Saturday, December 29, 2012

အိမ်လမ်းရွာကြောင်း သန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်း

Photo from Facebook
ဟိုမှာ..ဒီမှာ...အမှိုက်တွေ....
ရေသန့်ဗူး...ကြွပ်ကြွပ်အိတ် ...ဘီယာဗူး...တွေ။
အို..လွယ်လိုက်ကြတာ။ .သောက်လိုက်ကြ .ဟော... ပစ်လိုက်ကြ။
ပြောကြတယ်.. အမှိုက်ပုံ မတွေ့လို့ ။ အမှိုက်ပုံ မရှိလို့။
ဟုတ်ပါတယ်။ အမှိုက်ပုံလည်း မရှိ အမှိုက်ပုံလည်း မတွေ့တော့ လမ်းပေါ် သွားရင်း လာရင်းပဲ ပစ်လိုက်တယ်။
ကောင်းပါတယ်။ လတ်တလော ကိုယ့်အတွက်တော့ ရှင်းသွားတာပေါ့။ အဲ..ရှင်းမသွားတာက လမ်းပေါ်မှာ။ အဲသည်လမ်းဆိုတာကလဲ ကိုယ်လျှောက်နေတဲ့လမ်း။ ပြည်သူတွေ သုံးနေတဲ့လမ်း ...ဟော ကြည့်လိုက်စမ်း... လေအဝှေ့နဲ့ ရွေ့လာတဲ့ ကြွပ်ကြွပ်အိတ်တွေ .....မြန်မာပြည်ရဲ့ ဟိုမှာဒီမှာ မြင်တွေ့နေကျ..မရိုးနိုင်တဲ့ မြင်ကွင်းတွေပေါ့။

အခု..မြန်မာပြည်က အပြောင်းအလဲကို ဦးတည်လာပီ။ ဒီလို ဦးတည်လာချိန်မှာ အစိုးရ ကြီးပဲ ပြောင်းလဲ လို့မရပါဘူး။ လူတိုင်း လူတိုင်းမှာ တာဝန်သိစိတ်တွေ တာဝန်ယူမှူတွေ လိုလာပါပီ။ အခုပြောချင်တာက အမှိုက် ကိစ္စပါ။
ဟုတ်ပါတယ်...
အမှိုက်ကောက်တာ စည်ပင် အလုပ်ပါ။ သို့သော်..... အမှိုက်ပုံး မရှိတိုင်း လမ်းပေါ်လွှင့်ပစ်ထားသမျှ စည်ပင်က ဘယ်လိုရှင်းလို့ နိုင်မှာလဲ စဉ်းစားကြည့်ကြပါ။ လူပေါင်း သောင်းခြောက်ထောင် လွှင့်ပစ်ထားသမျှ စည်ပင်က အချိန်မှီ ရှင်းနိုင်ပါ့မလား နဲနဲလေး ဖြစ်ဖြစ် တွေးကြည့်ကြပါ။
ဒီတော့..... ဘယ်လိုဖြေရှင်းမလဲ။

လွယ်ပါတယ်။
၁။ ဘီယာဗူးရောင်းသူတွေ ဘီယားဗူး ပစ်ဖို့ အမှိုက်ပုံးကို မိမိတို့ ဆိုင်ရှေ့ အများ ပြည်သူ ပစ်လို့ရအောင် လုပ်ပေး ထားလို့ရပါတယ်။

၂။ အချိုရည်ရောင်းသူတွေ ရေသန့်ရောင်းသူတွေ အနေနဲ့လည်း မိမိတို့ဆိုင်ရှေ့မှာ ပစ်လို့လွယ်အောင် အမှိုက်ပုံး ထားပေးလိုက်ပါ။

၃။ အခုဆို မြန်မာပြည်မှာ ဆူပါမားကတ်တွေ အများကြီးပေါ်လာပါပီ။ အဲ့ဒီလိုဆိုင်တွေရဲ့ ရှေ့တွေမှာ ဗူးသတ်သတ် ပုလင်းသတ်သတ် ပလတ်စတစ်သတ်သတ် နဲ့ အခြားအမှိုက်ပုံးတွေကို ထားပေးသင့်နေပါပီ။ဒါမှ ကိုယ့်အားပေးသူတွေ သုံးဆောင်ပီးတဲ့အခါ ဒါမှမဟုတ် အိမ်က ဈေးဝယ်ထွက်တဲ့အခါ အမှိုက်တွေ သယ်ပီး ပစ်လို့ ရနိုင်သလို လတ်တလော ဝယ်ယူအားပေး သုံးစွဲသူတွေနဲ့ လမ်းသွား လမ်းလာအချို့ အလွယ်တကူ အမှိုက်ပစ်လို့ ရသွားနိုင်ပါတယ်။

၎။ ဈေးတွေမှာ စည်ပင်အနေနဲ့ သီးသန့်အမှိုက်ပစ်ဖို့ နေရာ လုပ်ပေးထားလိုက်ပါ။ 

၅။ ရက်ကွက်အလိုက် မြို့နယ်အလိုက် သန့်ရှင်းမှုကို ပူးပေါင်း ဆောင်ရွက် သော အားဖြင့် အမှိုက်ပုံ သီးသန့်လေးတွေ ထားပေးခြင်းဖြင့်လည်း ပူးပေါင်း ဆောင်ရွက်နိုင်ပါတယ်။

၆။ စားသောက်ကုန် ပစ္စည်းရောင်းသူတွေ ကလည်း အားပေးဝယ်ယူသူတွေ သုံးစွဲပီးတဲ့ အမှိုက်တွေကို တာဝန်ယူသိမ်းဆည်းပေးပီး အမှိုက်ပုံးထားစေချင်ပါတယ်။

၅။ လမ်းဘေး ဆိုင်တွေ အနေနဲ့လည်း မိမိဆိုင်က ထွက်သမျှ အမှိုက်တွေကို စနစ်တကျ ရှင်းလင်းပစ်ဖို့လိုပါတယ်။ အမှိုက်တွေကို စုပီး စည်ပင်က သတ်မှတ်ထားတဲ့နေရာမှာ သွားရောက် လွှင့်ပစ်လို့ရပါတယ်။ (စည်ပင်ကတော့ နေရာ သတ်မှတ်ပေးရပါမယ်)

၆။ ပွဲတော် လုပ်ပီဆို ပွဲတော်စီစဉ်သူက အမှိုက်ပစ်ဖို့က အစ စဉ်းစားဖို့လိုပါတယ်။  ဘယ်လို လုပ်မလဲ..။ လွယ်ပါတယ်။ အမှိုက်ပစ်ဖို့ နေရာသတ်သတ်ထားပါ။ အဲ့ဒီနေရာကတော့ အရမ်းမဝေးဖို့တော့ လိုပါတယ်။ သွားရေးလာရေး ခက်နေရင်လဲ မဖြစ်နိုင်လို့ပါ။ ဒီတော့ အစားအသောက်တွေ ရောင်းတဲ့ ဆိုင် အနီးအနားမှာ အမှိုက်ပစ်ဖို့ သတ်သတ်နေရာပေးစေချင်ပါတယ်။ ဒါမှ စားသောက်ပီး တိုင်း အမှိုက်ပစ်ဖို့ ရှာရတာ လွယ်ကူမှာပါ။

(အမှိုက်တွေကို လက်ရှိအခြေအနေအရ ခွဲခြားမပစ်နိုင်သေးရင်တောင်မှ အမှိုက်ပုံးများထားပေးခြင်းဖြင့် ကူညီပေးကြစေလိုပါတယ်။) 

ဒါတွေက ဝန်ဆောင်မှူအပိုင်းပေါ့။ ဒါမှသာ စည်ပင် အမှိုက်ကားက အလွယ်တကူ လာရောက် သိမ်းယူလို့ရနိုင်ပါတယ်။

ပြည်သူတွေဖက်ကရော....

အကယ်၍ ပစ်စရာ အမှိုက်ပုံး မတွေ့ဘူးဆိုပါစို့။ အလေးခံပီး သယ်ပါ။ အမှိုက်ပုံးတွေ့မှ ပစ်ပါ။ ဒီလို အသိစိတ်လေးတွေ ကိုယ်စီ ရှိပါ။ တနေရာမဟုတ် တနေရာမှာ အမှိုက်ပုံးရှိမှာပါ။ အကယ်၍ မတွေ့ခဲ့ရင် တော့ အိမ်အထိ သယ်ဆောင်သွားပါ။

တွေ့ကရာ ပစ်မယ်ဟဲ့ဆို ကိုယ်လိုလူတွေအများကြီးမို့ မိမိနေထိုင်ရာ မြို့တော်အလှ လမ်းအလှဟာ မိမိကြောင့် ပျက်ဆီးစေပါတယ်။

ဒါကြောင့် ပြည်သူတွေကလည်း မိမိတို့ အသိစိတ်ဓာတ်ထားရှိမယ်ဆို... သင့်မြို့တော် သင့်နိုင်ငံဟာ သန့်ရှင်းလှပလာပါလိမ့်မယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြောပြချင်သေးတာက အိမ်က အကြောင်းပါ။
မြန်မာပြည်က အိမ်နောက်ဖေး လမ်းကြားတိုင်း ညစ်ပတ်လေ့ရှိပါတယ်။ အိမ်က လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ကစပီး အိမ်နောက်ဖေးလမ်းကြားကို သန့်ရှင်းရေး လုပ်ပါတယ်။ မြောင်းတွေ ဖော်ပါတယ်။ ပထမပိုင်း လအနည်းငယ်တော့ အတော် အဆင်မပြေပါဘူး။ သို့သော်... တယောက်က ဒီလိုလုပ်ပါများတဲ့အခါ အခြား အိမ်တွေကပါ အမှိုက်မပစ်တော့တဲ့ ရလာဒ် ထွက်လာပါတယ်။ အိမ်ရှေ့မြောင်း အမြဲဖော်ပါတယ်။ မဖော်တဲ့ အိမ်ရှေ့တောင် သွားပီး ဖော်လိုက်ပါသေးတယ်။ ဒီလိုနဲ့ ကြာလာတော့ လူတိုင်း လူတိုင်း သူတို့ အိမ်ရှေ့လေးတွေက မြောင်းတွေ ဖော်ကြပါတယ်။ (လမ်းထဲမှာ ပြောတာပါ) အစက အမှိုက်ပစ်ဖို့ လူခေါ်ပီး ခပ်ဝေးဝေးသတ်မှတ်ထားတဲ့ နေရာမှာ ပစ်ခဲ့ရပါတယ်။ မနှစ်က စပီးတော့ အမှိုက်သိမ်းတဲ့ စနစ် စလုပ်ပါတယ်။ တလတခါ ပိုက်ဆံပေးရပေမဲ့ ပေးပျော်ပါတယ်။

ဒီအချိန်မှာ ပြောချင်တဲ့စကားကတော့ စည်ပင်အကြောင်းပါပဲ။ ကိုယ်နေတဲ့ ရပ်ကွက်လေးက အိမ်က လမ်းထောင့်နဲ့နီးပါတယ်။ ကိုယ်တို့ဖက်က ဘာမှမဖြစ်ပေမဲ့ ကိုယ်တို့လမ်းကို ဖြတ်စီးဝင်တဲ့ မြောင်းတစ်ခုရှိပါတယ်။ အဲ့ဒီမြောင်းပိတ်နေကြောင်းကို အဲဒီအိမ်ကလား လမ်းကလူတွေကလားမသိ စည်ပင်ကို သွားပြောတဲ့အခါ စည်ပင်က လာလုပ်ပေးပါတယ်။ ဘယ်လိုလုပ်လိုက်တယ်လို့ ထင်ပါသလဲ...။ မြောင်းကို အပီး မြေဖို့လိုက်ပါတယ်။ အဲသည်လို လုံးဝ မလုပ်သင့်ဘူးလို့ထင်ပါတယ်။ ဒါက အိမ်က ပြန်ပြောပြတာပါ။ စည်ပင်အနေနဲ့ ဒီလို မဖြေရှင်းသင့်ဘူးလို့ထင်ပါတယ်။

ဒီဖြစ်ရပ်တွေကို ကြည့်ပီး လမ်းတိုင်း လမ်းတိုင်း ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း တလတခါ ပုံမှန် စုပေါင်း မြောင်းရှင်းယုံသာမက မိမိတို့ အိမ်ရှေ့ အိမ်နောက်များကို မြောင်းဖော်ပေးခြင်း ရှင်းလင်းပေးခြင်းဖြင့် ခြင်အန္တရာယ်ကာကွယ်ပီးသားလည်း ဖြစ်သလို အိမ်ပတ်ဝန်းကျင် သာယာလှပလာမှာဖြစ်ပါတယ်။

နောက်တချက် စည်ပင်အကြောင်းပါ။ မြို့တော် စည်ပင်ကလည်း အမှိုက်များကို သတ်မှတ်ထားတဲ့အချိန် သတ်မှတ်ထားတဲ့နေရာ အရောက် စနစ်တကျ သွားရောက် ပစ်စေချင်ပါတယ်။ ဘာလို့လဲဆို..... ဒါကတော့ အမျိုးအိမ်နားမှာပါ။ အဲ့ဒီနေရာကတော့ ခြံတွေပေါ့။ ခြံတွေရဲ့ ဟိုးးးးခပ်လှမ်းလှမ်းမှာတော့ ချောင်းလားမသိ ရှိပါတယ်။ အဲ့ဒီနေရာမှာ စည်ပင်ကား က သယ်လာသမျှ အမှိုက်တွေ လာသွန်သွန်ပစ်နေတာ တွေ့ရပါတယ်။ မလုပ်သင့်ပါဘူး။ ပတ်ဝန်ကျင် ထိန်းသိမ်းရေးကို ပျက်ဆီးစေပါတယ်။

ဟိုတလောကလည်း  အမှိုက်များကို ချောင်းထဲသို့ ရောက်အောင်ပစ်ဆိုတဲ့ အလွန်ဝမ်းနဲဖွယ်ရာ သတင်းတပုဒ် ဖေ့စ်ဘုတ်မှာ ဖတ်လိုက် ရပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းမှူ ကို ဘယ်လောက် မျက်ခြေပျက် အားနည်းနေလည်းဆိုတာ မျက်မြင် လက်တွေ့ပါ။  သတင်းလင့်က ဒီနေရာမှာပါ။
http://www.facebook.com/photo.php?fbid=529602557069331&set=a.234895509873372.73403.143923268970597&type=1&theater

ကိုယ့်မြို့ ကိုယ့်ရွာ စည်ပင်သာယာရေး အတွက် အထူးပြု စဉ်းစားတော့မယ်ဆို တစ်ယောက်ကို တစ်ယောက် လက်ညိုးထိုးနေကြခြင်းထက် စည်ပင် ဝန်ထမ်းတွေ အပါအဝင် ပြည်သူ အားလုံးစုပေါင်းပီး စည်းကမ်းတကျ အမှိုက်ပစ်ကြစေဖို့ ဒီနေရာကနေ တိုက်တွန်းပါရစေ။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဒါကတော့ ဂျပန်နိုင်ငံက အတွေ့အကြုံလေးပါ။

ဂျပန်နိုင်ငံမှာလည်း အနဲနဲ့ အများ စည်းကမ်းမရှိသူတွေ ရှိကြပေမဲ့ ...အများစုကတော့ စည်းကမ်းရှိကြပါတယ်။ သူတို့တွေ အိမ်ပြင်ပရောက်တဲ့အခါ လမ်းမှာ စားသောက်ပီးတဲ့အခါ အမှိုက်တွေကို ဘယ်လိုစွန့်ပစ်ကြလဲ ....ကိုယ်တွေ့လေးရေးပြချင်ပါတယ်။

ကိုယ် ..တနေ့တော့ ၅နှစ်အရွယ် ကလေးလေး ၃. ၄ ယောက်နဲ့အတူ မုန်လာဥတူးခင်းက ပြန်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ့်လက်ထဲမှာ သကြားလုံးလေးတွေ ရှိတာနဲ့ သူတို့ကို ကျွေးလိုက်ပါတယ်။ အားလုံးသော ကလေူငယ်တွေဟာ သကြားလုံးခွံလေးတွေကို သူတို့ရဲ့ အကျီံအိတ်လေးတွေထဲ ထည့်လိုက်ပါတယ်။ ကိုယ်မေးတော့ အမှိုက်ပုံး တွေ့မှ ပစ်မယ်တဲ့။ ဒါ..သူတို့လေးတွေကို ကျောင်းက သင်ထားပေးတာပါတဲ့..။ ဒါက ကလေး။

ကိုယ်... အယင်က အမြဲလိုလို နိုင်ငံတကာ ကျောင်းသားပွဲတော် အပါအ၀င် နိုင်ငံတကာ အစားအသောက် ဈေးရောင်းပွဲတော်တွေ ဒါမှမဟုတ် တက္ကသိုလ်က ကျင်းပတဲ့ ကျောင်းသားပေါင်းစုံဈေးရောင်းပွဲတော်တွေရောက်ခဲ့ဖူးပါတယ်။ ရောက်ခဲ့တဲ့အခါတိုင်း ကျေနပ် ကြည်နူး အတုယူစရာ ကောင်းတဲ့ ဖြစ်ရပ်ကို အမြဲတွေ့ရပါတယ်။ အဲဒါကတော့.... ဒီပွဲတော်ကို လုပ်မယ်လို့ တာဝန်ယူထားတဲ့ သူတွေရဲ့ အမှိုက်သိမ်းနည်း စနစ်ပါပဲ။ အစားအသောက်တန်းတွေရဲ့ အဆုံးမှာ အမှိုက်သိမ်း စခန်းလေး ဖွင့်ထားတာပါပဲ။ အမှိုက်တွေကိုလည်း ခွဲထည့်ဖို့ စနစ်တကျ လုပ်ထားပါတယ်။ အစားအသောက်စားတဲ့ တခါသုံး ခွက်တွေ ဗူးတွေကို စားသောက်သူတွေ အတွက် အ၀တ်စလေးတွေ ပေးထားတယ်။ အဝတ်စလေးတွေနဲ့ သုတ်ပီး သတ်မှတ်ထားတဲ့နေရာမှာ ထည့်ဖို့ ညွှန်ပြတယ်။ စားကြွင်းစားကျန်တွေကို သတ်မှတ်ထားတဲ့နေရာမှာ ထည့်ဖို့ညွှန်ပြပေးတယ်။ တူတွေကိုလည်း သတ်သတ်ထည့်ဖို့ ညွှန်ပြတယ်။ ဂျပန်တွေ အပါအ၀င် နိုင်ငံခြားသားတိုင်း လိုက်နာကြတယ်။ အဲ့ဒါ တကယ်ကောင်းတဲ့ စီမံခန့်ခွဲမှူပါ။ စားသောက်ဆိုင်တွေကလည်း မိမိတို့ ဆိုင်က ထွက်တဲ့ အမှိုက်တွေအားလုံး ကို သတ်မှတ်ထားတဲ့နေရာမှာ စနစ်တကျ ပစ်တယ်။ ဆိုင်သိမ်းပီဆိုတာနဲ့ အမှိုက်တစ မကျန်အောင် ဂရုစိုက်ရပါတယ်။ အဲ့ဒီအတွက် ရလာဒ်က ... ပွဲတော် ပီးသွားတဲ့အခါ  အရင်အတိုင်း လှပသန့်ရှင်းနေတာပါပဲ။ ပွဲပီးလို့ ညနေကျ သွားကြည့် ပွဲမနက်က လုပ်ခဲ့ပါတယ်ဆိုတာတောင် မသိရလောက်အောင် ရှင်းလင်းနေပါတယ်။ ကဲ..ဒါမျိုးတွေ အတုယူစရာ မကောင်းပေဘူးလား.....။

လူဆိုတာ ဘယ်နေရာမှာနေနေ ကောင်းတဲ့အတုတွေ ယူတတ်ဖို့ပဲ လိုပါတယ်။


ဒါကြောင့် နောက်ဆုံးအနေနဲ့ တောင်းဆိုချင်တာကတော့ လူတိုင်း လူတိုင်း ကိုယ့်အသိစိတ်ဓာတ်လေးတွေနဲ့ အမှိုက်ပစ်တတ်ကြစေဖို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။

ငယ်ငယ်က သင်ခဲ့ရတဲ့ သူငယ်တန်းဖတ်စာထဲက အတိုင်းပဲ။
အိမ်လမ်း ရွာကြောင်း သန့်ရှင်းကြောင်း စုပေါင်း အမှိုက်သိမ်း ကြပါစို့









Friday, December 28, 2012

ကြွေပါသော်လည်းမွှေး

Credit:
 http://www.facebook.com/notes/oakkar-nyo-htay/%E1%80%B1%E1%82%82%E1%80%80%E1%80%BC%E1%80%95%E1%80%AB%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9%E1%80%9C%E1%80%8A%E1%80%B9%E1%80%B8-%E1%80%B1%E1%80%99%E1%82%8A%E1%80%B8-/10151320120128209

သတိ - အရေးအသား အနည်းငယ်ကြမ်းပါသည်။

ကုမုဒြာကြာဆိုတာ ... ညအခါလရောင်သာပါမှ ... ပွင့်တယ် ...
ညမွှေးပန်းလေးတွေကတော့ ... ညနက်လေ ... မွှေးလာလေပါပဲ ...
ကျွန်မကတော့ ... ကုမုဒြာအိပ်မက် ... မမက်ရဲပေမယ့် ... ညမွှေးပန်းလေးလို့တော့ ... စိတ်ကူးယဉ်မိတယ် ...။
ကျွန်မတို့အတွက် ... စပ်ဆိုထားတဲ့ ညမွှေးပန်း သီချင်းလေးတောင် ...ရှိသေးတယ်မဟုတ်လား အကိုရယ် ...။

ကျွန်မဘဝ အကြောင်းလား ... စုံလို့ပါ အကိုရယ် ... အားလုံးကိုခြုံပြောရရင်တော့ ... ဘဝပေးမကောင်းဘူးပဲဆိုပါတော့လေ ...။
အဖေက ဆုံး ... အမေ ဘယ်မှာမှန်းမသိ ... အကိုကထောင်မင်းသား ...
ကျွန်မကတော့ ပြည့်တန်ဆာပေါ့ အကိုရယ် ...။

ကျွန်မ နာမည်လား ... ဟဟဟ ... ဒါလည်း အစုံပဲအကိုရေ ...
ရှိသမျှပန်းနာမည်တွေ ... မြစ်နာမည်တွေ ... အကုန်ကျွန်မပဲပေါ့ ...။
တစ်ခါတစ်ခါ ကိုရီးယား ဂျပန် နာမည်လေးတွေတောင် ပေးလိုက်သေးတယ် ...။
ဟဟ ... အလုပ်ထဲမှာဆိုတော့ ဒီလိုပဲ အကိုရဲ့ ...။

သြော် ... အကိုရယ် ... ကျွန်မက ပျော်ပျော်ရွှင်ရွှင်နေတတ်သူပါ ...။
အမြဲတန်းပြုံးနေရသလို ... တစ်ခါတစ်ခါလည်း ရယ်မောပစ်လိုက်ရတာပေါ့ ...။
ဟုတ်မဟုတ်တော့မသိဘူး ... ရယ်မောချင်းဆိုတာ အသက်ရှည်စေတယ်လေ ...။
ပြည့်တန်ဆာဖြစ်နေရတဲ့အထဲ နေ့တိုင်းငိုနေရရင် သွားပြီပေါ့ ...။

ဒါပေမယ့်လည်း ... တစ်နေ့တစ်နေ့ ... နာရီတိုင်း စက္ကန့်တိုင်းမှာ ...
နေ့ဆိုတာတွေက ပျောက်ဆုံး ပျက်သုဉ်း ... ညတွေညတွေပဲ ဘဝတွေဖြစ်ခဲ့ရ ...
သန်းခေါင်ယံတွေကိုပဲ အဟာရအဖြစ် စားသုံးခဲ့ရသူပါ အကိုရယ် ...။

ယောက်ျားဆိုတာ ကျားတဲ့လား အကိုရဲ့ ...။
အဲဒီကျားတွေပဲ ကျွန်မတို့ရဲ့ အထိ အတွေ့ အယုအယအောက်မှာ ဝပ်ဆင်းသွားကြတာပါပဲ ...။
တစ်ကယ်တော့ ကျားတွေက ချစ်စရာပါ ... ရမ်းကားတဲ့သူပဲ မုန်းဖို့ကောင်းတာပါ ...။
မိန်းမဆိုတာက နူးညံ့မှကြိုက်တာလေ ... နော် ... အကိုရဲ့ ...။
ကြမ်းကြမ်းတမ်းတမ်း ရမ်းရမ်းကားကားနဲ့ အစားကျူးတဲ့ ကျားဘီလူး တွေကိုတော့ ရှောင်တယ် ...။
မတတ်သာလွန်းမှ တစ်ကြိမ် တစ်ခါပါပဲ ...။

ကျွန်မ ဒီဘဝရောက်တာလား ...
အင်း ... မှတ်မှတ်ရရ ... တစ်ခုသော ဒီဇင်ဘာ ... (၁၆) နှစ် ပြည့်ကာစပေါ့ အကိုရယ် ...။
အဲဒီတုန်းက ပေါက်ဈေးကတော့ ဖလန်းဖလန်းပဲ အကိုရဲ့ ...
သိတယ်မလား ... ဒီအရွယ်နဲ့ အသစ်ဆိုတော့ ...။
ပါကင်ဆိုတော့ လိုချင်လွန်းလို့ ဝိုင်းတောင် အလုခံရတဲ့ အခြေအနေ ...
အဲသလို စင်ပေါ်မှာနေပြီး ဟိုးအောက်ဆုံးကိုရောက်အောင် လမ်းဖေါက်ခဲ့တာ ကျွန်မပေါ့ ...။

ဒါပေမယ့် ...
အခုမှ ကျွန်မအသက် (၁၉) နှစ် ... သန်တုန်း မာတုန်း ... လှတုန်း ပတုန်း ... တောင့်တုန်း ဖြောင့်တုန်း ပါပဲ ...။
(၃) နှစ်ဆိုတဲ့ကာလ ... သန်းခေါင်ယံညတွေမှာ ... ကျားမှန်သမျှ ယုန်ဘဝ ပြောင်းပေးခဲ့တာ ...
ကျွန်မပဲပေါ့ အကိုရယ် ...။

သစ္စာတွေ မေတ္တာတွေ ဟုတ်လား အကို ... အချစ် ... ဟဟဟ ... အချစ်တဲ့လား အကို ...။
လှပါတယ် ... တစ်ကယ်ပါ ... စကားလုံးတွေပါ ...။ လူတွေက ဒီစကားလုံးတွေနဲ့ပဲ ... ဟန်ဆောင် လှည့်ဖြားနေကြတာ ...။
ကျွန်မ မှားချင်ရင်မှားမယ်လေ ... ဒီဘဝထဲမှာ ဒီစကားတွေကတော့ ဟာသတွေပဲ အကိုရယ် ...။
လှောင်တာ မဟုတ်ပါဘူးနော် ... ဒီစကားတွေကြားရတာ ဘာမှန်းမသိ အလိုလို နာကြည်းလာလို့ ...။

ဒီခေတ်ကြီးလည်း အကိုကြည့်ပါဦး ... ပေတံတွေ အများကြီးရှိရက်နဲ့ ငွေပေတံကပဲ စံတစ်ခုလိုဖြစ်နေပြီ ...။
ငွေပေတံနဲ့ တိုင်းမှ မှန်တယ်ထင်ကြတဲ့ခေတ် ...။
ငွေကိုလိုချင်ကြတယ် ... ငွေကလိုလည်းလိုတယ် ... ဒီလိုနဲ့ပဲ ငွေရှာကြတယ် ...။
သူတောင်းစားလည်း ငွေလိုချင်တာပဲ ...။ သူဌေးလည်း ငွေလိုချင်တာပဲ ...။ ကျွန်မလည်း ငွေလိုချင်တာပဲ ...။
ဒီတော့လည်း ငွေဆိုတာ ရှာရတော့တာပေါ့ ...။ လူမှန်ရင် ဒီတစ်ချက်တော့ လာတူကြတာချည်းပါပဲ အကိုရယ် ...။
ဟင်း ... ... ... မတူတာက ဘယ်လိုရှာကြလည်းဆိုတာပဲ ထင်ပါတယ် ...။

ကျွန်မ စဉ်းစားတယ် အကိုရယ် ... ပြည့်တန်ဆာရတဲ့ငွေ သန့်မသန့်ပေါ့ ...။
အချိန်ရတိုင်း စဉ်းစားမိတယ် ... သေသေချာချာ သုံးသပ်တယ် ...။
ဒါပေမယ့် ကျွန်မ အာမခံရဲတယ် အကို ... ကျွန်မရဲ့ ငွေတွေက သန့်ရှင်းတယ် ...။
ဒီငွေတွေဟာလေ ... ဘယ်သူ့ဆီကမှလည်း မခိုးထားဘူး ... အဓမ္မသိမ်းပိုက်ထားတာလည်းမဟုတ်ဖူး ...
ကလိမ်ကကျစ်ကျပြီး ရထားတဲ့ငွေတွေလည်း မဟုတ်ဖူး ...
ကျွန်မတို့ရဲ့ ငွေတွေဟာ ရောင်းသူဝယ်သူ ကြည်ဖြူလို့ ရလာတဲ့ငွေတွေပါ အကို ...။
ကျွန်မလက်ထဲက ငွေတွေအားလုံးအတွက် ကျွန်မ လိပ်ပြာသန့်တယ် ...။

ဒါပေမယ့် ရင်နာရတယ် ... သိပ်ခံပြင်းတယ် ... တစ်ကယ်ပေါက်ကွဲရတယ် အကိုရယ် ...။
ကျွန်မတို့ကို ဖာ ဆိုတဲ့ဘွဲ့ကြီးတပ် ... ပြည့်တန်ဆာ ဆိုတဲ့ဘွဲ့ကြီးတပ် ... ဝိုင်းနှိမ်လိုက်ကြတာများ ...
လူကို လူလို မမြင်လိုက်ကြပုံများ ... စကားလုံးအလှလှ သုံးတတ်တဲ့သူတွေ ... လူသားပီသပါလေစွ ...။
အဲဒီလူတွေ တွေ့ရင်လေ ... မျက်လုံးချင်းဆိုင် ... စူးစူးရဲရဲကြည့်ပြီး မေးလိုက်ချင်တယ် ...
ကိုယ့်လိပ်ပြာကို ကိုယ်လုံပါရဲ့လားပေါ့ ...။
ဖြစ်နိုင်ရင် ရတဲ့ငွေချင်းယှဉ်ပြီး လျှော်ဖွတ်ပြလိုက်ချင်တယ် ...။
သေချာတယ် ... ကျွန်မရှာတဲ့ ငွေတွေထဲကတော့ ...
သွေးစက်တွေ မျက်ရည်တွေ နာကျဉ်းမှုတွေ မတရားမှုတွေ ထွက်လာမှမဟုတ်ဖူး အကို ...။
ထားပါ အကိုရယ် ... တော်ပါပြီ ... အမုန်းမပွားချင်ပါဘူး ...။
ကြားဖူးနားဝ စာတစ်ကြောင်းတောင်ရှိသေးတယ် ...
ဘာတဲ့ ... "The customer is always right." ဆိုလားပဲ ...။ ဟ ဟ .. ဟ ဟ ...။

ကျွန်မတို့ဟာ ရပ်တည်ဖို့ ငွေလိုချင်ကြပေမယ့် ငွေကို မမက်မောပါဘူး ...။
ဒီငွေတွေက စားဖို့ သောက်ဖို့ ... လှဖို့ ပဖို့ ... ပြီးတော့ ကျွန်မတို့ရဲ့ ကျန်းမာရေး ... ဒါတွေအတွက် ရှာဖွေရတာတွေပါ ...။
ဆယ်သက်သုံးမကုန် ဖြုန်းမကုန်အောင် ငမ်းငမ်းတက် ရှာနေတာလည်း မဟုတ်ပါဘူး အကို ...။
ရှာဖို့ အခွင့်အရေးကလည်း မရှိဘူးလေအကိုရယ် ... မြန်မာပြည်မှာ အခွင့်အရေးဆိုတာက ကျွန်မတို့လိုလူတန်းစားနဲ့ ဘာဆိုင်တာမှတ်လို့ ...။
အခွင့်အရေးဆိုတာက အိပ်မက် ... သုံးစားလို့မရဘူး ... ငွေနဲ့လဲယူလို့မရဘူး ... မေ့ပစ်လိုက်တယ် ...။

လိုတဲ့ငွေကို ရှာတယ် ... ဒီကိုယ်ခန္ဓာနဲ့ ရင်းပြီးရှာတယ် ... သမာအာဇီဝပဲ ... ဘယ်သူငြင်းချင်လဲ ... ဘယ်သူငြင်းရဲလဲ ...။
ရတဲ့ငွေနဲ့ ကျွန်မ ရပ်တည်တယ် ... ပြီးတော့ ကျွန်မ လှူလည်းလှူပါတယ် ...။
အဲဒီလိုအခါမျိုးလေ ... ရင်ထဲမှာ တစ်မျိုးကြီးပဲ အကိုရယ် ... ပီတိဖြစ်တာလား ... ဝမ်းနည်းတာလား ... ဖေါ်မပြတတ်အောင်ပဲ ခံစားချက်က ပြင်းလွန်းတယ် ...။
မျက်ရည်တွေ အဲဒီအခါ ထိန်းမရတော့ဘူး အကိုရယ် ...။ ဘာကြောင့်မှန်း မသိဘူး ...။

ဘတ်စ်ကားမှတ်တိုင်မှာ ... ဓါတ်တိုင်အောက်မှာ ...
ဖင်လေးလှုပ် ခါးလေးနွဲ့ မျက်စပစ်ပြီး မထီတရီ ချိုအီအီလုပ်နေလို့ ...
ကျွန်မတို့တွေ ပျော်နေတယ်လို့တော့ မထင်လိုက်ပါနဲ့ ...
ပေါ့ပေါ့နေ ပေါ့ပေါ့စားဆိုပြီးတော့လည်း ... မှတ်ချက် မပေးလိုက်ပါနဲ့ အကို ...။
တစ်ကယ်တော့ ပြည့်တန်ဆာဘဝဆိုတာ ... နေ့တစ်ဓူဝ ရုန်းကန်နေရတာပါ ...။
သမာအာဇီဝ ငွေလေး ... တစ်ပဲနှစ်ပြားရဖို့ကို ... စိုးတစ်ထင့်ထင့်နဲ့ ရှာဖွေရတဲ့ ဘဝတွေပါ အကို ...။

ဘဝပေးမကောင်းခဲ့လို့ ... မရှိလို့ ... ခန္ဓာကိုယ်အသွေးအသားကို ရင်းနှီးပြီး ... ရှာဖွေစားရတဲ့သူတွေကို ...
မထင်ရင် မထင်သလို ဥပဒေကြီးကိုင်ပြီး ထောင်ထဲထည့်တာတော့ လွန်တာပေါ့အကိုရယ် ...။
ရောင်းသူ ဝယ်သူ ကြည်ဖြူ အဆင်ပြေနေတဲ့ပွဲမှာ ... ပေါများလို့ ဝယ်တဲ့သူတွေကို ဘာမှမလုပ်ပဲ ...
မရှိလို့ ရောင်းတဲ့သူကိုမှ ထောင်ထဲထည့်ကြတာ တရားသလား အကိုရယ် ... ဒါ တရားသတဲ့လား ...။

ဟားဟား ... မြန်မာ့လူ့အဖွဲ့အစည်းကို ပျက်စီးစေတယ် ဟုတ်လားအကို ...။
ရာဇဝင်ထဲမှာလည်း ကျွန်မတို့ရှိပါတယ် ... သမိုင်းမှာလည်း ကျွန်မတို့ရှိပါတယ် ...
အော် ... ဝေးတာတွေပြောလို့ လည်ကုန်ဦးမယ် ...
အခု ကမ္ဘာ့နိုင်ငံတိုင်းမှာလည်း ရှိနေတာပဲ အကို ...။ အဲဒီနိုင်ငံတွေဟာ ကျွန်မတို့လို ဖာတွေကြောင့် ပျက်စီးသွားကြပြီလား ... ဟင် ... ဖြေပါဦး ...။

မြန်မာပြည်မှာ ကျွန်မတို့လို ဖာတွေ မရှိအောင်ရှင်းချင်ရင်လည်း ...
လူတိုင်းလူတိုင်း ဖာတွေနဲ့ ကင်းအောင် ရှင်းအောင် နေလေ ...
အဲဒီ ဥပဒေဘက်တော်သားတွေကအစ ... ကင်းအောင် ရှင်းအောင် နေကြလေ ... မဟုတ်ဖူးလား အကို ...။
မလိုတစ်မျိုး လိုတစ်မျိုး ... အခုတစ်မျိုး တော်ကြာတစ်မျိုး စည်းကမ်းတွေ စီမံချက်တွေက ...
တစ်ကယ့် တစ်ကယ်တော့ ဘယ်သူ့ကိုမှအကျိုးမပြုပါဘူး ...။

လူကိုမုန်းတော့ မူကိုသုံးပြီး ကျွန်မတို့ကို ထောင်ထဲ ထည့်တယ် ...
လူကိုခင်တော့ မူကိုပြင်ပြီး ကျွန်မတို့ကို အိပ်ခန်းထဲ ထည့်တယ် ...
မျိုးစုံကို ထည့်တော့တာပဲ ကောင်းလေစွ ...။
ကျွန်မတို့ကတော့ တစ်ကယ့်ကို အခံဘက်ကချည်းပါ ...။
လုပ်တုန်းကလုပ်တော့လည်း ခံလိုက်ရတာပါပဲ ... လုပ်ချင်တာလုပ်တော့လည်း ခံလိုက်ရတာပါပဲ ...။
အော်ဟစ်ပြီး ရယ်ပစ်လိုက်ချင်တယ် ... အို အသင်လောက ... ပြည့်တန်ဆာဘဝ ဘယ်လောက်များလှလိုက်သလဲလို့ ...။

ကျွန်မက ကလိမ်စေ့ငြမ်းဆင်ပြီးပြောတာ မဟုတ်ပါဘူး ...
ဟိုး အရင့်အရင်ထည်းက ပြည့်တန်ဆာဆိုတာ ရှိပြီးသား ...။
ဒီဘက်ခေတ်ရောက်တော့ ကျွန်မတို့ကို ဖာ တွေလို့ခေါ်ကြပြန်တယ် ...။
ပြည့်တန်ဆာဆိုတာ ရှည်လို့များလား ...
ဒါမှမဟုတ် ကျွန်မတို့လူတန်းစားကို သက်သက်နှိမ်ချင်လို့လားတော့ ကျွန်မမသိဘူး ...။
ဒါပေမယ့် ... မြို့အင်္ဂါ ပြည့်အင်္ဂါထဲမှာ ကျွန်မတို့ပါတယ် ... ကျွန်မတို့မှာလည်း သမိုင်းနဲ့ ရာဇဝင်နဲ့ပါ အကို ...။
ပေထက်အက္ခရာတင်ထားတာ ... လေ့လာသူတိုင်း သိတယ် အကို ...။

အကိုက စာတွေဖတ်တော့ သိမှာပေါ့ ...
ကောင်မလေးတစ်ယောက် ... သူ့ရဲ့ ချစ်သူရည်းစား ရန်သူတွေနဲ့ တိုက်ရင်းနဲ့ သေသွားတဲ့အခါ ...
ကောင်မလေးက သူ့ချစ်သူအတွက် ကျူးကျော်သူတွေကို တော်လှန်ပစ်ချင်တယ်လေ ...
ရန်သူတွေကို ... သတ်ပစ်ချင်နေတာပေါ့ ...
ဒီလိုနဲ့ ရန်သူတွေကို ချည်းကပ်ရင်းနဲ့ အခွင့်အရေးရှာရင်းနဲ့ သူလည်း ပြည့်တန်ဆာဖြစ်သွားတယ် ...
နောက်တော့ ဆစ်ဖလစ်ရောဂါ ရလာရော ... သူက အဲဒီရောဂါကို မကုဘူး ... မွေးထားလိုက်တယ် ...
ပြီးတော့ ရန်သူတွေနဲ့ ဆက်တိုက်ဆိုသလို ဆက်ဆံတော့တာပဲ ... သူ့ရဲ့ လက်စားချေနည်းလေ ...
သူက ချောလည်းချော ဆွဲဆောင်မှုကလည်း အပြည့်ဆိုတော့ ...
အရာရှိတွေလည်း သူမှသူပဲ ဖြစ်နေတော့တာလေ ...
ဒီလိုနဲ့ သူ့ရဲ့ လူမသိသူမသိ လက်နက်နဲ့ ... ရန်သူတော်တော်များများကို ရောဂါကူးစက်စေပြီး ...
ရန်သူတွေအတွက် မရဏတံခါးကို သူကိုယ်တိုင် ကျယ်ကျယ်ဖွင့်ပေးခဲ့တယ် ...။
ဒါပေမယ့် သူ့ချစ်သူက မသေပဲ ပြန်တွေ့တဲ့အချိန်မှာတော့ ... သူက ဆေးရုံပေါ်မှာ ရောဂါကျွမ်းနေပြီ ...။
သူသတ်ခဲ့တဲ့ ရန်သူတွေ ဘယ်လောက်များလဲဆိုတာ သူ့ချစ်သူကို ပြောပြနေရှာတယ် ...။
သူဘယ်လောက်ပဲ ရန်သူတွေကို နှိမ်နင်းခဲ့ နှိမ်နင်းခဲ့ ... ... ...
ဒါပေမယ့် အကိုရယ် ... သူကလေ ... သူက ... သူ့ဘဝက ပြည့်တန်ဆာပဲ ...။
သူရဲကောင်းဖြစ်ခွင့် မရလိုက်ပါဘူး အကိုရယ် ... ချစ်သူရဲ့ စက်ဆုတ်ရွံရှာမှုတောင် ခံလိုက်ရသေးတယ် ...။
အသိအမှတ်ပြုခံရဖို့ဆိုတာတော့ ဝေလာဝေး အကိုရေ ...။
သြော်... ကျွန်မကြေကွဲရတယ် ... ပြည့်တန်ဆာဆိုတာ ဒီလိုတွေချည်းပါလားပေါ့ ...။
ဒီအကြောင်းလေးက အကိုတို့လို စာပေသမားတစ်ယောက်ပဲ ကျွန်မကိုပြောပြသွားတာ ...။
ကမ္ဘာကျော်တဲ့ ဝတ္ထုလေးတစ်ပုဒ်တဲ့ ...။
ကျွန်မဆီကို ဒီလိုလူတွေလည်း လာကြတယ်လေ အကိုရဲ့ ...။ လူတွေက အလွှာစုံပါတယ် ...။

စကားတွေ ကောင်းနေလိုက်တာနော် ...
ဒါပေမယ့် ပြောရဦးမယ် ... ကျွန်မကို ပြည့်တန်ဆာမှုနဲ့ ထောင်ချတယ် ... (၂) ခေါက်တော့ရှိပြီ ...။
စီမံချက်တွေ ဘာဘာညာညာတွေနဲ့ ... ခဏခဏ ဆွဲစိတာ မပါဘူးနော် ... ဒါ အကြီးစားကိုပြောတာ ...။
ဒီတစ်ခါတော့ ဒီကိုရောက်လာပြီ ... အဝင်မှာ ဖတ်လိုက်ရတယ် ...
အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန တဲ့ ...။

ထောင်ကျတာထက်တော့ ပိုကောင်းပါတယ် ... အစိုးရဌာန သုံးခုလောက်ပေါင်းပြီး ဖွင့်ထားတာလေ ...။
တစ်ကယ်တော့ အကိုမြင်တဲ့အတိုင်းပါပဲ ... ထောင်တစ်ခုလိုပါပဲ ...။
ပြည့်တန်ဆာမှု ... ဟိုအမှု ... သည်အမှု နဲ့ ထောင်ကျတဲ့သူတွေ ဆေးစစ်တယ် ...။
HIV Positive တွေ့ရင် ဒီကိုပို့တယ် ... ... ...။

ဒီမှာက ဇာပန်းထိုး ... စက်ချုပ် ... သစ်ပင်စိုက် ... ဘာသာရေးကအစ အကုန်သင်ပေးတယ် အကို ...။
ပြီးတော့ စာလည်း သင်ပေးသေးတယ် အကို ...။
ဒါပေမယ့် ဒီမှာက ကျွန်မတို့ကို (၁) နှစ်ထက် ပိုပြီး ထားခွင့်မရှိဘူး ...။
ဒီတော့လည်း (၁) နှစ်ပြည့်သွားရင် ကျွန်မတို့ ပြန်လွှတ်ရတယ် ... ... ...။
စောစောကပြောသလိုပေါ့ ... သင်ပေးတယ်ဆိုတော့ ပညာပေါ့ အကိုရယ် ...။
ဒါပေမယ့် ကျွန်မတို့က ပြည့်တန်ဆာတွေလေ ... ပညာတတ်ဘွဲ့ရတွေမှ မဟုတ်တာ ...။
ဒီနိုင်ငံမှာ ပညာတတ် ဘွဲ့ရတွေတောင် အလုပ်လေး တစ်ခုရဖို့ အနိုင်နိုင်ရယ် ...
ဖာသည် ထောင်ကထွက်တော့ ဘာဖြစ်ဦးမှာတုန်း ... ဖာသည်ပဲပေါ့ ...။

ကျန်တဲ့သူတွေလည်း ဒီလိုပဲလေ ... ဒီကိုလာ ... ဒီကထွက် ... ဒီဘဝပဲပြန်ရောက် ...။
တစ်ကယ်တော့ စနစ်တွေကိုက အများကြီးလိုတယ် အကိုရယ် ... အခုဟာက ပြီးပြီးရော နိုင်လွန်းတယ် ...။
အခုဆိုကြည့် ... ကျွန်မက HIV Positive နဲ့ ...
ဒါပေမယ့် ကျွန်မတော့ ဒါဖြစ်နေပါပြီလို့ လျှောက်ပြောမှာမဟုတ်ဖူး အကို...။
ဒီတော့ ကျွန်မ Condom လေးတွေ အမြဲဆောင်ထားတယ် ... ဒါ အခုမှမဟုတ်ဖူးနော် ...
ကျွန်မ ဒီဘဝထဲရောက်လို့ လုပ်သက်လေးရပြီး အတွေ့အကြုံရှိလာတဲ့အခါတည်းက စပြီး ဆောင်ထားတာ ...။
နောက်တော့ အဲဒီ Condom ကိစ္စ ပြောပြဦးမယ် ... ဘယ်လောက် ခံပြင်းဖို့ကောင်းလိုက်လဲဆိုတာ ...။

အခုတော့ ကျွန်မ ... ကျန်းမာရေးကို အရင်ထက် ပိုဂရုစိုက်တယ် ...။ ကိုယ် သောက်ရမယ့်ဆေးကို ညွှန်ကြားချက်အတိုင်း ဝယ်လို့ရရင်သောက်တယ် ...။
NGO တွေလား ... တစ်ခါတစ်ခါ လာတတ်ပါတယ် ... ဒါပေမယ့်အကိုရယ် ... ဆေးဝါး မလုံလောက်တာတွေ ...
ကျွန်မတို့ မသိရတဲ့ အခက်အခဲတွေ ... အို ... ပြဿနာတွေက စုံလို့ အကိုရယ် ... ဒီလိုတွေနဲ့ ဒီဘဝတွေထဲက ဘယ်လိုများ ရုန်းထွက်နိုင်ဦးမှာလဲ အကိုရယ် ...။

အမျိုးသားရေးအသွင် ... ဟုတ်လား ... စကားလုံးတွေကတော့ ခန့် .. ငြား .. ထယ် .. ဝါ .. ပါတယ် အကို ...။
ဒါပေမယ့် ထိရောက်မှုမှမရှိပဲ ... ကျွန်မတို့က အမြင်အတိုင်း ကျွန်မတို့ပဲလေ ... ပြောင်းလဲမှုမရှိ ...။
အသစ်လေးတွေတောင် ဈေးကွက်ပေါ်မှာ စီစီရီရီရယ် ...
သူတို့လေးတွေအတွက်လည်း တစ်ကယ်ပါ ... စိတ်မကောင်းဘူး ...။
ဒါပေမယ့်လည်း သင်ပေးရတာပေါ့လေ ...။

သြော် ... ဟဟ ... တစ်မျိုးမထင်ပါနဲ့ အကိုရယ် ...
ကျွန်မတို့လို မဖြစ်အောင်ပေါ့ ...
ဒီဘဝထဲရောက်နေပြီဆိုပေမယ့် ဒီထက်ဆိုးတဲ့ အခြေအနေမျိုး မဖြစ်အောင်ပေါ့ ...
ပြည့်တန်ဆာဘဝကို ပြည့်တန်ဆာပဲ ကိုယ်ချင်းစာနားလည်နိုင်တယ် အကို ...။
ဒီ့အပြင်လူ နားလည်ပါတယ် ကိုယ်ချင်းစာပါတယ်ဆိုတာ ...
ဒီဘဝထဲကလူလောက်တော့ မဖြစ်နိုင်ပါဘူး ... မစစ်နိုင်ပါဘူး ...။

ဟုတ်တယ် အကို ... နောက် တစ်ပတ် နှစ်ပတ်လောက်ဆို ကျွန်မကို ဒီကနေ လွှတ်ပေးတော့မယ် ...။
ဒီမှာလေ ... သိလား ... အသိုင်းအဝိုင်းကောင်းပြီး ရောက်လာတဲ့သူတွေလည်း ရှိတယ် ...။
ဟဟ ... ဝါသနာပါလို့လား ဆိုတာတော့ ... ကျွန်မလည်း နားမလည်ပါဘူး ...။
ကိုယ်ကတော့ လူငယ်ဆိုတော့ ငွေရတယ် ... ဝတ်မယ် ... စားမယ် ... ပျော်မယ်ပေါ့လေ ... ဒါနဲ့ပဲ ဒီဘဝထဲ ... ဟင်း ...။

ဟင် ... မဆင်းရဲရင် ... ပညာတတ်ရင် ဟုတ်လား အကို ...။ ဟိုမှာလေ ... သူတို့က တက္ကသိုလ်ကျောင်းသူလေးတွေ ...
ဒီ့အပြင် တစ်ခြားသူတွေလည်း ရှိသေးတယ် ... မပြောတော့ပါဘူး ...။ ဟုတ်တယ်နော် ... စဉ်းစားစရာပဲ ...။ ပြီးတော့ မိန်းကလေးတိုင်း ဖြစ်မှ မဖြစ်ပဲ ...။

အဖြစ်နိုင်ဆုံးကတော့ ဆင်းရဲမွဲတေမှုကြောင့်လို့ ထင်တယ် အကို ...။
အဲ ... ရှိသေးတယ် ... မြန်မာပြည်မှာက ဈေးပေါတယ်တဲ့ ...။ အဲဒါ နိုင်ငံခြားသားတွေ ပြောပြတာ ...။

ဟုတ်တယ် အကိုရယ် ... အခုတော့ နေရာတော်တော်များများ ပွင့်လင်းလာတယ် ...။
မရှိဆင်းရဲ ပညာတတ် သမီးပျိုလေးတွေ အတွက်တော့ အရမ်းရင်လေးတယ် အကိုရယ် ...။

ပြည့်တန်ဆာဘဝ ပြည့်တန်ဆာခံစားချက်က သိပ်ပဟေဠိဆန်တယ် ...
ကိုယ့်အသိုင်းအဝိုင်း ကြီးထွားမလာစေချင်ဘူး ...
အသစ်အသစ်တွေ ရောက်မလာစေချင်ဘူး ...
ကိုယ့်လို သူများကို မဖြစ်စေချင်တဲ့စေတနာ ...။
ကျွန်မတို့ဘဝက တစ်ကယ်ကြမ်းတယ်လေ ... အခုဆို HIV Positive တောင်ပြနေပြီ ...။

Condom ကိစ္စပြောရတော့မယ် ... စောစောကပြောသလိုပဲ ... ဟိုတုန်းထဲက ကျွန်မသုံးတာပေါ့ ...။
ယောက်ျားသုံးရော မိန်းမသုံးရော နှစ်မျိုးစလုံးဆောင်ထားတယ် ...။ တစ်ချို့ကလည်း မကြိုက်ဖူးအကိုရယ် ... ဘယ်လိုပြောပြောမရဘူး ...။
ကျွန်မပြောခဲ့တဲ့ ကျားဘီလူးဆိုတာ အဲဒါမျိုးတွေလည်း ပါတာပေါ့ ...။

ပြီးတော့လေ ... သိပ်ရင်နာဖို့ကောင်းတဲ့အဖြစ် ...
ကျွန်မတို့က ကိုယ့်အလုပ်နဲ့ ကိုယ့်အသိစိတ်ဓါတ်နဲ့ Condom ကိုဆောင်ထားတယ် ...။
အဲဒီမှာ စီမံချက်နဲ့ လိုက်ဖမ်းလို့ကတော့ အဲဒီ Condom က သက်သေပဲ ... အဲဒီမှာ သွားရောပဲ ...။
ဒီမိန်းမ ဒီမှာတွေ့လား ... Condom ဆောင်ထားတယ် ... မငြင်းနဲ့ ... ဝင်ပေတော့ပဲ ...။
ကဲ ... အကို ... စဉ်းစားသာကြည့်ပေတော့ ... အဲဒါ ကျွန်မတို့ရဲ့ ဘဝပဲ ...။
စနစ်မရှိ စည်းမရှိ ... လုပ်ချင်တိုင်းလုပ်နေတဲ့တိုင်းပြည်မှာ ဖာချင်းယှဉ်ရင်တောင် ကိုယ်က ဟိုး ... အောက် ...။
သိပ်ရင်နာဖို့ကောင်းတယ် ... ... တစ်ကယ် ... ...။

တစ်ခုတော့ သတိပေးရဦးမယ် အကို ... ဗဟုသုတပါ ...။
သာမန် မိန်းကလေးတစ်ယောက်ကို ... မသင်္ကာလို့ စစ်လားဆေးလားလုပ်ရင် Condom တွေ့လို့ကတော့ ...
ရိုးရိုးသားသား ဆောင်ထားတဲ့သူကိုတောင် ဖမ်းလို့ရတယ်နော် ...။
ရောဂါ ကာကွယ်ရေး ပစ္စည်းကို ကိုင်ဆောင်မှုနဲ့ ဖမ်းတာ ဒီတစ်နိုင်ငံပဲ ရှိမယ် ထင်ပါရဲ့ အကိုရယ် ...။
ယောက်ျားတွေကိုင်တာကျတော့ ဘာမှမဖြစ်ဖူး ...။
အဲဒါ သတိထားဖို့ပြောတာ ...။
မြန်မာပြည်မှာ မိန်းမနဲ့ ယောက်ျား တန်းတူအခွင့်အရေးရှိတယ်ဆိုတာ ...
ဟဟ ... ဘယ်လိုပြောရမလဲပေါ့နော် ... အဲဒါတွေသာကြည့်တော့လို့ ပြောရတော့မှာပဲ ...။

ပြောရရင် အများကြီးပါပဲ အကိုရယ် ...။ မရှိလို့ လုပ်စားပါတယ်ဆိုမှ ဟိုလူကြောက်ရ ဒီလူကြောက်ရနဲ့ ...။
အသိုင်းနဲ့ အဝိုင်းနဲ့ အကာအကွယ်နဲ့ လုပ်စားပြန်တော့လဲ ...
ကျွန်မတို့ရတာက နည်းနည်းရယ် ... ခေါင်း ဆိုတဲ့ဟာတွေကမှ ငွေရများသေးတယ် ...။
သူတို့ကလည်း သူတို့ဆင်ခြေနဲ့ သူတို့ ... လိုင်းကြေးတွေ ဘာတွေနဲ့ပေါ့ အကိုရယ် ... သိတယ်မဟုတ်လား ...။

ဟုတ် ... အကို ...။ ဒီက ပြန်ထွက်ရင် ဒါပြန်လုပ်ဦးမလားဆိုတော့ ... မလုပ်တော့ပါဘူးလို့ စဉ်းစားထားတယ် ...။
စုဆောင်းထားတာလေးတွေနဲ့ ရပ်တည်ကြည့်မယ် ...။
လုပ်ဖေါ်ကိုင်ဖက်တွေနဲ့လည်း တိုင်ပင်မှာပေါ့ ... သူတို့လည်း ဘယ်သူမှ ဒီဘဝကြီးကို တပ်မက်နေတာမှမဟုတ်ပဲလေ ...။

အကယ်၍များပေါ့ ... ဒီလောကထဲ ပြန်ရောက်သွားရင်လည်း ... အလုပ်လုပ်ရင် စည်းကမ်းပိုပြီးတော့ ထားရတော့မယ် ...။
Condom ကိုတော့ မဖြစ်မနေ သုံးမှရတော့မယ် ... ကျွန်မက ကိစ္စမရှိတော့ဘူးလေ ... ထမင်းရှင်တွေက အရေးကြီးတယ် ...။
စောစောက ပြောပြတဲ့အထဲကလို ... ရန်သူတွေနဲ့ ဆက်ဆံနေတာလည်း မဟုတ်ဖူး ...။ ကိုယ့်ကြောင့် သူများကို ဒုက္ခမရောက်စေချင်ဘူး ...။

ကျွန်မ ဒီထက် သတ္တိရှိလာရင်တော့ ပွင့်ပွင့်လင်းလင်း ကြေငြာလိုက်မယ် ...။ ဒါပါပဲ အကို ...။

ဟုတ် ... ဘာပြောချင်သေးလဲ ... ဟုတ်လား ...။
အကိုကတော့ တစ်ကယ် နားထောင်ပေးနိုင်တဲ့သူပဲ ...။ ကျေးဇူးတင်ပါတယ် အကိုရယ် ...။

ပြောဆိုလို့ ပြောမယ်နော် ... အခု နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာပြီ ...
တော်တော်များများ ပွင့်လင်းလွတ်လပ်တယ်ပေါ့လေ ...
ဒီတော့ ပြည့်တန်ဆာဥပဒေကို ပြန်စဉ်းစားသင့်ပြီထင်တယ် ...။
ခေတ်တိုင်း စနစ်တိုင်းမှာ ပြည့်တန်ဆာဆိုတာ ရှိနေမှာပဲ အကို ...။
လုံးဝ အမြစ်ပြတ်နှိမ်နင်းနိုင်ရင်တော့ ကျွန်မတို့လည်း ကြိုဆိုမှာပါ ...။
ဒီလိုမှ မလုပ်နိုင်သေးရင်တော့ ... ပြည့်တန်ဆာဥပဒေကို ပြင်သင့်တာတွေ ပြင် ...
စည်းကမ်းရှိရှိ ... စနစ်ကျကျ ... ဆေးစစ်တာတွေ ... မှတ်ပုံတင်တာတွေ လုပ်သင့်ပြီထင်တယ် အကို ...။
ပြည့်တန်ဆာတွေကို စောင့်ရှောက်နိုင်အောင် တရားဝင် မှတ်ပုံတင်ခိုင်းဖို့ လိုပါပြီ ...။

ဥပဒေဆိုတာ နိုင်ငံသားတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့လေ ...
ဒီအတိုင်းပဲ ဖြစ်ရမှာမဟုတ်လား အကို ...
အဲဒီလိုမဟုတ်ပဲ ဥပဒေဆိုတာ နိုင်ငံသားတွေကို ပါးပါးလှီး နားရင်းတီးပြီး ထောင်ချောက်ဆင်ဖို့ ဗျင်းဖို့ဆိုရင်တော့ ...
အကိုပြောပြောနေသလိုပဲ ... အဲဒါ ဥပဒေမဟုတ်တော့ဘူး ... တရားဥပဒေလို့ မခေါ်တွင်နိုင်တော့ဘူး ...
အဓမ္မဝါဒဖြစ်သွားပြီ ...။

ကျွန်မ မဏ္ဍပ်တိုင်တက်တာ မဟုတ်ဖူးနော် အကို ... ဒီကိစ္စကို ကျဉ်းကျဉ်းလေး မတွေးစေချင်ဘူး ...။
လူတွေကို အမြင်မကျဉ်းစေချင်ဘူး ...။
သေသေချာချာ စဉ်းစားကြည့်ပါ ... ကျွန်မတို့လည်း မြန်မာနိုင်ငံသားတွေပါ ...
တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ရှိကိုရှိသင့်တယ် ...။ ဟုတ်တယ် မဟုတ်လား အကို ...။
ဒီလိုလုပ်တော့မှ နောက်ဆက်တွဲ ပြဿနာ တော်တော်များများကို ဖြစ်မလာအောင် တားဆီးနိုင်မှာ ...။
ဆေးစစ်တာတွေလည်း မှန်မှန်ကန်ကန်လုပ်ပြီး မှတ်တမ်းမှတ်ရာတွေ ပြုစုထားစေချင်ပြီ ...။

ရောဂါရှိမရှိဆိုတာ ဘယ်သူမှ အမြင်နဲ့ ဆုံးဖြတ်လို့ မရဘူးလေ ... ဟုတ်တယ်မလားအကို ...။
ကျွန်မတောင် ရောဂါရှိတဲ့အကြောင်းပြောလိုက်တော့ အကို အံသြသွားတယ်မလား ...။
အပြင်မှာတွေ့ရင်တောင် သူသူကိုယ်ကိုယ် ခွဲမရဘူးလေ ...
ကျွန်မတို့လို တစ်ကိုယ်ရေ သန့်ရှင်းရေးကအစ ခြေဆုံးခေါင်းဆုံး ဂရုစိုက်တဲ့သူတွေဆို ... အမြင်အတိုင်းပဲ လန်းနေတာပဲ မဟုတ်လား ...။

အဲဒါပဲ အကို ... ဒီကထွက်ပြီး ဒီဘဝထဲရောက်မယ့်သူ ဘယ်လောက်ရှိမလဲ ...
ကျွန်မလည်း မခန့်မှန်းနိုင်ဘူး ... အကိုလည်း မခန့်မှန်းနိုင်ဘူး ... သိပ်ကြောက်စရာကောင်းတယ် ...။
စည်းနဲ့ စနစ်နဲ့ သေသေချာချာ လုပ်ပေးပါလို့ပဲ ကျွန်မ တောင်းဆိုချင်တယ် အကိုရယ် ...။

ဟဟဟ ... အကိုရယ် ... ကျွန်မရုပ်ရည်နဲ့ ယောက်ျားကောင်းတစ်ယောက် ရနိုင်တယ်တဲ့လား ...။
တစ်ထောင်မှာ တစ်ယောက် ကောင်းကောင်းဆွဲထုတ်ပြီး တည်တည်တံ့တံ့ ပေါင်းသင်းနိုင်သတဲ့လား ...။
အကိုကလေ ... စိတ်ကူးသိပ်ယဉ်တတ်တာပဲ ... ကျွန်မက ပြည့်တန်ဆာပေမယ့် မိန်းကလေးပါအကိုရယ် ...။
ပိုပြီး စိတ်ကူးယဉ်တတ်တာပေါ့ ...။

ဒါပေမယ့် ... ဒီအချိန်မှာ ဒါမျိုးပြောရတာ ရယ်စရာကြီးပါနော် ...။
ကျွန်မ ယောက်ျားတွေ အများကြီး ရခဲ့ပြီးပြီပဲ အကိုရယ် ... ... ...။
စိတ်ကူးယဉ်ဖို့ထက် လက်တွေ့ဘဝကိုရင်ဆိုင်ဖို့ ကျွန်မသတ္တိမွေးရတော့မယ် ...။

ဘာပဲဖြစ်ဖြစ် အခုလိုတွေ့ရတာ ပြောခွင့်ရတာ အတိုင်းမသိဝမ်းသာပါတယ် ...။
ကျေးဇူးတင်ပါတယ် အကိုရယ်...။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မြန်မာပြည်မှာ ပြည့်တန်ဆာဥပဒေ တကယ်ရှိပီး အဆိုပါကောင်မလေးတွေ အဆင်ပြေကြပါစေ။

Sunday, December 23, 2012

Sunday ဈေးဝယ်ခြင်း

မိဆိုးတို့က ဈေးဝယ်မယ်ဆိုလျှင် အဝတ်အစားထက် အစားအသောက်က ပိုများပေသည်။ ဝယ်လွန်းမက ဝယ်လွန်းတော့လည်း မိဆိုးရေခဲသေတ္တာမှာ အစဉ်ပြည့်လေသည်။
အခြောက်အခြမ်း နှင့် အသားငါးတို့မှာ ဝယ်သမျှ ဘာမျှမဖြစ်သော်လည်း အသီးအရွက် တို့မှာမူကား မိဆိုးဝယ်သမျှ ဟင်းအဖြစ်မရောက်ရှာရကား အမှိုက်ပစ်ရက်တိုင်း ညှိုးလျော်ဝမ်းနဲစွာ လက်ပြ တတ်ကြသည်။ မိဆိုးက အသီးဝယ်လျှင်လဲ ငပျင်းမဆိုတော့ အခွံခွါပီး စားရမှာ အလွန်ပျင်းသည့်အလျှောက် ပန်းသီး သစ်တော်သီးတို့မှာ လနှင့်ချီကာ မိဆိုးရေခဲသေတ္တာမှာ နေရာယူလေသည်။ အချိန်တန်တော့လဲ သူတို့သည်လည်း အမှိုက်ပစ်ရက်ကို မျက်စပစ်ကြသည့်ပေါ့။ ထိုရောအခါ အချစ်နှင့် မိဆိုး ပြဿနာတက်လေတော့သည်။ အချစ်က အဲဒါမျိုးလွှင့်ပစ်ရတာကျတော့ နှမျောသည်။ မိဆိုးက ...ဒါမျိုးကျတော့ သိပ်မနှမျှောတတ်။ ဘာပဲဖြစ်ဖြစ်.. မိဆိုးသည် နောင်သောအခါ ဟင်းသီးဟင်းရွက် နှင့် အခွံခွါရသော အသီးအနှံများကို တော်ယုံ မဝယ်တော့ပါ။

ဒီတော့ ဟင်းသီးဟင်းရွက် ဆိုလျှင် စားချင်လျှင် ၂ရက်စာလောက်ပဲ ဝယ်ထားတော့သလို အသီးဆိုလျှင်လဲ ပန်းသီး သစ်တော်သီးများဆို ဝေးဝေးရှောင်လေသည်။ အကြောင်းမူ သူတို့ကို ဝယ်လျှင် ဘုရားဆွမ်းတော်တင့်သည့် အလုံးကိုသာလျှင် ခွဲ၍ ပူဇော်သော်ငြား ကျန်အလုံးများမှာ အမှိုက်ပုံးနှင့်ညားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မိဆိုး ဝယ်လေ့ရှိသော သစ်သီးမှာ စပျစ်သီး သင်္ဘောသီး  သရက်သီး ငှက်ပျောသီး လိမ္မော်သီး စပျစ်သီး တခါတလေ စတော်ဘယ်ရီပေါ့ ဝယ်လေ့ရှိသည်။ ကျန်အသီးများ မျက်စတောင်မပစ်ချေ။

ဟင်းသီးဟင်းရွက်ဆိုလျှင် ကြာရှည်ခံသော မုန်လာဥနီ ဥဖြူ ကိုတော့ ကြာရှည်ခံလို့ဝယ်ပါသည်။
အသား ငါးဆိုလျှင်တော့ လာထား။ တွေ့သမျှ ပေါချောင်ကောင်းသမျှ ဝယ်လေသည်။ မိဆိုး တခါ ဈေးဝယ်ထွက်လျှင် လူမြင်လို့ မကောင်းအောင် အထုပ်အပိုးတပွေ့တပိုက် လက်၂ဖက်လုံးမအားအောင် ကိုင်ရသည့်အပြင် လက်ပါ ညောင်းညာကိုက်ခဲလေသည်။ မိဆိုး အကြိုက် ဈေးများကိုပြောပါဆိုလျှင် အုအဲနိုရှိ အာရှဈေးဆိုင်တန်းကို အလွန်ကြိုက်သည်။ ထိုနေရာက မိဆိုး အိမ်နှင့် အတော်ဝေးသည့်အတွက် မိဆိုးသည် ရောက်သည့်အခါတိုင်း တွေ့သမျှ အငမ်းမရ ဝယ်လေသည်။ ဝက်သား အသားမျိုးစုံနှင့် ဝက်နံရိုး ကလီစာပါမကျန် ခြေထောက် နားရွက် အပါအဝင် ဝယ်သည်။ ထို့ပြင် ပုစွန်အသေးတွေ့ပါကလည်း လက်မနှေး ။ ပုစွန်ထုပ်တွေ့ပါကလည်း အလွတ်မပေး။ ကြက်ခြေထောက်ဆိုလည်း လာထား။ ကြက်ပေါင်ဆိုလဲ မပါလို့မဖြစ်နှင့် ဆိုတော့ တွေးကြည့်ပါလေ...။ ဒါတောင် ဂဏန်းလိုချင်သော်လည်း အရှင်လတ်လတ်ဆိုတော့... မထိရဲ မတွေးရဲ မစားရဲလို့သာ..။
ဒါမျှနှင့်မကျေနပ်သေး  ဆန်ကြာဇံထုပ်ကလေး ပြေးဝယ်သလို ငရုတ်သီးစိမ်း နံနံပင်ပါမလွတ်။ တရုတ်ငရုတ်ကောင်း လေးလဲပါသေးသည်။ ဒါတောင် ငါးပိ ငန်ပြာရည်တွေဘာတွေက အိမ်နားမှာ နီးလို့ မဝယ်ဖြစ်ပေ။  ပီးတော့ ဝက်ခေါက်ကြော်လေး ဝယ်ချင်သည့်အခါ ဝယ်သလို ငါးခြောက်ကလေးလဲ တခါတလေ ဝယ်သည်။ သဘောင်္သီးအစိမ်းဆိုလဲ လက်မနှေး။ ဒီတော့ တယောက်တည်း များပြားလှသည့် ပစ္စည်းမျာကို မနိုင်မနင်းနဲ့ လတ်စသတ်ရပီ။ အဲ့ဒီကနေဘူတာအထိ လမ်းလျှောက်။ တွေ့သည့် အသီးဆိုင်မှာ ပေါလို့ စိတ်က ဝယ်ချင်သေးသည်။ သို့သော် ကိုင်စရာ လက်မရှိတော့သလို ဝယ်သမျှအထုပ်တွေက နဂိုပုသော အရပ်ကို ပိုပုစေသည်။ သူကတော့ ထိုအဖြစ်မျိုးကို မြင်လျှင် လက်ခံမှာ မဟုတ်ပဲ အဆူခံရမည်မှာ သေချာလေသည်။း)

ဒီနေ့လည်း ဈေးဝယ်ထွက်ပြန်ပါပီ။ မိဆိုးအကြိုက် နောက်တနေရာကတော့ ရှင်အိုခုဘို့ ဖြစ်လေသည်။ ထိုနေရာမှာ အသီးအရွက်လည်း ဝယ်လို့ကောင်းသည်။ အခြောက်အခြမ်းလဲ ဝယ်လို့ကောင်းသည်။ ဈေးအလွန်ချိုသည်။ မိဆိုးတို့အကြိုက်ပေါ့။ သိပ်မကြာခင် လွန်ခဲ့သော ၃လလောက်က  မိဆိုး နေရာအသစ်တွေ့ထားသည်။ ရှင်းအိုခုဘို့ဘူတာကနေ တည့်တည့်ဆက်ထွက်ပါက ကိုရီးယားအလှပြင်ပစ္စည်းများ အပြင် စားသောက်ဆိုင်များ ဟင်းချက်စရာများ နှင့် စုံလင်စည်ကားလှသော Korea Town ကိုတွေ့ရှိထားလေသည်။ မိဆိုးအကြိုက်ပေါ့။ အလှပြင်ပစ္စည်းကတော့ မိဆိုး သိပ်မသိသော်ငြား အစားအသောက်တွေကတော့ မိဆိုးစိတ်ကြိုက်မွှေသည်ပေါ့။


ဒီနေ့ မိဆိုးဝယ်နေကျဆိုင်မှာ ကမ်ချီခေါက်ဆွဲထုပ် ရေညှိ ချိခဲပေ့စ် တဇောင်းလက်ပတ်ဖျော်ရည် ကင်မ်ချီ ငါးအသေးလေး ဒါတွေက ပုံမှန်ဝယ်ဖြစ်သည်။ ထိုဆိုင်မှာ ကမ်ချီနှင့် အခြားသာ ကိုရီးယား စာတွေကို အမြည်းအဖြစ် တဝတပြဲ စားလိုက်သေးသည်။ ရေငတ်လျှင်လည်း ပန်းသီးဖျော်ရည်လေး ပြေးသောက်လိုက်သေးသည်။း) ထိုဆိုင်က ဝန်ဆောင်မှူပေါ့လေ..။
အဲ့ဒီဆိုင်က အပြန် ဝယ်နေကျ ဆိုင်မှာ သကြား၊ ဆား၊ ဆာခုရာပုဇွန်ခြောက်ထုပ်၊ ငရုတ်သီးအတောင့်ရှည် ၊ ငရုတ်ဖတ်လတ်ဖတ်လတ် ၊ မိဆို့ငါးဗူး၂ဗူး၊ ဆူနာငါးဗူး၊ တုန်ယမ်းချဉ်စပ်ခေါက်ဆွဲထုပ်ကြီး၊ တုမ်ယန်းချဉ်စပ် ကြာဆံထုပ်ကြီး၊ငရုတ်ဆော့ ၊ ပီးတော့ sweet chile sauce၊ ချိခဲခေါက်ဆွဲအသေးတထုပ်၊ ဆို့မန်ဟုခေါ်သော မုန့်ဟင်းခါးဖတ် အထုပ်ကြီး ၂ထုပ်၊ ဗီယက်နမ်ခေါက်ဆွဲခြောက် ( ရှမ်းခေါက်ဆွဲချက်ရင် သုံးဖို့) ၂ထုပ်၊ မိဆို့ဟင်းချိုထုပ်ကြီး ၁ထုပ် ပီးတော့ ရေခဲမုန့် ။ ကဲ... အဆိုပါ ပစ္စည်းတွေကို မိဆိုး ဘယ်လိုသယ်မလဲ။ စုစုပေါင်း အထုပ်၎ထုပ်။ ဒါတောင် ယန်း၁၀၀ဆိုင်က စာအုပ်သေးတအုပ်နှင့် ပြက္ခဒိန်လေးတစ်ခု ဝယ်ထားတာကို ကိုရီးယားဆိုင်က အထုပ်တွေနှင့် ရောထည့်ထားလိုက်ပေလို့။
ဒါတောင် အသီးအရွက်ဖက်မလှည့်ခဲ့ရသေးဘူး။နောက်နေ့မှ သွားဝယ်ရဦးမယ်။


အဲ့ဒီဆိုင်ကို မိဆိုးက စက်ဘီးလေးတွန်း၍ သွားခဲ့သည်။ မိဆိုးက စက်ဘီးကို စီးခြင်းမဟုတ် စက်ဘီးကသာ မိဆိုးကို စီးခြင်းဖြစ်သည်။ ဒီတော့ ပုံမှန် စက်ဘီးစီးရင် မိနစ် ၂၅ လောက်ဆိုရောက်ရပေမဲ့ မိဆိုးက မိနစ်၃၀ထက်မနှေးသော ခြေလှမ်းဖြင့် အိမ်ပြန်လာလေသည်။ စက်ဘီးနှင့် မိဆိုးပစ္စည်း ဒီအခေါက် ပို ပြဿနာကြီးသည်။ ပစ္စည်းက ၄ထုပ်ဆိုတော့ အရှေ့မှာ တထုပ်ထည့်။ အိုကေ ။ အနောက်က ကယ်ရီယာမှာ တထုပ်တင်တော့ စက်ဘီး လဲပါလေသည်။ လမ်းသွားလမ်းလာများက မနေနိုင်တော့ မိဆိုး စက်ဘီးကို ကူမပေးသလို ပစ္စည်းတွေကို စင်ပေါ်တင်ပေးလေသည်။ မိဆိုး အကြံထုတ်ရပီ။ စက်ဘီးနှင့် ဒီပစ္စည်း ဘယ်လိုစီစဉ်ရပါ့...။ အို..ဘာရမလဲ မိဆိုးပဲဟာ ဆိုပီး စက်ဘီးကို လမ်းဘေး သံတန်းတွေဆီကို အားပြုထောက်လိုက်သည်။ အထုပ်ကြီးကို ရှေ့ကိုထည့်။ အိုကေ။ ဘေး ၂ဖက်မှာ အထုပ်ကို တဖက်တထုပ်ချိတ်။ နောက်ဆုံး ခပ်ကြီးကြီးတထုပ်ကို ကယ်ရီယာပေါ်တင်။ ကြိုးကမပါတော့ သော့နဲ့ချည်သလိုလုပ်ပေမဲ့။ အဆင်ကမပြေ။ ပြန်ပြုတ်ကျပြန်ရော။ ဒီတော့ မိဆိုးလဲ ဘာလုပ်ရမလဲ စဉ်းစားတော့မှ။ မိဆိုးပဲဟာ... ကြွပ်ကြွပ်အိတ်တထပ်ကို ထိုင်ခုံနဲ့ ချိတ်ပလိုက်တာပေါ့။ အဆင်ကိုပြေလို့..။ ဒီတော့မှ ရေခဲမုန့်ဖောက်စားလိုက်တယ်။ အဲဒါစားလို့ မအေးဘူးထင်ရင်မှားမှာပေါ့။ ၆ ပဲရှိပါတယ်။ ဒါမဲ့...စားမှာပဲ စားမှာပဲ။ အဲ့ကနေမှ စက်ဘီးကို တွန်းပီး ပြန်လာခဲ့ပါတယ်။

မိဆိုးတို့ဆီမှာ နှစ်ကူးနားရက်မှာ အဲလိုဆိုင်တွေက ပိတ်တတ်တော့ ဈေးဝယ်ထားမှ အဆင်ပြေပါတယ်။ ဘဏ်တွေလဲ ပိတ်တော့ ပိုက်ဆံတွေကြိုထုတ်ထားမှလဲ အဆင်ပြေပါတယ်။ အသုံးမလိုလို့ မထုတ်ထားမိရင် ဒုက္ခနဲ့ လှလှနဲ့ ငြားပါတယ်။ ဘာလို့ဆို ဈေးချသမျှ ဝယ်မိတဲ့အခါ ပိုက်ဆံမကျန်တတ်လို့ပါ။ ဘဏ်ရော စာတိုက်ပါပိတ်တဲ့အတွက် ပိုက်ဆံထုတ်လို့မရပါ။

Wednesday, December 12, 2012

အလကားသင်ပေးသော ဘုန်းတော်ကြီးသင် ပညာရေးစနစ် ကျယ်ပြန့်လာခြင်း



အလကား သင်ပေးသော ပညာရေး မြန်မာပြည်မှာ ရှိသည် ဆိုလျှင် ထိုအရာသည် ဘုန်းတော်ကြီးများဦးစီးပီး ရဟန်းရှင်လူအပေါင်း ၏ ကူညီပံ့ပိုးထောက်ပံ့ခြင်းဖြင့် ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင်ပညာရေး စနစ်ပင် ဖြစ်ပေသည်။ အဆိုပါ ကျောင်းများတွင် မိဘမဲ့များက ပိုများလေသည်။

ထမင်းလည်းကျွေး
ပညာပေး
ဘုန်းတော်ကြီး သင်ပညာရေး 
ဆိုလျှင် မမှားပေ။ အဘယ်ကြောင့် မိဘမဲ့များ ပိုရသနည်းဟူ၍ ဆန်းစစ်ကြည့်လျှင် မိဘရှိသူများကား မိဘကို သူတို့၏ တနိုင်လုပ်အားဖြင့် တဖက်တလမ်းမှ ဝင်ငွေကူရှာပေးရသောကြောင့် ဖြစ်လေသည်။ အလကား သင်ပေးတာတောင် စာသင်ခန်းဝင်ဖို့အနိုင်နိုင်။ စားဝတ်နေရေးအတွက် ရုန်းကန်ရရှာသည့်အခါ အဘယ်မှာလျှင် အလကားသင်ပေးသည့်တိုင်အောင် ပညာရေး အလှမ်းဝေးလှရှာလေသည်။ 

ဘာကြောင့် ဘုန်းတော်ကြီးသင်ပညာရေးစနစ် ပေါ်ထွန်းလာခဲ့ရသနည်း ဟူ၍ ဆန်းစစ်ကြည့်လျှင်…….

မြန်မာနိုင်ငံတွင် အထူးသဖြင့် ရန်ကုန်မြို့တွင် အစိုးရကျောင်း များမြို့နယ်အလိုက် ရှိသည်။ အဆိုပါ ကျောင်းများကြား တွင်မှ နာမည်ကြီး ကျောင်းများ သည် ယခုခေတ်အခါတွင် ကျောင်းဝင်ခွင့် ရရှိရေးအတွက် ပေးအပ်ရသော ငွေမှာ ကြောက်ခမန်းလိလိဖြစ်သည်။ ပိုက်ဆံရှိသော မိဘများမှာ မိမိတို့သားသမီးများ ကျောင်းကောင်းမှာ ၀င်ခွင့်ရဖို့အတွက် ပိုက်ဆံသိန်းနှင့်ချီ အကုန်အကျခံကာ သက်ဆိုင်ရာများကို သွားရောက် ဂါရဝပြုရသည်။ ဂါရဝပြုတိုင်းလည်း ရသည်ကားမဟုတ်။ သူ့ကိုယ်တာနှင့်သူကိုယ်ဆိုတော့  အဆက်အသွယ်မှန်ဖို့လိုသည်။ ထို့ကြောင့် ကျောင်းသားတစ်ဦး ကျောင်းကောင်းကောင်းမှာ ဝင်ခွင့်ရရှိရေးသည် မိဘများ၏ ငွေပေါများမှူပေါ်မှာ မူတည်လေသည်။ ဒါက ကျောင်းဝင်ခွင့်ရရှိရေး တစ်ခုလေးပင်။
ကျောင်းကောင်းကောင်းမှာ ဆိုတော့ ကုန်မှာပေါ့လို့ တွေးနေပီဆိုပါကလဲ ဆင်ခြေဖုံးရပ်ကွက် များ၏ ကျောင်းဝင်ခွင့်ရရှိရေးသည်လည်း သူ့အထွာနှင်သူ ပိုက်ဆံကုန်လေသည်။ ဒါက ကလေးတစ်ယောက် ကျောင်းဝင်ခွင့်ရရှိရေးပင်။ ကျောင်းဝင်ဝင်ခြင်းပေးရသည်များမှာ ခေါင်းစဉ်အမျိုးမျိုးနှင့်
များပြားလှသည်။

စာအုပ်ဖိုး  ၀တ်စုံဖိုး မိဘဆရာ ရန်ပုံငွေ ကျောင်းရန်ပုံငွေ ကျောင်းသားပျော်ပွဲရွှင်ပွဲ အစရှိသည့် ဘာဖိုး ညာဖိုး စုံလင်စွာ ကြောင့် ဆင်းရဲသား အပါအဝင် ရိုးရိုးသာမန်တောင်မဟုတ် အမှူထမ်း အရာထမ်း ခပ်ငယ်ငယ်လခစားတို့ပင် မျက်ခုံးလှုပ်သော လကို ပြောပြပါဆိုလျှင် ကလေးများ ကျောင်းဖွင့်စ လပင်ဖြစ်သည်။ ဒါတောင် ကျောင်းဝင်ခွင်ံ့အတွက် ပေးရသည်မဟုတ်။ လက်ရှိတက်နေသော ကျောင်းသား စရိတ် ကိုပင် မျက်ကလဲဆန်ပျာဖြစ်နေသောအခါ…… ရိုးရိုးသာမန်လခစားဝန်ထမ်းကတော့ ပညာတွေတတ်နေလို့ မရှိရှိတာ ရှာကြံကာ သားသမီးပညာရေး ပံ့ပိုးပေးနိုင်ပေမဲ့ တနေ့လုပ်မှ တနေ့စားရသော ဆင်းရဲသား လျှင်သော်၎င်း ပညာမတတ်သည့် လူတန်းစားတို့၏ သားသမီးများကား မိဘတတ်နိုင်မှ ကျောင်းပို့ပေးနိုင်သောခေတ် တွင် ကလေးငယ်များမှာ လမ်းဘေးသို့ ရောက်ကုန်လေသည်။ ထိုကလေးငယ်များတွင် ပညာဆက်သင်ချင်သော ကလေးငယ်များလည်းရှိသည်။ ထိုအခါ ကျောင်းဝတ်စုံဝတ်ထားသော ကလေးငယ်များကို ငေးယုံမှတပါး အခြားမရှိ။ မိဘကလဲ ကျောင်းထားနိုင်သည့် အင်အားမရှိ။ 

သည်လိုနှင့် လမ်းဘေးရောက်နေသည့် ကလေးငယ်များကို ဘုန်းကြီးများမှ စုစည်းကာ အလှူရှင်များဖြင့် တတ်နိုင်သမျှ ပညာပံ့ပိုးထောက်ပံ့ပေးရာမှ ဘုန်းတော်ကြီးသင်ပညာရေး စနစ် မြန်မာပြည်မှာ ပေါ်ထွန်းလာလေသည်။
လွန်ခဲ့သည်၂နှစ်ကစပီး (သိပ်မသေချာ မနှစ်ကလားမသိ) ကျောင်းဗလာစာအုပ်ကို အစိုးရက အခမဲ့ပေးသည် ဆိုသော်ငြား အဆိုပါ စာရွက်များမှာ အထိမခံသလို စာလုံးမပီပြင်လှပါ။ မယုံလျှင် ရန်ကုန်မြို့ရှိ စကော့ဈေးရှေ့တွင် ကလေးကျောင်းသုံး ဖတ်စာအုပ်များကို ဈေးမေးကြည့်ပီး လှန်လှောကြည့်နိုင်လေသည်။ ဈေးကွာလျှင် စာရွက်အသားကွာသလို စာလုံးမှိန် စာလုံးထင်းလေသည်။ (၂၀၁၁ ကိုယ်တွေ့)

ရန်ကုန်မြို့မှာပင် ပညာဆက်လက် မသင်ကြားနိုင်သော ကလေးအမြောက်အများ ကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဟိုမှာဒီမှာ အလျှိုအလျှိုပေါ်လာလေသည်။ ဤကား အလကားသင်ပေးသော ပညာရေးစနစ် ပေါ်ပေါက်လာခြင်းအစပင်။
ဘုန်းတော်ကြီးကျောင်းများတွင် မူလတန်းမှ စကာ အခြေခံပညာ အထက်တန်းအောင်သည်အထိ သင်ကြားပေးလေသည်။ ထူးချွန်ထက်မြက်သော ကျောင်းသားများကို အလှူရှင်များနှင့် ချိတ်ဆက်ကာ သက်မွေး တက္ကသိုလ် တက်ရောက်ရန်လဲ ကူညီလမ်းညွှန်ဆက်သွယ်ပေးလေသည်။ 

 

Sunday, December 2, 2012

ပြန်ပေး ပြန်ပေး ပြန်လျော်ပေး ငါ့ယောင်္ကျားအသက် ပြန်ပေး

 သံသရာမှာ
ကျင်လည်ရသမျှ
ဝဋ်ဆိုတာ လည်နေသမျှ
မောင့်ကို သတ်တဲ့
လူသတ်သမားရဲ့ဘဝ
အစဉ်မငြိမ်းချမ်းပါစေသား။
 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မောင်နဲ့ခင် သိပ်ချစ်ကြတဲ့ သက်သေအဖြစ် ခင်တို့မှာ သမီးကလေး နှစ်ယောက်။ ငယ်စဉ်ကတော့ ခင့်အဖေတို့က ငယ်သေးလို့ မယူပါနဲ့ဦးဆိုတာကို မစောင့်နိုင်တော့ ခင်တို့တွေ ၁၆နှစ်နဲ့ ခိုးရာလိုက်ပြေးကြတာ ပျော်စရာပေါ့...မောင်ရေ..။

မောင်နဲ့ ခင် ဒိုးတူဖောင်ဖက် အလုပ်တွေလုပ် ပိုက်ဆံတွေစုနဲ့ မောင့်ရဲ့ကြိုးစားမူကြောင့် ခင်တို့တွေ အိုးပိုင် အိမ်ပိုင် ဖြစ်လာခဲ့တဲ့အတွက် မောင့်ကို ခင် သိပ်ကျေးဇူးတင်ပါတယ်။

မောင်ရေ... ခင့် ကိုခွင့်လွှတ်ပါ။ ခင့်ကြောင့် ခင့်ရဲ့ လောဘဇောကြောင့် ၂လုံးနောက် သဲကြီးမဲကြီးဖြစ်ခဲ့တဲ့ ခင့်ကြောင့် မောင် ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်ခဲ့တာတောင် ခင့်ကို မငြူမစူ တဲ့အပြင် သမီးတွေကို တင့်တောင် တင့်တယ် ဖြစ်ဖို့ မောင် လဲကျနေရာက ပြန်ထပေးတာ ကျေးဇူးတင်ပါတယ်..မောင်။
အခုဆို ခင်တို့တွေမှာ မောင့်ရဲ့ နောက်တဖန် ကြိုးစားမှူတွေကြောင့် ဆီစက်အပြင် မီးစက်တွေနဲ့ အဆင်ပြန်ပြေလာသလို ခင်ကလဲ ကုန်စုံဆိုင်လေးနဲ့ အဆင်တပြေ ဖြစ်လာခါမှ မောင်ရယ်....

ခင်တို့ မိသားစုတွေ သိပ်ပျော်ခဲ့တဲ့ ရွာသီတင်းကျွတ်တောင် စပြန်ပီ..မောင်။ မောင်.. ကံကြမ္မာကပဲ ရိုင်းလေသလား မောင်ကပဲ ကံခေလေသလား ခင်..ခင် ဘယ်လိုဖြေရမလဲ...မောင်။

ညိုးလိုက်တဲ့ ကံကြမ္မာကို ပဲ အပြစ်ပုံချရမလား။ ခင်တို့ရဲ့ တဇောက်ကမ်းလုပ်မိတဲ့ အရာကိုပဲ လက်ညိုးထိုးရမလား။ ဒါမှမဟုတ် ငွေမက်တဲ့ ဆေးသမားအမည်ခံ ဆရာဝန်ကြီး တွေကိုပဲ လက်ညိုးငေါက်ငေါက်ထိုးပီး ရန်တွေ့ရမလား...မောင်။  ဘယ်လိုပဲ ဖြစ်ဖြစ်...... မောင်ကတော့... မောင်ကတော့.......ခင့်ဆီကို ဘယ်တော့မှ.....


တကယ်ဆို ခင်လဲ မှားခဲ့ပါတယ်..မောင်။ခင်မှားတယ်ဆိုတာထက် ဗဟုသုတ နည်းခဲ့တာတွေအတွက် ခင် ယူကျုံးမရ ဖြစ်ခဲ့မိတယ်..မောင်ရေ..။ ခင့်ဆွေမျိုးတွေ ရှိရဲ့သားနဲ့ တိုင်ပင်ရကောင်းမှန်းမသိသလို ပိုက်ဆံရှိရင် ရောဂါပျောက်မယ် လို့ချည်း ထင်နေမိတဲ့ ခင့်ကို ငွေနဲ့အတူ မောင်ဆုံးရှုံးသွားတော့မှ ခင် သိလိုက်ရတယ်..မောင်ရေ..။ ခင်ကြိုသာသိရင် ဒီလို လုပ်မိမယ် မထင်ဘူး။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ခင့်အတွေးတွေက ယောက်ယက်ခတ်နေသည်...။ ပြန်တွေးမိလျှင် မနေ့တုန်းက လိုလို အိမ်မက်လိုလိုပင်။ မောင်နဲ့ ကွမ်းတူတူစားခဲ့မိတာကို ပြေးသတိရမိသည်။ ကလေးတွေ ကွယ်ရာမှာ တားဆီးမရသည့် မျက်ရည်များကို ဒီအတိုင်း ထားရင်း ...... လွန်ခဲ့တဲ့ ၇ လဆီက အဖြစ်အပျက်တို့ဆီ...


' ခင်ရေ.. မောင် ဒီနားအောင့်တယ်။'
'ဟုတ်လား..မောင်။ ခင် ဆေးလိမ်းပေးမယ်။ '
ခင်ရေ.. မောင် ထမင်းမစားနိုင်ဘူး
ဟင်...မောင်..ဒီနေ့ချက်တာ မောင့်အကြိုက်လေ..
မောင်စားလို့မဝင်ဘူး ..မိန်းမရယ်..
မောင်..ဒါဆို မြို့တက်ပီး ဆေးရုံသွားပြရအောင်
အင်း သွားရအောင်

တနေ့..ရွာ လယ်လမ်းမက အဖြတ်..   '.ဟေးးး မောင်အောင်ဇော်တို့ လင်မယား ဘယ်သွားကြမလို့လဲ'
' မြို့တက်ပီး ဆေးကုမလို့ဟေ့'

ဒီလိုနဲ့ လင်မယားနှစ်ယောက် မော်လမြိုင်မြို့က အထူးကုဆေးခန်း အပြင်ဆေးရုံမှာ တက် လိုအပ်တဲ့ ဆေးစစ်မူတွေ လုပ်လိုက်တဲ့အခါမှာ ထင်မှတ်မထားတဲ့ အဖြေက အသည်းမှာ အလုံးတွေ့တယ်တဲ့။ ( အမှန်က ကင်ဆာ )

သေချာအောင် ထပ်မံစစ်ဆေးတော့လဲ အဖြေက အသည်းမှာ ( သေချာ မရှင်းပြတဲ့ ကင်ဆာ) အလုံးရှိတယ်။ ထိရောက်တဲ့ ကုသမှူတွေ ခံယူဖို့ ရန်ကုန်ကို သွားပါတဲ့။ ဟိုမှာ ပစ္စည်းစုံ ဆရာစုံတော့ ကုသရ ပိုလွယ်သတဲ့။

ဒီလိုနဲ့ ခင်တို့မောင်နှံ ကလေးတွေကို အမျိုးတွေဆီအပ် အလုပ်တွေကို တပည့်တွေ သေချာမှာလို့ ရန်ကုန်မြို့ဆီလာခဲ့တယ်။ ခင်တို့ ရန်ကုန်က အမျိုးတွေကို လည်း အကြောင်းမကြားပါဘူး။ ခင်တို့ အဆင်ပြေမှာပါ။ ဟုတ်တယ်နော်..မောင်။ ခင်တို့ မောင့်ရောဂါကို ထိရောက်တဲ့ ကုသမှူတွေပေးလိုက်ရင် ပျောက်သွားမှာ။ ဟုတ်တယ်လေ..။ မောင့်ရောဂါက အသည်းမှာ အလုံးရှိနေတာပဲဟာ။

ခင်တို့ရန်ကုန်ကို ကားတစ်စီးနဲ့လာခဲ့တယ်။ မောင့်အမ ဝမ်းကွဲ တစ်ယောက်လဲပါတယ်။
ခင်တို့တည်းတာ ခင်တို့ရွာက အမျိုးအိမ်ပေါ့ ။ ဒီတော့ မယောင်မလည် ဖြစ်နေတဲ့ ခင်တို့ကို ကား ဒရိုင်ဘာကပဲ လမ်းညွှန်တာပေါ့။ အဲ့ဒါက ခင်တို့ရဲ့ ပထမ အမှား။ ကားဒရိုင်ဘာကလဲ ရန်ကုန်နဲ့ ခင်တို့ရွာကို သူ့ဆရာ ခင်တို့အကို ခိုင်းသလို လုပ်ပေးနေရတဲ့သူလေ။ သူက အခု ရန်ကုန်က ခင်တို့ တည်းနေတဲ့ ခြံနဲ့ နီးတဲ့ ဆေးခန်းကြီး တစ်ခုကို ခေါ်လာပေးတယ်။

အဲဒီဆေးခန်းကြီးက အပြင်က ကြည့်ရင်တော့ သန့်ရှင်းသယောင် ရှိတယ်ပေါ့။ လူလဲ သိပ်မရှိတဲ့ ဆေးခန်းကြီး တစ်ခုပေါ့။ ခင်တို့ကတော့ ရန်ကုန်ဆိုရင် ဆေးခန်းကြီးတွေလဲ ကောင်း ဆရာဝန်ကြီးတွေလဲ ကောင်းမှာပဲလို့ တွေးထားသူတွေ ဆိုတော့ ဒီဆေးခန်းကြီး ကြည့်ပီး ယုံကြည်တာပေါ့။ ဒါကိုက ခင်တို့ရဲ့ ဒုတိယအမှား။

ခင်တို့က မြန်မာပြည်မှာ အသည်းနဲ့ ပက်သက်ရင် ဘယ်သူက နာမည်ကြီး ဆိုတာလဲ မသိဘူး။ မြန်မာပြည်မှာ အသည်းနဲ့ ပက်သက်ရင် ကုနိုင်သလား မကုနိုင်ဘူးဆိုတာလဲ မသိဘူး။ ဒါတွေကို စဉ်းစားရကောင်းမှန်း မေးမြန်းစုံစမ်းရကောင်းမှန်း လဲ မသိဘူး။ ခင်တို့သိတာ ဆရာဝန်တွေ ပစ္စည်းတွေ စုံပီး ငွေတွေပေးရင် မောင့်ရောဂါ ပျောက်မယ်။  ဒါပဲလေ..။

ခင်တို့ အဲ့ဒီဆေးခန်းကြီး ရောက်တယ်ဆိုရင်ပဲ မော်လမြိုင်က ဆေးစာရွက်တွေပြတော့ ကောင်တာက မမများက ဆရာဝန်ရွေးပေးတယ်။ ခွဲစိတ်ဆရာဝန်ကြီးတဲ့။ ဦး.................. ။ သူက ပါလာတဲ့ စာရွက်တွေကို ကြည့်ပီး တခါ ဆေးတွေထပ်စစ်ခိုင်းတယ်။ ဓာတ်မှန်တွေ ရိုက်ခိုင်းတယ်။ စစ်ပီးသမျှတွေအားလုံး ပြန်စစ်ခိုင်းတယ်။ ပီးတော့ သောက်ဆေးလဲ ပေးလိုက်တယ်။ အမယ်.. အဲ့ဒီ သောက်ဆေးက မောင်နဲ့ အဆင်ပြေတယ်။ မောင် နာကျင်တာတွေ သက်သာသလို စားလို့ကောင်းတယ် ဆိုတော့ ခင်လဲ ပိုက်ဆံကုန်ရကျိုး နပ်လို့ ဝမ်းသာတာပေါ့။ မောင်လဲ ရောဂါ ပျောက်တော့မယ်ဆိုတဲ့ အသိနဲ့ ဝမ်းသာလို့...။ ခင်တို့၂ယောက်လဲ ဆရာဝန်ပြပီး နောက်ရက်တွေမယ် မရောက်တာ ကြာပီဖြစ်တဲ့ ရွှေတိဂုံဘုရားကြီးကို ဖူးမျှော်လို့ပေါ့။ ကုသိုလ်လဲလုပ်ရင်း မော်လမြိုင် ပြန်ရချိန်ကို မျှော်လို့....။ ဒီလိုနဲ့  ဆေးစစ်ချက်တွေယူဖို့ အချိန်၃ ရက်ကုန်တော့ ဆေးခန်းကြီးကို တခါ ပြန်လာတာပေါ့..............................။

မောင်.... မောင်ဖြစ်နေတဲ့ အသည်းမှာ အလုံးကြီးကို (ခုချိန်ထိ ကင်ဆာဆိုတာ ကာယကံရှင် မောင်နှံမသိ ခင်တို့သိတာ စီပိုးမောင့်မှာရှိတယ်ဆိုတာပဲ ) ခွဲရမယ်တဲ့။ မခွဲရင် ရလားဆိုတော့ မခွဲရင်သေမတဲ့။ နောက်ထပ် ၃လ ကနေ ၆လတဲ့။ ခွဲရင်ရောဆိုတော့ နောက် ၃ နှစ်ဆိုလဲဟုတ်တယ်။ ၆နှစ်ဆိုလဲ ဟုတ်တယ်တဲ့။  ခင်ဗျားတို့မှာ ပိုက်ဆံရှိလား ရှိရင်ခွဲ။ မခွဲရင်သေမယ်ဆိုတဲ့ ဆရာဝန်ကြီးရဲ့ စကားအောက်မှာ ဘယ်လိုအင်အားမျိုးနဲ့ ငြင်းနိုင်စွမ်းရှိပါ့မလဲ။ ဘာဖြစ်လို့ ဘာအကြောင်းကြောင့် ဒီလိုနေရာမှာ ဒါတွေရှိတယ်။ ဘာရောဂါဆိုတာ သေသေချာချာ မပြောပြပဲနဲ့ တောကလာတဲ့ သူတွေဆိုပီး အထက်စီးကပြောတာလဲ ခံခဲ့ရသလို မခွဲရင်သေမယ်ဆိုတဲ့ စကားလုံးကို ခဏခဏ လက်ကိုင်တုတ် အဖြစ် သုံးတဲ့နောက်မှာ ခင်တို့လဲ မထင်မှတ်ပဲ ခွဲစိတ်ဖို့ သဘောတူလိုက်ရတယ်။ ခင်တို့ကို ဆရာဝန်ကြီး ပြောတာက အသည်းမှာ အလုံးတည်တာ။ အလုံးကို ခွဲလိုက်ရင် ပျောက်သွားမှာတဲ့။ ဒါပဲ ခင်တို့သိတယ်။ ဆရာဝန်ကြီး ပြောသလို ခင်တို့ ခွဲလိုက်ရင်.. ပျောက်မယ်။ ပျောက်မယ်ဆိုတာ ရောဂါ မဟုတ်ပဲ မောင့်ကို ပြောတယ်ဆိုတာသာ ခင်သိခဲ့ရင် ခင်..ခွဲစိတ်ဖို့ လက်ခံမှာ မဟုတ်ဘူး..မောင်။ မောင့်ကို အသက်ရှင်လျှက် တရက်ပိုတွေ့ရလဲ ခင်တွေ့ချင်တယ်..မောင်။

ဆရာဝန်ကြီးက ခွဲမယ်ဆို ခုချက်ချင်း ဆေးရုံတက် ချက်ချင်းခွဲမယ်တဲ့။ ဒါနဲ့ ရန်ကုန်ရောက်ပီး ၃ ရက်မြောက်နေ့မှာ ဆေးရုံတက်တော့ ။ ဝင်ဝင်ခြင်းတင် မျက်နှာထားတွေနဲ့ ငွေပါလားဆိုပီးမေးတာ ခံရတယ်။ ဟုတ်ပါတယ်..မောင် ခင်တို့ရုပ်တွေကလည်း ရန်ကုန်သူတွေလို မဝတ်ထား မစားထားတော့ သူတို့ မေးချင်စရာပေါ့။ ငွေပါပါတယ်ဆိုတော့ ဒါဆို ဆေးရုံတက်ဖို့ စပေါ်ငွေ ဆယ်သိန်းအရင်ပေးတဲ့။ ခင်တို့လည်း ပေးလိုက်ပါတယ်။ နောက်ကျတော့ ဘယ်အခန်းယူမှာလဲ မေးတော့ ခင်တို့လဲ ရေချိုးခန်းအိမ်သာပါတဲ့ အခန်းကို ယူလိုက်တယ်။ အခန်းကလဲ ကိုယ်လာမှ ရှင်းတော့ ဖုန်တွေနဲ့။ တီဗွီကိုလည်း လာရှင်းခိုင်းမှ ရှင်းပေးတယ်။ အဲယားကွန်းခလုတ်တောင် မနဲတောင်းယူရတယ်။ ပိုက်ဆံပေးတာတောင် ဝန်ဆောင်မှူက အဲသည်လို။

အဲသည်ရက်တွေမှာ မောင်ကလဲ မျက်နှာကလန်းဆန်းပီးတက်ကြွလို့ ပျော်နေတာ။ ခွဲရင်ပျောက်မှာလေ။ အသည်းထဲကဟာ အလုံးပဲဟာ။ လာသမျှသူတွေနဲ့ စကားလက်ဆုံကျလို့။ ဆရာဝန်ကြီးကလည်း ချက်ချင်းခွဲမှာဆိုတော့ ဆေးရုံတက်ပီး ၃ရက်အကြာမှာ ခွဲဖို့ပြင်တော့ လိုအပ်တဲ့ဆေးတွေ သွေးတွေ ရှာရတော့တာပေါ့။ သွေးက ဝယ်ရင် တပုလင်း ၃သောင်း ဆိုတော့ သွေးရှာတဲ့အခါ .မှ ရန်ကုန်မှာနေ ရန်ကုန်မှာကြီးတဲ့ အမျိုးတွေဆီ သတင်းရောက်သွားတယ်။ ရန်ကုန်မြို့ပြင် ရပ်ကွက်တခုရဲ့ ဆေးရုံမှာ တက်နေတဲ့ ခင့်ယောင်္ကျားဆီ အမျိုးတွေ လာကြတယ်။ သူတို့ ကိုယ်တိုင် သွေးလှူကြတယ်။ သွေးရှာပေးကြတယ်။ သူတို့အားလုံးလည်း ခင်ပြောသလောက်သိတာ ဆိုတော့ အသည်းမှာ အလုံးတည်တာကို ခွဲမယ်။ ခွဲဖို့ သွေးလိုလို့ဆိုတာ လောက်ပဲသိတော့ လူအား စိတ်ဓာတ်အား ငွေအားတွေ တတ်နိုင်သမျှ ကူညီကြတယ်။ သူတို့ ဆေးခန်းတည်ရှိရာကလဲ သွားလာရခက်ခဲတဲ့ နေရာဆိုပေမဲ့ အမျိုးတွေ ရောက်အောင် ဖြစ်အောင် လာကြပါတယ်။ မောင်ကလဲ ခင့်အမျိုးတွေနဲ့ အခုမှ တွေ့ဖူးတာဆိုတော့ စကားလက်ဆုံ ပြောမကုန်ပေါ့။

ဒီလိုနဲ့ ရန်ကုန်ရောက်ပီး ၆ ရက် အကြာ ဆေးရုံတက်ပီးချက်ချင်း အသည်းထဲက အလုံးကို ခွဲဖို့ လုပ်ရတယ်။ ခွဲပီးချိန်မှာ မောင်လုံးဝမသက်သာတဲ့အပြင် သွေးယိုစိမ့်မှူတွေများလာတယ်။ မောင့်ကို အရေးပေါ်ခန်းမထဲမှာပဲ ထားရတယ်။ ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်ကြီးဆိုသူကို အခုချိန်ထိ ခင်တို့မတွေ့ရသေးဘူး။ ခင်တို့ကိုလည်း ဘာမှ မပြောပြကြ မရှင်းပြကြဘူး။ ခင်တို့ငှားထားတဲ့ နာ့စ်ရယ် နဲ့ အရေးပေါ်ခန်းထဲမှာ မောင့်ကိုခင်တို့ စိတ်တွေပူနေကြပီ။ ဆရာဝန်ကြီးလို့ နာမည်ခံထားတဲ့ ခွဲစိတ်အထူးကု ဆရာဝန်က မောင့်ကို ခွဲခန်းထဲက ထုတ်ပီးကတည်းက ခုချိန်အထိ လုံးဝမပေါ်လာဘူး။ ဒီအချိန်မှာပဲ မောင့်ကို ဒုတိယအကြိမ် ခွဲစိတ်မှူ ထပ်လုပ်တယ်။ ဒါကိုလဲ ဘာကြောင့် ထပ်ခွဲရတယ်ဆိုတာ လုံးဝ မရှင်းပြခဲ့ဘူး။ ခင်တို့အမျိုးအချို့ကလည်း ခွဲစိတ်ချိန်မှာ မရှိတော့ ခင်တို့ပဲ မသိနားမလည်စွာနဲ့ ပြုသမျှ နုနေရတာပေါ့။ ဒုတိယအကြိမ် ခွဲစိတ်ခန်းထွက်လာတော့လည်း ခွဲစိတ်အထူးကုလို့ နာမည်တပ်ထားတဲ့ ဆရာဝန်ကြီးဆိုသူ က လုံးဝ မရှင်းပြခဲ့သလို သူဘယ်မှာလဲဆိုတာတောင် ခင်တို့မသိဘူး။ မောင့်အခြေအနေကလည်း ပိုပိုဆိုးနေပီ။
အမျိုးတွေလည်း ဒေါသတွေ ထွက်နေကြပီ။

ဒီအချိန်မှာ မေ့ဆေးအထူးကုဆရာဝန်ကြီးက ကာယကံရှင် မိသားစုကို ပြောတယ်။ ကျနော် လက်ခံထားတဲ့ ကိစ္စ မဟုတ်ပေမဲ့ ခင်ဗျားတို့နယ်က လာတယ်ဆိုတာ မှန်းသိရင် ကျနော် ခွဲစိတ်ဖို့ လုံးဝ တိုက်တွန်းမှာ မဟုတ်ဘူးလို့ ပြောတယ်။ သူကိုယ်တိုင်လဲ တတ်နိုင်သမျှ လူနာကို သက်သာအောင် အနားကနေ လုပ်ပေးတယ်။ ခင်ဗျားတို့ ခွဲစိတ်မယ်ဆိုတော့ ဘာတွေရှင်းပြလဲလို့မေးတော့ ကာယကံရှင် ခင်တို့သိတာ မခွဲရင်သေမယ်ဆိုတဲ့ စကားလုံးပဲဆိုတော့ မေ့ဆေးဆရာဝန်ကြီး စိတ်မကောင်းခြင်းများစွာနဲ့  ခေတ္တ တိတ်ဆိတ်သွားတယ်။  သူကပြောတယ်... ခင့်ယောင်္ကျားမှာ အသည်းစီးပိုးကနေ ကင်ဆာအကျိတ်တွေ ဖြစ်နေတာတဲ့ မခွဲပဲထားရင် နောက်ထပ် ၆လ တနှစ်လောက်တော့ သက်တမ်းပိုရှည်နိုင်သေးတယ်တဲ့။ ခွဲပီး အသည်းထဲမှာ အကျိတ်ကို ဖယ်တာ သွေးကြော မလွှတ်လို့ သွေးကြောတွေ ပေါက်ကုန်တာတဲ့။ အကျိတ်က ဖယ်ဖို့လို့ လုံးဝမဖယ်နိုင်ပါဘူးတဲ့။ အခုလို ရှင်းပြနေရပေမဲ့ သူက ခွဲစိတ်ဆရာဝန်မဟုတ်လို့ အစအဆုံး တော့ တာဝန်မယူနိုင်ပါဘူး။ ဒါပေမဲ့ ကာယကံရှင်တွေကို သနားညှာတာသော အားဖြင့် အခုလို ရှင်းပြရတာပါတဲ့။ အဲ့ဒီအချိန်ထိ ခွဲစိတ်ဆရာဝန်ကြီးလို့ အမည်ခံထားတဲ့ ဆရာဝန်က လူနာရှင်တွေကို တွေ့ဆုံဖို့မပြောနဲ့ သူခွဲထားတဲ့ လူနာဆီ အားပေးဖို့ ကြည့်ဖို့ မလာသေးဘူး။ လူနာက သွေးတွေ စိမ့်ထွက်နေတော့ သွေးတွေ သွင်းရတာ လဲ အဆက်မပြတ်နဲ့ အခုချိန်ထိ သွေးပုလင်း ၁၁ လုံးကျော်နေပီ။ အမှန်ဆို လုံးဝခွဲဖို့ မသင့်ဘူးဆိုတဲ့အကြောင်း အထူးသဖြင့် နယ်ကလာကုသူတွေကို ကိုယ်ချင်းစာစိတ်နဲ့ အမှန်တကယ်ရောဂါ အခြေအနေကို သေချာရှင်းပြသင့်တဲ့ အကြောင်းရှင်းပြပါတယ်။ သူ ..ဒီလောက်ပဲ ပြောနိုင်ပါတယ်ဆိုပီး ဆရာဝန်ကြီးလဲ စိတ်မကောင်းစွာနဲ့ လူနာကို အတတ်နိုင်ဆုံးအားပေးပီး ပြန်သွာလေရဲ့။

လူနာကလဲသွေးတွေ ဆက်သွင်းနေတာ ၁၈ပုလင်းလောက်ရှိနေပီ။ အဲ့ဒီအချိန်က နေ့လည် ၂နာရီဖြစ်နေပီ။ ခွဲစိတ်ဆရာဝန်ကြီးဆိုသူက အခုချိန်ထိ လုံးဝမလာသေးဘူး။ ကာယကံရှင်တွေကလည်း ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်သေးသေးလေးနဲ့ စောင့်မျှော်နေကြပီ။ ဒီအချိန်မှာ ဆရာဝန်ကြီး ရောက်လာတယ်။ ကြည့်တယ်။ ဘာမှမပြောဘူးထွက်တော့ ကာယကံရှင် ဆွေမျိုးအချို့က နောက်ကလိုက်ပီးမေးတော့ ခင်ဗျားတို့လူနာ ၂၀% ပဲရှိတော့တယ်။ ကျနော်ကတော့ သွေးဆက်သွင်းနေတာကို ရပ်လိုက်စေချင်ပီလို့ပြောတယ်။ ပီးတော့ ကျနော် အစည်းအဝေးရှိလို့ သွားလိုက်ဦးမယ်ပြောတယ်။ ကာယကံရှင်တွေက ဘာဖြစ်လို့ ဒီလိုဖြစ်သွားတယ်ဆိုတာ ရှင်းပြဖို့ပြောတော့   ကာယကံရှင်တွေကို ဒီလိုစကားနဲ့ပြောတယ်။ ဒါတောင် ဒီလို ရှင်းပြတာကို ရဖို့အတွက် သူ့ရုံးခန်းကို အတင်းဝင်တွေ့ဖို့ ကြိုးစားခဲ့ရတယ်။ သူက လူနာကို ကြည့်ပေးပီး ထွက်သွားလို့...

သူ့ရုံးခန်းမှာ သူက ဒီလိုရှင်းပြတာက ကျနော်တို့ခွဲတယ်။ အကျိတ်က အရမ်းကြီးနေတယ် မဖယ်နိုင်ဘူး။ ဒါကြောင့် ပြန်ပိတ်တယ်။ ဒါပေမဲ့ သွေးကြောပေါက်သွားလို့ ဒုတိယအကြိမ်ပြန်ချုပ်တာ ကျနော်တို့ ပိုက်ဆံ ထပ်မယူဘူး။ ခင်ဗျားတို့ တိုင်ချင်ရာတိုင် လုပ်ချင်ရာလုပ်တဲ့။ ပြောပြောဆိုဆိုနဲ့ သူထွက်သွားတယ်။    

 အနှစ်ချုပ်လိုက်တဲ့ အခါ လူနာ က ညနေမှာ အမောတွေဖောက်လာတယ်။ ဒီတော့ ဒီကိစ္စနောက်ထားပီးတော့ လူနာ အကောင်းဆုံးဖြစ်အောင် လုပ်ကြရတယ်။ ဗုဒ္ဓဘာသာပီပီ လူနာ အသက်မထွက်ခင် တရားနာလို့ရအောင် ဘုန်းကြီးတွေကို ပင့်ဖိတ်တယ် သင်္ကန်းကပ်တယ်။ လူနာဟာ ခွဲစိတ်မှူ စတင်ပီး ၁၂ နာရီအကြာမှာပဲ သူချစ်သော ဇနီး နှင့် လူမမယ်သမီး နှစ်ယောက်ကို ထားပီး လူ့ဘဝကို ကျောခိုင်းသွားခဲ့ပါတယ်။ 

ဆေးရုံတက်ခဲ့တဲ့ ၆ ရက်တာ ကုန်ကျစရိတ်က သိန်း ၇၀ ကျော်ကျခဲ့ပါတယ်။ ဒါပေမဲ့ အသက်ကတော့ ပြန်မပါလာခဲ့တော့ပါဘူး။ အသက်မဲ့ ခန္ဓာကို အဲဒီနေ့ညမှာပဲ ဆေးရုံကားကို ၁သိန်းပေးပီး မော်လမြိုင်ကို ညတွင်းချင်း ပြန်ခေါ်ခဲ့ကြပါတယ်။ ဆွေမျိုး အားလုံးရဲ့စိတ်ထဲမှာ ယူကျုံးမရခြင်းများစွာ.. စိတ်မကောင်း ကြေကွဲရခြင်း များစွာနဲ့ မျက်စိတမှိတ်အတွင်းမှာ ဖြစ်ပျက်သွားခဲ့ပါတယ်။ အမျိုးအချို့ဆို ရန်ကုန်မြေ ရန်ကုန်လေကိုတောင် မရှူတော့ဘူးလို့ ပြောခဲ့ကြပါတယ်...။


ခင်တို့တွေ မောင့်ခန္ဓာ မြေမချခင် တိုင်မယ်ဆိုရင် တိုင်ရမဲ့ အဆက်အသွယ်ဆိုတာ ရှိသတဲ့ ။ အဲဒီအကြောင်းကို မသိခဲဘူး။ မသိခဲ့ဆိုတာထက် မောင့်ကို ရန်ကုန်မြေမှာ တရက်တောင် ပေးမနေစေချင်တော့တာပါပဲ။ ဒါပေမဲ့...မောင်..ခင့်ရင်ထဲမှာ...............မနေ့ကလိုပဲ ..မောင်ရှိနေဆဲ။ 

ပြောခွင့်များရမယ်ဆိုရင် မောင့်ကိုသာ ပြန်လျော်ပေးပါလို့...................................... တလောကလုံးကြားအောင် ခင်ပြောလိုက်ချင်ပါတယ်...မောင်။ 
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တမလွန်ကို ကူးပြောင်းသွားသော ဆေးရုံတက်စဉ်မှ တွေ့ခဲ့ရသော ယောက်ဖရေ... ဒီစာနဲ့အတူ နောက်လူတွေ ယောက်ဖလို မခံစားရအောင် ဝေမျှပေးပါတယ်။ ပြုပြုသမျှ ကုသိုလ်အစုစုကို အမျှပေးပါတယ်။သာဓု ခေါ်နိုင်ပါစေ။  ရောက်လေရာဘဝ ဘဝတိုင်းမှာ  ယခုကဲ့သို့ ဆရာဝန်ဆိုး အသပြာဆရာဝန်များနှင့် မတွေ့ မကြုံရပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။  

 နောက်ဆက်တွဲ။

ဆေးစာရွက်များကို တတ်သိနားလည်သော ဆရာဝန်များထံ ပြသခဲ့ရာတွင်  အစထဲက ကင်ဆာဆိုတာ ဆေးစာရွက်များမှာ ဖော်ပြထားပါသည်။ မခွဲစိတ်ခင်ထဲက ဖြစ်နိုင်သည့်အခြေအနေများ ခွဲစိတ်လျှင် ဖြစ်မည့်အကြောင်းအရာများကို ဆရာဝန်တိုင်း သေသေချာချာ ပြောကြားဖို့ လိုသည် ဆိုသည်မှာ ပြောဆိုစရာမလိုပါကြောင်း နှင့် ဆရာဝန်တိုင်းသည် ဆရာဝန်များ
ကိုသာလျှင် များသောအားဖြင့် ကာကွယ်ကြပါကြောင်း။ မည်သို့မှ ဆေးစာထဲမှာ အစက ဘယ်လိုဆိုတာလေးတစ်ခုကိုတောင် ရေးသားပေးသည် မဟုတ်ပါကြောင်း ။
သို့သော် ဆရာဝန်များ ကိုယ်တိုင် ပြောသည့်စကား တစ်ရပ်ကတော့  
မြန်မာပြည်မှာ ဘယ်ဆရာဝန်မှ ဦးဏှောက် အသည်း ခွဲစိတ်တာ မအောင်မြင်သေးကြောင်း  
မိမိ တတ်နိုင်သည့်ဖက်မှ တင်ပြပါသည်။ ထို့ကြောင့် မိမိတို့နှင့် ပက်သက်သည့် ဆွေမျိုး မိတ်ဆွေများအား ဦးဏှောက် အသည်း နှင့်ပက်သက်ပီး ခွဲစိတ်ခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရှေ့ထား၍ ရေးသားလိုက်ရပါသည်။

Thursday, November 29, 2012

တုံယန်း ကြက်ခြေထောက်ချဉ်စပ်


ကြက်ခြေထောက် ချဉ်စပ် ကို မြန်မာပြည်ပြန်တုန်းက အကင်ဆိုင်မှာ စားဖြစ်တာများပါတယ်။ အကင်ဆိုင်ကတော့ တုံယန်းမပါပဲ ရိုးရိုးချဉ်စပ်လေးပေါ့။

ကြက်ခြေထောက် အကြောင်းမပြောခင် ကြက်ခြေထောက် စားဖြစ်သော ရာဇဝင်ကို မှတ်တမ်းတင်ချင်ပါသေးတယ်။

ကြက်ဆိုလျှင် အရိုးကြိုက်တဲ့ ကိုယ်ဟာ ကြက်ခြေထောက်နှင့် ကြက်ခေါင်းကို လုံးဝ မစားရဲခဲ့ပါ။ သို့သော်...
၂၀၀၃ ခုနှစ်ကထင်သည်။ ကိုယ် ဂျပန်လုပ်ဖော်ကိုင်ဖက်များနှင့် ဆီဒိုးနားဟော်တယ်မှာ နေ့လည်စာ သွားစားခဲ့သည်။ အစားအသောက် သောင်းကျန်းသော ကိုယ့်ကို ကြက်ခြေထောက်စားကြည့်ဖို့ တိုက်တွန်းတော့ ကိုယ် မရဲတရဲ စားကြည့်ပီး သိပ်ကြိုက်သွားသည်။ အဲ့ဒီက စလို့ ကိုယ်လဲ ကြက်ခြေထောက်ကို စားတော့သည်။ မြန်မာပြည်မှာ နေတုန်းတော့ ထူးထူးထွေထွေ ဝယ်မစားဖြစ်ပါ။ အိမ်က ဈေးသွားလို့ ကြက်တကောင် ဝယ်လျှင် ခြေထောက် ၂ချောင်းပါသလို အဆစ်ကို ခြေထောက်နှင့်တောင်ပံ တစ်ချောင်းချောင်းရသည် မဟုတ်ပါလား။ဤကား ကြက် ခြေထောက် စ စားဖြစ်ရခြင်း အကြောင်းအရင်း။

အခု ကြက်ခြေထောက်ဟင်းစချက်ပါတော့မယ်..

ကြက်ခြေထောက်ကို ရေမဆေးခင် လက်သဲလေးတွေကို ခုတ်ပြစ်လိုက်သည်။ ပီးတော့မှ ရေသေချာဆေးသည်။ ဆား ဆနွင်း ငန်ပြာရည်နှင့် ကြက်ခြေထောက်ကို နယ်ကာ နာရီဝက်လောက် နှပ်ထားသည်။ အဲ့သည်နောက် ပေါင်းအိုးမှာ ဂျင်း ကြက်သွန်ဖြူ နှင့် မီးနည်းနည်း နှင့် ပစ်ထားလိုက်သည်။ မိနစ် ၃၀လောက်ကြာတော့ ရေထည့်ပီး အပေါ့အငန်မြည်းသည်။ ချက်တုန်းကတော့ မြန်မာပြည်မှာ စားသလို ချဉ်စပ်ဆိုတော့ ငရုတ်သီးစိမ်းလှီးထည့်ကာ သံပုရာသီးညှစ်သည်။ ဒါကို သူက တုံယန်းလေးပါထည့်ဆိုတော့ တုံယန်းထည့်လိုက်တော့ တုံယန်းနံ့သင်းသည့် စားချင်စဖွယ် ကြက်ခြေထောက် စွပ်ပြုတ်လေး ဖြစ်သွားသည်။

ရာသီဥတုအေးအေးမှာ ပူစပ်ပူလောင် ကြက်ခြေထောက် စွပ်ပြုတ်ကလေး သောက် ရင်း အရိုးလေးကိုက်ကြည့်ပါ။ အပျင်းပြေတာပေါ့။ သူကတော့ ဗိုက်မဝပဲ အလုပ်ရှုပ်တယ်တဲ့...။ ပီးတော့ သူပဲ အများဆုံးအားပေးတာ။း)

စကားမစပ်။ ဝက်ခြေထောက်ရော ကြက်ခြေထောက်မှာ ပါတဲ့ ထုပ်ထုပ်အဖြူအရွတ်ကလေးတွေက ကိုလာဂင် အများဆုံးပါလို့ မိန်းမတွေအတွက် ကောင်းတယ်နော့်..။



Monday, November 19, 2012

ကြက်ပေါင်းရည်

ဒီတခါတော့ ကြက်ပေါင်းရည် ချက်ပါမယ်။

သူက အခုတလော နုန်းနုန်းနေတယ်လို့ ပြောတာနဲ့ သူ့အတွက် အားရှိအောင် ကြက်ပေါင်းရည်လုပ်ကျွေးခြင်း ဖြစ်ပါတယ်။

တခါမှလည်း မပေါင်းဖူးဘူး ဆိုတော့ ထုံးစံအတိုင်း အညွှန်းတွေ ရှာရတာပေါ့။ ကြက်ပေါင်းရည်ကို မြန်မာလိုရှာတာ သိပ်မတွေ့ဘူး။ ကြက်ပေါင်းဟင်းကိုပဲ တွေ့တယ်ဆိုတော့ ဘိုလိုရှာရတာပေါ့။ ဘိုလိုရှာတော့ တွေ့ပါတယ်။ ဒါမဲ့ ထပ်ပီးတော့ အမတစ်ယောက်ဆီ မေးတော့ လုပ်နည်းသိပီး စိတ်တိုင်းကျ သွားပါတယ်။

ကြက်ပေါင်းရည် ပြုလုပ်ဖို့အတွက် ကြက်အကောင်လိုက် လိုပါတယ်။
ကြက်ကိုယ်တုံးလုံးလေး
ပထမဦးစွာ ကြက်အကောင်လိုက်ကို  အင်္ကျီချွတ် အဲ..အရေခွံခွါလိုက်ပါ။ ပီးလျှင် ကြက်ကိုယ်ထည်အပါအဝင် ကြက်ကိုယ်တုံးလုံးကြီးကို ရေသေချာဆေးပါ။ ကိုယ်ထည်မှာ ကပ်နေသော ကြက်အဆီများကို သေချာဖယ်ပါ။ကိုယ်ကတော့ ဖယ်တာ သိပ်မစင်ဘူးထင်တယ်။ ပီးလျှင် ဆား ဆနွင်း ငန်ပြာရည်နဲ့ သေချာနယ်ပီး မိနစ်၂၀  ၃၀လောက် နှပ်ထားလိုက်ပါ။


ရှက်နေလို့ အပ်ချည်ကြိုးလေးနဲ့ လုံမလားလို့ ချည်လိုက်တာ..
ထိုအချိန်မှာ ကြက်သွန်ဖြူ နှင့် ဂျင်းကို လှီးပါ။ ကိုယ်ကတော့ ကြက်သွန်ဖြူကို အလုံးလိုက် အမွှာလိုက်လေး ကိုယ်ထည်မှာ ထည့်ပါတယ်။ ပြောတဲ့ အမကတော့ ထောင်းထည့်ပါတဲ့။ ဂျင်းကိုလည်း ပါးပါးလှီးပီး ကိုယ်ထည်မှာ ထည့်ပါတယ်။ ကြက်က အရေခွံ ဖယ်လိုက်တော့ ပေါင်နှစ်ချောင်းက ကားသွားတာနဲ့ အရှက်ဖုံးအောင်..အဲ.. ကြက်ကားယားကြီး ဖြစ်နေတာနဲ့ အပ်ချည်ကြိုးနဲ့ ကြက်ခြေထောက်ကို ၂ချောင်းပူးချည်လိုက်ပါတယ်။ ကြက်တကောင်လုံးဆံ့သော ပန်းကန်လုံး တလုံးမှာ ထည့်ပီး သကာလ ရိုးရိုးအိုးမှာ ရေ အနဲငယ်ထည့်ပါတယ်။

အဆိုပါ ရေထည့်ထားသည့် အိုးထဲကို ကြက်ထည့်ထားသော ပန်းကန်လုံးထပ်ထည့်ပါတယ်။
ပီးလျှင် မီးနဲနဲ နဲ့ အိုးဖုံး ဖုံးပီး ပစ်ထားလိုက်ပါ။ အဖုံးကို သွားမဖွင့်ပါနဲ့။ အဖုံးရဲ့ အငွေ့က ကြက် ထည့်ထားသော ပန်းကန်လုံးထဲကို ကျလာတဲ့ အရည်သည် ကြက်ပေါင်းရည် ဖြစ်ပါသည်။ မိနစ် ၄၀ ၄၅ မိနစ်ကြာသောအခါ မီးပိတ်လိုက်ပါ။ ကျက်ပါပီ။ အိုးဖုံးကို ၅မိနစ်လောက်ဆက်ပီး မဖွင့်ပဲ ထားပါ။

ကြက်တကောင်လုံး ပေါင်းမှ အရည်က ပန်းကန်လုံး တလုံးစာ အပြည့်မရပါ။



ကြက်ပေါင်းရည်ဆိုတာ ပန်းကန်ထဲကပေါ့

ကိုယ်ကတော့ ဆီတွေသိပ်များနေလို့ အဆိုပါအရည်ကို  ရေမဆိုစလောက်ထပ်ထည့်ပီး ဆားထပ်ထည့်ကာ ကြက်သွန်မြိတ်လေး ခပ်လိုက်ပါသည်။

အသားကိုတော့ ခက်ရင်း ဓားနဲ့လှီးကာ တုံးလိုက်ပါသည်။ ပီးမှ အပေါ်ကနေ ကြက်ပေါင်းရည်လေး ဖြန်းလိုက်တဲ့အခါ စားချင့်စဖွယ် ဖြစ်သွားပါသည်။ တော်တော် အရသာရှိပါသည်။
အသားလေးက နူးညံ့ပီး အရည်က အမှန်တကယ် အရသာရှိ

အရည်ကို သောက်ပီး အသားကို ယိုးဒယားဆော့စ် နှင့် စားပါက အလွန်ကောင်းပါသည်။ အဆင်ပြေလျှင် လုပ်စားကြည့်ပါလေ..။

ကြက်တကောင်မှ ၃၅၀ ယန်း... လုပ်ရတာလဲ မခက်တော့ မကြာမကြာ လုပ်စားဖြစ်မည်ထင်ပါသည်။း)

မှတ်ချက်။ ထမင်းနှင့်မစားရပါ။း)



Tuesday, November 13, 2012

ကြက်သားသုတ်

ကြက်သားသုတ် နည်းအမျိုးမျိုး ရှိသည့်အနက် ယခု မှတ်တမ်းတင်ဖြစ်တာကတော့ ကာဆင်ဘိုင် ကြက်သားသုတ်ပါ။ မြန်မာသုတ်လဲ သုတ်လေ့ရှိပေမဲ့။ ဒီအသုတ်ကတော့ ကိုယ့်ရဲ့ အကြိုက်ဆုံး အသုတ်ပါ။

မြန်မာပြည်မှာ ဆိုရင်တော့ ပုစွန်တောင်ဈေး ကြည့်မြင်တိုင်ညဈေး နဲ့ တရုပ်တန်းမှာ စားဖြစ်လေ့ရှိပါတယ်။
အရမ်းလည်းကြိုက်ပါတယ်။ ကဲ..လေကြောရှည်နေပီ။

ပထမဆုံး ကြက်ကို အသား အရိုး ကို ကြိုက်သလောက် သာပြင်ဆင်ပါ။ အသည်းအမြစ်ကြိုက် လျှင်ထည့်ပါ။ ထုံးစံ အတိုင်း ဆား၊ ဆနွင်းများများ ထည့်ပီး နယ်ထားပါ။ နယ်ထားပီး ၁၅မိနစ်လောက်တော့ ကြာပါစေ။
ပီးလျှင် ရေ ထည့်ပီး ပြုတ်ပါ။ အရိုးများကို အရင်ပြုတ်ပါ။ ပီးမှ အသားထည့်ပြုတ်ပါ။အသားလဲ အနေတော် အရိုးတွေလဲ ရပီဆိုလျှင် မီးနဲနဲဖြင့် ဆီပြန် ရေကျန်လေးဖြစ်သည်အထိ ထားပါ။ ပီးလျှင် မီးပိတ်ပီး ကြက်သား ကြက်ရိုးများကို ဆယ်ယူပါ။

ကြက်သားတည်ထားတုန်း ပဲအစိမ်းမှုန့် အနည်းငယ် ကို ရေထည့်ပီး ကြေအောင် မွှေထားပါ။ပဲမှုန့်များလျှင် မကောင်းပါ။ ပဲအရည်ကျဲလေး ဖြစ်အောင် ဂရုစိုက်ပါ။  မွှေထားပီးသား အမှုန့်ကို ခုန ကြက်အိုးတည်ထားသော အိုးအတွင်းကို ထည့်ပီး မီးနဲနဲ ဖြင့်တည်ပါ။ ပဲမကပ်သွားအောင် ဆူသည်အထိ မွှေပေးပါ။ ဆူလာပီဆိုလျှင် အရသာမြည်းပီး လိုသလို ပြင်ပါ။ကျက်ပီဆိုလျှင် ..သုတ်ဖို့ပြင်ပါတော့မည်။

ကြက်သားတည်ထားတုန်း လုပ်ဆောင်ရမည်များမှာ
ဂေါ်ဖီ ပါးပါးလှီးပါ။
ငရုတ်သီးစိမ်း ပါးပါးလှီးပါ။
သံပုရာသီး လှီးပါ။
ငန်ပြာရည်
ငရုတ်သီးအကျက်အမှုန့် ပြင်ဆင်ပါ။
ပူစီနံရွက် လိုပါသည်။ ကိုယ်ကတော့ အိမ်က အပင်မှ ခူးလိုက်ပါသည်။

ကြက်သားများကို အနေတော် တုံးလိုက်ပါ။ အရိုးများကို လဲ အဆင်ပြေသလို တုံးပါလေ..။

ပီးလျှင်သုတ်လို့ ရပါပီ။ တုံးထားသော ကြက်သား ကြက်ရိုး များအပေါ်သို့ ဂေါ်ဖီ ငရုတ်သီးစိမ်း ငန်ပြာရည် ထည့်ကာ ပဲရည်လောင်းပါ။ ပီးလျှင် ငရုတ်သီးအမှုန့်ထပ်ထည့်ကာ သံပုရာသီးညှစ်ပီး သုတ်လို့ရပါသည်။ ပီးမှ ပါးပါးလှီးထားသော ပူစီနံရွက်လေးအုပ်လိုက်ပါ။

ဒါဆိုလျှင် အနံ့ အရသာပြည့်စုံသော ကြက်သားသုတ်လေး စားလို့ရပါပီ။







Wednesday, November 7, 2012

ထိုးကြမယ်ဟေ့ ကောင်းကောင်း

ဆောင်းဟေမာန်နဲ့အတူ
 နှင်းသခင်တို့ အပေါင်းအပါများ..
ပျော်မြူးကြတော့မည်ဆိုတော့ တစတစနှင့် ညနေ ၅နာရီ မတိုင်ခင်ကတည်းက မှောင်ရီပျိုးတော့သည်။

သည်လိုနှင့် နွေအကုန် ဆောင်းဦးရာသီကနေ ဆောင်းဥတုကို ရောက်ခဲ့ပြန်ပီ။
ဒီနှစ်ဆောင်းရာသီမယ်...... အလုပ်လက်မဲ့ ကိုယ်သည် မလုပ်စဖူး အလုပ်ထူးသည့် ဘဝမှာ ပထမဆုံးအကြိမ်လဲ ဖြစ်သည့် သိုးမွှေးထိုးခြင်း အလုပ်ကို ဘာစိတ်ကူးနဲ့ လုပ်မိသည် မသိပေမဲ့ အကောင်အထည်တော့ ဖော်ဖြစ်လေသည်။

ဖော်ဖြစ်ရခြင်း အကြောင်းကလည်း မရည်ရွယ်ပဲ လုပ်ဖြစ်သည်ဆိုပါတော့..

ထိုးဖြစ်ပုံကလည်း..ဒီလို ...

တနေ့ အိမ်ကနေ ဟိုဟိုဒီဒီ လမ်းများနေတုန်း အထက်ကောင်းကင်ယံမှာ ရုတ်တရက် မှောင်မဲလာကာ လေကြီးမိုးကြီး ချပါလေတော့သည်။ သည်တော့ ထီးမပါသည့် ကိုယ် က အိမ်ကို ပြန်လို့မရ။ မရသည့်အတူတူတော့ အဆောက်အဦထဲ ပြန်ဝင်ပီး ဟိုဒီလျှောက်ကြည့် ဖြစ်သည်။ ယန်း၁၀၀ ဆိုင်ကလဲ အဆင်သင့်ဆိုတော့ လှည့်ပတ်ကြည့်ရှူရင်း စိတ်ကူးပေါက်လာသည်ကား မျက်စိရှေ့မှာ ရှိတဲ့ သိုးမွှေးအထုံးစီ။ သူ့အတွက် လည်ပတ်စီးကလေး ထိုးပေးရင် ဆိုတဲ့ အတွေးဝင်လာတော့ အရောင်ရွေးရင်း ထိုးပေးဖို့ ဝယ်မိသည်။

လွန်ခဲ့သော ဆယ်စုနှစ်ကျော်တစ်ခုမှာ ကိုယ်သိုးမွှေးထိုးခဲ့ဘူးသည်။ အကျီ င်္တစ်ထည် တကယ်ထိုးဖြစ်ခဲ့သည်။ သိပ်တော့မကြာ ၁နှစ်လောက်ပါ။း))
နောက် နှစ်ချောင်းထိုး နှင့် ကလေးခြေအိတ် တစ်စုံ ထိုးခဲ့ဘူးသည်။ ပီးခါနီးမှ အပ်ကနေ လွတ်ကျသွားတော့ စိတ်မရှည်သည့် ကိုယ် အစပြန်မကောက်တတ်တော့ ကိုယ်တိုင်ပဲ ဖျက်ဆီးပစ်သည်။  အမယ်.. ကိုယ် သိုးမွှေးထိုးတော့မယ် ဆိုတာနဲ့ ကိုယ့်ဆီမယ် စာအုပ်တွေ များ လောင်ဆက်တွေ ဗလပွ ရခဲ့ဘူးတာ။ ကိုယ်ကလဲ ဟိုပုံစံ လေး ဒီပုံစံလေးနဲ့ အစတော့ထိုးသည်။ အဆုံးဘယ်တော့မှ မသတ်။ ထိုးခဲ့ဘူးသည့် ဝတ်စကုတ်လေးကိုလဲ အစအဆုံးသေချာ ပြန်ဖျက်ခဲ့ဘူးသည်။ ထိုးတော့သာ ကြာတာ ဖျက်မယ်ဆို ...ဟော...ဟော နဲ့ ဖျက်လို့ ကောင်းမှကောင်း။ မှတ်မှတ်ရရ ၂ခုတော့ အဖတ်တင်သည်။ တခုက ကတ်ဆက်ဖုံး နှင့် တယ်လီဖုန်းအတွက် ။  အဲသည်လောက်တော် သည့် ကိုယ်သည် သိုးမွှေးထိုးခြင်းကို မျက်စိပျက်မည် အကြောင်းပြပီး ရပ်နားခဲ့သည်။ ဒါက ကိုယ့်ရဲ့ သိုးမွှေးထိုးခြင်း မှတ်တမ်း။

သိုးမွှေးထုံးတွေဝယ်ပီး ခနနေတော့ မိုးက သူမဟုတ်ခဲ့တဲ့အတိုင်း တိတ်သွားတော့ လမ်းမြန်မြန်လျှောက်ပီး အိမ်ရောက်တော့တာပေါ့။ အိမ်ရောက်တော့ ဇာတ်လမ်းစတာပေါ့။ ပထမတော့ တိတ်တိတ်လေး သူမသိအောင် ထိုးပေးပီးမှ သူ့ပြမယ်ပေါ့။ ဒါပေမဲ့ ခက်တာက ယောင်္ကျားဆိုက် က ကြီးကလဲကြီးတော့ ကိုယ်မမှန်းတတ်ဘူး။ ထိုးလဲ မထိုးဘူးတော့ နောက်ဆုံး သူသိသွားလေရဲ့။ မျက်စိပျက်မယ်တဲ့ သူက။ နားနားနေနေထိုးတဲ့။း)) မယ်စက်ကြာ မဟုတ်ပေမဲ့ မယ်ငပျင်း အကြောင်း သူမသိရှာဘူး။ ဒါပေမဲ့ သူ့အတွက်ဆိုတော့ အားကြိုးမာန်တက် ထိုးသပေါ့လေ.......။

သူ့အတွက် ထိုးနေရင်းနဲ့ပဲ ကောက်ခါငင်ကာ ထိုးလိုက်တာ ကိုယ့်အတွက် ဦးထုပ်။ ဟီး... ကိုယ့်ဥစ္စာလေးပီးမှ သူ့အတွက် ပြန်ထိုးရတယ်။ ကိုယ့်ဟာလေးကို ၃ရက်နဲ့ အပီးထိုးပီးတာ ဇာတ်ကြောတောင် တက်တယ်။ သူပြန်လာတော့ ကိုယ့်ကိုတောင် ဇက်ကလေး နှိပ်ပေးသေး။း)
ဒါလေးက သူ့ရဲ့ လည်ပင်းပတ်ကလေး
နှိပ်ပီးမှ သူ့ကိုပြတော့ သူက သူ့ဟာတော့ မပီးသေးဘူးလားတဲ့..။ ဒါနဲ့ သူ့ဟာလေး ဆက်ထိုးပေးတာ..။ နောက် ၂ ရက်ကြာတော့ ပီးသွားတယ်။ သူက ဦးထုပ်လေးကို ပန်းဖွားလေး လုပ်ပါဆိုလို့ ကိုယ်လဲ သူပြောသလို လုပ်လိုက်တယ်။ ပန်းဖွားလုပ်တာ တခါမှ မလုပ်ဖူးလို့ youtube မှာရှာပီးလုပ်ထားတာ။ အင်တာနက်က သုံးတတ်ရင် ပညာရတယ်ဆိုတာ အမှန်ပဲ။ ခုတလော တော့ ဘာသိချင်သိချင် ဘာရှာချင် ရှာချင် အင်တာနက်ကိုပဲ မေးမေးနေတယ်။ အမှန်က ကိုယ်မေးနေကျ သူငယ်ချင်းတွေ အကုန် မြန်မာပြည် ပြန်ကုန်ကြလို့။
ဒါလေးက ကိုယ့်ဦးထုပ် သူ့လည်ပင်းပတ်
သူ့ဦးထုပ်လေး
အဲဒါတွေလဲ ပီးရော ကိုယ့်လက်ရာကို ယုံ သွားတဲ့ သူက ကိုယ့်ကို ဦးထုပ်တစ်ခု ထိုးခိုင်းတယ်။ ဒါနဲ့ ဒီဦထုပ်လေး ထိုးဖြစ်သွားတယ်။ သူ့အတွက်ထိုးရင်း သူနဲ့ဆင်တူ ကိုယ်လဲ နောက် ဦးထုပ်တစ်ခု ထပ်ထိုးဖြစ်ပြန်ရော...။ သူ့စိတ်ကြိုက် လုပ်ပေးရတာ။ အရောင်က ကိုယ်ရွေးထားတာ သူကြိုက်တယ်ဆိုတော့ စိတ်ချမ်းသာတာပေါ့။ ပီးသွားတော့ သူက နောက်ထပ် တလုံးတောင် ထပ်ထိုးဖို့ ပူဆာနေသေးတာ..း) ။ ကိုယ့်ဦးထုပ်ကလေးက ကျောက်ကပ်နေတာ သေးတော့ ကပ်ရတာ အဆင်မပြေလို့ ၃လုံးပဲ ပီးသေးတယ်။ ဒါပေမဲ့ အဲ့ဒီဦးထုပ်လေးကို လဲ အရမ်းကြိုက်တယ်။ဆောင်းရာသီ မှာ ဆင်တူကဲ ..အဲ အပြင်သွားရင် ဆင်တူဝတ်လို့ရပီ။း)


ဒါကတော့ အင်္ဂလန်က သူ့တူလေးအတွက် မှန်းပီးထိုးထားတာ.. တော်မတော် တော့မသိသေး။ အင်တာနက်က အတိုင်းအတာ ယူပီး ထိုးလိုက်တာပါ။ မျက်လုံးရယ် ခေါင်းကြိုးသိုင်းက သူကထည့်လိုက်ပါဆိုလို့ ထည့်တာ။ တခါမှ မထိုးဘူးသလို တိုင်းလဲ မတိုင်းရတော့ အဆင်ပြေပါ့မလား မသိဘူးရယ်..။


စကားမစပ်..
အမေရီးကားမှာ အိုဘာမားနိုင်သွားတာ ကိုယ် ..သိပ်ပျော်။



Friday, November 2, 2012

အမျိုးသားပညာဝန် ဦးဖိုးကျား၏ မယ်မြ


` မြန်မာမိန်းခလေးတိုင်းဖတ်ပေးပါ ´´ ===

လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင်လေသည်။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလ
ို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ ငါးနှစ်လောက်က တစ်ခေါက် သွားရသည်။

ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ စစ်တကောင်း ကုလား (ခေါ်တော) များ အစီး အများဆုံးဖြစ်၏။ ရခိုင်များ အနည်းငယ်စီးကြ၏။ကျွန်ုပ် သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တော် တစ်ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်က ထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ သဘောင်္စီးသူတို့သည် ကုန်းပတ်သို့ ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညို့ဓာတ်ကို မပြတ်မစဲ စွဲမြဲကြည့် ရှု၍ ငေးမော နေသူနေ၊ တွေးတော နေသူနေ ရှိကြကုန်၏။

ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယား နှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထို ကုလားမသည် ဖြူစင် သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ ၄င်း၏ ယောင်္ကျားကုလားက...

“ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ-ဘာများစားရအောင်လေ”

ဟု မြန်မာရေ လည်ပတ်စွာနှင့် နှုက်ဆက်လေရာ။

“အော်-ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော် ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကား တတ်ရဲ့လား”

ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍

“တတ်လား၊ မတတ်လား ခင်ဗျားဘဲ မေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတစ်ယောက် ကွဲ့၊ စကားများ ပြောပါအုံး”

ဟု ဖော်ရွေစွာပြော၏။ မယ်မြဆိုသူသည် ထိုအခါမှ ကျွန်ုပ်တို့ဖက်သို့လှည့်၍ မျက်နှာဖုံးကို အတန်ဖွင့်ခါ မျက်နှာထားနှင့် ဆိုသည်ကား--

“ရှင်ကဘယ်ကလဲ ဘယ်သွားမလို့လဲ”

“ကျွန်တော် ရန်ကုန်ကလာပါတယ်။ အခုစစ်တွေကို သွားမလို့ဘဲ။ နေပါဦး ခင်ဗျားက ဘယ်အရပ်ကလည်း အကြောင်းပါတာ ဘယ်လောက်ကြာပြီလဲ”

“ကျွန်မက ဟင်္သာတနယ်ကပါ။ အကြောင်းပါတာ တနှစ်ကျော်ဘဲ ရှိပါသေးတယ်။”

“အော် ဟင်္သာတနယ်ကလား ကျွန်တော်လဲ ဟင်္သာတနယ်ကဘဲ။ ခင်ဗျား နေရပ်က……”

“ကျွန်မက နိဗ္ဗာန် ရှင်ပင်သာလျောင်ရွာကပါ။ ရှင်ကကော-”

“ဟင်-ကျွန်တော်လည်း နိဗ္ဗာန်ကဘဲ”

ဆို၍ မျက်နှာကို စိုက်ကြည့်မိရာ သိသလိုလိုရှိ၏။ ၂ ယောက်သား စိုက်ကြည့်ကြ၍ မကြာမီပင် ကျွန်ုပ်ထင်သည့် အတိုင်း-

“နေပါဦး၊ ခင်ဗျား၊…ဟာ၊ ဧကန္တဘဲ..။ နင် ကိုထွန်း သမီးမယ်မြ မဟုတ်လား။ နင်ငါ့ကို မမှတ်မိဘူးလား။ ငါ-မောင်ကျားရယ်လေ”

“ဟေ-အောင်မယ်လေးဟယ်။ အေးဟယ် ဟုတ်ပါရဲ့ နင်ကခုဆံပင်တွေ ဘာတွေနဲ့။ ၀လို့ကိုဟဲ့။ ကတဲ့ဟယ်။ ငယ်ငယ်ကရုပ် တစက်ကမှ မရှိဘူး။ အေးဟယ်။ ဟုတ်ပါရဲ့။ နင်အစ်ကိုကြီးနဲ့ ငါမကြာမကြာ တွေ့တယ်။ နင်ရန်ကုန် မှာနေတယ်ပြောတယ်။ အခုတွေ့ရတာ အင်မတန် ၀မ်းသာတယ်ကွယ်။ တို့ကျောင်းကထွက်သွားတာ ခုဆိုရင် ၁၂-နှစ် ၁၃-နှစ်လောက်ရှိရော့မယ်။ (သူ့ ယောင်္ကျားဖက်လှည့်၍) ဒီမှာ အဒူလမြစ်ရဲ့၊ ဒါဟာ တို့သူငယ်ချင်း၊ ကျောင်းနေဖက်၊ ကစားဖက်ကွဲ့။ အင်မတန်ခင်ကြတယ်။”

“အော်-ဟုတ်ကလား၊ အေးအေးကောင်းတယ်။ ကိုင်း စကားပြောကြအုံး” ဟုဆို၍ထသွား၏။ ဇာတ်ရင်းကို လှန်ရအုံးမည်။ နိဗ္ဗာန်ရွာနှင့် ရှင်ပင်သာလျောင်းရွာ စပ်ကြားတွင် လောကဓာတ်ဘုန်းကြီးကျောင်း ရှိ၏။ ထိုကျောင်းတွင် ကျွန်ုပ်တို့ ငယ်ငယ်က နေကြရာ ကျွန်ုပ်တို့ နိဗ္ဗာန်ဖက်က၊ ဖိုးအေးကြီးနှင့် ကျွန်တော်တို့တတွဲ၊ ရှင်ပင်သာလျောင်းရွာဘက်က မယ်မြ၊ ဧစိန်၊ သန်းညွှန့်တို့ တစ်တွဲ အလွန် ချစ်ခင်ကြ၏။ ကစားအတူ၊ စားအတူသဆို သလိုနေကြ၏။ ၄င်းကျောင်း ၆-တန်းတွင် အတူနေကြ၏။

ကျွန်ုပ်တို့ လူစုတွင် မယ်မြနှင့် ဖိုးအေးကြီးတို့အကြောင်းကို အထူးပြောရဦးမည်။ မယ်မြမှာ ဥာဏ်ကောင်း၏။ သွက်လက်၏။ ပါးနပ်၏။ ကျွန်ုပ်တို့ သူငယ်ချင်း ဖိုးအေးကြီးမှာကား မယ်မြ ဥာဏ်ကောင်းသလောက်-သွက်သလောက်-ပါးသလောက်၊ ဖိုးအေးကြီးက- ဥာဏ်ထိုင်း၏။ ထုံ၏။ နုံ၏။ သို့ရာတွင် အလွန် သဘောကောင်းရှာ၏။ မယ်မြက ဖိုးအေးကြီးကို သစ်တုံးဟု သဘောထား၏။ သူ့လက်အောက် ငယ်သားကဲ့သို့ ခိုင်းစေ၏။ စိတ်မထင်လျှင် နားရွက် ဆွဲခြင်း၊ ထုရိုက်ခြင်းကိုပြု၏။ အလွန်အနိုင်ရ၏။ သို့ရာတွင် မုန်းသည်ကား မဟုတ်ချေ။ မယ်မြက စားစရာရှိလျှင် မိမိက နဲနဲယူ၍ ဖိုးအေးကြီးကို သူများ စော်ကားလျှင် မယ်မြက ၀င်၍ ခုခံ၏။ မယ်မြမှာ ဖိုးအေးကြီးအတွက် မကြာမကြာ ဆရာဘုန်းကြီးရှေ့သို့ ရောက်ရ၏။

ဤသို့နေကြရာ ၆-တန်းစာမေးပွဲပြီးသည့်နောက် ကျွန်ုပ်ထွက်ခဲ့၏။ သူတို့လည်း မကြာမီဆိုသလို ကျောင်းကထွက်ကြ၍ မယ်မြနှင့် ဖိုးအေးကြီးတို့ ချစ်ကြိုက်နေကြသည်ဟု ကြားရ၏။ ကျွန်ုပ်သည်လည်း အခြားကျောင်းများတွင် မြန်မာ၇-တန်းဆရာဖြစ်၊ အင်္ဂလိပ် ၁၀-တန်း၊ နောက် ရန်ကုန်ကောလိပ်သို့ ရောက်ခဲ့၏။ ၁၂- နှစ် ၁၃- နှစ် ကွဲကြပြီးနောက် သမုဒ္ဒရာ ပင်လယ်ကြောတွင် မယ်မြကို ကုလားမယားအဖြစ်နှင့် တွေ့ရကြုံရသည်မှာ အတန်ထူးဆန်း အံ့သြဖွယ်ကောင်း၏။

“မယ်မြရယ်၊ နင် ဘယ်အဖြစ် ရောက်လာတာလဲ၊ နင်ဟာ တော်ပုံတော်ပန်းနဲ့ နေပါဦး၊ ဖိုးအေးကြီးကော”

“မင့်လူ ဖိုးအေးကြီးလား၊ မင်းက လူဟုတ်ကြီး ထင်နေသလား၊ ငယ်ငယ်က နုံနုံ၊ ကြီးတော့ သာနုံသေးတယ်၊ သူ့ကို မချစ်လို့တော့ မဟုတ်ပါ ဘူး။ နို့ပေတဲ့ လူစတုံးလွန်းလို့ပါကွယ်၊ ဒီအကောင်”

“နင့် ကုလားကကော၊ ဘယ်လောက်များ လူစ ကောင်းလို့လဲဟဲ့။” (မခံချင်၍ ဒေါသနှင့်မေးသည်။)

“ဟာ မင်းမသိဘူး။ ငါ့ ကုလားကလေ၊ ခိုဒါ စူးရစေရဲ့၊ သိပ်လည်တာ၊ ငါပြောမယ်၊ ဒီမှာကြည့်၊ သူ အရင်က နွားသတ်သမားဆီမှာ နေရတယ်။ မကြာဘူး မောင်ရေ၊ သူကိုယ်တိုင် မင်းတို့ နိဗ္ဗာန်ဘက်က နွားသတ်ရုံကို သူလေလံဆွဲ နိုင်တာပဲ။ အခု နွားသတ်ရုံ လေလံပိုင်မောင်ရဲ့၊ နှယ်နှယ် မမှတ်နဲ့”

“ဟင်- နို့ နင်ကိုယ်တိုင်လဲ နွားသတ်သလား”

“ဟာ-နင်ရူးသလားဟဲ့၊ ငါကိုယ်တိုင်သတ်မှ နွားသေရမှာလားဟဲ့၊ ဘာလဲ မင်းက၊ မင်းတို့ ဗုဒ္ဓဘာသာတရားနဲ့ ပါဏာတိပါတာတွေ ဘာတွေ ပြောချင်လို့ လား။ ဟေ့၊ မင်းနဲ့ငါနဲ့ ကျောင်းနေဘက်ပါကွယ်။ မင်း သင်ရသလောက် ငါသင် ရတာပါပဲ၊ မဖိန်းပါနဲ့။ တို့ ကျမ်းစာက စားချင်ရင် သတ်ရတယ်။ ဒါတွေဟာ ကမ္ဘာ့ဟင်းသီးဟင်းရွက်တွေ၊ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ဦး၊ နာ - သေတဲ့ အသားစားရင် ရောဂါ ဖြစ်တတ်တယ်။ လတ်လတ်ဆတ်ဆတ်ကို သတ်စားမှ သန့်ရှင်းတယ်၊ ကျန်းမာတယ်၊ နားလည်ရဲ့လား။ အဲဒါတွေ မင်းတို့ အင်္ဂလိပ် စာတွေ သင်ရတာ မပါဘူးလား”

“ဟာ-မယ်မြ၊ နင့်ဟာတွေ လွဲကုန်ပြီ၊ ဒီမှာ”

ထိုအခါ မယ်မြက အသံထွက်အောင်ရယ်၍

“ဟေ့- မင်းကငါ့ကို တရားဟောမလို့လား၊ မရဘူးဆရာ၊ ငါကမင့်ကို ဟောမှာ၊ အဘိဓမ္မာ တွေ ဘာတွေ တပ်မနေဘူး၊ မင့်ကို သတ်တရားနဲ့ ရှင်းရှင်းဟောပြမယ်။ မင်းတို့မြန်မာ ဗုဒ္ဓဘာသာတွေက သတ်တော့ မသတ်ရဘူး၊ သူတပါး သတ်ပေးတော့ မြိန်မြိန်ကြီး စားသလား၊ အလှူအတန်းရှိရင် နွားသတ်ကုလားကို လာပြီး လက်တို့ တတ်သလား။ ပြီးတော့ ပူပူနွေးနွေး စားချင်တယ်ဆိုပြီး ဈေးရောက်အောင်မှ မစောင့်နိုင်ဘဲ နွားသတ်ရုံအထိ လာစောင့်ပြီး လဒတွေလို ဆွဲကြလုကြတယ်။ ဘာဗုဒ္ဒဘာသာ လဲကွယ့် ပြောစမ်းပါဦး။ ပြီးတော့ မင်းတို့မြန်မာတွေ အခုတလော ၀ံသာနုစကား အင်မတန်ပြောကြတယ်။ ဟေ့ မှတ်ထား၊ ဘာလူမျိုးဖြစ်ဖြစ်၊ တရားနဲ့ ပြည့်စုံရင်၊ ၀တ္တရား မလစ်ဟင်းရင်၊ အဲဒါ လူ့အဖိုးတန်လို့ မှတ်ထား၊ ဟော- အခု ငါ့ယောက်ျား အဒူလမြစ်ဟာ ရွှေနဲ့ ငွေနဲ့ အခန့်စား မောင်ရေ့၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတာဘဲ၊ အဖိုးတန်တာဘဲ၊ ငါနဲ့မရခင်ကထဲက အင်မတန် ဖော်ရွေတယ်။ တို့မိဘများက ငွေလိုရင် သူ ကတောင် လာပို့တယ်၊ ဘယ်လောက် တော်သလဲ”

“ဟဲ့- အဲဒါက ဒါနပြုတာ မဟုတ်ဘူးဟဲ့၊ နင့်ကို ပိုးပေးတာ၊ အခု အဲဒီ ပိုက်ဆံတွေကို နှိမ်ပြီး နင့်ကိုယူတာ မဟုတ်လား”

“ဒါက နောက်မှ ဖြစ်တာ၊ ငါ့ကို မရခင်ကလည်း ပေးတယ်၊ ရပြီးတဲ့ နောက်လဲ ပေးတာပဲ၊ အဖြစ်ကို ပြောရဦးမယ်၊ ငါကုလားနဲ့ ရတော့ တစ်မျိုးလုံး တစ်ရပ်လုံးက ငါ့ကို လက်ညှိုး ၀ိုင်းထိုးကြတယ်၊ တော်တော်ကြာလို့ ငတ်ကြတော့ ကုလားဆီ ငါ့ဆီကို ဒူးတုပ် လာကြရတယ်၊ မင်းတို့ မြန်မာများ ဘယ်လောက် ဖျင်းချာသလဲ ဆိုတာကိုကြည့်၊ ငါ့မှာ ရွှေနဲ့ ငွေနဲ့ဆိုတော့ ငါ့ကို အရပ်က အခု မမမြတဲ့၊ တချို့က ဘီဘီမြ တဲ့၊ အဲဒါသာ ကြည့်တော့၊ ပိုက်ဆံဟာ အရေးကြီးဆုံးပဲ။ တို့ရွာမှာ အခု ကုလားခေတ် ထနေတယ်၊ ငါ့ကိုအားကျပြီး ကုလားတွေကို လိုက်မြူ နေကြတယ်။ တို့သူငယ်ချင်း အေးစိန်လေ လွှတိုက်တဲ့ကောင်နဲ့ ရတယ်။ သန်းညွန့်က ဘုန်းကြီးလူထွက်နဲ့ ရတယ်။ အခုသူတို့က မြန်မာလင် တွေ ကွာပြီး ကုလားကို ယူမလို့ စိတ်ကူးနေကြတယ်။ ခေတ် မောင်ရေ့ ခေတ်၊ မင်းကော အိမ်ထောင် ကျပြီလား။ မကျသေး ရင် ကုလားလို ၀တ်လာခဲ့၊ မင့်ကို အရင်က စခန်းကြီးနေတဲ့ ဟိုကောင်မကြီးရှိတယ် မဟုတ်လား၊ အခု ရစေ့မယ် လာခဲ့။ ငါ အာမခံမယ်”

မယ်မြ၊ နင်ရူးပြီ၊ ဒီကုလားတွေကြောင့် တို့ မြန်မာတွေရဲ့ အကျိုးယုတ်ရတယ်။ ဒီမှာကြည့်၊ ငါပြောမယ်”

“ဟေ့၊ တော်၊ မင်းတို့က ကျေးဇူးရှင်ကို ကျေးစွပ်မလို့လား၊ ကြည့်စမ်း၊ ချစ်တီးတွေဟာ ရပ်ဝေးက လာပြီး ငွေအား ကြေးအားနဲ့ မင်းတို့ မြန်မာတွေကို ထောက်ပံ့တယ်။ သူတို့ ရှိလို့ မင်းတို့ လယ်လုပ်ဖို့ အရင်း ရတယ်။ စပါးလှောင်ဖို့ ကုန်ကူးဖို့ ဆိုလို့ အရင်းအနှီး ရတယ် မဟုတ်လား၊ ဒီကျေးဇူးတွေ မင်းတို့မသိဘူးလား”

“သြော်- သူတို့တွေဟာ ကျေးဇူးးတွေလား၊ နို့ - နေပါဦး။ အခုတို့နယ်က လယ်တွေ၊ ခြံတွေ၊ အိမ်တွေ အခု ဘယ်သူ့လက်ထဲ ရောက်ကုန်ပြီလဲ”

“ချစ်တီးလက်ထဲ ရောက်ကုန်ပြီ၊ ဘာဖြစ်သေးလဲ။ ရောက်မှာပေါ့၊ အရောက်တောင် နည်းသေးတယ်၊ မင်းက ကုလားကို အပြစ်တင် ချင်လို့လား၊ မင်းဟာ အင်္ဂလိပ်စာတွေ ဘာတွေလဲ တတ်တယ်၊ ရန်ကုန်မြို့ကြီးမှာလဲ နေရတယ်၊ မင်းကို တော်လိမ့်မလား အောက်မေ့ မိတယ်၊ မင်းလည်း ခပ်ချာချာ ပါကလား၊ ဟေ့- မင်းမြန်မာတွေ ဖျင်းလို့၊ ညံ့လို့၊ အလုပ် မလုပ်လို့၊ ကောက်ချင် လိမ်ချင်လို့၊ အမြော်အမြင် မရှိလို့၊ ချွေတာခြင်း မရှိလို့၊ ကိုယ့် ရှိတာထက် ကြွားချင်လို့ သိရဲ့လား၊ လူမှာဖြင့် စားစရာ ဆန်မရှိဘူး၊ ခေါက်ဆွဲဆိုင်၊ ပလာတာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထန်းရေဆိုင်၊ အရက်ဆိုင်၊ ဖဲဝိုင်း၊ ရုပ်ရှင်၊ မြင်းပွဲ၊ ဘာကျန်သေးလဲ။

ကိုယ့်အပြစ်နဲ့ ကိုယ်ဖြစ်တာ၊ ဘာပြုလို့သူများ အပေါ်မှာ မတရား ချချင်ကြသလဲ၊ အကုန်တောင် နည်းသေးတယ်၊ ငါ သိပါတယ်ကွယ်၊ အခု တို့နယ်က လယ်တွေ မြေတွေ ကုလားလက်ထဲ ကို တစ်ကျပ်မှာ ငါးမူး ခြောက်မူးလောက် ရောက်ကုန်ပြီ။ ကျန်တာလဲ မကြာဘူး ရောက်မှာပဲ။ ကြည့် - မင့် မြန်မာတွေ၊ ရှေ့ကို သာပြီး ကျပ်အုံးမယ်။ အခု ကုလားတွေ သနားလို့ လယ်ငှား လုပ်စေတယ်။ အဲ့ဒါကို ကျေးဇူးမတင်ဘူး။ လယ်ငှားခ ပေးခါနီးကျရင် စပါးကို ကဲ့ထားတယ်။ ခိုးရောင်းတယ်။ ကုလားက စိတ်နဲ့ မာန်နဲ့ တောင်းရင် မင့် မြန်မာတွေက ဆဲတယ်။ ရိုက်ရိုက် လွှတ်တယ်။ အဲ့ဒါ ကောင်း သလား။ ဒီလို မရိုးဖြောင့်တဲ့ သူတွေ ကောင်းစားမယ်လို့ ရှင်ဂေါတမက ဟောသလား။ ရှေ့ကို ဘာဖြစ်မလဲ သိရဲကလား။ အခု မြန်မာတွေ ဒီလို ညစ်လို့ ဆိုးလို့ ချစ်တီးတွေက သူတို့ကို နောင်ဆို လယ်ငှားမှာ မဟုတ်ဘူး။ အခု ငါမလာခင်ကတင်ပဲ ကုလားတွေကို ရွေးပြီး ငှားနေတယ်သိရဲ့လား။

ရှေ့ကို ကြံထားပုံကိုလဲ ငါပြောပြမယ်ဦး။ မကြာခင်ပဲ ကုလားပြည်က ကုလား အများအပြား ခေါ်ပြီး ရွာတည်ပေး လိမ့်မယ်။ ဘယ်ကလောက် ဥာဏ်ကြီးသလဲ မင်းကြည့်တော့။ ပြီးတော့။ အဒူလမြစ်တို့ လူစုကြံပုံက ကုလားတွေ ရနိုင်သမျှ မြန်မာပြည်မှာ ခေါ်ထား။ ရသမျှ မြန်မာတွေကိုယူ။ လင်ခန်း မယားခန်း မြောက်အောင် ဆိုပြီး ဇာတ်သွင်း၊ မွေးလာတဲ့ ကပြားလေးတွေကို ကုလားဇာတ်သွင်း၊ နောက် အကြာလှဆုံး အနှစ် ၅၀-ပဲ။ မြန်မာပြည် ဘာဖြစ်မလဲ။ မင်း တွေးကြည့်တော့။ ငါကိုယ်တိုင်လဲ ခု ကုလားဇာတ် သွင်းပြီးပြီ။ အခု စစ်တကောင်းမှာ အတော်ကြာ နေပြီးရင် ဟို အနောက် မကာမြို့ကို အရောက်သွားမယ်။ ပြန်လာတော့ ကြည့်၊ ငါ့အရပ်ကစပြီး ငါ့မြန်မာတွေကို ချွတ်ပြမယ်”

“မယ်မြ နင့်ဟာ လွန်ကုန်ပြီ၊ ငါ- နင့်အဖြစ် မြင်ရတာ အင်မတန် သနားတယ်။ ငါ ပြောပါရစေဦးဟဲ့”

“ဘာ-မင်းက ငါ့ကို သနားတယ် ဟုတ်တယ် ဟုတ်လှသေး။ ငါက မင်းကို သနားတာ။ မင်းအခု ပညာဝန် လုပ်နေတယ်။ ငါကြားတယ်။ ပြီးတော့ ၀ံသာနု အလုပ်တွေလည်း လုပ်နေတယ်ကြားတယ်။ မလုပ်နဲ့ ဆရာရေ့။ မင်းမြန်မာတွေ အလကားပဲ။ ဘာလုပ်လုပ် ပျက်မှာပဲ။ မင်းတို့ မောရုံသာရှိမယ်။ ငါမြန်မာပြည်မှာ မြန်မာ လာဖြစ်တာ တွေးမိတိုင်း ရှက်တယ်။ အခု ခိုဒါအရှင် ကယ်တော်မူပေလို့။ နို့မဟုတ်ရင် အမယ်လေးဟယ်။ ငါ ကလီဇာတုန်လှတယ်၊ မပြောချင်ပါဘူး။”

“ကိုင်း-မယ်မြ၊ ငါလည်း ဘာမှ မပြောရဘူး။ နင်ချည်း ပြောတာပဲ။ ခု ငါပြောလို့လည်း ရမယ် မဟုတ်ဘူး။ နင့်လို မိန်းမတစ်ယောက် ဒီလို ဖြစ်သွားတာ ငါ အင်မတန် ၀မ်းနည်းတယ်။ သို့သော်လည်း နင့်လို မိန်းမတစ်ယောက်က ဘယ်နည်းနဲ့မှ ကြာကြာ လွဲမှာနိုင်မှာ မဟုတ်ဘူး ဆိုတာ ငါယုံကြည်တယ်။ တစ်နေ့နေ့တော့ နင်သိမယ်။ ကိုင်း- ဒါပဲ၊ ငါသွားမယ်။ နောက်မှ လာဦးမယ်”

ဟု ဆို၍ ကျွန်ုပ် ထခဲ့၏။ ထိုနေ့ညနေ ကျွန်ုပ် ထမင်း မစားနိုင်တော့ပါ။ ကော်ဖီ တစ်ခွက်သာ သောက်၍ အိပ်ရာသို့ ၀င်တော့၏။ အိပ်၍လည်း မပျော်နိုင်။ တွေးမိသည်ကား

သြော်- ဒီလို ဖြစ်ရတာဟာ ကုလားများ ငါတို့ပြည်မှာ လာနေလို့ ဖြစ်ရတာ။ သူတို့ကို အပြစ် တင်စရာပဲ။ နေဦး၊ နေဦး သေသေချာချာ တွေးကြည့်လိုက်တော့ သူတို့ အပြစ် မဟုတ်ဘူး။ သူတို့ ဒီလို စည်းမရှိ ကမ်းမရှိ လာချင်တိုင်း လာနေတာဟာ ဆိုင်ရာအစိုးရက ခွင့်ပြုထားလို့ပဲ။ ဒါဖြင့် အစိုးရကို အပြစ်တင်စရာ ဖြစ်နေပါလား။ နေဦး၊ နေဦး တွေးစရာ ကျန်သေးတယ်။ အစိုးရကို အပြစ်တင်ဖို့မှ ဟုတ်ပါလေစ။ စစ်စစ်မတော့ တို့လူမျိုး ဖျင်းလို့ပဲ။ “ဥစ္စာရင်းလို ဥစ္စာရင်းခဲ” ဆိုသလို ကိုယ့်အကျိုးအတွက် ကိုယ်လုပ်မှ ရတော့ပေါ့။ ငါတို့တစ်တွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေခဲ့လို့ အခုလို အဖက်ဖက်က ပျက်စီးရတာပဲ။ ဒါဖြင့် တို့လူတွေကို အပြစ်တင် သင့်တာပဲ။ နေဦး၊ တို့လူတွေ ခမျာမှာလည်း ပညာဗဟုသုတ မရှိရှာကြဘူး။
အားကိုးစရာ ခေါင်းဆောင်လူကြီးကလည်း ကောင်းကောင်း မရှိရှာကြ ဘူး။ ဒီတော့ ပိုမို သိကျွမ်းတဲ့ မြော်မြင်တဲ့ လူတွေများက ရှေ့ဆောင်ပေးမှ သိကြရမှာပဲ။ ဒါဖြင့် တော်တော်တန်တန် သိမြင်တဲ့ လူတွေ ၀တ္တရား ပျက်နေပါလား။ ဒီလူထဲမှာလည်း ငါတစ်ယောက်လည်း ပါဝင်သင့်တယ် ထင်တယ်။ မိမိ သိကျွမ်း သိမြင်သမျှကို တတ်နိုင်သမျှ လူများ နားလည်အောင် ပြုလုပ်ဖို့ရှိတယ်။ ငါ ပြုသင့်သလောက် မပြုရသေးဘူး။ ဒါဖြင့် တရားခံ လက်သည်အစစ်က ငါ ဖြစ်နေပါကော လား။ ကိုင်း-ဒါဖြင့် ဇာတ်ကြော မရှည်နှင့်တော့။ ကုလားတွေ၊ အစိုးရတွေ လူတွေကို အပြစ်ဆိုမယ့်အစား ကိုယ့်ကိုယ်ကိုသာ ဆိုပေတော့။ ဥပဒေသ တစ်ခုလည်း လုပ်ကြစို့။

“ကိုယ့်ကိုကို အပြစ်တင်ခြင်းသည် အမှန်ဆုံးဖြစ်၏။ ကိုယ်ကိုကို အပြစ်တင်ခြင်းသည်သာ အပြစ်အကင်းဆုံးဖြစ်၏။”

ဤဥပဒေသကိုရမှ အိပ်ပျော်သွားလေသတည်း။

နောက်တစ်နေ့ သဘောင်္သည် စစ်တွေသို့ ကပ်ခဲ့၏။ ကျွန်ုပ်သည် မယ်မြတို့ ကုလားလင်မယား မောင်နှံအား ဆလံများများ ပေး၍ စိတ်လေးလေးနှင့် ဆင်းခဲ့၏။ ဆင်းခါနီး၌

“မယ်မြ ဘယ်အခါမဆို ရန်ကုန်ရောက်ရင် ငါ့အိမ်ကို ၀င်ထွက်သွား၊ ရော့လိပ်စာယူထား”

ဆို၍ ပေးခဲ့၏။ စစ်တွေတွင် ၇-ရက် တစ်ပတ်မျှ နေပြီး၍ ရန်ကုန်ပြန်ခဲ့၏။ မယ်မြတို့နှင့် တွေ့ပြီးနောက် တစ်နှစ်ကျော် ကြာသောအခါ ကြုံရသည်ကား မယုံနိုင်စရာဖြစ်၏။

တစ်နေ့တွင် မိန်းမ စုတ်ချာချာ တစ်ယောက် လန်ချားနှင့်ကျွန်ုပ်အိမ်သို့ ရောက်လာ၏။ ထိုသူကား မယ်မြပင်တည်း။ သဘောင်္ပေါ်တွင် တွေ့မြင်ခဲ့ရသော စိုရွှမ်း ၀ဖြိုးသော အသားတို့ မရှိပြီ၊ ပါးရိုးပေါ်အောင် ပိန်ကြုံ့ခဲ့ပြီ။ မျက်တွင်းကျလေပြီ၊ ဆံပင်များ ခြောက်သွေ့၍ မသပ်မရပ် ဖြစ်ကုန်လေပြီ။ ထိုအားလုံးပေါ်တွင် မကြည်မသာခြင်း တည်းဟူသော စိတ်ညှိုးငယ်ခြင်းက တစ်မျက်နှာလုံး တစ်ကိုယ်လုံးကို ဖုံးအုပ်လျက် ရှိလေတကား။

“မောင်ကျားရယ်၊ ငါ့အဖြစ် မြင်ဝံ့သေးရဲ့လား၊ (မျက်ရည်လည်ရွှဲနှင့် ပြောသည်) ငါတော့ ခွေးဖြစ်တာပဲ၊ စစ်တကောင်းကို ရောက်လို့ တစ်နှစ်လောက် ကြာရင်ပဲ သူတို့ မိဘဆွေမျိုးများက ငါ့ကိုမလိုဘူး။ သူတို့ပြည်က ကုလားမ တစ်ယောက်နဲ့ လက်ထပ်စေတယ်။ ငါ့ကို ကျွန်လို ထားတယ်။ ငါ့ကို မော်မကြည့်ဝံ့တဲ့ အဒူလမြစ်ဟာ ငါ့ကို ဆဲဆို ကြိမ်းမောင်းတယ်။ တစ်နေ့တော့ ငါ့ကို ခြေနဲ့တောင် ကန်တယ်။ အဲဒါနဲ့ ငါ့ဇာတိမာန် ထလာတာပေါ့။ ငါ သူတို့ကို အကုန်လုံး အဆိပ်ကျွေး သတ်မယ်လို့ ကြံတယ်။ နောက် ကိုယ့်စိတ်ကိုယ် ချုပ်ပြီး ညအခါမှာ သူတို့သေတ္တာကို ဖွင့်ပြီး တစ်ရာယူ နှစ်ရာယူပြီး၊ ကဲ့ဝှက်ထားလို့ ငါးရာအပြည့်မှာ ငါထွက်ပြေးပြီး သင်္ဘောက ထမင်းချက် သမားကို ငွေပေးပြီး သင်္ဘောပေးမှာ ပုန်းလိုက်ခဲ့တယ်။ အခု မင်းပေးခဲ့တဲ့ လိပ်စာအတိုင်း မေးမြန်းလာလို့ ရောက်လာတာပဲ”

“အေး- နင့်လို မိန်းမမျိုး ကြာကြာ လွဲမှား မနေနိုင်ဘူးဆိုတာ အစကပဲ ငါပြော လိုက်တယ်မဟုတ်လား။ အေးလေကွယ်၊ တစ်သက်တစ်ခါ ဒုက္ခဆိုတာ တွေ့ရတာပေါ့၊ အခုလို လွပ်လွပ်လပ်လပ် ဖြစ်လာတာကိုပဲ ကျေးဇူးတင် ၀မ်းသာပေ တော့။ ငါ့ဆီမှာ နင်ပျော်သလောက်နေပါ။ အရင်းအချာလိုပဲ အောက်မေ့တာပေါ့”

မယ်မြသည် ကျွန်ုပ်ထံတွင် တစ်လ ကိုးသီတင်း နေပြီး၍ မိမိ၏အရပ်ရင်း အစ်မထံတွင် နေလိုကြောင်း၊ လက်တွင် ငွေ ၃၀၀- ကျပ်မျှ ကျန်သေးသဖြင့် တောအရပ်တွင် ကောင်းစွာ ရင်းနှီး စားနေနိုင်ကြောင်း ပြောသည်နှင့် ကျွန်ုပ် ပို့လိုက်ပါ၏။ လွန်ခဲ့သော ၂- နှစ်ခန့်က နေ့စဉ် သတင်းစာကြီး တစ်စောင်၏ ခေါင်းကြီးပိုင်းတွင် ပါလာသည်ကား-

“ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ ခေါင်းဆောင်လူကြီးများ ရောက်ရှိ --- နိုင်ငံရေး တရားဟောကြောင်း၊ ပရိသတ်အစည်ဆုံး ဘုန်းကြီးပျံ များထက် စည်ကြောင်း၊ ပရိသတ်တို့ကို ရှင်ပင်သာလျောင် ကုမ္မာရီအသင်းက ရှာလပတ်ရည်၊ ကွမ်းဆေး၊ လက်ဖက်တို့ဖြင့် ဧည့်ခံကြောင်း၊ တရားပွဲအပြီး၌ ၄င်းကုမ္မာရီအသင်း ဥက္ကဋ္ဌ ဒေါ်မြက ကျေးဇူးတင် စကား ပြောသည့်အပြင် အမျိုး၏ စောင့်စည်းမှုတွင် မိန်းမ များ အရေးကြီးပုံ မိမိ မစောင့်စည်းသဖြင့် ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရာ၌ ပရိသတ် အလွန်နှစ်သက်ကြောင်း၊ ၄င်းအသင်းက ယခုအခါ အနီးအနား ရပ်ရွာတို့သို့ သွားရောက်၍ အမျိုးသမီးများ စောင့်စည်းအပ်ကြောင်း လိုက်လံ ဟောပြောနေကြကြောင်း။
ထို့ပြင် မကြာမီပင် ၄င်းအသင်းဥက္ကဋ္ဌ ဒေါ်မြ ကမကထ ပြု၍ အရပ်နှင့်စုပြီးလျှင် နိဗ္ဗာန်ဘက်ရှိ နွားသတ်ရုံကို လေလံ အမြင့်ဆုံးပေး၍ ဆွဲယူလိုက်ကြောင်း၊ သို့ကြောင့် ယခုလာမည့်နှစ်အတွက် အထူးသဖြင့် နွားသတ္တ၀ါများ အသက် ချမ်းသာကြရတော့မည် ဖြစ်ကြောင်း” ပါလေသည်။

“အင်း- တို့မယ်မြကြီး တယ်ဟုတ်နေပါကလား” ဟု ကျွန်ုပ်သည် ဆိုမြည်လျက် သဘောကျဝမ်းမြောက်ကျေးဇူး တင်ကာ ပြုံးလိုက် မိလေ၏။ နောက်ထပ်၍ သတင်းကြားရသည်ကား၊ လူရိုးဖိုးအေးကြီးသည် မယ်မြကို စိတ်နာ၍ အိမ်ထောင်မပြုဘဲ ဇွဲနှင့် နေခဲ့ရာ မယ်မြ ပြန်ရောက်၍ ၂ လလောက် အရှိတွင် မယ်မြက ငယ်နိုင် ဖြစ်သည့်အတိုင်း ဖိုးအေးကြီးကို နားရွက်ဆွဲ ခေါ်ခဲ့၍ သင့်တင့်အေးချမ်းစွာ လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ကြလေပြီ ဟူသတည်း။

အမျိုးသားပညာဝန်ဦးဖိုးကျား
၁၂၉၄ ခု (ကိုယ်တွေ့ဝတ္ထုများမှ) ထုတ်နှုတ် တင်ပြပါသည်။
=
ရေးသူအား credit ပေးပါသည် ။