ တူမငယ်နှင့် ညီမကတော့ ဟိုဖက်က ရဟတ်ဆီ သွားကြသည်။ ချားရဟတ် စီးဖို့ အရေး စောင့်လိုက်ရသည်မှာ ခြေတောင့်သည်။  ကလေးသရုပ်ဆောင် ယွန်းယွန်းလေးလဲ တူမ စီးသော ရဟတ်မှာ သူ့အဖွဲ့နှင့်။ ကိုယ်တို့စီးတာ အရင် စံမမှီဆိုင်ရှေ့က ချားရဟတ်ဖြစ်သည်။

စီးပီးကြတော့ ဟိုဖက် ဗိုလ်တထောင်၃ရှေ့ ဖက်ခြမ်းကို ဖြတ်သည်။ မျောက်ဆပ်ကပ်ဆိုတော့ ကလေးလဲပြရင်း လူကြီးလဲ စိတ်ဝင်စားတော့ ကြည့်ဖြစ်သည်။ ကုန်ကျငွေ မမှတ်မိ။ ကြည့်လို့တော့ ကောင်းသည်။ မျောက်ကလေးက ဦးထုပ်ဆောင်း အလေးပြုလိုက် မိန်းမခိုးပြေးသည်ဆိုပီး မျောက်မကလေးကို ခိုးပြေးလိုက်။ စီးချက်ညီညီ ကပြလိုက်။ ကျွမ်းဘားလဲ ထိုးထိုးပြသည်။ ကြိုးခုန်ပြသည်။ စက်ဘီးလဲ စီးပြလိုက်သေးသည်။ ရိုးရိုးစီးယုံသာ မဟုတ် ကောင်းကင်ကြိုးတန်းမှာ ကိုရွှေမျောက်က ဘီးတခုတည်းပါသည့် စက်ဘီးကို စီးပြခြင်းဖြစ်သည်။ ကလေးတွေကတော့ အတော်ကြိုက်သည်။ လူကြီးလဲ ကြည့်လို့ကောင်းသည်။

အဲဒီကပီးတော့ ဗိုလ်ချုပ်လမ်းကနေ လမ်း၅၀ရောက်တော့ ကာတွန်းပြပွဲ ပထမဆုံးအကြိမ် ကျင်းပသည် ထင်သည်။ သေချာ မမှတ်မိတော့။ ဝင်ဖတ်သည်။ တော်တော်လေးကောင်းသည်။ အိမ်အချို့မှ အချိုရည် လှူကြသလို ကောက်ညှင်းပေါင်းကျွေးသည်။ ခြေထောက်တွေလဲ ညောင်းလှပီ။ အချိန်လဲ လင့်လှပီ။ ဒီလိုနဲ့ ပြန်ခဲ့တော့ ထူးရေခဲမုန့်ဆိုင်မှာ ဒူးရင်းသီး၆လုံးတဗူးဝယ်သည်။

အိမ်ပြန်ရောက်တော့ မောလှပီ။ တော်သေးသည်။ မနေ့ကထဲက လူကြီးတွေကို အများနဲ့အတူ ကပ်ပီး ကန့်တော့ထားပေလို့။

လပြည့်နေ့...
မနေ့က ဒီလိုနေ့မှာ သူ့အမေအိမ်ကို သွားဖြစ်သည်။ သူတို့အိမ်မှာ အမျိုးတွေစုံ တယောက်တလှည့် ကြီးစဉ်ငယ်လိုက် ကန်တော့ကြသည်။ သူ့အဘွားကအကြီးဆုံး အဘွားအောက်က ဘိုးလေး နောက် အဘွားလေး ၂ယောက် ..။ အမယ်... မုန့်ဖိုးရသည်။ တချို့က မလာနိုင်သည့်သူ အတွက် ၂ယောက်စာ တောင်းတော့ ကိုယ်လဲ ၂ယောက်စာတောင်းသည်။ မရ။ ပီးတော့ သူတို့ကမွေးသည့် သားသမီးများမှသည် ကိုယ်တို့ဆီ အဆင့်ဆင့် ကန်တော့ကြသည်။ ပျော်စရာကောင်းသည်။ သို့သော် ... သူနဲ့ကိုယ်က  ဝေးတမြေဆီမှာ။

ဒီနှစ်တော့ .... အရာအားလုံး နှင့်ပြောင်းပြန် ဖြစ်သွားသည်။ အားလုံးကို သတိရပါသည်။ အဝေးကပဲ လှမ်းကန်တော့နိုင်သည်။
ဒီနေ့ အုန်းထမင်းနှင့်ကြက်သား ချက်သည်။ဘုရားဆွမ်းတော်ကပ်ရန်ဖြစ်သည်။ သစ်သီး ပန်း ဆီမီး  ရေချမ်း အိမ်က ဘုရားမှာ လှူသည်။ ၂ဖက်မိဘ ကို တတ်နိုင်သလောက် နှင့် လှမ်းကန့်တော့  ဖြစ်သည်။

ဓာတ်ပုံတွေက မြန်မာပြည်က ကင်မရာမှာ ကျန်ခဲ့သည်။း(( ပုံများကို အမ ခဥမ ဆီ သွားကြည့်ပါကုန်။

ဝန်ခံချက်။ အမ မခဥမ သီတင်းကျွတ်ကိုဖတ်ရင်း သတိရလို့ မှတ်တမ်းထ တင်ခြင်းဖြစ်သည်။