Friday, May 16, 2014

သမီးလေးရဲ့ တိုးတက်မှု ၆

သမီးလေး...ဒီနေ့ ၉လပြည့်ပါပီ...။

သမီးလေးစကားတွေ အရမ်းပြောတာပဲ။ မအေက ဒါဆို သူကပါ...ဘာတွေပြန်ပြောမှန်းမသိဘူး။ တနေ့တော့ သားအမိသားအဖသုံးယောက် ဖရဲသီးစားနေတာ...သူအသံမူမမှန်သလိုဖြစ်လို့ ကိုယ်က r u ok?? r u ok??လို့မေးလိုက်တာ... သူက okပါ လို့ပြန်ဖြေသလို ကြားလို့ ယောက်နဲ့ ကိုယ်နဲ့ မျက်လုံးပြူးပီး.... ကို..ဘာကြားလိုက်လဲမေးတော့..သူက အိုကေပါ လို့ပြောတာကြားသတဲ့ ကိုယ်လဲကြားတယ်ဆိုတော့ နှစ်ယောက်သား ရီလိုက်ရတာ..။

သမီးက စတော်ဘယ်ရီသီးလဲ ကြိုက်တယ်။ ကိုယ်တိုင်လက်နဲ့ကိုင်စားတာ..တထိုင်တည်း ၃လုံး။ ဒါတောင် ဆက်မပေးတော့လို့။ သမီးက အချဉ်ကြိုက်ပုံရတယ်။ ဟိုတနေ့က စားသောက်ဆိုင်မှာ သံပုရာသီးကြုံတာနဲ့ ကျွေးလိုက်တာ... လားလား...သူက ထပ်တောင် တောင်းသေးတယ်။ အမှန်က ယောက်နဲ့ကိုယ်က သမီးလေးကို သံပုရာသီး ကျွေးရင် ဗွီဒီယို ရိုက်မလို့ဟာ..သူက မျက်နှာတောင်မရှုံ။ အခု စတော်ဘယ်ရီလည်း ချိုချဉ်ကို စားတယ် ။

ဟိုနေ့က ကြက်ပေါင်းလည်း မမွှေပဲ သေးသေးလေးတွေ လုပ်ပေးတာ သူက၀ါးစားတယ်။ သူ့သွားလေး ၂ချောင်းနဲ့။ အခု ကြုံရင်ကြုံသလို ငါးပေါင်းလည်းကျွေးတယ်။ ကြိုက်မှကြိုက်ပဲ။ သူမကြိုက်တာ ရေတစ်ခုပဲ။ တိုက်ရ တော်တော်ခက်တယ်။

စကားတွေဆိုတာလည်း ဘာပြောနေမှန်းမသိဘူး။ ရီလည်းရီရတယ်။ တခါတလေ..သူ့ကိုဒါမလုပ်နဲ့ မကိုင်နဲ့ပြောရင် ကိုယ့်ကို ဘာတွေပြန်ပြောနေမှန်းမသိပါဘူး။ ကိုယ့်မျက်မှန်ကို လာလာချွတ်လို့ မချွတ်နဲ့ပြောလည်းမရဘူး။ မျက်မှန်ကိုယူပီး စကားတွေပြောတာ...ကိုယ်က မျက်နှာထားနဲ့ ပြန်တောင်းတော့ ပေးတယ်။ ယောက်ကတော့ ပြောတယ်။ စတာနေမှာတဲ့..။ 

ညညဆိုလည်း အိပ်ရင် တော်တော်နဲ့မအိပ်ဘူး။ စကားတွေပြောလိုပြော။ကိုယ်ကမီးတွေအားလုံးပိတ်လိုက်ရင် သမီးလေးက ကုတင်ခေါင်းရင်းကို သွား လိုက်ကာကိုဖွင့် ရင် ခြံထဲက အလင်းရောင်က ၀င်တာကိုး။ အစကတော့ ကိုယ်ဟန့်သေးတယ်။ နောက်ကျတော့ ထားလိုက်တယ်။ သူ့ဘာသူ ဆော့ရင်း ၁၅ မိနစ်လောက်နေတော့ ရဲဘော်လေး ကျဆုံးသွားပီး လာအိပ်တာပေါ့။

ကုတင်ခေါင်းရင်းကနေ ကုတင်နောက်ကို ပြေးသွားတာများ မြန်လိုက်တာ။ သူက ရိုးရိုးမပြေးဘူး မအေကို လှည့်ကြည့်တာ။ မအေက ကျမှာဆိုးလို့ လိုက်ဆွဲတာ ကို သူကပျော်နေတာ။ ကုတင်အောက်တော့ မဆင်းဘူး ..အစပ်မှာ မတ်တပ်ရပ်တာ။ ဟိုနေ့က ပိုသေချာသွားတယ်။ ကုတင်ဒီဘက်က တံခါးကို ပိတ်ထားတော့ သူမအေကိုကြည့်ပီးလေးဖက်ပြေးတယ် ကိုယ်တို့၂ယောက်က သူ့ကြည့်ပီးရီရတယ်။

သမီးလေးက ဇွဲတော့ကောင်းမယ်ထင်ပါရဲ့။ မတ်တပ်မရပ်ခင်တုန်းက သူမတ်ရပ်နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားတာ။ လုံးဝ လက်မလျှော့ဘူး။ အခုတော့ ကောင်းကောင်းရပ်တဲ့အပြင် ၁လှမ်း၂လှမ်း လှမ်းတတ်နေပီပေါ့...။

သမီးမကြိုက်တဲ့ အစာကလည်း ခပ်ရှားရှားပါပဲ။ ကျွေးသမျှအကုန်စားပဲ။ ခရမ်းချဉ်သီးလဲကြိုက်တယ်။ သူစားတဲ့အခါ စိတ်ကျေနပ်ရင် လက်ခုပ်ကလေးတီးသေးတာ....တခါတလေကျတော့လည်း အံကလေးကျိတ်ပီးအသံထွက်အော်သေးတာ..အသဲယားတဲ့ပုံစံနဲ့ပေါ့...။

ရေချိုးတဲ့အခါ ရေပန်းကိုသူက ကိုင်ရမှ ကျေနပ်တယ်။တခါတလေ သူ့ကို သူ့ဖေဖေနဲ့ထားပီးကိုယ်တယောက်တည်းချိုးရင် အပြင်ကနေတံခါးကို လာထုသေးတာ...။

သမီးလေးက တံခါးတွေကိုလည်း ဖွင့်ချင်သေးတာ...။ အခုဆို ရှိသမျှအခန်းတိုင်း သူဝင်တယ်ထွက်တယ်။ ကိုယ်လည်း တော်တော်ရှင်းရပါတယ်။ သေးသေးလေးတွေကို လိုက်ကိုင်ပီး ပါးစပ်ထဲထည့်လွန်းလို့။ သတိလေးတချက် လွတ်တာနဲ့ သွားပီ။ တစ်ရှူးဆိုလည်း အလိပ်လိုက်ကို ဆွဲဖြန့် ပီးဖွတာ။ တော်သေးတယ်...ပြောထားလို့ ပါးစပ်ထဲတော့မထည့်ဘူး။ ကိုယ်က သမီးပါးစပ်ထဲထည့်ရင် ပြန်သိမ်းမယ်လို့ ပြောပီး တကယ်ပြန်သိမ်းလိုက်တာကိုး...မစားရင်တော့ ခနလောက်ဆော့ချိန်ပေးလိုက်တယ်။ အကျီဆိုလည်း ခေါက်ထားသမျှ သူကဖွပဲ။ အံဆွဲတွေဖွင့် သတိတချက်လွှတ်တာနဲ့ ပွပီးသားပဲ...။ သူကလည်း ရီရတယ်။ သူအဲလိုလုပ်ရင် ကိုယ်မကြိုက်ဘူးဆိုတာသိနေတော့ ကိုယ့်မျက်နှာကိုကြည့်ပီး မှ မဟုတ်တာအကုန်လုပ်တာဆိုတော့ တခုတော့ အဆင်ပြေတယ်။ အသိဦးတယ်ပေါ့..။

ဟိုးတနေ့ကတော့ တခါ မုန့်ထုပ်ကပလပ်စတစ်အစကို ပါးစပ်ထဲထည့်ပီးဝါးတာ..။ ကိုယ်က ဘာမှန်းမသိဘူး။ တခုခုတော့ ပါးစပ်ထဲမှာပဲဆိုပီး အမျိုးစုံထုတ်တာ။ မရဘူး။ ပါးစပ်ကို ဘယ်လိုမှ မဖွင့်ပေးဘူး။ ကိုယ့်မှာဘာလုပ်ရမှန်းကိုမသိဘူး။ ထောင်ပဲထားရတယ်။ နောက်မှ သူတချက် ပါးစပ်အဟမှာ အတင်းလက်နှိုက်လိုက်မှ ပလပ်စတစ်ဖြစ်နေတာ...။

ကြော်ငြာဆိုလည်း ဘာကြိုက်သလဲမမေးနဲ့..။ သူ ၃လ ၄လထဲက အတော်ကြိုက်တာ.။ ကြော်ငြာလာချိန်များ ဆို ကိုယ့်နောက်မလိုက်ဘူးနော်..လိုက်ဖို့တန်းလန်းနဲ့ကို..။ မီးဖိုထဲရောက်နေရင် ကြော်ငြာသံကြားရင် ပြေးကြည့်သေးတာ..။ အိပ်ချင်နေရင်တောင် မျက်လုံးစဉ်းပီး ခေါင်းထောင်ထသေးတာ...။ နောက်တခုသူကြိုက်တာ..သီချင်းနဲ့ကနေတာမြင်ရင်...။

သမီးလေးနဲ့ကိုယ် တအိမ်လုံးကိုပတ်ပီးတူတူပုန်းလို့ရပီ။ သူလိုက်ရှာတတ်တယ်။ လူလည်လေး...အသံကြားရင် ကြားတဲ့နေရာကိုလာတာ။  တခါဆို တခါ မှတ်ထားတတ်သေးတယ်။ သူ့ကို ပေးမ၀င်တာ...အ၀တ်လျှော်စက်ထားတဲ့အခန်း။ အဲဒီတော့ တံခါးလေးဖွင့်ထားတာ မြင်တာနဲ့ အလစ်ပဲချောင်းနေတာ..၀င်ဖို့..တခါတလေ တံခါးလေး လက်တထောက်စာဟထားမိရင် သူ့လက်နဲ့သွားဆွဲဖွင့်ပီး ၀င်သေးတာ..။

အခုလိုရေးနိုင်ဖို့ သူအိပ်နေတာ ကျေးဇူးတင်ရတယ်။ ဘာလို့ဆို အကုန်လျှောက်ရိုက်နေလို့...ပေါ့။ အခုတော့ ကိုယ့်မှာ သူ့ပဲကျေးဇူးတင်နေရတယ်။ သူအဆင်ပြေမှ ကိုယ်လုပ်နိုင်တာကိုး...။

မီးဖိုထဲမှာ ချက်ရင်လည်း သူပါချင်တယ်။.....ရေးမယ်ဆို ကုန်နိုင်ဘူး။
သမီးလေးကို မေမေ သိပ်ချစ်တာပဲ....။ မေမေ့ဘ၀တွေ ခနရပ်ထားရပေမဲ့..သမီးနဲ့ တောက်လျှောက် သမီးဘေးမှာ ဖေးမနေရတဲ့အတွက်ပျော်ပါတယ်။ ဖေဖေ့ကိုလည်း ကျေးဇူးတင်ရမယ်နော်...သမီးလေးရေ..။

2 comments:

  1. ဟန်ကြည်May 20, 2014 at 12:58 AM

    ကလေးတစ်ယောက် ရှိနေတာ ရုပ်ရှင်ဇာတ်ကားပေါင်း ထောင်သောင်းချီပြီး ကြည့်ရတာထက် ပိုပြီး အနုပညာ မြောက်နေတော့တာပါပဲ...သမီးလေးတောင် တဖြည်းဖြည်း အရွယ်ရောက်လာပြီကိုး...

    ReplyDelete
  2. ညီမရေ. ပစ္စည်းအသေးလေးတွေ တတ်နိုင်သမျှကလေးလက်လှမ်းမှီတဲ့ နေရာမှာ မထားပါနဲ့  အမကကိုယ်တွေ့ မို့ ပါ. သားPrimary 1 ရောက်မှဆယ်ပြားစေ့ပါးစပ်ထဲဝင်ဘူးတယ်. သမီးလေးက ခဏနေစကားပြောတော့မယ်ထင်တယ်.

    ReplyDelete