Showing posts with label သမီးလေးအကြောင်း. Show all posts
Showing posts with label သမီးလေးအကြောင်း. Show all posts

Thursday, April 14, 2016

ဂဏန်းသင်္ချာများ နှင့်ကစားခြင်း



 ကျမ သမီးလေးကို ဂဏန်းတွေ သင်တော့မယ် ဆိုတော့ မြန်မာလိုတွေ လိုက်ရှာတယ်။ ဘယ်လို သင်ရမလဲပေါ့..။ ကျမသိခဲ့ဘူးတဲ့ ကဗျာတွေ ကိုလည်း သိပ်စိတ်တိုင်းကမကျဘူးလေ။ ဒါနဲ့ပဲ.. သမီးလေးကို အရင်ဦးဆုံး ကိုယ်တိုင်စပ် ကဗျာလေးနဲ့ မိတ်ဆက်ပေးဖြစ်တယ် ဆိုပါတော့။
ထမင်းတွေ အများကြီး စားစေချင်တဲ့ ရယ်ရွယ်ချက်ရယ် လျှာကို ကလေးတွေ တခါတလေ ကိုက်မိတယ်ဆိုတာလေး ကိုလည်း သတိလေးပေးရင်း ဒီကဗျာလေး စပ်မိတယ် ဆိုပါတော့။
၁၊ ၂၊ ၃၊ ၄၊ ၅
ထမင်းတွေ အများကြီးစား
သေသေချာချာဝါး။
လျှာကို ကိုက်မယ် သတိထား။
၆၊ ၇၊ ၈၊ ၉၊ ၁၀
လျှာကို ကိုက်မိတယ်။ လျှာကို ကိုက်တော့ နာနာ ဖြစ်
အားအား အီးအီးအစ်။ (အမူအယာလေးနဲ့ မျက်နှာရှုံ့မဲ့လို့ပေါ့)

နောက်တပုဒ်က တော့ အပြင်မှာ သမီးလေး ထိတွေ့ နေတာလေးတွေနဲ့ စပ်ဆိုထားတာပါ။
၁၊ ၂ မျက်နှာသစ်
၃၊ ၄ လက်ကိုဆေး
၅၊၆ တံခါးခေါက် (ဒေါက်..ဒေါက်)
၇၊ ၈ အကျီံဝတ်
၉၊ ၁၀ အပြင်ထွက်မယ်။ (ဘိုင့်ဘိုင့် ဆိုပီး အမူအယာလုပ်ပါတယ်။)
သက်ဆိုင်တဲ့  အမူအယာ လေးတွေနဲ့ သင်လိုက်ပါတယ်။
အဲဒီလို မိတ်ဆက်ပီးတော့မှ သမီးလေးရေ.. ၁၂ ၃၄ ဆိုရအောင်ဆိုပီး လှေခါးထစ်တွေကို ရေတွက် ပီး ဆင်းစေ တက်စေပါတယ်။
အားလုံးပီးသွားတဲ့ အခါကျတော့ သမီးလေးကို အင်္ဂလိပ်လို 1 2 3သင်ပေးလိုက်ပါတယ်။ အင်္ဂလိပ်လိုက သိပ်သင်စရာတော့ မလိုပါဘူး။ သီချင်းတွေ နားထောင်ရင်း  နားရေ၀ မျက်စိရေ၀နေပါတယ်။
တခါ ကျမ သူငယ်ချင်းတွေ လာတုန်းသွားရင်း လာရင်းနဲ့   ဂျပန်လို ပါ ဆိုလိုက်တဲ့အခါ ဂဏန်းတွေကို သမီးလေးဟာ ဘာသာစကား ၃မျိုးလုံး နဲ့ ဆိုနိုင်လာပါတယ်။
အဲ့ဒါအပြင် ၁၊၂၊ ၃၊ ၄၊၅ ငါးလေးတစ်ကောင် ဖမ်းမိတယ်။ ဘာဖြစ်လို့ လွှတ်လိုက်တယ်။ မီးမီးလက်ကို သူကိုက်တယ် ဆိုတာပါ။ သမီးလေးကို သူငယ်ချင်းတွေက သင်ပေးသွားပါတယ်။ 
အဲဒီလို ရင်းနှီးလာပီးတဲ့အခါ ကျမက သူ့ကို လက်ညိုးလေးထောက်ပီး ရေတွက်တတ်အောင် လမ်းကြောင်းပြပေးလိုက်ပါတယ်။ counting ဆိုတဲ့ စာအုပ်လေးနဲ့ပေါ့။ ဒီလိုနဲ့ သမီးလေးဟာ ရေတွက် တတ်လာပါတယ်။ အဲ့ဒီနောက် ကျမဟာ ကဒ်လေးတွေ လုပ်ပီး အင်္ဂလိပ်လို ဂဏန်းရယ် မြန်မာလိုရယ် ရေးပါတယ်။ အဲ့ဒီမှာ တတ်သလောက် မှတ်သလောက်နဲ့ ပုံလေးတွေ ဆွဲပီး တော့ သမီးလေးကိုရေတွက်ရင်း ဂဏန်းလေးတွေ အလွတ်ရစေအောင် လုပ်ပေးပါတယ်။ ဒါ့အပြင် ဂဏန်းသင်္ချာ ရွေးနည်း ဆော့တဲ့ ကစားနည်းလေးတွေနဲ့ ကစားပါတယ်။ သူတို့ တခါ မှန်တိုင်း မွှေးမွှေးပေးတဲ့ အခါပေးသလို သိပ်တော်တာပဲ။ သိပ်တော်တာပဲလို့ ချီးကျူးပေး ပါတယ်။
ဓာတ်လှေခါး တက်တဲ့ ဆင်းတဲ့ အခါလည်း ကိန်းဂဏန်းတွေ ကို သူ့ကိုပေးရွေး ခိုင်းပါတယ်။ တီဗွီ remote control ကိုလည်း သမီးကို အဖွင့်အပိတ် အပြင် သမီး မေမေ့ကို ဘယ်ချန်နယ် ပြောင်းပေး လို့ ပြောပီး သင်ခိုင်း ခိုင်းပါတယ်။ အမြဲ မှန်တဲ့ အတွက် ချီးကျူးပေးသလိုကိုယ်တိုင်လဲ  ကျေနပ် ပီတိ ဖြစ်ရပါတယ်။ သမီးက အခုမှ ၂ နှစ်ခွဲပါ။ အဲ့ဒါတွေ အကုန် သူ ၂နှစ် ၃ လထဲက အကုန်မှန်အောင် ရွေးချယ် နိုင်ပါတယ်။
နောက် အပတ်ကျမှ အရောင်များနှင့် ကစားခြင်းကို မိတ်ဆက်ပေးမယ်နော်။

Thursday, February 18, 2016

သမီးလေး နှင့် အိမ်သာ လေ့ကျင့်ခြင်း

သမီးလေးဟာ ၂နှစ်ခွဲ မှာ စတင်ပီး သေးခံအ၀တ် ဒိုင်ပါ လွတ်သွားခဲ့ပါပီ။
ဒီမတိုင်ခင် ၂နှစ်အရွယ်ထဲက  သမီးဟာ ရှူးရှူးး ကို အိမ်သာထဲမှာ အကျင့်လုပ်ပေးတော့ ပြောလဲ ပြောတတ်တယ်။ ပေါက်လည်းပေါက်ပါတယ်။ မေမေ..ရှူရှူးး..ဆို ကိုယ်က အိမ်သာအပြေး ခေါ်သွားရပါတယ်။ မှတ်မှတ်ရရ ဆို သမီး မြန်မာပြည်က ပြန်လာချိန်ထဲကပေါ့။
ဒါပေမဲ့ ဆော့နေချိန် မှာပဲ ဖြစ်ဖြစ် အပြင်သွားနေတဲ့ အခါမှာပဲ ဖြစ်ဖြစ်။ မပြောပါဘူး။ သမီး မေမေ့ကိုပြောနော်ဆိုလည်း မရပါဘူး။ တခါတလေ ပေါက်ပေါက် ချတတ်လို့ အပြင်သွားရင်တော့ သေးခံအ၀တ် ၀တ်ပေးရပါတယ်။ ဒီမှာက တစ်ခုကောင်းတာက ကလေးတွေ အလာများတတ်တဲ့ နေရာတွေမှာ ကလေးတွေအတွက် အိမ်သာထိုင်ခွက်လေး တွေ ရှိပါတယ်။ ဒီတော့ အပြင်မှာဆိုရင် သမီးရေ..ကလေးလေးတွေ ရဲ့ အိမ်သာသွားရအောင်။ ရှူးရှူးပေါက်ရအောင် ဆို ရင် တခါတလေ တော့ လိုက်ပါတယ်။ သိပ်အဆော့သန်နေချိန် ဆိုရင်တော့ ဘယ်လိုမှ မရပါဘူး။
အိမ်မှာ ဆိုရင်တော့ သမီးရေ.. ရှူးရှူး သွားပေါက်ရအောင်ဆို ဆော့နေတဲ့အခါ သူ မလိုက်ချင်တဲ့ အချိန်တွေ ရှိပါတယ်။ အဲ့ဒါဆို သမီးလေးရေ.. မေမေနဲ့ မီးရထားကြီး ဂျုံးဂျုံးဂျက် လုပ်ပီး အိမ်သာသွားရအောင်ဆိုမှ ထပါတယ်။ ၂ယောက်သား မီးရထားကြီး ဂျုံးဂျုံးဂျက် လို့ အော်ပီး အိမ်သာဘူတာ ပါတယ်။ မေ့ကျန်ပစ္စည်း ဂရုစိုက်ပါ။ သေချာဆင်းပါဆိုပီး ဆော့ရင်း အိမ်သာသွားရပါတယ်။ တခါတလေတော့လည်း မေမေ မေမေ ရှူးရှူးးဆိုပီး အော်ပါတယ်။ အဲ့လိုဆို ..ဟယ်..သမီးလေးက အိမ်သာထဲမှာ သွားတယ်တော်.. သိပ်တော်တာပဲ လို့ ချီးကျူးးရပါတယ်။

အီးအီးဆိုရင်တော့ အရင်၁နှစ်ခွဲတုန်းက သူက ပြောပေမဲ့ နောက်ကျတော့ ဗိုက်နာတာ လှဲပီး နေရင် သက်သာလို့ထင်တယ်။ မပြောဘူး။ ဘယ်လိုသင်သင် မပြောပါဘူး။ ဒါပေမဲ့မိခင်လုပ်သူက သူ့အမူအယာကို ကြည့်ပီး သိနိုင်ပါတယ်။ အဲ့လို ဗိုက်နာနေပီဆို ဘာတွေ ပြောနေမှန်းမသိတဲ့စကား ဖြစ်ဖြစ်ပြောမယ်။ လိုက်ကာနောက်မှာ ကွယ်နေမယ်ဆို ရင် မိခင်လုပ်သူက သိနေပါပီ။ သူ အီအီး သွားတော့မယ်။ ဒါပေမဲ့ သမီးက မဟုတ်ဘူး တွင်တွင်ငြင်းပါတယ်။ အဲ့ဒီအခါ youtube ကနေ သမီးလေး အီအီးပါတဲ့ ဟာလေးကြည့်ရအောင် အိမ်သာထဲသွားမယ်နော်ဆိုပီး ချော့ခေါ် အိမ်သာထဲမှာ youtube ကိုဖွင့်ပီး ပေးရပါတယ်။ အိမ်သာသွားတဲ့ စာအုပ်တွေ လည်း ဖတ်ပြရပါတယ်။ သမီးလေးက ကြီးလာပီနော်။ အိမ်သာထဲမှာ အိးအီးပါ ရှူရှူးပေါက်ရတယ် သမီးရဲ့ ဆိုပီး ပြောရတာပေါ့။ ဖေဖေ ရော မေမေရော အကုန် အိမ်သာထဲမှာ သွားရတာ..သမီးလေးရဲ့ ဆိုပီး ရတလှည့် မရတလှည့်နဲ့ ပြောလာခဲ့ရင်း အခုတော့ အိမ်သာထဲမှာ သွားတတ်ပါပီ။ အပြင်မှာလဲ အဆင်ပြေသွားပါပီ။ ကျေးဇူးတင်ပါတယ်...သမီးလေးရေ.. ။

Thursday, January 14, 2016

သမီးလေးရဲ့ မြန်မာပြည်ခရီစဉ်- အဆုံး

အဲဒါနဲ့ အိမ်က လူကြီးတွေနဲ့ သမီးကို ခေါ်ပီး မြေနီကုန်းက ဆရာကြီး ဆီ ပြေးကြတော့တာပေါ့။ ကိုယ်ကလည်း ရာသီဥတု အပြောင်းမှာ အိပ်ရေးပျက်တော့ အသံဝင် နှာစေးပေါ့။ သမီးအတွက် သွားတာ ကိုယ့်ကိုပါ ဆေးရောင်း လွှတ်လိုက်တယ်ကွယ်။ မြန်မာဆေးဆိုပီး မျေးကတော့ သေးမယ် မထင်နဲ့ သမီးအတွက် နဲ့ ကိုယ့်အတွက် အားလုံးပေါင်း ဆေးဖိုး ၄၀၀၀၀ ကျော် ရိတ်လိုက်သဗျာ။ ကိုယ်လား ... အဲ့ဆေးတွေ တခုမှ သောက်လည်းမသောက်ဘူး။ ကားပေါ်ရောက်မှ အိမ်က မမကို မမရာ သမီးက ပူထူနေတာ မမက တားတာ မဟုတ်ဘူးလို့..။ အဲ့တုန်းက အားပဲနာလို့လား ပူထူနေလို့လား မသိဘူး။ ကိုယ်မသောက်တဲ့ ဆေးကို ရောင်းတာ ဘလိုင်းကြီး ၀ယ်မိလိုက်တယ်။ အလကား ပိုက်ဆံကုန်တယ်။ သမီးအတွက် လိမ်းဆေးကတော့ အိုကေတာပေါ့။ သောက်ဆေးက ဘယ်လိုမှ အဆင်မပြေပေမဲ့..။ သမီးလေး ၂ ရက်နေတော့ သက်သာသွာတယ်။ အပူအရမ်းကြီးရင် ကလေးကို ခေါင်းမလျှော်ရဘူးတဲ့...။
သမီးလေးလဲ ပေါက်စနပဲ ကျန်တော့တယ်။

သမီးလေး နေပြန်ကောင်းပေမဲ့ ကိုယ်ကတော့ ချောင်းတွေတအားဆိုးတာ မသက်သာဘူး။ သမီးလေး ချောင်းဆိုးတာကို တွေးမိတိုင်း သနားလိုက်တာ..။ ကိုယ့်ကိုလည်း ပိုးသတ်ဆေးပဲ တိုက်ကြတော့... သြော်...မြန်မာပြည်မယ် ဘာဖြစ်ဖြစ် ပိုးသတ်ဆေးသာ သောက်ကြပါ လို့ ဆောင်ပုဒ် ထုတ်ရင် ကောင်းမလားလို့။ ဂျပန်က ပါတဲ့ ဆေး လူကြီးလည်း မတိုးပါဘူးလို့စ်။ သက်သာတာပဲ ရှိပါ၏။

ဒီလိုနဲ့ ဖေဖေါ်ဝါရီကိုဝင်လာပါပေါ့။ သမီးနဲ့ ကိုယ်လည်း နေမကောင်း သံသရာနဲ့ ဘယ်မှ မရောက်တော့ဘူး။ ဖေဖေ ကလည်း ဆရာဝန်က လက်လျှော့လိုက် ပေမဲ့ ဆရာဝန်ခန့်မှန်းတာထက် ပိုလာတော့ နေ့တိုင်း အိမ်လာကြည့်တဲ့ ဆရာဝန်ခမျာ ... သမီးနဲ့ မြေးကို တွေ့ရလို့ ဆိုတဲ့ အဖြေမှတပါးပေါ့..။ ဒါပေမဲ့ ဖေဖေါ်ဝါရီ ၈ ရက်နေ့ မှာတော့ ညနေ ၆ နာရီလောက် အိမ်က ဖုန်းလာတယ်...။ အမြန်လာတော့တဲ့။ ကိုယ်လည်း လာမယ်။ သမီးကို ထမင်းကျွေးရင်း တန်းလန်းမို့. ပီးတာနဲ့ လာမယ်လို့..။ ဖေဖေ သွားတော့မယ်ဆိုတာ စိတ်ကို ဖြေထားခဲ့ပေမဲ့.... တကယ်သွားတော့မယ် ဆိုတဲ့အခါ..... မျက်ရည်တွေ နဲ့ပေါ့။ ၁၅ မိနစ်လောက်ပဲခြားတယ်... ဖေဖေ...ဆုံးပီတဲ့....။ ဖေဖေ.....................................................................

ကျတဲ့မျက်ရည်ကို သုတ်။ သမီးကို ထားခဲ့ပီး ဖေဖေတို့ အိမ် အပြေးပြန်ရတဲ့ ခရီးဟာ... တကယ်တမ်း စဉ်းစားကြည့်ရင် ကြေကွဲစရာပေါ့။ သူကလည်း အဝေးကနေ စိတ်မကောင်းဖြစ်လို့ပေါ့။ အဆိုးထဲက အကောင်းတစ်ခုက ဖေဖေဟာ သူသိပ်ချစ်တဲ့ သမီးနဲ့ သူ့ရဲ့ တစ်ဦးတည်းသော မြေးကို တွေ့သွားရသလို ကိုယ်ဟာလည်း ဖေဖေ အသက်ရှင်စဉ် အနားမှာ ရှိနေနိုင်ခဲ့တာတခုက ဖြေသာစရာပါပဲ။
အဲသည်လိုနဲ့ပဲ ဖေဖေနဲ့ ဘယ်တော့မှ ပြန်မတွေ့ရတဲ့ လမ်းမှာ ဖေဖေ့ကိုထားခဲ့ ရပီပေါ့။ မောင်နှမတွေ တည့်အောင်နေပါလို့ ဖေဖေ မှာထားခဲ့တဲ့ အတိုင်း အိမ်နဲ့ပက်သက်တဲ့ မိသားစုနဲ့ ပက်သက်တဲ့ ကောင်းခြင်းဆိုးခြင်းတွေကို ရင်မှာမြိုသိပ်လိုက်ပီး ဖေဖေ့စကား နားထောင် ဖြစ်ပါတယ်။ လောကမှာ တကယ်တော့ မောင်နှမဆိုတာ မရှိမဖြစ်ပဲလေ။

ဖေဖေ့ကိစ္စတွေ ပီးတော့ ပြန်ဖို့ရက်ကလည်း သိပ်မကျန်တော့တာနဲ့ သမီးကိစ္စ လှည့်ရပြန်တယ်။ သမီးကိစ္စ ပြောရရင် လ၀က ကိစ္စပါလာပီဆိုတော့ အများပြောတဲ့ အတိုင်း မြန်မာနိုင်ငံသား အစစ်တွေရဲ့ ကြုံနေကြ ပြသာနာ ပေါ့...။ သမီးကို သန်းခေါင်းစာရင်းသွင်းဒုက္ခများ ဆိုရင်လည်း မမှားပါဘူး။

ဂျပန်ကနေ ဂျပန်မှာမွေးကြောင်း ထောက်ခံစာကို ဂျပန်က မြန်မာသံရုံးမှာ ပိုက်ဆံပေးပီး ယူခဲ့ရပါတယ်။ မြန်မာ ပြန်ရောက်တော့တခါ အဲ့ဒီထောက်ခံစာရယ် ဂျပန်မှာမွေးတဲ့ ဆေးရုံက ရတဲ့မွေးစားရင်းကို ဘာသာပြန်ရတယ်။ နိုကြီလုပ်ဆိုလို့ လုပ်ရတယ်။ အဲ့လိုဆိုလည်း ဒီက သံရုံးထောက်ခံစာ က ဘာသဘောလဲ လုပ်စားလား ရိုက်စားလား။ ဒါမှမဟုတ် ဒီသံရုံးက တာဝန်ခံတွေကို မယုံလို့နေမယ်ထင်ပါရဲ့နော်။
နောက်ဘာတွေ လိုလဲ သိလားဟင်.... အဟက်။ ဖအေ မအေ လက်ထပ်ထပ်စာချုပ်တဲ့ တော်ရေ...။
ပီးတော့ သိလား သမီးရဲ့ နိုင်ငံကူးလက်မှတ် ကော်ပီကို ပုံမှန်ဆို နိုင်ငံအ၀င်အထွက် ကူးပေးရင် ပီးပိပေါ့။ မဟုတ်ဘူး...တော်ရေ...။ ဘာမှမပါတဲ့ စာရွက်တွေပါ ကူးပေးတဲ့ တော်။ ဖအေ မအေ နိုင်ငံကူးလက်မှတ်လဲ ဒီအတိုင်းကူးပေးတဲ့။  ပီးတော့ ဘာဝန်ခံချက်တွေမှန်းမသိ ... ဖအေက မအေနဲ့ ဘယ်မှာစတွေ့ပီး ဘယ်နေ့လပ်ထပ် ဘယ်ရက်မှာ ဘယ်နေရာမှာ ကလေးမွေး ခဲ့တယ်ဆိုတာ ရေးပီး ခံဝန်ချက် ထိုး။ မအေကလည်း အဲသည်လို ရေးပီးခံဝန်ချက်ထိုးရမတဲ့ တော်တို့ရေ...။

ကိုယ်တို့ကေ့စ်က ကိုင်တဲ့သူကသတ်သတ်။ အဲ့ဒါကို ကိုယ့်ချစ်ချစ် အမေက အခြားတစ်ယောက်နဲ့ မိတ်ဆက်တော့ သူနဲ့လုပ်ဖြစ်တယ်။ အဲ့ဒါ ကိုယ်တိုတို့ပေးထားတယ်ထင်လို့ တကယ်ကိုင်တဲ့ သူက စပါယ်ရျယ် ရစ်တယ်။ ကိုယ် ပြေပြေလည်လည် ပြောတယ်။ ရစ်တယ်။ ပီးတော့ ပြောသေးတယ်။ ဒီကိစ္စ သိပ်ကြာတယ်။ အသွားအပြန်အတွက် ငွေလိုမယ်တဲ့။ ပေါ်တင်ပြောတာနော်။ ကိုယ်ပဲ... သိပ်အရစ်မခံနိုင်ဘူး။ တရက်ထဲ သွားရတာ မဟုတ်ဘူး။ ၁ပတ်ကျော်နေပီ။ ကားနဲ့ ဟိုပြေးဒီပြေးလုပ်နေရတာ။ ဟိုဟာ ဒီဟာ လုပ်နေတာ သိပ်စိတ်မရှည်ဘူး။ ဒဲ့ မေးလိုက်တယ်။ ခင်ဗျား ဘယ်လောက်ယူမလဲ ပေးမယ်။ ပြော... အဲ တိုးတိုးတော့ မပြောနိုင်တော့ဘူး။ သိပ်အမြင်ကပ်နေလို့...ဒီတော့ သူ မတောင်းရဲဘူး။ ထားခဲ့တဲ့။ အိုခေ ထားခဲ့မယ်။ ဘယ်တော့ ပြန်လာယူရမလဲ ခင်ဗျားဖုန်းပြော ကျနော့်ဖုန်းယူထားဆိုတော့...ဒါမျိုးကျ လန့်ရော...။ ကဲ ... ခင်ဗျားဟာ ပြန်ယူသွား...မလုပ်ပေးနိုင်ဘူး..။ အိုခေ။
လာထား မြို့နယ်မှူးဆီ ကိုယ်တိုင်ဝင်လိုက်တယ်။ ဒီက အဲလိုတွေ မလုပ်ချင်လို့ အေးအေးဆေးဆေးလေး အောက်က၀င်နေတာ။ အဲ့အချိန်မှာ  မြို့နယ်မှူးး ဆီ လဲ အထက်က ဖုန်းဆက်လာတယ်။ ဒီကေ့စ်ကို လုပ်ပေးလိုက်ပါတဲ့..။ အမှန်က ကိုယ်နဲ့ မြို့နယ်မှူးက ရင်းနှီးပီးသား ပုံမှန် သမားရိုးကျလေးများ လုပ်လို့ရမလား ဆိုပီး လုပ်ကြည့်တာ။
သူ့ကို ခေါ်တယ်။ အဲ့တာတောင် ဆက်ရစ်တယ်။ ရစ်လေ.. ကြိုက်သလောက် ။ အန်ကယ်လ်... သမီးထားခဲ့လိုက်တော့မယ်။ သမီးမှာလုပ်စရာတွေရှိသေးတယ်။ သိပ်မကြာခင် ပြန်တော့မှာ ။ ဒီကေ့စ် ထားခဲ့ပီ. ။ ရရင် အကြောင်းကြားလိုက်ပါနော်။  ဘိုင့်ဘိုင်...။ သမီးမှာ ၁ပတ်လောက်ရှိပီ ဒီကို လာနေတာ။  အန်ကယ်အလုပ်များနေလို့ ၀င်မပြောတာ။ ကျေးဇူးပါ အန်ကယ်။ နို့တိုက် ကလေးလေးတစ်ယောက်တည်း ထားပီး လာရတာ။ ခွင့်ပြုပါနော်။
အဲ့ကိစ္စ ၅ လလောက်တော့ ကြာတယ်ထင်တယ်။ အခုတော့ သမီးလဲ သန်းခေါင်စာရင်းဝင်သွားပါပီ။

ပြန်ခါနီး ရက်ကလည်း တအားကပ်နေတော့ ၀ယ်ခြမ်းရေး အမျိုးအဆွေနုတ်ဆက်ရေးလုပ်ပီးသကာလ ပြန်ဖို့ ၂ရက်အလို တခုသော ညနေ ၂နာရီခွဲ မှာပေါ့........။ ပိုက်ဆံအိတ်အပါအ၀င် ချစ်ချစ်အမေ ဖုန်းကလေးက ကိုယ့်ကို လှမ်းနောက်တယ်။ ထီပေါက်သွားတယ်။ အိုးရှင်းမှာ ဈေးဝယ်နေတုန်း ကိုယ်...သတိရလိုက်တာ... ပိုက်ဆံပါ....ပါ....ပါ။
အို...အို....ဂျပန်ငွေ မြန်မာငွေ ဖုန်းအသစ် ကားလိုင်စင်၂ခုရယ် အခြားကဒ်တွေရယ်ပေါ့ကွယ်။ အဲ့ဒါထက် အရေးကြီးတာ... ဂျပန်ကို ပြန်ဝင်မဲ့ ကဒ်..ကိုယ့်ကဒ် သမီးကဒ် ကျန်းမာရေး အာမခံကဒ်တွေ ...ပါသွားတာ။
နာရီဝက်လောက် ခြားပေမဲ့ တက္ကဆီနံပါတ်မသိ ။ အားလုံးအရေးကြီးတာ...ထက် နိုင်ငံကူးလက်မှတ် ပါမသွားလို့ ကျေးဇူးတင်ရတယ်။ အဲဒီလိုနဲ့ ဂျပန်ကို အဆက်အသွယ်ချက်ချင်းလုပ်... အဖြစ်အပျက်ပြောပြ။ဟိုဖက်က လ၀က ကိုချိတ်တော့ ရဲစခန်းထောက်ခံချက်ယူတဲ့။ မြန်မာပြည်က ဂျပန်သံရုံးကိုသွားတော့ နိုင်ငံကူးလက်မှတ်ကြည့်ပီး ပြသနာတော့ မရှိလောက်ပါဘူးတဲ့။ သူတို့တော့ ဘာမှ လုပ်မပေးပါဘူး။ ညကျတော့ ရဲစခန်းထောက်ခံစာ သွားတောင်း။  မနက်ကျတော့ သမီးထား ပီး အဲ့ဒီစာရွက်ကိုယူပီး ဂျပန်ဘာသာပြန်ပီး နိုတြီလုပ်။ အိမ်က လူတွေက shwe FM သွားပိုက်ဆံပေးကြေငြာခဲ့ပါတယ်။ ဒီလိုနဲ့ ပြန်သာလာရ ။ ရေထဲကျတာမှ ပလုံ မြည်မယ်။ ဘာသံမှမကြားရတာ စိတ်တောင်နာတယ်။ မည်သို့ပင် ဆိုစေ... မြန်မာပြည်ကနေ နောက်တနေ့မှာ ထွက်လာခဲ့ပါတယ်။ မပြန်ခင် ညက သမီးနဲ့ ကိုယ်တို့ ရွှေတိဂုံ ဘုရား ဗိုလ်တထောင်ဘုရားကို ကားနဲ့ပတ်ပီး လိုက်ပို့ပေးတဲ့အပြင် ရွှေဘဲမှာပါ ထမင်းလိုက်ကျွေးတဲ့ သူငယ်ချင်းကို ကျေးဇူး တင်ပါတယ်။

ထွက်ချိန်တုန်းက မြန်မာဖက်က ဂျပန်က ကဒ်ကို တောင်းပေမဲ့ အကျိုးအကြောင်း ပြောပြတော့ သူတို့က တာဝန်တော့မယူဘူး။ ဟိုဖက်မှာ ကိုယ့်ဘာသာကိုယ် လုပ်တဲ့။ သမီးနဲ့ ၂ယောက်တည်းမို့ ကိုယ်တို့က လက်မှတ်စ၀ယ်ထဲက လူတစ်ယောက်တောင်းထားပါတယ်။ သမီးလေးက အဲ့အချိန်က ၁နှစ် ၆လပါ။ သမီးက သေချာမပြောတတ်ပေမဲ့ သူ့ အဘိုးအဘွားတွေနဲ့ ခွဲရတော့မယ်ဆိုတာ သိနေတယ် ထင်ပါရဲ့။ ပထမတော့ လေဆိပ်ထဲက ဆိုင်မှာ စားတော့ သူပျော်နေပါသေးတယ်။ ကိုယ်တို့ အထဲဝင်တော့ သူ့အဘိုးအဘွားတွေက ဟိုးအထဲက မြင်နေရတဲ့ နေရာမှာ ထိုင်နေတော့ သူ့အဘိုးအဘွားကို တချိန်လုံး လက်ပြလိုက် ခေါ်လိုက်ပါပဲ။ သမီးကို သိပ်ပေမဲ့ ဘယ်လိုမှ မအိပ်ပါဘူး။ လေယာဉ်ပေါ်တက်ဖို့တန်းစီတော့ ကိုယ်တို့က တန်းစီစရာ မလိုပါဘူး။ အရင်တက်ရပါတယ်။ အဲ့ဒီတော့မှ သမီးလေး အိပ်ပါတယ်။ အိပ်လိုက် နိုးလိုက်နဲ့ သမီးလေးနဲ့ ဂျပန်မြေကို ရောက်လာပါတယ်။ လေယာဉ်မယ်က ခနစောင့်ပါဆိုလို့ လေယာဉ်ပေါ်မှာပဲ သူတို့ လာခေါ်ပေးတဲ့ အထိစောင့်နေပါတယ်။ ပီးတဲံအခါ အစစအရာရာ အဆင်ပြေစွာပဲ ပစ္စည်းတွေပါ ထုတ်ပေးပီး အပြင်မှာ စောင့်နေတဲ့ ယောင်္ကျားဆီ အရောက်ပို့ပေးပါတယ်။ ဟိုဖက်မှာ  နိုင်ငံကူးလက်မှတ်ပဲ ကြည့်ပါတယ်။ အဆင်ပြေပါတယ်။ သမီးကို သူ့အဖေကို တွေ့တော့ ပျော်လိုက်တာဆိုတာ စာဖွဲ့လို့တောင် မရပါဘူး။ ဒီလိုနဲ့ ၃ယောက်သား လေဆိပ်ကနေ ဘတ်စ်ကားစီးပီး အိမ်ကို ပြန်ကြပါတယ်။ ကားပေါ်မှာ ၃ယောက်ထိုင်ပီး သမီးလေးလည်း အလယ်ကနေ အိပ်လိုက်လာပါတယ်။ ကားဂိတ်ရောက်တော့ အိမ်နဲ့ သိပ်မဝေးပေမဲ့ ပစ္စည်းတွေ ပါတော့ တက်စ်ဆီနဲ့ ပြန်ကြပါတယ်။ သမီးက အံ့သြစရာ ကောင်းလှစွာ အိမ်ကို မှတ်မိသလို အိမ်ခန်းကိုပါ မှတ်မိပါတယ်။  ဒီလိုနဲ့ သမီးလေး ရဲ့ ခရီးစဉ် ပီးသွားပါပီ။

၂၀၁၅ အစမှာ ဖေဖေ ဆုံးခဲ့သလို ငွေပျောက် စိတ်ရှုပ်ခဲ့တာတွေ အပြင် ဒီဖက်မှာ အိမ်ပြောင်း တော့ အလုပ်ရှူပ် ရုံးကိစ္စတွေရှုပ်နဲ့ ဒုတိယမြောက် ကလေးလေးကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အတွက် ၂၀၁၅ ဟာ အဆိုးများတဲ့ နှစ်၁နှစ်ပါပဲ။

၂၀၁၆ မှာ ကိုယ်အပါအ၀င် အားလုံးသောသူတွေ အတွက် ကံကောင်းခြင်း ကျန်းမာခြင်း ပျော်ရွှင်ခြင်းတွေပဲ လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။




Thursday, October 8, 2015

သမီးလေး နှင့် အရိပ်

သမီးလေး ၁နှစ်နဲ့ ၁၁လကျော်မှာ သမီးလေးဟာ အရိပ်ကြောက်သူလေး ဖြစ်လာပါတော့တယ်။
အင်မတန်ဆော့တဲ့ သမီး ၄ ၊ ၅ နှစ် ကလေးတွေ မှတက်တဲ့ လျှောပေါ်ကို မှ အမြဲစီးနေကြ သမီးလေးဟာ... အမြင့်ကို မတက်ရဲတော့ သလို လှေခါးကိုလည်း မတက်ရဲ တော့ပါဘူး။ အိမ်အပြင် ထွက်ပီဆိုတာနဲ့ မအေကို ကုပ်ပီး ဖက်တွယ်ထားတဲ့ သမီးကို ကြည့်ရင်း အစက သမီးဘာကိုကြောက်မှန်း မသိ ဖြစ်ခဲ့ရပါတယ်။ နောက်မှ သေသေချာချာ သိပါတယ်။ သမီးလေးက အရိပ်ကြောက်တာကိုး။ သမီးကို ခြောက်လှန့်တာလဲ မရှိတော့ သမီး ဘာကြောင့် အဲလို ဖြစ်သွားတာလဲ ဆိုတာ တော်တော်  အုံးစားပါတယ်။ ရှော့ပင်းစင်တာတွေ သွားလဲ ပြေးလွှားသွားတတ်တဲ့ သမီးဟာ သူ့အရိပ်ကိုကြည့်ပီး လမ်းကောင်းကောင်းမလျှောက်တော့ပါဘူး။

ဘယ်လိုမျိုး ဖြေပေးရမှာလဲ ဆိုတာ ကို ဖတ်မိသလောက် ဥာဏ်ရှိသလောက် အတော် ကြိုးစားခဲ့ရပါတယ်။

သမီးလေးကို သမီးအရိပ် မေမေ့အရိပ် ဖေဖေ့အရိပ် အရုပ်လေးတွေ အရိပ်ဆိုပီး ဆော့ တမ်းကစားလဲ... ကစားတုန်းပါပဲ။ အိမ်ထဲမှာဆို သူ မကြောက်ပါဘူး။ လိုက်ကာအရိပ်လေးဆိုပီး ကိုယ်က လှုပ်ပြ သူကဆော့။ အပြင်ထွက်ရင်လဲ သမီးအရိပ် မေမေ့အရိပ်ပြလဲ ပြပြပါပဲ။ သမီး အရိပ်ကို မကြောက်ဘူးကွာ ပြောလဲ ပါးစပ်ကနေ အရိပ် မကြောက်ဘူးလို့ လိုက်ပြောပေမဲ့ ကြောက်တာပါပဲ။ ဒါနဲ့ ကိုယ်က သမီးလေး I am brave လို့ အမူအယာနဲ့ သင်ပေးတော့ သမီးလေးက လက်ဝှေ့ထိုးသူလို လက်ပိုက်ပီး လက်ခမောင်းခတ်ရမဲ့ အစား ပုခုံးပေါ်ကို လက်လေးတွေတင်ပီး I am brave တဲ့။ ကိုယ်တို့ ၂ယောက်သား ရီလိုက်ရတာ။ သမီးဟာ သူများက မကြောက်ပဲ ဖက်နမ်းခံရမဲ့ ဒီဇိုင်း။ ဒီလိုနဲ့ သမီးလေးနဲ့ အပြင်တွေထွက် ကစားကွင်းတွေသွား ရှော့ပင်းမောလ်တွေ သွား သမီးလေးကို ကစားရင်းနဲ့ ကြောက်စိတ်လေး ဖြေပေး။ တခါတခါ ဖေဖေ့ဆီကနေ မေမေက ခပ်လှမ်းလှမ်းကစောင့် လက်၂ဖက်ကားပီး သမီးကိုခေါ်။ ဖေဖေတလှည့် မေမေတလှည့်လုပ်ပေးပေါ့။  သူငယ်ချင်းတွေ ရောက်လာတော့လည်း အဲဒီလိုလေးတွေ လုပ်ပေး ဆော့ပေးနဲ့ ပေါ့။ သူ့ကစားကွင်းတို့ ကစားစရာတွေနဲ့ တွေ့ရင်တော့ သမီးရဲ့ အရိပ်ကြောက် ရောဂါက အဆော့မက်ပီး ပျောက်ပါတယ်။ ဒီလိုနဲ့ ကိုယ်လည်း အပင်ပန်းခံပီး ရက်ဆက် ရှော့ပင်းမောလ်သွား ပေးလိုက်တာ... အခုတော့ သမီးရဲ့  အရိပ်ကြောက်ရောဂါ က ပျောက်သလောက် ဖြစ်သွားပါပီ။ အဲ့လို ဖြစ်တဲ့ အခါ ကြတော့လဲ မေမေ့မှာ စိတ်ပူရပြန်ပါတယ်။ လမ်းကောင်းကောင်းမလျှောက်ပဲ ပြေးနေတော့တာကိုး။ ချော်လဲမှာ စိတ်ပူရတာ တမျိုး ပျောက်သွားမှာ ကြောက်ရတာ တမျိုးပေါ့။

သမီးလေး အရိပ်ကြောက် ရောဂါပျောက်ဖို့ အချိန် ၂လ နီးပါး ကြာသွားခဲ့ပါတယ်။

သမီးက စကားတွေလဲ တအားတတ်တတ်လာပါတယ်။ တခါတလေ ဘာတွေ ပြောမှန်းလဲ မသိပါဘူး။  မနေ့ကတော့ ရီစရာကောင်းတာက သမီးအလုပ်လုပ်နေတယ်တဲ့။ ဘာလုပ်နေတာလဲဆိုတော့ ဟင်းချက်နေတာတဲ့။ ဘာဟင်းချက်လဲဆိုတော့ မန်မန်တဲ့။

Thursday, October 1, 2015

သမီးလေး အတွက် ကိုယ့်ကဗျာ

အင်္ဂလိပ်လို ၁ ကနေ ၁၀ အထိ သမီးလေး ၂နှစ်ပြည့်စမှာ ရေတွက်နိုင်တဲ့ အတွက် သိပ်ကို အံ့လဲသြမိ ဂုဏ်လဲယူမိရပေမဲ့ မြန်မာလို ရေတွက်တာ မသင်ရသေးလို့ ကဗျာတွေ အင်တာနက်က ရှာတဲ့ အခါ အဆင်မပြေတာနဲ့ပဲ ကိုယ့်ဘာသာ တီထွင်ထားတဲ့ ကဗျာပါ။ ကဗျာလေးက သမီးအတွက်တော့ အဆင်ပြေပါတယ်။ သမီးလေး နားလည်တဲ့ အရာပေါါ် အခြေခံထားလို့ပါ။ ကလေးတစ်ယောက် နားလည်ဖို့ရယ် စိတ်ဝင်စားစေဖို့အတွက် ကိုယ်တိုင် ဟန်ပန် အမူအယာနဲ့ သင်ပေးရပါတယ်။ ( ကလေး အမေ ဖြစ်တဲ့ အတွက် သမီး လေး စိတ်ဝင်စားဖို့ပဲ အဓိက ထားပါတယ်။ သူများတွေ မြင်ရင်တော့ မရှက်ဘူးလို့ ထင်မှာပေါ့။)
တစ် နှစ် မျက်နှာသစ်
သုံး လေး လက်ကိုဆေး
ငါး ခြောက်တံခါးခေါက် (ဒေါက်.. ဒေါက်..ဒေါက်)
ခုနှစ် ရှစ် အကျီင်္ဝတ်
ကိုး တစ်ဆယ် အပြင်ထွက်မယ်။ (သမီးက let’s go, c u , bye bye ပါထည့်ဆိုပါတယ်။)


ဒီအပုဒ်ကတော့ သူသိပ်ကြိုက်ပါတယ်။ သူ့ရဲ့ အဖြစ်ကို အခြေခံထားတာကိုး။
တစ် နှစ် သုံး လေး ငါး။ ထမင်းတွေ အများကြီးစား။ သေသေချာချာ ၀ါး။ လျှာကို ကိုက်မယ် သတိထား။
ခြောက် ခုနှစ် ရှစ် ကိုး တစ်ဆယ်။ လျှာကို ကိုက်မိတယ်။ လျှာကို ကိုက်တော့ နာနာဖြစ် ။ အား အား.. အီး အီး အစ်။

သမီးလေး နှစ်သက်ပီး သူ နားလည်တဲ့ ကဗျာလေး ဖြစ်တဲ့ အတွက် ခဏအတွင်း ရသွားပါတယ်။  နောက်မှ သူငယ်ချင်းတွေက ငါးလေးတစ်ကောင်ဖမ်းမိတယ် ကဗျာလေးပြောပြလို့ သမီးကို သင်ရပါသေးတယ်။

အပြင်သွားလို့ လှေခါး အတက်အဆင်းတွေ ဆိုရင် သမီးလေးက လှေခါးထစ် ရေတွက် ပီးတက်ဆင်း လုပ်ပါတယ်။

အရောင်တွေ သင်ပီး နောက်မှာလဲ လမ်းကူးရင် သမီးကို မီးပွိုင့်မှာ မီးအရောင် ကို ကြည့်ခိုင်းပါတယ်။

Monday, September 21, 2015

သမီးလေးနဲ့ အရာင်များ

ကလေးတွေကို ၁နှစ် အရွယ်ထဲက သေချာ နားလည်အောင် ပြောရင် ရပါတယ်။
သမီးလေးဟာ အခုဆိုရင် ၂ နှစ်နဲ့ ၁ လ ဖြစ်သွားပါပီ။

သမီးအကြောင်းတွေ မြန်မာဖွန့်အဆင်မပြေတာနဲ့ မရေးရတာလဲ အတော် လေးကြာသွားပါပီ။
သမီးလေးနဲ့ အတူ ကစားရင်း စာသင်ပုံလေး ပြောပြပေးမယ်နော်။

သမီးလေးကို သူ့မွေးနေ့မှာ ရောင်စုံ ဘောလုံးလေးတွေ နဲ့အတူ ဆော့ကစားရင်း သမီးကို ဘိုလိုပဲ ကာလာလေး သင်ပေးဖြစ်ပါတယ်။ သမီးက red ဘောဘော green ဘောဘော  yellow ဘောဘော pink ဘောဘော blue ဘောဘော orange ဘောဘော ဆိုပီး သင်ရင်းနဲ့ သားအမိနှစ်ယောက် ကစားကြပါတယ်။ ကစားနေရင်းနဲ့ သမီးလေးရေ... မေမေ့ကို pink ဘောဘော လေး ယူပေးပါဆိုပီး ကာလာတွေ နဲ့ မိတ်ဆက်ပေးပါတယ်။ ကလေးလဲ ပျော်ပါတယ်။ ဒီလိုနဲ့ သမီးလေးဟာ ကာလာလေးတွေကို ခွဲတတ်သွားပါတယ်။

နောက်နေ့တွေမှာတော့ သမီးလေးကို အခြား အရောင်တူတွေစုတဲ့ ကစားနည်းနဲ့ သမီးလေးမှတ်ဥာဏ်ကို ပံ့ပိုးပေးလိုက်ပါတယ်။ အဲဒါကတော့ သမီးလေးရေ... မေမေတို့ ကာလာတူတဲ့ ပစ္စည်းလေးတွေ စုရအောင် ပေါ့။ ဒီလိုနဲ့ သမီးနဲ့ ကိုယ်တို့ ၂ယောက်ဟာ အနီရောင် တူတာတွေ အစိမ်းရောင် လေးတွေ တူတာတွေစုပီး ကစားကြပြန်ပါတယ်။ အဲ့လို ကစားရာမှာ သမီးလေး ကိုယ်တိုင် ရွေးပီး ကာလာကို ပြောခိုင်းပါတယ်။

နောက်တနေ့မှာတော့ သမီးကို ရောင်စုံဘောကွင်းလေးပြပီး သမီးလေးကို ကာလာရွေးခိုင်းပါတယ်။ သမီးလေးက အဲ့လို ကစားနည်းကို ပျော်ပါတယ်။ သမီးလေး မှန်အောင်ရွေးနိုင်ပါတယ်။  သမီးလေး ရွေး တာမှန် သွားပီဆိုတော့ သမီးလေးကို မြန်မာလိုလေး နဲ့ မိတ်ဆက်ပေးပါတယ်။  အဲ့ဒီတော့ သမီးလေး နားမှာ အင်္ဂလိပ်လိုနဲ့ မြန်မာလို ၂မျိုး ရသွားပါတယ်။

အပြင်ကို ထွက်တဲ့ အခါ တခါတလေမှာ သမီးနဲ့ကာလာရှာတမ်းဆော့ ပါတယ်။ သမီးရေ white ရှာပေးပါဆို သူက လိုက်ရှာပီး လက်ညှိုးထိုးပါတယ်။ green ဆို သစ်ရွက်လေးတွေကို ပြပီး သင်ထားဖူးတော့ သူက သစ်ရွက်လေး တွေကို ပြပါတယ်။

ဒီလိုနဲ့ သမီးလေးနဲ့ အရောင်လေးတွေ မိတ်ဆက်ပီးသွားပါပီ။

ကလေးတွေဟာ သူတို့ကို သိပ်တော်တာပဲ။ အရမ်းတော်တာပဲ ပျော်ရင် သိပ်ကျေနပ်ကြပါတယ်။ သူတို့ လုပ်တာ အောင်မြင်သွားတိုင်း ချီးကျူးပေးဖို့တော့ လိုအပ်ပါတယ်။ 

Saturday, October 11, 2014

မတတ်ပ လေး ၁

ရေးစရာဆို သမီးအကြောင်းကပဲ အများသား။

သမီးလေးကို ငယ်ငယ်ကတည်းက တောက်လျှောက် ကိုယ်ဘာလုပ်လုပ် သူ့ကိုပြောပေးတော့ သမီးလေးက ငယ်ငယ်လေးနဲ့ အားလုံးနားလည်နေပါတယ်။ မြန်မာလိုနဲ့ အင်္ဂလိပ်လို တခါတလေ ပြောပေးပီး ဂျပန်လိုကိုတော့ သမီးလေးကျောင်းတက်ရင် သူ့အလိုလို တတ်သွားမှာမို့ လိုအပ်တဲ့ နုတ်ဆက်တာလောက်ပဲ သင်ပေးပါတယ်။  အဲ့ဒါကြောင့် သမီးလေးရေ... ကွန်နိချိဝ ဆို ခေါင်းကလေးညိမ့်လို့ နုတ်ဆက်တတ်ပါတယ်။ သမီး ကျေးဇူးတင်ပါတယ်လို့ဆိုလည်း ခေါင်းလေး ညိမ့်တတ်ပါတယ်။ ကျေးဇူးဆိုတဲ့ စကားလုံးကိုတော့ ၃ဘာသာလုံး သင်ပေးပါတယ်။ ကိုယ်တိုင်လဲ သမီးလေး ကို ဘာလုပ်ခိုင်းခိုင်း ဘာပဲယူပေး ဘာပဲလုပ်လုပ် ကိုယ်တိုင်လဲပြောပေးသလို သမီးလေးကိုလည်း ပြောခိုင်းလို့ သမီးက အဲဒါ လုပ်တတ်ပါတယ်။
သမီးလေးက ဘိုင့်ဘိုင်ဆိုပီး လက်ပြတာကို ၁၁ လသမီးထဲက လုပ်တတ်ပီး အခုဆိုရင် လမ်းထွက်တိုင်း တွေ့သမျှ လူတွေကို ဘိုင့်ဘိုင်ပြပါတယ်။ အခုတော့ သမီးက တာတာ့ တဲ့။  အဲ့မှာ သမီးလေး နုတ်ဆက်လိုက်ပါဆို ခေါင်းကလေးညိမ့်ပြတော့တာပါပဲ။ တွေ့သမျှ အဘိုးအဘွားတွေ ဆိုတာ သူ့ကို ချစ်ကြပါတယ်။ အချို့ဆို သမီးလေးကို နစ်ခိုနစ်ခိုချန်တဲ့ ။ သမီးလေး မျက်လုံးက အဖေတူတော့ သိပ်လှပါတယ်။ အဲ့မျက်လုံးလေးက သမီးရဲ့ အလှကို ပိုပေါ်လွင်စေပါတယ်။ သမီးလေး ပြုံးလိုက်တဲ့ အခါမှာ လူတိုင်း ကြွေဆင်းသွားရအောင် သမီးလေးက ချစ်စရာ ကောင်းလှပါတယ်။ အဲ့အပြုံးကတော့ အမေတူပါ။ (ကြုံကြွားပါ) ဒီကြားထဲ သမီးလေးရဲ့ ဆံနွယ်တွေက (အဖေမတူမအေမတူစွာနဲ့) နောက်ဖက်မှာ ကောက်ကောက်လေးဖြစ်နေတဲ့အခါ သမီးလေးဟာ ဒီမှာတော့ စတားပါ။  အချို့ကတော့ သမီးလေးကို အိုရီခို့စံတဲ့.။ လိမ္မာလို့ပါတဲ့။

သမီးလေး က သိပ်ဆော့ပါတယ်။ ဆော့တယ်ဆိုတာထက် ကို ပိုဆော့ပါတယ်။ ၁၀ လထဲက လမ်းလျှောက်တဲ့ သမီးငယ်ဟာ အခုဆို မပြေးယုံတမယ် လျှောက်ပါတယ်။  လှေကားမြင်ရင် တက်မယ်ဆိုတာကြီးပါပဲ။ ၃ပေလောက်မြင့်တဲ့ လျှောကိုတောင် သေချာစီးတတ်နေပါပီ။

သမီးက အကဆို တီးလုံးသံကြားတာနဲ့ ခြေလှုပ် လက်လှုပ်ဖြစ်နေပါပီ။ သမီးရေ ဒန့်စ်ဆိုတာနဲ့ ကမယ်ဆိုတာ ကြီးပါပဲ။ စကားလုံးတွေကလဲ ထွက်တဲ့အခါ ထွက်ပါတယ်။ ဥပမာ..သမီးရေ..လတ်စ်ဂိုးဆို လိုက်ပြောလိုပြောပါတယ်။ ထမင်းစားခါနီး သမီးရေ အိတတခိမတ်စ် ဆို သူက လက်ကလေး၂ဖက်ရိုက်ပီး မပီတပီနဲ့ လိုက်ပြောပါတယ်။ သမီးလေးရေ..မေမေ့ကို မွှေးပေးဆိုလည်း မွှေးပေးရတာအမော..။ ဖလိုင်းကစ်ဆိုလည်း လုပ်ပြရတာ အမော။ သမီးလေးရေ တူဆို သူက လက်ဝါးနာဖက်ကို သူ့မျက်နှာဖြန့်ပီး ၀ါးတဲ့... ၀ါးဆိုတာ မပီတော့ အား ဖြစ်နေတယ်။ သမီးလေး သမီးလေးနဲ့ တနေ့တနေ့ သူနဲ့ချည်း ၂ပါးသွားနေရတယ်။
အခုဆို သမီးက ကောင်ကောင်လေးတွေကို သိနေပီဆိုတော့ တီဗွီမှာ အကောင်လေးတွေလာရင် သမီးလေးရေ..ဟိုမှာ ကြည့်ကြည့်ဆို သူက လိုက်ကြည့်ပီး လက်ညှိုး တထိုးထိုးနဲ့။ ပျောက်သွားရင် အော်ရော။ ရီရတယ်။ စလဲစတတ်တယ် သူ့အရွယ်နဲ့။ မကြိုက်မှန်းသိရင် လုပ်ပြတယ်။ သူ မဟုတ်တာ လုပ်တော့မယ်ဆို အသာလေး ချောင်းကြည့်တာများ... ကိုယ့်မှာ ရီလိုက်ချင်တာ တအား။ သူမဟုတ်တာ လုပ်ပီးရင် သူ့ကို ဘာမှမပြောခင် အရင် ကိုယ့်ဆီ လာတက်တာ လူလည်မလေး။ လိုက်ကာကို ကွယ်ပီး ကိုယ့်ကို ချောင်းကြည့်တာကလဲ အသည်းယားစဖွယ်ပေါ့။
သူတက်မှာဆိုးလို့ နည်းနည်းမြင့်တာတွေဆို အပေါ်မှာ တခုခုတင်ထားရင် သူက အဲ့ဒါတွေဖယ်ပီး အပေါ်တက်သေးတာကလား။ တက်သွားပီးရင်လည်း သူတက်နိုင်တဲ့ဆိုတဲ့ အပြုံး။

ကုတင်ပေါ် အဆင်းအတက်လည်း ဆရာကြီးအဆင့်ဖြစ်နေပါပီ။ တခုပဲ အဆော့လွန်ပီး ကုတင်ပေါ်က မတ်တပ်ဆင်းသလို ဖြစ်သွားမှာပဲ စိုးရိမ်ရတာပါ။ သမီးလေးကို ကုတင်အဆင်းအတက် ကိုယ်သင်ပေးထားတာ သိပ်ကို စိတ်ချရပါတယ်။ ကျောပေးပီး ခြေထောက်အရင်ချ ဆိုပီး သင်ပေးထားသလို အတက်ကိုလည်း ဘယ်လိုတက်ဆိုတာ သင်ပေးထားတာပါ။ ပြောရမယ်ဆို သမီး ကုတင်ပေါ်က ကျတာ ၂ခါပါ။ ပထမတခါက နဲနဲငယ်သေးတယ်။ ကိုယ်ဟင်းချက်နေတုန်း သူ့ကိုယ်သူ သိပ်တတ်နေပီဆိုပီး ဆင်းလိုက်ပုံရပါတယ်။ အဲဒါတခါရယ်. နောက်တခါကတော့ ကုတင်ပေါ်ကနေ ဆော့ရင်းနဲ့ မတ်တပ်ဆင်းမိသွားတာပါ။ ကိုယ်လှမ်းဆွဲတာကို မမှီလိုက်တာပါ။ ၂ခါစလုံး ဘာမှတော့ မဖြစ်ပါဘူး။

အခုဆို ဘေဘီကားပေါ်တက်ဆိုတာနဲု့ သူ့ဘာသာတက်နေပါပီ။ ဘေဘီဝေါ့ကာပေါ်လည်း သူ့ဟာသုတက်ပါတယ်။ သူ့စက်ဘီး ပေါ်လည်းတက်ပါတယ်။ တခါတလေ မအေဖုန်းလာပီဆိုရင် သူက သွားကိုင်ပိးနှိပ်ပါတယ်။ အိုင်ပက်က ဆိုလဲ သူနှိပ်မရရင် ကိုယ်ရှိနေတဲ့ ဆီ မယူလာခိုင်းပဲ ယူလာပေးပါတယ်။ တခါတလေ လဲ ရှိသမျှ ဟန်းဖုန်း အိမ်ဖုန်းမကျန် ကိုင်ပီး ဖုန်းပြောပါသတဲ့။

စာအုပ်တွေလည်း တအုပ်ပီးတအုပ်ဖတ်ခိုင်းလို့ ကိုယ်တော်တော်မောနေပါပီ။ စာအုပ်ဖတ်၇င် အသံထွက်အပြင် အမူအယာပါလုပ်ပြရတော့ မောတာပါ။ ကစားစရာ တော်တော်များများလည်း တော်တော်ဆော့တတ်နေပါပီ။

သမီးလေး ဘယ်နှစ်နှစ်လဲဆိုလက်ညှိုးလေး၁ချောင်းထောင်ပီး ၁ လို့လဲ ဖြေတတ်နေပါပီ။ သမီးလေး အကြောင်းတွေ ရေးရမယ်ဆို မကုန်ပါဘူး။တကယ်ပါ။

သမီးလေးက အခု ကိုယ်တို့၂ယောက် သား လုံးထွေးနေရင် သူ့ကို မခေါ်ရင် စိတ်ကောက်ချင်ယောင်ဆောင်ပီးခိုးကြည့်ပါတယ်။ ကိုယ်တို့က သမီးလေးလာလို့ခေါ်ရင်တော့ ပြုံးပီး ရောက်လာပါတယ်။ သူ့အဖေရဲ့လက်က်ု ကိုယ်က ကိုင်ရင် ကိုယ့်လက်ကိုဖယ်ပီး သူ့လက်ကိုထည့်ပါတယ်။ သူ့အဖေက သူ့ကိုမမွှေးပဲ ကိုယ့်ကို မွှေးရင် သူကအော်ပါတယ်။ ကိုယ်တို့၂ယောက်မှာ သူ့ကို စစရာလေး ရနေပါတယ်။ အခြားဟာတွေ မစပေမဲ့ ဒါတော့စပါတယ်။ တခါတလေ ကိုယ်တို့၂ယောက် စကားပြောရင်း အခန့်မသင့်အော်မိရင် သူက အင်း အင်းနဲ့ဟန့်ပါတယ်။ ဘာမှမဟုတ်ရင်တော့ လျှော့လိုက်ကြတာပေါ့။ ဟုတ်ခဲ့ရင်လဲ သမီးကြောင့် မကျေနပ်လဲ ကိုယ်ပဲလျှော့လိုက်ပါတယ်။ ကမ္ဘာ့အရစ်ဆုံး ယောက်င်္ကျားနဲ့ တူတူနေဖူးသွားလို့ပါ။

သမီးလေးက  ကလေးချန်နယ်ထဲမှာမှ သူကရွေးကြိုက်တာပါ။ အဲဒါလာရင် သူက အဲ့အတိုင်းလိုက်လုပ်တာပါ။
ဟင်းချက်လို့  ကိုယ်က မြည်းသလို သူကလဲ လိုက်မြည်းပါတယ်။ အဲ့အချိန်ဆို သူက ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ ကောင်းတယ်ပေါ့ ပုံစံနဲ့ ဆိုတော့ ကိုယ့်မှာ ပြုံးရတာ အမြဲပါ။
ဒိုင်ပါဆိုလည်း သူ့ဘာသာသူဝတ်တဲ့ပုံနဲ့ ပေါင်ကြားထဲညှပ်ထည့်လို ထည့်။
ဘောင်းဘီလဲ ကိုယ့်ဘာသာကိုယ်ဝတ်ချင်။ ဘာမဆို သူ့ဘာသာသူလုပ်ချင်တယ်။ သူ့အဖေခြေအိတ်တွေ့ရင် သူ့ခြေထောက်ကို စွတ်လိုစွတ်။ စကတ်တွေဆို သူ့ခေါင်းကနေစွတ်ပီး လည်ပင်းမှာ ဆွဲလို့ ရီလိုက်ရတာ။ ဆွဲကြိုးဆိုလည်းကြိုက်ပီး။ နာမည်ကဒ်ပြားတွေလည်းဆွဲ။ သူ့အဖေ ဦးထုပ်ဆောင်းတာ မြင်တော့ သူပါဆောင်းသေးတာ။ သူ့ဦးထုပ်ကို သူ့ဟာသူဆောင်းပီး မှန်ရှေ့မှာ ကြည့်တာ ဆရာမက။  ရီရတယ်။

အခုဆို ဘာမှန်းမသိတဲ့ စကားတွေ တတွတ်တွတ်ပဲ။ သိပ်သိပ်ပြောသမှ အိပ်နေရင်းနဲ့တောင် ယောင်ပီးစကားတွေပြောပါတယ်။ သမီးလေးရေ..ခြင်္သေ့ဘယ်လိုအော်ဆိုလဲ ပါးစပ်ကြီးဟပီး ဝေါင်းတဲ့..။ စာအုပ်ထဲမှာ ဒရမ်တို့ ပတ္တလားတို့ ပလွေတို့ပါတော့ ကိုယ်က ဖတ်ပြရင်း အသံထွက်ရင် သူက ခေါင်းလှုပ် လက်လှုပ်ကတယ်...။ စာအုပ်ထဲမှာ စားစရာပါရင် အမူအယာနဲ့ လာစားပြပီး သမီးကောင်းလားဆို ကောင်းသတဲ့..။

သမီးလေး စကားပြောသံလေးတွေ ကြားချင်လှပီ...။

သမီးလေးအတွက် အင်္ဂလိပ် စာအုပ်များ လက်ဆောင်ပေးတဲ့ အမတန်ခူး ကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ...။


Saturday, October 4, 2014

သမီးလေး ၁နှစ်ပြည့် အမှတ်တရလေး

သမီးလေးးးးးးး..... ၁နှစ်ပြည့်ပါပီ...။
၁နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘလော့လေးမှာ မှတ်တမ်းတင်ပါသည်။
၇လမှာ လေးဘက်ထောက်နေပီဖြစ်တဲ့သမီးလေးက ၈လမှာ လေးဘက်ထောက်ပီး ၆လက်မအမြင့်ကိုလှမ်းနေသလို တခုခုကိုကိုင်ပီး ၂လှမ်း၃လှမ်း မတ်တပ်စမ်းနေတဲ့ သမီးလေးဟာ ၉လမှာ ၅လှမ်းလောက်ထိ အလွတ်လမ်းလျှောက်နေပါပီ...။ သမီးလေး ၁၀လ တင်းတင်းမှာ လမ်းတကယ်လျှောက်သွားပါပီ။ အိမ်ထဲမှာနဲ့ သူသွားကစားတဲ့နေရာတွေမှာ လျှောက်နေတာပေါ့...အပြင်မှာ ပေးလျှောက်စေချင်ပေမဲ့ သမီးအတွက်ဝယ်သမျှ ဖိနပ်တွေ တရံမှ မတော်တာနဲ့ပဲ အပြင်မှာမလျှောက်ရပါဘူး။ သမီးက သီချင်းသံကြားရင် ဖင်လှုပ်ခြေလှုပ် ခေါင်းလက်လှုပ်ပီး ကပါတယ်။ ဘယ်နေရာမဆို သီချင်းသံကြားလို့ကတော့ ကပီးသားပါပဲ။
၁၀လခွဲမှာ သူ့ဘွားဘွားပို့ပေးလိုက်တဲ့ ဖိနပ်တွေထဲက အသေးဆုံးနဲ့ အဆင်ပြေပီး ဖိနပ်လေးကိုစီးလိုက် သွားကိုင်လိုက်နဲ့ပေါ့။ အဲ့ဖိနပ်စစီးတဲ့နေ့က အပြင်ထွက်တာ...သူ့ကို မနဲလိုက်ဖမ်းရတယ်။ ဒီလိုနဲ့ ၁၁ လပြည့်တော့ လှေကား အမြင့်ကြီးတွေကို တက်တော့တာပဲ။ ကိုယ်က ဘေးကနေလက်၂ဖက်ကိ ကိုင်ပေးပီး တက်တာပါ။ နို့မိုဆို ပြုတ်ကျမှာဆိုးလို့။
ကလေးတက်တဲ့ လျှောဆို လှေကား ၃ထစ် သူ့ဟာသူတက်နေပီး လျှောစီးရတာ ကြိုက်နေပါတယ်။ သူတို့ကစားခန်းထဲက ကစားစရာ မှန်သမျှ အကုန်လျှောက်ကစားပါတယ်.။ ကစားစရာ မီးဖိုချောင်က ပစ္စည်းဆိုလဲ မနေရပါဘူး.။ ကလေးစားပွဲဝိုင်းအသေးဆိုလည်းအပေါ်တက်လိုက်ရမှ။ သူ့နောက်ကနေ လိုက်ထိန်းရတာလဲ တကယ်တော့ မလွယ်လှပါဘူး။ ဖုန်းဆက်ရင်လဲ သူပါတယ်။ ဖုန်းကိုသူ့ဘာသာကိုင်ပိး ဘာတွေမှန်းမသိဘူး ပြောနေတာ ရီရပါသေးတယ်။
၁၀လမှာ ၂လီတာ ရေဗူး ၆ဗူးပါတဲ့ ကဒ်ထူဘူးကို ကိုင်လိုက်မြှောက်လိုက်အော်လိုက် လုပ်နေတာ..ကိုယ်သဘောကျပီး ဗီဒီယိုရိုက်တာ ရိုက်ခါမှ သမီးလေးက အဲ့ပုံးပေါ်ကိုတက်ပီး မတ်တပ်ရပ် အောင်မြင်သူ စစ်သူကြီးလိုအော်ပါတယ်။ပီးလဲပီးရော အောက်ကိုဆင်းဖို့လုပ်ချိန်မှာ အောက်ကို ဇောက်ထိုးကျသွားပါတယ်။ ကံကောင်းထောက်မစွာ ဘာမှမဖြစ်ပါဘူး။ ကိုယ်တော်တော်လန့်သွားးပါတယ်။
အခုတော့ အဲ့ဒီဘူးပေါ်အတက်အဆင်း ကျွမ်းကျင်အဆင့်ရောက်သွားပါပီ။
သူထမင်းစားတဲ့ခုံ ကိုယ်တွေစားပွဲခုံကိုလည်း သိမ်းထားရပါတယ်။ တက်လွန်းလို့ပါ။ ကုတင်ပေါ်တောင် သူက တက်ချင်နေပါပီ။ ဆင်းရင် ကိုယ်ကို နောက်ပစ်ပီး ခြေထောက်ကိုချပီးဆင်းပါတယ်။ သူ့ကိုယ်သူဆရာကြီးပေါ့။ အဲလိုအလုပ်ကောင်းလို့ ကုတင်ပေါ်က တခါ ပြုတ်ကျပါတယ်။ ကိုယ်က နောက်ဖေးမှာ သူအိပ်နေတုန်း ထမင်းသွားချက်နေတာ..သူ့ဘာသာသူထပီးဆင်းတယ်ထင်ပါရဲ့။ ခါတိုင်းဆို ကိုယ့်ကိုခေါ်နေကျဟာ မခေါ်တော့ ကိုယ်လဲ သူပြုတ်ကျပီးငိုမှ သိပါတော့တယ်။ သူငိုတော့ ကိုယ်လဲ တော်တော်ပျာသွားပါတယ်။ ဘာလုပ်ရမှန်းကိုမသိပါဘူး။ နဖူးမှာလဲ ဘုသီး အငိုလဲမရပ်။ အရေးပေါ်ပဲ ပြေးရမလို... ဟိုပဲပြေးရမလို ဒီပဲပြေးရမလိုပေါ့။ သူ့အဖေဆီဆက် ဒဏ်ရာကို ပုံရိုက်ပီးပို့။ အာငွေ့ပေးမပြတ်ပေါ့။ အခြားသူငယ်ချင်းတွေကိုမေးနဲ့... အာငွေ့မပြတ်ပေးပီးမှာ အရောင်တော်တော်ကျသွားသလို သူလဲ အိပ်ပျော်သွားပါတယ်။ မနက်ကျတော့ ဆေးခန်းသွားပီး ပြပါတယ်။ သေချာစစ်ပီး ဘာမှမဖြစ်ဖို့များပါတယ်။ ဒါပေမဲ့ ၁ပတ်အတွင်း မသင်္ကာရင် ထပ်ပြဖို့နဲ့ ကြားထဲမှာ အရေးပေါ်ဖြစ်ရင်သွားရမဲ့ ဆေးရုံနဲ့ဆက်သွယ်ရမဲ့လိပ်စာကို ပေးလိုက်ပါတယ်။ ကံကောင်းပြန်ပါတယ်။ သမီးဘာမှမဖြစ်ပါဘူး။
သမီးလေးက သူ့ရေဗူးကို သူ ၈လလောက်တည်းက ကိုင်ပီးသောက်တတ်ပါတယ်။ ၆လလယ်မှာထွက်လာတဲ့ အောက်သွားလေး၂ချောင်းရယ် ၇လလယ်မှာထွက်လာတဲ့ အပေါ်သွား၂ချောင်း ၁၀လမှာထပ်ထွက်လာတဲ့ အပေါ်သွား၂ချောင်း ပေါင်း သွား ၆ချောင်း ရှိပါပီ။

သမီးလေးအကြောင်းတွေက တနေ့တမျိုးမရိုးနိုင်ပါဘူး။ ကိုယ်က I am the queenဆိုပီးသူ့ကိုလက်ကလေး မြှောက်ပီးသင်တာ...သူကကိုယ်ပြောလိုက်တာနဲ့လက်ကလေးမြှောက်တော့
တာပဲ။

ဟိုနေ့ကသူ့ကို ထထ လို့သင်တာ ထထတဲ့။ သမီးပေးဆိုပေးတတ်။ယူဆိုယူတတ်နေပီ။လက်မြှောက်ဆိုလဲ လုပ်တတ်နေပီ။ဟိုက်ဖိုက်ဆိုလဲလက်ဝါးချင်းရိုက်တတ်တာ သူ ၈လလောက်တည်းကပေါ့။ ရေသွားသောက်ဆိုလည်း သူ့ရေဗူးဆီသွားပီး သောက်တတ်နေပီ။
သမီးလေး၁၀လလောက်တည်းက သမီးရေ ...တူဆို..ကိုယ့်ကိုတခန်းဝင် တခန်းထွက် မတွေ့တွေ့အောင်ရှာ တတ်နေပီပေါ့..။ ရေချိုးခန်းတွေလည်း လိုက်လိုက်ဝင်တတ်။မီးဖိုထဲဆိုလည်း ခြေဖျားထောက်ထောက်ပီးလက်လှမ်းလို့ ကိုယ်တော်တော် သတိထားနေရပီ။ စားမလားဆိုခေါင်းညိမ့်တတ်နေပီ။ကြိုက်လားကောင်းလားဆိုလဲခေါင်းတညိမ့်ညိမ့်ပေါ့။

တီဗွီကကြော်ငြာတို့ ကလေးအစီအစဉ်များသူကြိုက်လို့ကတော့ လက်ခုတ်လေးတီးပီးကတတ်သေးတာ..။ ရိုးရိုးကြည့်တာ အားမရလို့ထင်ပါရဲ့။ တီဗွီရှေ့ အနီးဆုံးထိ သွားပီး အပေါ်ကို မရရအောင် တက်ချင်သေးတာ..။ အပေါ်ဆိုလည်း ဘာတက်သလဲမမေးနဲ့။ ဘယ်လိုတက်ရမလဲဆိုတာကြီးပဲ။ ကိုယ်မကြည့်နိုင်ချိန် တက်မှာစိုးလို့  ခုံတွေ သိမ်းထားရတယ်။ တခါတလေလဲ သိပ်ရီရတယ်။လက်ကလေးနောက်ပစ်ပီး ဘာလုပ်မှန်းမသိဘူး။ ပြုံးပြုံးနဲ့။ခေါင်းလေးကိုလည်း စောင်းလိုက်သေးတာ။ခေါင်းလဲ တညိမ့်ညိမ့်နဲ့။

အခုဆိုသမီးက ကိုယ်ဘာစားသလဲ။စားသမျှအကုန်ပါတယ်။ မုန့်ဖတ်ကိုကိုယ်က အရှည်ကြီးဆိုတော့ ရှူးရှူးဆိုပီးဆွဲစားရင် သူကလည်း ကိုယ် စားသလိုစားတယ်။ ကိုယ့်မှာ့  ရီလိုက်ရတာ။ မက်မန်းသီး သံပုရာသီး အချဉ်အကုန်စားတယ်။ ကြက်ဟင်းခါးသီးပါစားလို့ ကိုယ်တို့မှာအံ့သြရတယ်။ ကိုယ့်ဆီက ပြောင်းဖူးဆိုလဲ လုစားတတ်နေပီ။ရေခဲမုန့် ချောကလက်ဆိုလဲ ကြိုက်။မအေက အဲလိုတွေစားတော့ သမီးလဲစားတာနေမှာ။ ဒိန်ချဉ်ဆိုလည်းကြိုက်။ တို့ဖူးအပါအ၀င် ဂျပန်စာတွေလည်း သမီးက သိပ်ကြိုက်တယ်။

သီချင်းလည်းအရမ်းကြိုက်တယ်။သူ့ အင်္ဂလိပ်ကလေးသီချင်းကို နားထောင်ချင်ရင် ကိုယ့်ဆီ အိုင်ပက်ကြီးမလာပေးတယ်။ပီး ပါးစပ်ကလည်း ဂျာ၈ျာနဲ့ ဖွင့်ခိုင်းတယ်။ တခါတလေ ကိုယ်က သမီးလေး သီချင်းနားထောင်မလား ဆိုတာနဲ့။ ကိုယ့်ဆီရောက်လာရော။ အိုပါဂါနာစတိုင်ဆိုလည်း သိပ်ကြိုက်။ အဲဒါဖွင့်ရင်ကတော့တာပဲ။ သမီးစက်ဘီးလေးက ဒစ်စနေစက်ဘီး လေးမှာ တီးလုံးလေးတွေပါတော့ သူ့ဟာသူနှိပ်ပီး လှုပ်လှုပ်နဲ့ကတာ..။သိပ်ချစ်ဖို့ကောင်းတာပဲ။

ဟိုးတလောကသမီးလေးက သူ့ဖေဖေကို ကိုယ်ပြောသလို ခိအိုဆကဲတဲ ဆိုပီး လိုက်ပြောတယ်။ ကိုယ်တို့မှာ အံ့သြ၀မ်းသာလိုက်ရတာ။  နောက် ဘိုင့်ဘိုင်ဆိုပီးပြောသေးတယ်။ တခါပဲ..ပြောခိုင်းတော့မပြောတော့ဘူး။ သမီးလေး မသိစိတ်ကနေ လိုက်ပြောတတ်နေပီ ထင်ပါရဲ့။ သမီးရေ...ပါပီလေးကိုခေါ်ဆိုသူ့ခွေးရုပ်လေးကို မနိုင်မနင်းမလာလေရဲ့ မွှေး၂ပေးဆိုပေးတယ်။ပူစီလေးဆိုလည်းခွဲတတ်နေပီ။  သူ့မွေးနေ့မှာ လက်ဆောင်ရတဲ့ တက်ဒီလေးကိုလည်း ခဏခဏ မွှေးလိုက်ရတာ။ အဲဒီအရုပ်တွေနဲ့ အသံစုံ ထွက်ပီး သမီးက ဆော့လေရဲ့။ မေမေ့လာမွှေး ဖေဖေ့လာမွှေးဆိုလည်း မွှေးတတ်နေပီ။ ဘိုင်ဘိုင်ဆိုပီး လက်ကလေးယမ်းတာ သမီးလေး  ၁၁ လသမီးထဲကပေါ့။ ဖလိုင်းကစ်တောင် ပေးတတ်နေပီ။

ဟိုးနေ့က သူ့မွေးနေ့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တော့ ကိုယ်က ဆွမ်းအတွက်ပျားတုပ်အလုပ်ရှုပ်နေတာ..သူနဲ့သူ့အဖေ ဆူညံ့နေတာပဲ။ သမီးကမနေဘူး။ သူ့အဖေက မချော့တတ်တာရယ် ကလေးက ယောင်္ကျားလေးဆို ကြောက်တတ်တာရယ်နဲ့။ဘုန်းကြီးရယ်သူ့အဖေ သူငယ်ချင်းတွေ ကြား ကလေးက အငိုမတိတ်တော့ဘူး။ ကိုယ်လည်း ဘာမှ မလုပ်ပေးနိုင်တော့ သူတို့သားအဖကို ဘုရားခန်းသွားနေကြလို့ ပြောလိုက်ရတယ်။ ဆွမ်းကပ်ချိန်ကျမှ သမီးကိုခေါ်၇တယ်။ သမီးလေးလည်း မုန့်ကျွေးရင်းနဲ့ တဖြည်းဖြည်းချော့မှ သမီးက အဆင်ပြေသွားတယ်။ ရီနိုင်ပြုံးနိုင်လာတယ်။ ဘုန်းဘုန်း ဦးတော် ဆိုသမီးက လုပ်တယ်။ တရားလဲ နာရော..သမီးလေးလည်း ငိုရတာရယ်။ဆော့ရတာရယ်နဲ့ မောပီး အိပ်ပျော်သွားရော။ တရားနာပီးမှ သမီးလေးနိုးတယ်။ သမီးလေး ဘုရားဘုရား ဦးတော်လုပ်ရအောင် ဆိုတော့ သမီးလေးက မအေရှိခိုးသလို ရှိခိုးတယ်။ သိပ်လိမ္မာတဲ့  သမီးကလေး။

သမီးလေးက ရေဆော့ရတာ ကြိုက်တယ်။ မေမေကလဲ အိမ်မှာ ဒါမှမဟုတ် ကျောင်းတွေမှာ ရေပေးဆော့ချိန် သမီးလေးကို ပို့ပေးတယ်။ အခုဆိုသမီးက အဆင့်တက်လာပြန်ပီ။ လျှောစီးရင် လှေကားက မတက်ဘူး။ လျှောဖက်ကတက်တယ်။ သမီးအကြောင်းရေးမယ်ဆို ရေးမကုန်။
ဒါလေးက သမီးလေး ၁နှစ်ပြည့်တုန်းက တင်ဖို့ ရေးထားတာပါ။ လက်စမသတ်ပဲ တင်လိုက်ပါတယ်။ အခုတော့ သမိးလေးတောင် ၁နှစ်နဲ့ ၁လ ရှိသွားပါပီ။



Sunday, September 21, 2014

သမီးလေး အတွက် ချော့သိပ်တေး

သမီးလေး...အကြောင်း ရေးထားတာ တန်းလန်းလေးတွေ အများသားရယ်။ စာရေးရတာထက် ဖတ်ရတာကို ပိုအားသန်ပီး ပျင်းနေတာရယ် မအားတာရယ်ပေါင်းပီး ဒီဘလော့လေးကို ဖုန်တက်တက်ဆိုပီး ပစ်ထားဖြစ်တယ်။
ဒါပေမဲ့ အမ ခင်ဦးမေ ဘလော့ကို အမြဲဖွင့်ဖတ်တယ်။ ဖတ်လို့ ကောင်းသကိုး။ အန်တီတင့် ရဲ့ ဘ၀ ဇာတ်ကြောင်းတွေကို လည်း စောင့်ဖတ်။ မဒမ်ကိုး ရဲ့ တင်သိန်းအေး အပါအ၀င် ဇာတ်လမ်းလေး တွေဖတ်။ အိမ့်ချမ်းမြေ့ ရဲ့ မိတော ကိုလည်း ကြိုက်လွန်းလို့ ဖတ်ပေါ့။ သူဂျီး ရေးတဲ့ စာတွေလဲ မလွတ်တမ်း။ အမ မေဓာဝီ ရေးတာတွေ ဖဘ က ကဗျာတွေဆိုလည်း ကြိုက်လိုက်တာ။ ဦးဟန်ကြည် တင်တဲ့ ပို့စ်ဆိုလည်း အလွတ်ပေးလို့ရပါ့မလား...။ အို... အမ မရွှေစုရဲ့ ပုံပြင်ကိုလည်း မကြာခဏ သွားနားထောင်...အဲ ဖတ်ရတာ အရသာရှိလွန်းလို့...။ အဲ့အမကို အနားခေါ်ထားချင်တာ။ အမ တန်ခူးရဲ့ ဆုံးမစာတွေ ရသစာတွေ ကလည်း ကောင်းလွန်းလို့...။
အခုတလော ဘလော့စည်းရုံးရေးမှူးကြီး သူဂျီးကြောင့် ဘလော့တွေ နဲနဲ ပြန်လှုပ်ရှားလာတယ်။ ဘလော့ဒေးက နေစပီး ခေါင်းတွဲကြီး အန်တီတင့်ရဲ့ အိမ်တံခါးတွေ လိုက်ခေါက်နေလို့လဲ ပါမယ် ထင်ပါရဲ့။

 အယ်... သမီး ချော့တေးက နေ ဘယ်တွေ ရောက်နေပါလိမ့်...။ ဘွာတေး ဘွာတေး...။
စာရေးတာ ပျင်းတာ သိပ်မကြာပါဘူး။ သမီးလေး မနှင်းဆီလေးတောင် ၁နှစ်ပြည့်ပီး လစွန်းနေပီ။ ဟီးးးး..
 ကိုယ့် သမီးချော့တေး ကို ကြိုက် လွန်းလို့ ကော်ပီ မလုပ် ကြနဲ့နော်...ဟင်း..။
ယောက် က ပြောတယ်..။ သမီးကို ချော့တဲ့ သီချင်း မဆိုတာ ကြာပီနော်တဲ့...။ ဟုတ်တယ်... ကိုယ်တိုင်စပ်ထားတဲ့ ပေါက်ကရ သီချင်းဆိုတော့ ကြာရင် မေ့မှာစိုးလို့ ဒီဘလော့မှာ မှတ်တမ်းတင်ပါရစေ...။ ဖတ်ပီး မရီကြနဲ့နော်...။

သမီးလေး....သမီးလေး... အိပ်ပါတော့ကွယ့်လေး....။
သမီးကလေး အိပ်တော့ကွယ်.. မေမေ.. ချော့သိပ်မယ်...။ အိပ်တော့မယ် ...အိပ်တော့မယ်.. မျက်စိကလေး မှိတ်လို့ကွယ်..။သမီးလေး...အိပ်တော့မယ်။

သမီးလေးရယ်... အိပ်တော့ကွယ်။ မေမေကြီးလဲ အိပ်ချင်တယ်..။ အိပ်ပါတော့ကွယ်...အိပ်တော့ကွယ်။
ဖေဖေကြီးလဲ အိပ်ချင်ပီ...။ အိပ်ပါတော့ကွယ်...အိပ်တော့ကွယ်...။

သမီးလေး...လည်း အိပ်တော့မယ်..။ ပူစီလေးလည်း အိပ်တော့မယ်... ညောင်....ညောင်...ညောင်.။ ပါပီလေးလည်း အိပ်တော့ မယ်... ၀ုတ်..၀ုတ်...၀ုတ်...။ ငှက်ကလေးတွေလည်း အိပ်တော့မယ်...ကျလိ..ကျလိ..ကျလိ။ နွားကြီးတွေလည်း အိပ်တော့မယ်...၀မ်း...ဘဲ....အဲ..။
ဆိတ်ကလေးတွေလည်း အိပ်တော့မယ်...ပဲ...ပဲ....အဲ...။
သမီးလေးလည်း အိပ်တော့မယ်...အားလုံးတိတ်ကြကွယ်...။ ပူစီလေးလည်း အိပ်တော့မယ်...ညောင်...အိုယဆုမိ။ ပါပီလေးလည်း အိပ်တော့မယ်... ၀ုတ်..၀ုတ်...အိုယဆုမိ။ ငှက်လေးတွေလည်း အိပ်တော့မယ်... ကျလိ ...ကျလိ... အိုယဆုမိ။

ချမ်းမြေ့..ချမ်းမြေ့ပါစေ...။ ဖေဖေ လည်း ချမ်းမြေ့ပါစေ.. မေမေလည်း ချမ်းမြေ့ပါစေ...သမီးလေးလည်း ချမ်းမြေ့ပါစေ..။ အားလုံးပဲ ချမ်းမြေ့ပါစေ..။

ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီးကို ချစ်တယ်..။ မေမေကြီး ..မေမေကြီးကို ချစ်တယ်။ ပါပီ့ကိုလည်း ချစ်ပါတယ်။ပူစီ့ကိုလည်း ချစ်ပါတယ်။ ငှက်လေးကိုလည်း ချစ်ပါတယ်။

အထက်ပါ သီချင်းတွေကို သမီးလသားအရွယ်ကနေ ၇လ အထိ ဆိုပီးသိပ်တာပါ။ သမီးလေးက အဲ့ပေါက်ကရ သီချင်းတွေနဲ့ နားဆင်ပီး မအိပ်တာလား.. အဲ ..အိပ်တာလား မသိပါဘူး။ တခါတလေ...ယောက်ကတော့ အဲ့သိချင်းဆို ဦးလေတဲ့...။ သူတခါမှ မကြားဘူးတဲ့ ပေါက်တက်ကရ သီချင်းတွေ ကို နားဆင်ချင်လိုတဲ့...ဟီးးးဟီး...။ စာဖတ်သူတွေလည်း လိုက်မဆိုကြနဲ့နော်... ဒါ နောင်ဂျိန်တို့ မူပိုင်...ဟွင်းဟွင်း...။

သမီးနာမည်လေးက မြန်မာလို အသ့ထွက်က ဂျပန်လို အသံထွက်ရင် မြန်မာနာမည် မနှင်းဆီလို့ အဓိပါယ် ရလို့ ဒီပို့စ်ကနေ မနှင်းဆီလေးလို့ ခေါ်မယ်နော်။

Friday, May 16, 2014

သမီးလေးရဲ့ တိုးတက်မှု ၆

သမီးလေး...ဒီနေ့ ၉လပြည့်ပါပီ...။

သမီးလေးစကားတွေ အရမ်းပြောတာပဲ။ မအေက ဒါဆို သူကပါ...ဘာတွေပြန်ပြောမှန်းမသိဘူး။ တနေ့တော့ သားအမိသားအဖသုံးယောက် ဖရဲသီးစားနေတာ...သူအသံမူမမှန်သလိုဖြစ်လို့ ကိုယ်က r u ok?? r u ok??လို့မေးလိုက်တာ... သူက okပါ လို့ပြန်ဖြေသလို ကြားလို့ ယောက်နဲ့ ကိုယ်နဲ့ မျက်လုံးပြူးပီး.... ကို..ဘာကြားလိုက်လဲမေးတော့..သူက အိုကေပါ လို့ပြောတာကြားသတဲ့ ကိုယ်လဲကြားတယ်ဆိုတော့ နှစ်ယောက်သား ရီလိုက်ရတာ..။

သမီးက စတော်ဘယ်ရီသီးလဲ ကြိုက်တယ်။ ကိုယ်တိုင်လက်နဲ့ကိုင်စားတာ..တထိုင်တည်း ၃လုံး။ ဒါတောင် ဆက်မပေးတော့လို့။ သမီးက အချဉ်ကြိုက်ပုံရတယ်။ ဟိုတနေ့က စားသောက်ဆိုင်မှာ သံပုရာသီးကြုံတာနဲ့ ကျွေးလိုက်တာ... လားလား...သူက ထပ်တောင် တောင်းသေးတယ်။ အမှန်က ယောက်နဲ့ကိုယ်က သမီးလေးကို သံပုရာသီး ကျွေးရင် ဗွီဒီယို ရိုက်မလို့ဟာ..သူက မျက်နှာတောင်မရှုံ။ အခု စတော်ဘယ်ရီလည်း ချိုချဉ်ကို စားတယ် ။

ဟိုနေ့က ကြက်ပေါင်းလည်း မမွှေပဲ သေးသေးလေးတွေ လုပ်ပေးတာ သူက၀ါးစားတယ်။ သူ့သွားလေး ၂ချောင်းနဲ့။ အခု ကြုံရင်ကြုံသလို ငါးပေါင်းလည်းကျွေးတယ်။ ကြိုက်မှကြိုက်ပဲ။ သူမကြိုက်တာ ရေတစ်ခုပဲ။ တိုက်ရ တော်တော်ခက်တယ်။

စကားတွေဆိုတာလည်း ဘာပြောနေမှန်းမသိဘူး။ ရီလည်းရီရတယ်။ တခါတလေ..သူ့ကိုဒါမလုပ်နဲ့ မကိုင်နဲ့ပြောရင် ကိုယ့်ကို ဘာတွေပြန်ပြောနေမှန်းမသိပါဘူး။ ကိုယ့်မျက်မှန်ကို လာလာချွတ်လို့ မချွတ်နဲ့ပြောလည်းမရဘူး။ မျက်မှန်ကိုယူပီး စကားတွေပြောတာ...ကိုယ်က မျက်နှာထားနဲ့ ပြန်တောင်းတော့ ပေးတယ်။ ယောက်ကတော့ ပြောတယ်။ စတာနေမှာတဲ့..။ 

ညညဆိုလည်း အိပ်ရင် တော်တော်နဲ့မအိပ်ဘူး။ စကားတွေပြောလိုပြော။ကိုယ်ကမီးတွေအားလုံးပိတ်လိုက်ရင် သမီးလေးက ကုတင်ခေါင်းရင်းကို သွား လိုက်ကာကိုဖွင့် ရင် ခြံထဲက အလင်းရောင်က ၀င်တာကိုး။ အစကတော့ ကိုယ်ဟန့်သေးတယ်။ နောက်ကျတော့ ထားလိုက်တယ်။ သူ့ဘာသူ ဆော့ရင်း ၁၅ မိနစ်လောက်နေတော့ ရဲဘော်လေး ကျဆုံးသွားပီး လာအိပ်တာပေါ့။

ကုတင်ခေါင်းရင်းကနေ ကုတင်နောက်ကို ပြေးသွားတာများ မြန်လိုက်တာ။ သူက ရိုးရိုးမပြေးဘူး မအေကို လှည့်ကြည့်တာ။ မအေက ကျမှာဆိုးလို့ လိုက်ဆွဲတာ ကို သူကပျော်နေတာ။ ကုတင်အောက်တော့ မဆင်းဘူး ..အစပ်မှာ မတ်တပ်ရပ်တာ။ ဟိုနေ့က ပိုသေချာသွားတယ်။ ကုတင်ဒီဘက်က တံခါးကို ပိတ်ထားတော့ သူမအေကိုကြည့်ပီးလေးဖက်ပြေးတယ် ကိုယ်တို့၂ယောက်က သူ့ကြည့်ပီးရီရတယ်။

သမီးလေးက ဇွဲတော့ကောင်းမယ်ထင်ပါရဲ့။ မတ်တပ်မရပ်ခင်တုန်းက သူမတ်ရပ်နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားတာ။ လုံးဝ လက်မလျှော့ဘူး။ အခုတော့ ကောင်းကောင်းရပ်တဲ့အပြင် ၁လှမ်း၂လှမ်း လှမ်းတတ်နေပီပေါ့...။

သမီးမကြိုက်တဲ့ အစာကလည်း ခပ်ရှားရှားပါပဲ။ ကျွေးသမျှအကုန်စားပဲ။ ခရမ်းချဉ်သီးလဲကြိုက်တယ်။ သူစားတဲ့အခါ စိတ်ကျေနပ်ရင် လက်ခုပ်ကလေးတီးသေးတာ....တခါတလေကျတော့လည်း အံကလေးကျိတ်ပီးအသံထွက်အော်သေးတာ..အသဲယားတဲ့ပုံစံနဲ့ပေါ့...။

ရေချိုးတဲ့အခါ ရေပန်းကိုသူက ကိုင်ရမှ ကျေနပ်တယ်။တခါတလေ သူ့ကို သူ့ဖေဖေနဲ့ထားပီးကိုယ်တယောက်တည်းချိုးရင် အပြင်ကနေတံခါးကို လာထုသေးတာ...။

သမီးလေးက တံခါးတွေကိုလည်း ဖွင့်ချင်သေးတာ...။ အခုဆို ရှိသမျှအခန်းတိုင်း သူဝင်တယ်ထွက်တယ်။ ကိုယ်လည်း တော်တော်ရှင်းရပါတယ်။ သေးသေးလေးတွေကို လိုက်ကိုင်ပီး ပါးစပ်ထဲထည့်လွန်းလို့။ သတိလေးတချက် လွတ်တာနဲ့ သွားပီ။ တစ်ရှူးဆိုလည်း အလိပ်လိုက်ကို ဆွဲဖြန့် ပီးဖွတာ။ တော်သေးတယ်...ပြောထားလို့ ပါးစပ်ထဲတော့မထည့်ဘူး။ ကိုယ်က သမီးပါးစပ်ထဲထည့်ရင် ပြန်သိမ်းမယ်လို့ ပြောပီး တကယ်ပြန်သိမ်းလိုက်တာကိုး...မစားရင်တော့ ခနလောက်ဆော့ချိန်ပေးလိုက်တယ်။ အကျီဆိုလည်း ခေါက်ထားသမျှ သူကဖွပဲ။ အံဆွဲတွေဖွင့် သတိတချက်လွှတ်တာနဲ့ ပွပီးသားပဲ...။ သူကလည်း ရီရတယ်။ သူအဲလိုလုပ်ရင် ကိုယ်မကြိုက်ဘူးဆိုတာသိနေတော့ ကိုယ့်မျက်နှာကိုကြည့်ပီး မှ မဟုတ်တာအကုန်လုပ်တာဆိုတော့ တခုတော့ အဆင်ပြေတယ်။ အသိဦးတယ်ပေါ့..။

ဟိုးတနေ့ကတော့ တခါ မုန့်ထုပ်ကပလပ်စတစ်အစကို ပါးစပ်ထဲထည့်ပီးဝါးတာ..။ ကိုယ်က ဘာမှန်းမသိဘူး။ တခုခုတော့ ပါးစပ်ထဲမှာပဲဆိုပီး အမျိုးစုံထုတ်တာ။ မရဘူး။ ပါးစပ်ကို ဘယ်လိုမှ မဖွင့်ပေးဘူး။ ကိုယ့်မှာဘာလုပ်ရမှန်းကိုမသိဘူး။ ထောင်ပဲထားရတယ်။ နောက်မှ သူတချက် ပါးစပ်အဟမှာ အတင်းလက်နှိုက်လိုက်မှ ပလပ်စတစ်ဖြစ်နေတာ...။

ကြော်ငြာဆိုလည်း ဘာကြိုက်သလဲမမေးနဲ့..။ သူ ၃လ ၄လထဲက အတော်ကြိုက်တာ.။ ကြော်ငြာလာချိန်များ ဆို ကိုယ့်နောက်မလိုက်ဘူးနော်..လိုက်ဖို့တန်းလန်းနဲ့ကို..။ မီးဖိုထဲရောက်နေရင် ကြော်ငြာသံကြားရင် ပြေးကြည့်သေးတာ..။ အိပ်ချင်နေရင်တောင် မျက်လုံးစဉ်းပီး ခေါင်းထောင်ထသေးတာ...။ နောက်တခုသူကြိုက်တာ..သီချင်းနဲ့ကနေတာမြင်ရင်...။

သမီးလေးနဲ့ကိုယ် တအိမ်လုံးကိုပတ်ပီးတူတူပုန်းလို့ရပီ။ သူလိုက်ရှာတတ်တယ်။ လူလည်လေး...အသံကြားရင် ကြားတဲ့နေရာကိုလာတာ။  တခါဆို တခါ မှတ်ထားတတ်သေးတယ်။ သူ့ကို ပေးမ၀င်တာ...အ၀တ်လျှော်စက်ထားတဲ့အခန်း။ အဲဒီတော့ တံခါးလေးဖွင့်ထားတာ မြင်တာနဲ့ အလစ်ပဲချောင်းနေတာ..၀င်ဖို့..တခါတလေ တံခါးလေး လက်တထောက်စာဟထားမိရင် သူ့လက်နဲ့သွားဆွဲဖွင့်ပီး ၀င်သေးတာ..။

အခုလိုရေးနိုင်ဖို့ သူအိပ်နေတာ ကျေးဇူးတင်ရတယ်။ ဘာလို့ဆို အကုန်လျှောက်ရိုက်နေလို့...ပေါ့။ အခုတော့ ကိုယ့်မှာ သူ့ပဲကျေးဇူးတင်နေရတယ်။ သူအဆင်ပြေမှ ကိုယ်လုပ်နိုင်တာကိုး...။

မီးဖိုထဲမှာ ချက်ရင်လည်း သူပါချင်တယ်။.....ရေးမယ်ဆို ကုန်နိုင်ဘူး။
သမီးလေးကို မေမေ သိပ်ချစ်တာပဲ....။ မေမေ့ဘ၀တွေ ခနရပ်ထားရပေမဲ့..သမီးနဲ့ တောက်လျှောက် သမီးဘေးမှာ ဖေးမနေရတဲ့အတွက်ပျော်ပါတယ်။ ဖေဖေ့ကိုလည်း ကျေးဇူးတင်ရမယ်နော်...သမီးလေးရေ..။

Thursday, May 8, 2014

သမီးလေးရဲ့တိုးတက်မှု ၅

အချိန်တွေ တကယ်ကုန်မြန်လှပါတယ်.... ဘာလိုလိုနဲ့ သမီးလေးတောင် ၈လကျော်လို့ ၉လထဲရောက်နေပါပီ။ သိပ်မကြာခင် ၉လပြည့်တော့မှာပါ။

သမီးလေး.. ၂လခွဲမှာ ခေါင်းစခိုင်ပီး ၃ လမှာ မှောက်တတ်ပါတယ်။ ဒါပေမဲ့ မှောက်တာ တတ်တော့ မမှောက်ချင်ပါဘူး။ ၄လမှာ ထိုင်နိုင်နေပါပီ။ ၅လမှာတော့ walker ထဲဝင်ထိုင်နေတတ်ပီး ၆လမှာတော့ တဂျောင်းဂျောင်းပြေးပေါ့...။ ၇ လသမီးမှာတော့ သမီးလေးက လေးဘက်သွားပါပီ။ ၈လမှာတော့ မတ်တပ်တော်တော်ရပ်နိုင်ပီး လေးဘက် ကို ၆လက်မအမြင့်ကို အတက်အဆင်း သူ့ဟာသူ လုပ်နိုင်ပါပီ။အဲလို လုပ်တတ်ဖို့ မေမေက ရှေ့ကနေ သမီး ဒီနေရာရောက်ရင် ဒီအဆင့်ကို လက်ကလေးကို ဒီလိုချ ဟိုလက်ကို ဒီလိုချ ချပီးမှ ဒီခြေထောက် ပီးမှ နောက်ခြေထောက်ချဆိုပီး သင်ပေးခဲ့တာပါ။ သိပ်မကြာပါဘူး။ သမီးအဆင်ပြေသွားပါတယ်။ မေမေ ဆိုတဲ့ စကားလုံးကိုလည်း ပီပြင်အောင် ခေါ်နိုင်နေပါပီ။
အခုလည်း လမ်းကို သူ့မသိစိတ်ကနေ တလှမ်း ၂လှမ်းစ လှမ်းနေပါပီ...။ သိပ်မကြာခင် လှမ်းနိုင်တော့မယ် ထင်ပါတယ်။သူ့ရဲ့ တိုးတက်မှုတိုင်း လက်ဝါးတီးပေးတဲ့အခါ တခစ်ခစ်ရယ်ရင်း ကျေနပ်ပီး ပိုပို လုပ်ချင်တယ်။
သူ ပျော်ပီး အော်လိုက်ရင်လည်း နားမခံသာပါဘူး။

အခု စာအုပ်ဖတ်ပြချိန်ဆို သူက စိတ်လှုပ်ရှားပီး မတ်တပ်ရပ် ပီး လက်လှုပ်ကာ အော်ပါတယ်။ သိပ်ချစ်ဖို့ ကောင်းပါတယ်။ ကိုယ့်အသံနဲ့ လက်နဲ့သရုပ်ပြပီး ပြောပီဆို... သူ့ရဲ့ ပျော်ရွှင်တဲ့ အော်သံ က အတောမသတ်တော့ပါဘူး။ အခုဆို ..ဘာဘဘဘ..ဘာဘာ.. ဂျာဂျာ..ဂျဂျ.. ဘာတွေမှန်းမသိပါဘူး အော်နေတတ်တာ။ မတ်တပ်ရပ်ပီး တဖန်းဖန်းရိုက်ပီး အသံထွက် အော်နေတာ  လဲ တခါတလေ အတောမသတ် နိုင်ဘူး။

မှန်ရှေ့သွား မှန်ကိုကိုင်ပီး မတ်တပ်ရပ် လိုရပ်။ ထောင်ထားတဲ့ စားပွဲခုံကို သွားကိုင်ပီး လှဲလိုလှဲ။ မအေက သူ့အပေါ်ပြုတ်ကျမှာစိုးလို့...ပြန်ဆွဲ...အို ပတ်လည်ကိုရိုက် နေတာပဲ။ ဂျောင်တွေလဲ ဘာကြိုက်သလဲ မမေးနဲ့။
ဒီက အ၀တ်တွေ စောင်တွေလှောင်တဲ့ ဗီဒိုတွေဆို သူဝင်ဆော့လိုက်ရမှ။ အံဆွဲဆိုလည်း ဖွင့်တတ်နေပီ။ အံဆွဲမှ ၃ဆင့်မြောက်အထိဖွင့်နေပီ။ ၄ဆင့်မြောက်ကိုတောင် ခြေဖျားထောက်ပီး ဖွင့်ချင်နေလို့ မနဲ ထိန်းနေရပီ။ အံဆွဲဖွင့်ပီး ရှိသမျှ အ၀တ်တွေ ဖြန့်ကျဲ။ ရှင်းပေတော့...ပဲ။ စင်အောက်တွေဆို အထဲထိဝင်ပီး မွှေတတ်နေပီ။ စာအုပ်စင်က စာအုပ်တွေဆိုလည်း ခနခနဆွဲပဲ..။ရီစရာကောင်းတာက မအေက မကြိုက်မှန်းသိတော့ မအေကို သူဖွင့်ပီဆို လှမ်းကြည့်ပီး ရီပြတတ်တာပါပဲ။ ရီပီး မအေက လာပီဆို သူက ခြေလက်တွေ လှုပ်ရှားပီး အတင်းလုတာပေါ့..။
 သူမမှီဘူးထင်တဲ့ နေရာဆိုလည်း ခြေဖျားထောက်ပီး လှမ်းဆွဲလို့ ပစ္စည်းတွေ ပြုတ်ကျတာလဲ အခါခါ။ တံခါးဆိုလည်း ဖွင့်ချင်နေပီ။ အကျီင်္တွေဆိုလည်း ကိုယ်ကခေါက် သူကဖွနဲ့..တနေ့တနေ့ ကိုယ်နဲ့သူနဲ့ လုံးလည်ချာလည်လိုက်လို့ပေါ့..။

အမယ်..သမီးက တခါတလေ.. အသံထွက်အောင် မှုတ်လို့ရတဲ့ သူ့ကစားစရာကို မှုတ်လို့ အသံထွက်နေပီ။ ကြော်ငြာကတော့ ဘာကြိုက်သလဲ မမေးနဲ့။ ကြော်ငြာလာချိန်ဆို ခေါ်လို့လဲမရ အော်လို့လဲမရ ကာလို့လဲမရ။ ဒီကကာရင် ဟိုကကြည့် အောက်ကကာရင် အပေါ်ကကြည့် ။

သမီးက သူ့ရဲ့ အင်္ဂလိပ်ကလေး ကဗျာတွေဖွင့်ရင် ပျော်ပီး ကြည့်တတ်နေသလို ပါးစပ်ကလည်း လိုက်ဆိုသလို လုပ်တတ်နေပီ။ ဂျပန်ကဗျာလဲ ဖွင့်တတ်နားထောင်တတ်ဆော့တတ်နေပီ။ ကိုယ့် အိုင်ပတ်ဆို သမီး တဖတ်ဖတ်လုပ်တာ..တခါတလေဆို ဗိုင်ဗာဖုန်းတွေ နှိပ်မိလို့ ကိုယ့်မှာ ဆောရီးအခါခါ ပြောရတာလဲ အခါခါရှိပီ။

သမီးက အစားလည်း အရမ်းစားပါတယ်။ ဘာကျွေးကျွေးစားပါတယ်။ မုန့်တွေဆို သူ့လက်နဲ့ သူကိုင်ပီးစားရတာကို ပိုသဘောကျပါတယ်။ သမီးလေး ၆လခွဲလောက်မှာ သွားလေး စထွက်ပါတယ်။ အခုဆို သူ့သွားလေး တော်တော်ပေါ်လာပါပီ။ သူ့သွားလေးနဲ့ သူ့မုန့်လေးကို ဂျွတ်ဆိုပီး ၀ါးစားတာ အရမ်းချစ်ဖို့ ကောင်းပါတယ်။ အခုမတ်တပ်ရပ်တတ်ချိန်ကစပီး တမင်းကျွေးရင် ရပ်ပီး စားတယ်။ ရပ်ယုံတင်မဟုတ်ဘူး။ ထမင်းပန်းကန်တင်တဲ့ အပေါ်ကို မတ်တပ်ရပ်တယ်။ ဟိုတလောက အောက်ကို ဇောက်ထိုးကျလို့ လှမ်းဖမ်းရသေးတယ်။ တခါတည်း တွေ့လား မေမေပြောတာ မလုပ်နဲ့ဆို ကျပီ..မေမေမဖမ်းမိရင် ဘယ်လိုလုပ်မလဲ..ကဲ..လို့။ နောက်ကျတော့ ရပ်ပေမဲ့ အဲ့အပေါ် သိပ်မတက်တော့ဘူး။

တခါလည်း microwave က ထုတ်လာတဲ့ သူ့အစာကို အတင်းယူတယ်.. ပူပူ လို့ပြောတာ နားမထောင်ပဲ လှမ်းဆွဲတာ.. ခြေထောက်ပေါ်ဖိတ်သွားတယ်။ ကိုယ်လည်း ချက်ချင်း ရေဘုံဘိုင်ဖွင့်ပီးရေစိမ်လိုက်တယ်။ ပီးတော့ သနပ်ခါးလိမ်းပေးလိုက်တယ်။ တော်သေးတယ်။ သိပ်မများတော့ ဘာမှမဖြစ်ဘူး။ သူလဲ မှတ်သွားတယ်။ ပူပူဆို မကိုင်တော့ဘူး။

ဟိုးနေ့ကတော့ တစ်ရှူးတွေ ပါးစပ်ထဲ ထပ်ထည့်လို့ သူ့ကို ပြောလိုက်တယ်။ နောက်တခါ တစ်ရှူးစားရင် မေမေ မန်မန်လဲ ကျွေးဘူး ချို ချိုလဲ တိုက်ဖူး မုန့်မုန့်လည်းကျွေးဖူး သမီးမှတ်ထားနော်။သမီးက တစ်ရှူးစားချင်တာ တစ်ရှူးပဲ ကျွေးမယ်..ဟုတ်လား promise နော်သမီးဆိုပီး ပြောထားတာ အဲ့ဒီနေ့ကပဲ သမီးက တစ်ရှူးကြိုက်တာ တစ်ရှူးစားနော်.. မေမေ ဘာမှမကျွေးဘူးပြောတော့ သူ မှတ်ထားတယ် အတင်းပဲ တစ်ရှူးပေးလဲ မယူပဲ ချိုချိုလာစို့တယ်။ ဒီနေ့ သူတစ်ရှူးကိုင်တာနဲ့ ကိုယ်က သမီးနဲ့ မေမေ promise လုပ်ထားတယ်နော်..လို့ ပြောပီး မေမေ ဘာမှ ကျွေးတော့ဘူးနော်ပြောတာ .. တစ်ရှူးကို ချပီး တခြားကစားစရာကိုင်တယ်။

ဒီလိုပါပဲ တနေ့မှာ သမီးလေးကုတင်ပေါ်က ပြုတ်ကျပီထင်ခဲ့တာ.. သမီးက မေမေပြောတာကို သေချာ မှတ်ထားတယ်။ ကုတင်အစပ်ကနေ မီးဖိုခန်းက မအေကို ငိုပီး အော်ခေါ်နေတာ... ။ သမီးလေးကို ကုတင်အစပ်ကနေ သမီး မေမေ မရှိတဲ့အခါ ဒီအထိပဲလာနော် ရှေ့တိုးရင် သမီးပြုတ်ကျမှာ ပြုတ်ကျရင် နာနာ ဖြစ်မှာ နာနာဖြစ်ရင် ဆရာဝန်ကြီးက ဆေးထိုးမှာနော်လို့ ပြောထားတာ... တကယ်နားထောင်တာလား ဘာလားတော့မသိဘူး။ လူကြိးမရှိရင်  အဲဒီအနားမသွားဘူး။

တခါကလဲ တမင်းစားတုန်း လက်ကိုပုတ်လိုက်တာ... ထမင်းတွေအကုန်နီးပါးဖိတ်ကုန်ရော... ဒါနဲ့ သမီးကို မေမေ ပြောတယ်..မလုပ်နဲ့ဆိုတာ လုပ်တတယ်..ဖိတ်ကုန်ပီ။ အိုကေ..သမီးက ဒီလိုလုပ်ချင်တယ်မို့လား... ကိုင်..ရော့.သမီးကြိုက်သလာက်ကိုင်ဆိုပီး သူ့ကို ကျန်နေတဲ့ ပန်းကန်က ထမင်းတွေ ဆက်ကိုင်ခိုင်းလိုက်တယ်။ သူကလဲ ကိုင်တယ်။အပီ။ သူကိုင်နေချိန်မှာ ကိုယ်က အောက်က ပေနေတာတွေ သုတ်သင်ပေါ့။ ကိုယ်ရှင်းလို့လဲ ပီးရော.. သမီး...သမီးက အဲလို ကိုင်ရတာ ကြိုက်လား... ကြိုက်တယ်ပေါ့..ဟုတ်လား..။ မေမေက ညစ်ပတ်ရင် မချီဘူးနော်..။ သမီး မေမေ့နားလာမကပ်နဲ့လဲ ပြောလိုက်ရော သမီးက အဲ့ကျမှ ငိုတာ..သူငိုပေမဲ့ ကိုယ်မကိုင်ဘူး။ သူ့ကိုပဲ သန့်ရှင်းရေးလုပ်ပေးတယ်။ သူက ကိုယ့်ကိုချီခိုင်းပေမဲ့ ကိုယ်က တော့..သမီးတကိုယ်လုံး ညစ်ပတ်နေတာ မေမေ မချီနိုင်ဘူး။ မေမေက ညစ်ပတ်ရင်မချီဘူးဆိုပီး တကယ့်ကိုမချီဘူး။ သြော်.. ဘာပြောကောင်းမလဲ ပထတော့ ဒေါသထွက်တာပေါ့။ ဒါမဲ့ သမီးကို ကိုယ်ဒေါသထွက်ကြောင်း ဘယ်တုန်းကမှ မပြခဲ့ဘူး။ ဒေါသကို သိမ်းပီး အဲလို လုပ်ပေးလိုက်တဲ့အခါ သူ့အသိထဲမှာ ဒါ သူ့မေမေမကြိုက်ဘူး ဆိုတာ သိသွားတာပေါ့...။ မှတ်သွားတယ်..နောက်အဲလို ဖိတ်အောင်မလုပ်တော့ဘူး။

သမီးက အခုဆို walker ထဲ မနေချင်ဘူး။ မအေရေချိုးရင် ပါချင်တယ်။ တခါတလေ သူ့ကို အတင်းထားရတယ်။ တခါတခါ သူက မ၀င်ချင်တော့ ခြေကို ကုပ်ထားတာရယ်။ အဲလိုထားတဲ့အခါ ကျရငိ သိပ်ရီရတာပဲ။ သူပါ ရေချိုးချင်တော့ သူ့အကျီကို သူ့ဘာသာသူ ချွတ်တယ်ပေါ့..။ တခါတလေ အကျီလက်တဖက်ကျွတ်လို့ တခါတလေတော့ ကြယ်သီး ၁လုံး၁လေ ကျွတ်တယ်ပေါ့...။ သူရေချိုးတဲ့ သူ့ဇလုံနဲ့ ရေမချိုးတာ ၅လခွဲ လောက်ထဲကပဲ။ ရေချိုးလဲ မငြိမ်တော့ သိပ်သတိထားရတာပဲ။ တူတူရေချိုးတိုင်း မအေ ဆီက ချိုချိုကိုပဲ လိုက်ဆွဲနေတာ..များ ရေချိုးနေရင်းနဲ့ကို စို့ချင်တာ။

ခုဆို သမီးက တူဆိုရင် လိုက်ရှာတတ်နေပီ။ မျက်လုံးကွယ်ထားရင် ကွယ်ထားတာကို လိုက်ဖယ်တတ်နေပီ။ သူ့ဖေဖေ ရုံးကပြန်လာရင် ခြေလက်ဆေးတဲ့အခါ အနောက်က တကောက်ကောက် လိုက်တတ်နေပီ။ သူ့အဖေ အလုပ်သွားခါနီး ဆို တခါတလေ အတင်းကုန်းရုန်းထပီး လိုက်နုတ်ဆက်တတ်သေးတာ။

သမီးလေး...အကြောင်းတွေ... ရေးနေရင်း မအေ အလစ်ချောင်းပီး ရေချိုးခန်းထဲ ၀င်ချင်လို့ ချောင်းနေလေရဲ့...ဒီနေ့တော့... ဒီလောက်နဲ့ နားလိုက်ပါဦးမည်။

Friday, April 4, 2014

သမီးလေးရဲ့ တိုးတက်မှု ၎

သမီးလေး....အခု ၇လ ခွဲ။
သူ ၅လမှာ ဘေဘီဝေါ့လ်ကာထဲချလို့ရပေမဲ့ သိပ်မကြိုက်ဘူး။ ဟော.. ၆လတင်းတင်းလဲပြည့်ရော..ဆရာမက ဝေါ့လ်ကာထဲကနေ လျှောက်တာမှ ဂျောင်းဂျောင်းနဲ့ပဲ။ အစာလဲစကျွေးပီဆိုတော့ လူကလည်းထွားလာပီ။ တဖြည်းဖြည်းနဲ့ ထိုင်တာပါ စိတ်ချလာရပီ။ ၇လပြည့်တဲ့နေ့မှာပဲ လေးဘက်ထောက်ချင်စပြုလာပီ။ ထိုင်ရက်ကနေ သူလိုချင်တဲ့ ပစ္စည်း အမှန်က သူနဲ့လက်လှမ်းမမှီတဲ့နေရာက ပစ္စည်းကို လှမ်းယူနိုင်နေပီ။ ထိုင်တယ်...ဆွဲတယ် မရရင် လက်ထောက်တယ် ဖင်ကုန်းတယ် သွားမရတော့ မှောက်ရက်ဖြစ်တယ်။ ခါတိုင်းမှောက်တာမကြိုက်တဲ့ သမီးက သူ့ဟာသူမှောက်ဖြစ်သွားတာကို မအော်ဘူး ။ မှောက်ရာက ပြန်ထတယ် ထိုင်တယ် တခါတလေ လဲတယ်။ လဲတာ ပက်လက်လှန်သွားလို့ မထနိုင်ဖြစ်မှ ကိုယ်ကထူပေးတယ်။ ဒါတောင် နာစရာမရှိရင် ကိုယ်က ရင်ထဲက စိုးရိမ်တာကို ဟန်လုပ်ပီး ပြုံးပြုံးလေးကြည့်လိုက်တယ်။ သမီး..မနာဘူးနော်...မငိုနဲ့..သမီးဖာသာ ဖြစ်တာနော်လို့ပြောရင်း ထူပေးတယ်။ တခါတလေ ကစားစရာနဲ့ ထိရိုက်မိသွားရင် နာတဲ့အခါတွေလဲရှိတာပေါ့..။ နာတယ်ဆိုရင် ကိုယ်က သမီး..မငိုနဲ့နော်..မေမေ ဥုံဖွလေး လုပ်ပေးမယ်ဆိုပီး လုပ်ပေးလိုက်တယ်။ ကံကောင်းစွာပဲ သမီးက ငိုကြောသိပ်မရှည်တတ်ဘူး။

သမီးလေးက ရှေ့တိုးတာ နောက်ပဲရောက်ရောက်သွားတယ်။ သမီးက မှောက်ရက်ကနေ တွားသွားတာလည်း မလုပ်တတ်ဘူး။ မှောက်ရာကနေ လှိမ့်ထွက်တာလဲ မလုပ်ခဲ့ဘူး။  သမီးက အခု ကိုင်ပီး သူ့ဟာသူ မတ်တပ်တော်တော်ရပ်နိုင်နေပီ။ အရင် ၄လသမီးလောက်ထဲက မအေ အကူအညီနဲ့ ရပ်ပီး ခုန်ဆွခုန်ဆွ နဲ့ သူသွားချင်တဲ့နေရာကို သွားတတ်တဲ့ သမီးလေးဟာ ဒီပုံအတိုင်းဆို သိပ်မကြာခင် လမ်းလျှောက်တတ်မယ်ထင်ပါတယ်။ ကိုယ်ကတော့ တိတ်တိတ်လေးဆုတောင်းနေမိတာက ကိုယ်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်မှာ သမီးလေး လမ်းလျှောက်နိုင်ပါစေလို့.... အိုး..တွေးရင်းနဲ့တောင် ရင်ခုန်ပျော်မြူးမိနေသေးပါရဲ့...။ သမီးလေး မတ်တပ်ထပီး လမ်းလျှောက်ချင်တဲ့အခါ ကိုယ်က သမီးလေးကို သမီးရေ... ဒီဘက်ခြေလေးကိုလှမ်းပီးရင် ဟိုဖက်ခြေလှမ်းဆိုပီး သမီးကို သင်ပေးတဲ့အခါ တခါတလေ သမီးလမ်းလျှောက်ဖြစ်တိုင်း အဲဒီလိုလေး လှမ်းလေရဲ့...။

ဒီလိုပဲ လေးဘက်ထောက်စပြုနေတဲ့သမီးလေးကို ကိုယ်က သမီးလေး.. ဒီမှာကြည့် တွေ့လား.. ဒီလိုလေးဘက်ထောက်ပီး ဒီလက် ကလေးရှေ့တိုး ဒီခြေထောက်ကလေးတိုး ပီးရင် ဒီဖက်လက်ကိုတိုး ဒီခြေထောက်ကို တိုး..ဒါဆိုသမီးလုပ်တတ်ပီလို့ပြောပီး..သင်ပေးပါတယ်။ ဒီလိုနဲ့ သမီးလေး... သိပ်မသွက်သေးပေမဲ့ မနေ့က စပီး ခပ်ဝေးဝေးထိ သူ့ကိုယ်ကိုထိန်းပီး သွားတတ်ပါတယ်။ သမီး ၇လနဲ့ ၈ ရက်မြောက်နေ့မှာ လေးဘက်ထောက်နိုင်ပီ။ သမီးလေးက ချော်လဲမှာဆိုးလို့ သူ့ကိုယ်သူထိန်းပီး သွားတာကလည်း ပြုံးချင်စရာလေးပါ။

သွားလည်းမပေါက်သေးဘူးဆိုပီး..စိုးရိမ်နေတာ... အခုတော့ သမီးသွားလေးတွေ ထွက်စပြုနေပီ။

သူရဲ့အောင်မြင်မှုတိုင်းမှာ ဘေးကနေ လက်ခုပ်တီးပီး အားပေးတဲ့အခါ။ သိပ်တော်တာပဲလို့ပြောပေးတဲ့အခါ ၊ သိပ်လိမ္မာတာပဲလို့ပြောတဲ့အခါတွေမှာ သမီးလေးဟာ သိပ်ကိုကျေနပ်ပျော်ရွှင်နေတတ်တာ မေမေ သတိထားမိလေရဲ့။


အခုဆို ရာသီဥတုက လည်းသာယာလာပီဆိုတော့ ဈေးဝယ်ထွက်ရတာ သိပ်အဆင်ပြေလာပီပေါ့။ သမီးလေးက များသောအားဖြင့် ပြုံးရယ်နေတာများပါတယ်။ ကိုယ်ကလည်း ငပြောင်ဆိုတော့ သမီးအတွက် အမြဲလို ခိုးခိုးခစ်ခစ် ရီစရာတွေ ဖြစ်နေသလား မသိပါဘူး။ သမီး အဲလို အသံထွက်ပီး ရယ်တဲ့အခါပဲဖြစ်ဖြစ် အသံမထွက်ပဲရယ်တဲ့ အခါပဲဖြစ်ဖြစ် မေမေကတော့ အမောပြေတာ အမှန်ပဲ သမီးလေးရေ..။ ဖေဖေကလဲ အမောပြေသတဲ့။

သမီးလေးက လေးဘက်ထောက်ပီး သူသွားချင်ရာသွားတာ မေမေ သိပ်မပင်ပန်းပေမဲ့ ဟိုဟာဆွဲပီးရပ် ဒီဟာဆွဲပီးရပ်တာ ပြုတ်ကျမှာစိုးရိမ်လို့ မေမေတော့သိပ်ပင်ပန်းတယ်။ အခုဆိုသမီးက လေးဘက်ထောက်တာထက်ကို ထတာပိုအားသန်တယ်။ ထတယ် ထပီးလက်၂ဖက်လွှတ်ပီးထိန်းကြည့်တယ်။ လဲတယ်။ အဲဒါကိုပဲ သူ့မှာ မမောနိုင်မပန်းနိုင် ထပ်ခါထပ်ခါလုပ်တယ်။ အရှုံးမပေးဘူး။ မေမေ့ကိုလဲ အကူအညီမတောင်းဘူး။ မေမေက ခုထဲက သမီးကို
ကိုယ့်အားကိုယ်ကိုးဖို့ သင်ပေးနေတာ သမီးရေ..။ ဒါကြောင့် သမီးလေးက တော်ရုံတန်ရုံ နာတာလောက်ကို မငိုတတ်တော့ဘူး။ သူထိသွားရင် မအေကို လှမ်းကြည့်တယ်။ မအေက စိုးရိမ်စိတ်ကို ဖုံးပီးဖာသိဖာသာနေတော့ သူက ပြုံးတောင်ပြလိုက်သေးတယ်။

သူတခုခု အမှားလုပ်လိုက်ပီဆို မျက်လုံးလှန်ကြည့်တာကလဲ လူကြီးလေးအတိုင်းပဲ.။ သမီးလေးရေ... သိပ်ချစ်တယ်...မေမေ နမ်းမ၀ဘူး။ ဖေဖေကလည်း ချစ်မ၀ဘူး။

သမီးလေးနဲ့ အပြင်သွားရင် သမီးလေးအိပ်နေတဲ့အခါ ရှည်ပီးကော့စင်းနေတဲ့ မျက်တောင်လေးတွေရယ် သေးသွယ်ပီး ခုံးခုံးတန်းတန်းလေးဖြစ်နေတဲ့ မျက်ခုံးကလေးတွေရယ်ကြောင့် တွေ့တဲ့သူတိုင်းက..ဟယ် အရုပ်ကလေးအတိုင်းပဲ လို့ပြောကြရင် မေမေ့မှာကျေနပ်လိုပေါ့ သမီးရယ်။ တခါတလေ သမီးနိုးတဲ့အခါကျတော့ သမီးလေးရဲ့ လှပတဲ့ မျက်လုံးဝိုင်းလေးရယ်ကြောင့် သမီးကို စကားလာပြောကြပြန်ရော.. အဲ့အခါကျတော့ တခါတလေ သမီးက ပြန်ရယ်ပြတော့...အို..ချစ်စရာကောင်းလိုက်တာ ချစ်စရာလေးဆိုပီး ပြောကြပြန်ရော... သီးလေးက သူတို့တွေကို ဟိုဟာလှမ်းဆွဲ ဒီဟာလှမ်းဆွဲပြန်တော့ သမီးလေးရဲ့ လက်ချောင်းရှည်ရှည်လေးတွေ မြင်ပြန်တော့ အံ့သြကြပြန်ရော.. သမီးလေးရေ..သမီးလေးက မေမေနဲ့ဖေဖေရဲ့ အလှတွေအကောင်းတွေ အကုန်ရထားတော့ သမီးလေးက ချောချောလေးဖြစ်နေတာပေါ့..။ ဖေဖေကတော့ မေမေ့ကိုပြောတယ်.. ဆုတောင်းပြည့်သတဲ့..။ ဒါပေမဲ့ သမီးရဲ့နုတ်ခမ်းကို စူစူထားတာ..မေမေ့အကျင့်ကိုယူထားတာတော့ မေမေက သိပ်မကြိုက်ချင်ဘူး...အချစ်ကလေးရေ..

Monday, February 3, 2014

သမီးလေးရဲ့ တိုးတက်မှု ၃

သမီးလေးတောင် ဘာလိုလိုနဲ့ ၅လပြည့်ပီး သိပ်မကြာခင် ၆လပြည့်ပါတော့မယ်။
သမီးလေးက မျောက်ရှုံးအောင်ဆော့တယ်ဆိုရင် ယုံကြမလားပဲ...
သမီးလေး ၂လခွဲထဲက ခေါင်းထောင်ပီး ၃လနဲ့မှောက် ၄လနဲ့ထိုင်ထ ကို မအေကထိန်းပေးရပါတယ်။ သမီး ၅လပြည့်ပီးချိန်မှာ ဘေဘီဝေါ့ကာထဲမှာ ပျော်နေပါပီ။ ၄လပြည့်ပီးစလောက်မှာ မအေက သူ့ဂျိုင်းအောက်ကနေကိုင်ပီး မတ်တပ်ရပ်ဆော့တာကို ကူနေတာ..သူက မအေကို တရုပ်သူရဲများလို ခြေ၂ချောင်းခုန်ဆွခုန်ဆွလုပ်ပီး ခေါ်သွားတာ..ဘယ်နေရာလဲဆိုတော့ အရုပ်တွေထည့်ထားတဲ့ဗုံးဆီရယ်ပါ။ အံ့လဲအံ့သြ...ပါရဲ့။ ငယ်၂နဲ့လမ်းလျှောက်ချင် မတ်တပ်ရပ်ချင်တော့ ပုံမမြင်ရတဲ့သူတွေက မယုံကြ။ တနေ့တော့ ပုံရိုက်ပီး တင်လိုက်တော့မှ တကယ်ပါလားဆိုတာ သိကြတဲ့အဖြစ်။ သမီးလေး..သိပ်ဆော့ပါတယ်။ စကားတွေလဲ ပြောပါတယ်။ အသံတွေလည်းထွက်ပါတယ်။ မအေ သီချင်းဆိုလည်း သဘောကျပါတယ်။ သူ့ကို အသံစုံ လုပ်ပြရင် သဘောတကျနဲ့ရီလေ့ရှိပါတယ်။
၃လသမီးလောက်တည်းက မအေက သူ့ပါးကိုနမ်းရင် သဘောတကျ ပြုံးတတ်တဲ့သမီးဟာ ၄လပြည့်ပီးနောက်ပိုင်းမှာ မအေ နမ်းတာနဲ့ အသံထွက်ရီတတ်လာပါတယ်။

၃လခွဲလောက်မှာ လူတတ်ကြီးလုပ်ပီး နို့ဗူးကိုလက်၂ဖက်နဲ့ကိုင်ပီးသောက်ပါတယ်။ ရီလည်းရီရတယ်။ သေချာမကိုင်တတ်တော့ ပါးစပ်ကနေချော်ထွက်တာပေါ့။ ပြင်ပေးလည်းမကြိုက်ချင်ဘူး။
မအေ ကိုင်တဲ့ဟာ မှန်သမျှ အကုန်စိတ်ဝင်စားပါတယ်။ မအေ ဘာလုပ်လုပ် အကုန်ပါချင်ပါတယ်။ အခုများဆို မအေကို အပျောက်ကိုမခံပါဘူး။ အချွဲပိုလာပါတယ်။ မငိုပဲ အော်တတ်လာတယ်။ မအေက မကြည့်ရင် အော်တာတိတ်ပီးကြည့်ရင် ဆက်အော်ပါတယ်။  လိုချင်တာ လုပ်ချင်တာဆိုလည်း အင့်အင့်နဲ့ တောင်းဆိုတတ်လာပါတယ်။ မအေခမျာ..အခုတော့ အိမ်သာသွားလည်းမဖြောင့် ရေချိုးလည်းမဖြောင့်ပါဘူး။ ခုတော့..အိမ်သာသွားလည်းတူတူပေါ့။

အခုဆို သမီးကိုရေချိုးရင် မအေပါစိုလို့ သားအမိတွေ heater ဖွင့်ပီးတူတူချိုးရပါတယ်။ သမီးက ရေကိုတအားဆော့တတ်နေပီ။ ထိုင်လို့လည်းရတော့ လက်တွေနဲ့တအားဆော့ ခြေတွေနဲ့ကန်ပေါ့။ မအေဟင်းချက်လည်းပါချင်ပါတယ်။ ဟိုဟာကိုင်ဒီဟာကိုင်လုပ်ချင်တာ။ မအေခမျာ ဘာလုပ်လုပ် မလွပ်လပ်ကြီးနဲ့ပေါ့။
သမီးလေးက မအေလက်ထဲကနေ သူသွားချင်တဲ့နေရာကို သွားပီး မျက်စိရှေ့ရှိသမျှဟာတွေ ဆွဲချပါတယ်။ ကြွတ်ကြွတ်အိတ်က အသံထွက်တာတွေ သဘောကျတော့ အဲ့ဒါကိုလည်းဆော့ပါတယ်။ ဘောလုံးအရောင်စုံဆိုလည်းအလွတ်မပေးပါဘူး။ ရေသန့်ဘူးဆိုလည်း
 ဆော့ရတာကြိုက်လေရဲ့။ သူ့ကစားစရာ အရုပ်တွေဆိုလည်း မလွတ်ရဘူး။ သီချင်းဆိုလည်းကြိုက် တီဗွီဆိုလည်း မလွတ်တမ်းကြည့်လို့ နောက်ဆုံးမေမေက မကြည့်ပဲ ပိတ်ပစ်ရတဲ့အထိပါပဲ.။ တီဗွီက လာတဲ့ ကြော်ငြာဆိုလည်းကြိုက်လို့..ကိုယ့်မှာ ကျိတ်ရီရသေးတယ်။ အသံထွက်တဲ့ဟာ လက်နဲ့နှိပ်တာကို ဆရာမက ခြေထောက်နဲ့ကန်လိုကန်ရဲ့ တခါတလေကျတော့လည်း မအေကို ကိုင်ခိုင်ပီးသူက အပေါ်က ခုန်လေရဲ့။ သူထိုင်ပီး တခါတခါအိပ်လေ့ရှိတဲ့ ပုခက်ထဲကနေလည်း ကုန်းကုန်းထတဲ့အပြင် အောက်ကပစ္စည်းတွေကို ကုန်းပီးကိုင်လို့ မေမေ့မှာ ပြုတ်ကျမှာတောင် စိုးရိမ်နေရပီ။

ညညဆိုလည်း တော်တော်နဲ့မအိပ်လို့ ဆူရသေးတယ်။ သူ့ကိုဆူရင် ကိုယ်ရီချင်တာကို အောင့်ထားရတယ်။
ဘာလို့ဆို သူ့မျက်လုံးပြူးပီး မအေကိုလှန်လှန်ကြည့်တာ။ မအေက မပြုံးမချင်း လှန်ကြည့်နေတာ။ တခါတလေတော့ သနားလို့ ပြုံးပြလိုက်ရင် ကျေနပ်ပီး မအိပ်တော့ပြန်ရော.. အဲ့ဒါနဲ့ သူ့ကို ဆူပီးတာနဲ့ သူမျက်လုံးပြူးကြည့်ပီဆိုတာနဲ့ နို့တိုက်ပီး ခေါင်းလေးကိုသတ်ပေးမှ ငြိမ်တယ်။ နို့မိုဆို သွေးတိုးက
စမ်းချင်သေးတာ။ 

အခုဆို သူ့ဖေဖေကို မြင်တာနဲ့... မေမေ့ကိုယ့်ပေါ်ကနေ ထွန့်ထွန့်ကိုလူးနေတာပဲ ။။ အဖေကိုကြည့်လိုက် အသံထွက်လိုက် မအေပေါ်မှာ ဂဏှာကိုမငြိမ်ဘူး။ ဟော...သူ့ဖေဖေလဲခေါ်ရော မအေပေါ်ကမခွါချင်ဘူး။ ငိုရော။ အဲသည်လို.. ။ကိုယ်က ဒါကြောင့်သူ့ကို ညိုမြလို့ခေါ်တယ်။ သမီးမှာ ကိုယ်ခေါ်ဘူးတဲ့နာမည်တွေ အများကြီးပဲလေ..။သူမွေးစတုန်းကပေါ့...။  နို့စိုရင် အငန်းမရစို့လွန်းလို့ အငန်းမရဒေ၀ီ လို့။ ငိုရင်လဲ အသံပြဲလွန်းလို့ ပြဲလန်စိန်လို့ ဆော့လွန်းတဲ့အခါ ဆူးဆလပ် ဒေ၀ီတို့ပေါ့။

သမီးလေးက သတ္တိဂဲ။ ဆေးထိုးရင် သူများကလေးတွေလို ငိုကြောမရှည်ဘူး။ ၁မိနစ်ဆိုအိုကေပဲ။ ခုချိန်ထိတော့ သမီးလေးက ဖျားတာ သိပ်မရှိသေးဘူး။ ဟိုးတလောက ဆေးထိုးပီး တခါဖျားတာပဲရှိသေးတယ်။ သမီးလေးက သူများကလေးတွေနဲ့ ယှဉ်ရင်သိပ်မထွားဘူး။ မွေးစက ထွားပေမဲ့ သူက ပုံမှန်ပဲထွားတယ်။ နို့မှသိပ်မစို့တာကိုး။ မအေနို့ပဲစို့တာများတယ်။ အရမ်းဆော့လို့ သိပ်မဖွံ့ဘူးထင်တယ်။ အစားကျွေးရင်တော့ ဘယ်လိုလာမလဲမသိဘူး။

သမီးရဲ့အပြုံးက မေမေ့ကို ကိုင်လှုပ်သလို ဖေဖေ့ကို အမောပြေစေတဲ့ ဖေဖေ မေမေရဲ့အားဆေးပေါ့..သမီးလေးရေ..။ သမီးလေးကို နမ်းရရင် ..မေမေ့အမောတွေ အားလုံးပြေတယ်..သဲတုံလေးရေ..

အခုဆို သမီးလေး ၆လပြည့်တဲ့နေ့ကျရင် သမီးကို ပထမဆုံးအစာကျွေးရတော့မှာမို့ ဖေဖေရော မေမေရော စိတ်တွေ လှုပ်ရှားနေတယ်..သဲလေးရေ..။ ပထမဆုံး စ စားရမဲ့သမီးလေးအတွက် ပန်းကန်တွေ ခွက်တွေနဲ့ မေမေထိုင်ခုံလေးတွေ ပြင်ပေးနေတယ်။ သမီးလေး အစားကျွေးဖို့ မေမေ မြို့နယ်ကလုပ်တဲ့သင်တန်းလဲ တက်ပီးသွားပီ...။ တခုတော့ ရှိတာပေါ့..မေမေပိုအလုပ်ရှုပ်ပီပေါ့..ကွယ်။
 သမီးရယ်.. အိပ်ပါတော့အိပ်ပါတော့ပြောတာကို မအိပ်ပဲနဲ့ ပြုံးပြုံးပြနေတဲ့ ရှူမငြီးတဲ့ ချစ်သမီးလေး
Add caption

Thursday, December 19, 2013

သမီးလေးရဲ့ တိုးတက်မှု ၂

သမီးလေး... ၄ လပြည့်တဲ့နေ့မှာပဲ သမီးဟာ တော်တော်လေး သိလာတယ် သူဘာလုပ်ချင်တယ် ဘာလိုချင်တယ်ကို ငိုပြတဲ့အလုပ်ဟာ ပိုပီပြင်လာတယ်။ အသံထွက်ပီး ရီတတ်လာတယ်...

သမီးလေးစိတ်ကြည်နေချိန်ဆို မေမေက အာဘွားဆို ပီး ပါးထိုးပေးလိုက်ရင် သူ့ပါးစပ်ကိုဟပီး နမ်းတော့တာပဲ။ မေမေက သမီးလေးကိုလည်း အာဘွားပေးမယ်ဆို .. တရှုပ်ရှုပ်နမ်းလိုက်တာနဲ့ ဟက်ဟက် ဆိုပီး ရီတော့တာပဲ..။

သမီးလေးက နို့ဗူးကိုင်တတ်ပေမဲ့ ပါးစပ်ပေါက်လွဲချော်နေတတ်တာ.. မအေက ပြင်ပေးလည်းမကြိုက်ဘူး။ သူ့ဘာသာ လက်၂ဖက်နဲ့ကိုင်ပီး စို့နိုင်ရင် မေမေ့ကို ပြုံးပီးကြည့်တဲ့အကြည့်လေးက ဒီမှာတွေ့လား သမီးကိုင်နိုင်တယ်ဆိုတဲ့ အပြုံးလေးပေါ့။

အဲဒီလို သမီးပြုံးတဲ့အပြုံးတွေမှာ မေမေ့ကို ကိုင်အလှုပ်ဆုံးက မွေးစမှာ သမီးကိုချော့သိပ်နေတဲ့မေမေ့ကို သမီးက ပြုံးပြတဲ့အပြုံးပဲ။ အဲ့ဒီအပြုံးက အားလုံးကို တွေ့လား.. ငါ့အမေ ငါ့ကိုပွေ့ထားတယ်လို့ ဂုဏ်ယူနေတဲ့အပြုံး ကျေနပ်နေတဲ့အပြုံးပေါ့...။

သမီးက မှောက်ထားရင် သိပ်မကြိုက်ချင်ဘူး။ ဘာလို့ဆို မှောက်ပီး သူ့ဟာသူ ရှေ့မတိုးနိုင်လို့။ ဒါပေမဲ့ သမီးက လမ်းလျှောက်ပီး သူ့အရုပ်တွေဆီ သွားချင်တယ်။ မေမေက သိပ်ငယ်သေးတော့ ဒါတော့ ပေးမလုပ်ချင်ဘူးလေ.. တခါတလေပဲ လုပ်ပေးတယ်။

အဲဒီလိုပဲ သမီးလေးကို လှဲထားပီး မေမေက ၀မ်းတူး သရီးလို့အော်လိုက်တာနဲ့ သရီးဆို ကုန်းထထိုင်ပီးထဖို့ကြိုးစားတော့တာပဲ။ ရီလဲရီရတယ်။ သူ့အားနဲ့တော့ မထနိုင်သေးပေမဲ့ မေမေ့လက်ညှိုး၂ဖက်ကို ဆွဲယူအားပြုပီးထတာ။ အဲဒါ တနေ့ကို ၃ခါလောက်တော့ မေမေလုပ်ပေးရတယ်။ လုပ်မပေးရင် အော်တာကိုး။

သမီးက သူအလိုမကျရင်အာခေါင်ခြစ်ပီးအော်ချင်လာပီ။ မအေလို ခပ်ဆိုးဆိုးများလားမသိ။ အိပ်ချင်တဲ့အခါဆို ဖအေလဲမရဘူး။ မအေမှမအေပဲ။ လူလည်ကလဲကျမှကျ။ အိပ်နေရင်းနဲ့ မျက်လုံးလေးဖွင့်ကြည့်လို့ လူမတွေ့လဲ အော်ရတာနဲ့..။ အိပ်သွားလို့ လက်ပေါ်ကချလဲ သိပ်လည်တာပဲ တော်၂နဲ့ချမရဘူး။ လူလည်မ။

သမီးကို မြူပီဆို အခုဆို အသံထွက်ပီး ရီတတ်လာပီ။ သူတခုခုလိုချင်ပီဆို ပြုံးပြတဲ့အခါ အဖေအမေ အသည်းသိပ်ယားတာပဲ။ သူ့အဖေကဆို ရွှေရင်အေးတဲ့။ သမီးလေးအပြုံးလေးမြင်ရင် ပင်ပန်းသမျှ အမောပြေသတဲ့..သမီးလေးရဲ့။

မေမေက သမီးလေးကို အိမ်မှာ မြန်မာလိုနဲ့ အင်္ဂလိပ်လိုပြောပေးတယ်။ ဂျပန်လိုတော့ ကျောင်းမှာ သင်ပေးလိမ့်မယ်။  သမီးက တီဗွီကို တအားကြည့်လွန်းလို့ မအေကိုယ်တိုင် မကြည့်ပဲ ပိတ်ပစ်ရတယ်။ အမှန်က သမီးက တီဗွီကမြင်ရတဲ့ သူတွေကို စကားလှမ်းပြောတာ ဒီနေ့မှ သိတော့တယ်..။


Friday, December 6, 2013

သမီးလေးရဲ့ တိုးတက်မှု - ၁

သမီးလေးက ဆေးရုံကဆင်းပီး ၁ပတ်လောက်နေကတည်းက သမီးသိပ်ဆော့တာပဲ..သမီးလေး။ အထူးသဖြင့် နေ့နဲ့ည မှားနေတဲ့သမီးလေးဟာ..ညဆိုရင် ဆော့လိုက် နို့သောက်လိုက်နဲ့ မနက်၈နာရီအထိ မေမေ့မှာငုတ်တုတ်ကလေးပေါ့..သမီး။ ခြေကားယား လက်ကားယားနဲ့ခြေထောက်ကိုမြှောက်ပီးဆော့တတ်တာ..သမီးလေးပေါ့နော်။

သမီးလေးက ရေချိုးရင်လဲ သိပ်ပျော်။ မျက်လုံးလေးဝိုင်းစက်ပီး ရေချိုးခံတာ.. ရေချိုးပီးကျေနပ်နေတတ်တာ။ ရေချိုးတိုင်း ရေထဲမစိမ်ခင်မေမေက သမီးရင်ဗတ်လေးပေါ် အ၀တ်လေးတင်လိုက်တာနဲ့ လက်သီးလေး၂ဖက်ကို ဆုပ်ထားတာ..ရေစိမ်ပီးမှ လက်ကလေးကိုဖြေတတ်တာ... မေမေက သမီးလေးရေစိမ်ရင်း ဘုရားစာတွေရွတ်ပေးရင် မေမေ့ကိုကြည့်နေတာ။ မေမေ့သမီးလေးကို ရေချိုးပေးရင်း စကားတွေပြောနေရင် ကျေနပ်နေတာ..သမီးလေး ၁လ ၂လထဲကနော်။ အခုဆိုသမီးလေး ၃လသမီးဆိုတော့ ရေချိုးပေးရင် မေမေ သမီးကိုမနိုင်ချင်တော့ဘူး..သမီးလေးရေ... သမီးလေးက အရမ်းဆော့တော့..ရေတွေထဲ ဗွမ်းဗွမ်းနဲ့ခြေထောက်ကို လှုပ်၂ဆော့...လိုက် လက်ကိုမြှောက်ဆော့လိုက်နဲ့ဆိုတော့.. ရေတွေလည်းရွဲသလို မေမေလည်း မနိုင်တော့ဘူးပေါ့။

သမီးလေး ၃လ ပြည့်တဲ့နေ့မှာပဲ မှတ်မှတ်ရရ မှန်ကိုသေချာကြည့်ပီးပြုံးတတ်လာတယ်။ မေမေကိုလည်း စကားတွေပြောလာသလို ဖေဖေ့ကိုလည်း ဘာတွေမှန်းမသိဘူး ပြောလိုက်တာ...သမီးလေးရယ်။ သမီးလေး ၂ လခွဲကျော်မှာစပီး အသံစုံထွက်တော့တာပဲနော်။ တခါတလေ..မေမေက သမီးလေးအသံတွေနာ လည်ချောင်းတွေ နာမှာတောင် စိုးရိမ်မိတယ်။

သမီးလေး ၂လခွဲမှာ ဇက်ခိုင်လာတယ်နော်။ သမီးလေးကလေ.. ၁လ သမီးထဲက ဖေဖေ့ပေါ်မှာမှောက်ပီး ဖေဖေက ခြေထောက်အောက်မှာ လက်ခံပေးထားလိုက်ရင်သမီးလေးက အဲ့ဒါကို အားယူပီး ဖေဖေ့မျက်နှာပေါ်ရောက်တဲ့အထိ ကိုယ့်ဟာကိုယ် တက်သွားတယ်နော်။ သမီးလေးနောက်ကျတော့ မှောက်ရင်ကျေနပ်နေပေမဲ့ အခု သမီးက မှောက်တာ မကြိုက်တော့ဘူးနော်။ ဆရာဝန်တွေကတောင် ပြောတယ်။သမီးလေး ဇက်တော်၂ခိုင်နေပီတဲ့ သူတို့စမ်းတော့ သမီးက ခြေထောက်လေးနဲ့တောင့်တောင့်လေးရပ်နိုင်တော့..သူတို့တောင် အံ့တွေသြလို့...။

သမီးလေးက အခုတဆင့်တက်လာတာက.. ကုန်းထတာပဲ။ မေမေများကူပေးပီဆို..မေမေ့လက်ချောင်း၂ဖက်ကို တဖက်စီကိုင်ပီးကုန်းထတဲ့အပြင် ထိုင်မနေပဲ မတ်တပ်လေးရပ်လိုက်မှ ကျေနပ်တယ်နော်..သမီးလေး။ မေမေက ခြေခွင်မှာဆိုးလို့ လုပ်မပေးရင် အော်လို့ သမီးလေးကျေနပ်အောင် မေမေက လုပ်ပေးရတယ်။ အဲလို လုပ်တိုင်းလဲ မေမေက good job, great job, jouzu, မေ့သမီးကတော်လိုက်တာလို့ပြောတိုင်း သဘောတွေကျပီး အနဲဆုံး ၃ခါလောက်တော့ လုပ်တယ်နော်..။

သမီးလေးက လူခင်တယ်နော်။ မေမေနဲ့ အပြင်ထွက်တိုင်း သမီးလေးကို ဂရုစိုက်သူတိုင်းကို သမီးလေးက ချစ်စဖွယ်ပြုံးပြတတ်သေးတာ။ ဆရာဝန်ဆိုလည်း ပြုံးကြည့် နာ့စ်တွေဆိုလဲ ပြုံးကြည့်ပေါ့..။ သမီးလေးက အပြင်ထွက်ရင် သိပ်စပ်စုတာပဲ။ ခေါင်းလေးကို လည်နေတာပဲ ဟိုကြည့်ဒီကြည့်နဲ့ ပီးတာနဲ့ အိပ်တော့တာပဲ။

သမီးလေး...က ဆေးထိုးရင်လဲ ငိုကြောမရှည်ဘူး။ မေမေကတော့ သမီးလေးအတွက် အားတွေမွေးထားရတယ်။ မကြည့်ရက်ပေမဲ့သမီးလေးအတွက်ဆိုပီး အားတင်းရတာပေါ့။ သမီးလေးဆေးထိုးတိုင်း ငိုလဲ ၁မိနစ်ထက်မပိုဘူး။ မေမေချော့လိုက်တာနဲ့ အိပ်သွားရော။သိပ်ချစ်ဖို့ကောင်းတာပဲ။ ဟိုနေ့ကဆို သမီးလေး tuberculosis က အတော်နာတာတောင် သမီးငိုကြောမရှည်လို့ ဆေးရုံက လူတွေတောင်အံ့သြသွားတယ်..သမီးလေးကို။

သမီးလေးခုဆို အရပ်လဲ တော်တော်ရှည်လာသလို ထွားလဲထွားလာပီနော်။ သမီးကို မွေးတုန်းက ၃၂၀၆ ဂရမ် သမီးလေး ၁လပြည့်တော့ ၃၉၉၉.၅ ဂရမ်နဲ့ ၂လပြည့်တော့ ၄၈၆၀ ဂရမ် အခု ၃လမှာသမီးလေး ၅၃၈၀ ဂရမ်ပဲရှိလို့တဲ့ မေမေ့ကို ဆရာဝန်က နို့ဗူးပိုတိုက်ခိုင်းတယ်။ မေမေက ချော့တိုက်နေရတယ်။သမီးက ဗူးကိုမသောက်ချင်တော့လို့လေ...။ အမယ်..ညကတော့ သမီးလေးက ဗူးကို သူ့လက်၂ဖက်နဲ့ကိုင်ပီးသောက်ဖို့ကြိုးစားတယ်...တော်လိုက်တာ သမီးလေးရယ်ဆိုတော့..သမီးလေးက ပိုကိုင်ပြတယ်။

သမီးလေးက တီဗွီသိပ်ကြိုက်တာပဲ။ တီဗွီကို ကြည့်တာများ ငြိမ်နေတော့တာ.. ၁လခွဲလောက်ကတည်းက အတော်ကြည့်တတ်နေတာ။ သမီးလေးက မေမေ အိုင်ပက်နဲ့စကားပြောလဲ ကုန်းကြည့်တတ်တာ..စကိုက်နဲ့ပြောရင်လဲ ပြူးပီးကြည့်တတ်တာ..