Wednesday, November 25, 2015

သမီးလေးရဲ့ ပထမဆုံး မြန်မာပြည် ခရီးစဉ် ၂


သမီးလေး.. မြန်မာပြည်ရောက်တော့ အိပ်ချိန်က သိပ်ပြဿနာ မဖြစ်ပါဘူး။ သူက ဂျပန်မှာလဲ အိပ်တာ နောက်ကျတယ်လေ။
ဒီလိုနဲ့ သမီးလေး နောက်တနေ့ကျတော့ ကိုယ်တို့အိမ်ကို သွားတာပေါ့။ ကိုယ်လဲ အိမ်ရောက်မှ သိတယ် ဖေဖေက ၂၄ နာရီ အောက်စီဂျင်နဲ့. ။ အံ့လဲ အံ့သြ စိတ်လဲမကောင်း ၀မ်းလဲနည်းပေါ့။ ဒါပေမဲ့ ဖေဖေက ကိုယ့်ကို မြင်တော့ သိပ်ပျော်သွားပါတယ်။ သူ့ရဲ့ တစ်ဦးတည်းသော မြေးအရင်းကို တွေ့တော့ ဖေဖေ သိပ်ပျော်သွားပါတယ်။ ဖေဖေ့ကို တွေ့ပီးမှ မောင်နှမတွေက အပေါ်ထပ်ကို ခေါ်ပီး ဖေဖေ့ အခြေအနေ မကောင်းတော့တဲ့ အကြောင်းပြောပြပါတယ်။ တကယ်ဆို နဲနဲတော့ ကြိုပြောထားသင့်တယ် ထင်တာပါပဲ။ ကိုယ်ကတော့ အသက်ကြီးလို့ ကောင်းတလှည့် မကောင်းတလှည့် ဖြစ်နေတယ်ပဲ ထင်ထားခဲ့တာလေ။ နောက်ကျမှ ချစ်ချစ်နဲ့ ကိုယ်တို့တွေ မြန်မာပြည်ကို ပြန်လာတာ ကံကောင်းတယ်လို့။ နို့မို့ဆို တသက်လုံး နောင်တရ နေမှာ။ ဖြေသိမ့်လို့ လည်း ဆုံးမှာ မဟုတ်ဘူးလို့ ပြောဖြစ်ကြတယ်။ ချစ်ချစ်က အစွမ်းကုန် နားလည်လိုက်လျောပေးပါတယ်။ ဖေဖေက သူ့မြေးကို တွေ့တော့ ပျော်ရွှင်နေလေရဲ့။ လေသံလေးနဲ့ စကားပြောတာတောင်မှ အကုန် မှတ်မိနေတယ်။ ဖေဖေက အစားစားချင်စိတ်ရှိရဲ့နဲ့ အစားမ၀င်တာပါ။ ဘာစားစား ချွဲတွေဖြစ်ပီး သနားဖို့ ကောင်းပါတယ်။ ဆရာဝန်က နေ့တိုင်း အိမ်လာပီး စမ်းသပ်ပေးပါတယ်။ အစာမ၀င်တော့ ၂ ရက်တခါ အားဆေးသွင်းရသလို ဆီးကိုလည်း ပိုက်တပ်ပေးထားရပါတယ်။

သူ့မြေး မနှင်းဆီလေးကလည်း ဖေဖေ့ကို တွေ့ရင်  နုတ်ဆက်ပုံက ဖေဖေ့လက်ကလေးကို သွားကိုင်ပီး ဘိုးဘိုးကြီး နေကောင်းလားတဲ့။ ပီးရင် သူ့အဘိုးကို ကပြလိုက် စကားတွေပြောလိုက်ပေါ့။ သူ့အနားမှာလဲ ဆွေတော် မျိုးတော်အပေါင်းနဲ့ ဆိုတော့ သမီးက သိပ်ပျော်ပါတယ်။ ညဆို ဟိုဖက်အိမ်မှာနေပီး နေ့ဆို ဒီဖက်အိမ်ကို သားအမိ သားအဖတွေ ရောက်ပေါ့။ ချစ်ချစ်က မြန်မာပြည် ၂ပတ်ပဲ နေချိန်ရတော့ သူ့ဖက် အမျိုးတွေဆီလဲ သွားရသေးတယ်လေ။ ဒီကြားထဲ ရန်ကုန် က အသံဗလံတွေကြောင့် ကားမောင်းခွင့်ကို သူ့အမေက ခွင့်မပြုဘူး။ ၂ ပတ်နေတာ ၁ ပတ်က ၀မ်းလျှောလို့ အိပ်ယာထဲမှာ။ ဖြစ်မှာပေါ့။ စားလိုက်တဲ့ ၀က်သားထုတ်ထိုး။ စိမ်းလန်းက စားတာ ဒီတခါ သူ ပန်းကိုကို ဖြစ်တယ်။ အဲ့တာနဲ့ သူရှိချိန်မှာ ရွှေတိဂုံဘုရားကလွဲလို့ ဘယ်မှမရောက်။ သမီးကလဲ ငယ်တော့ ကိုယ်လည်း သိပ်မသွားရဲသလို သူပြန်သွားတော့ သူ့အမေက ပင်လယ်သွားမယ်ဆိုပေမဲ့ သူက  ကိုယ့်မိဘ ဖြစ်နေတာ သူများပြောစရာ ဖြစ်မယ်ဆိုတာရယ်ကြောင့် အပါအ၀င် သမီးသိပ်ငယ်သေးလို့ ဘယ်မှ မသွားဖြစ်ခဲ့ပါဘူး။

ဒီလိုနဲ့ သူပြန်တော့ ကိုယ်တို့ သားအမိ၂ယောက်က မနက်ဆို သူတို့အိမ်က ကားနဲ့ လိုက်လာ ညနေ ၅ နာရီဆို သူတို့ဆီ ပြန်ပေါ့။ စနေတနင်္ဂနွေဆိုရင်တော့ သူတို့အိမ်မှာပဲ နေဖြစ်ကြတယ်။ သမီးက သူတို့အိမ်မှာ လူနည်းပေမဲ့ ကစားစရာ အစုံရှိတော့ ပျော်ပေမဲ့ ကလေးဆိုတော့ အဖော်မက်တော့ ကိုယ့်အိမ်ဖက်မှာ ပိုပျော်တယ်။ ဒီဖက်မှာက လူက ၂ယောက်တပိုင်းမှာ အခန်းထဲဝင်နေကြတော့ သမီးက ပျင်းမှာပေါ့။ ဒီကြားထဲ ကြွေပြားဆိုတော့ သမီးချော်လဲမှာကို ပူရတယ်။ သမီးက ပြေးကြီးနေတာကိုး။ လှေကားဆိုလည်း ကြွေပြားဆိုတော့ ပူရတယ်။ မိဘ ဖြစ်ရတာ မချောင်ဘူးနော်။ ဟိုဖက်အိမ်မှာဆို ကိုယ်လဲ အေးဆေးနေရတယ်။သမီးကို ကြည့်ပေးမဲ့သူတွေ အများကြီးပဲ...ဟီးဟီး။

သမီးကို ကိုယ်တို့အိမ်ရောက်ရင် ကိုယ်ကရေချိုးပေးပီးရင် သနပ်ခါးလိမ်းပေးသူ ထမင်းလုပ်ပေးသူ ထိန်းပေးသူတွေနဲ့ ဆိုတော့ သမီးက လူများတော့ ပိုပျော်တာနေမယ်။ တရက်မှာ သမီးလေး သူ့အဖေအိမ်မှာ အိုင်ပက်လေးပေးတာ youtube မရလို့ စိတ်တွေတိုတာ။ ကိုယ့်မှာ ရီချင်လိုက်တာ။ အဲဒါနဲ့ ပြုံးချင်ချင် ဖြစ်နေတာ မျက်နှာသတ်ပီး သမီးလေးကို ရှင်းပြရတယ်။ သမီးလေး... မေမေတို့နိုင်ငံက ကွန်နက်ရှင် မကောင်းဘူးလေ လို့ပြောရတယ်။ အဲ့တော့မှ သူက ကျေနပ်သွားတယ်။ ကလေးဆိုပီး အထင်မသေးနဲ့ မြန်မာပြည်နဲ့ စကားပြောလို့ ကွန် မကောင်းတဲ့ အသံထွက်ရင် သမီးက ကွန်နက်ရှင် မကောင်းဘူးလို့ ပြောတာနော်။ အဲ့ဒါနဲ့ youtube မရတာ သူ့ဦးလေးတွေ အဘတွေပြောပြတော့ သူ့အဘတွေက ဒေါင်းလုပ်လုပ်ပေးလိုက်တော့ သမီးက အဲ့ သီချင်းနဲ့ ဖေဖေကို လိုက်ဆိုပီး ကပြသေးတယ်။

အော်..ပြောရဦးမယ်.. သမီးလေးက သိပ်ငယ်သေးတော့ သူ့ဖေဖေ ဂျပန်ပြန်တာကို သိပ်သတိမထားမိလိုက်ဘူး။ လေဆိပ်ကို လိုက်ပို့ပေမဲ့ သူပျော်နေတယ်။ ကိုယ်ကလဲ မပြောဘူး။ ဒါပေမဲ့ အချိန်တန်လို့ သူ့အဖေကို မတွေ့တော့ သူ့စိတ်ထဲ သတိရတယ် ထင်ပါတယ်။ သူ့အဖေ က ဟိုကနေ လှမ်းပီး စကိုင်ပီကနေခေါ်တော့ ကိုယ့်လက်ထဲက ဖုန်းကိုယူပီး သူ့အဖေကို မွှေးမွှေးပေးလိုက်တာများ ကိုယ့်ဆီဖုန်းကို ပြန်မပေးတော့ဘူး။ အဲ့တော့မှ ကိုယ်လဲ သမီးလေး ဖေဖေ့ကို သတိရလားလို့မေးမှ ခေါင်းညိမ့်ပြတယ်။ ကိုယ်က သမီးကို ဖေဖေ့ကို သတိရလား လွမ်းလားလို့ ဘယ်အမျိုးကိုမှ အမေးမခံပါဘူး။ အစထဲက တားထားပါတယ်။ ၂ဖက်အမျိုးတွေ က အဲ့ဒါကျတော့ လက်ခံလို့ တော်ပါသေးရဲ့။

အဲဒီလိုနဲ့ တခါ ဆရာဝန်က ဖေဖေ့ကို ဒီ၃ ရက်အတွင်း တောင်မကျော်နိုင်တော့ဘူးတဲ့။ စိတ်ကို ကြိုပြင်ဆင်ထားဖို့ အိမ်ကလူတွေကို ပြောပါတယ်။ အဲ့ဒါနဲ့ ကိုယ်လည်း ဖေဖေ့အတွက် သင်္ကန်းကပ်ဖို့ စီစဉ်လိုက်တယ်။ ဆရာဝန်ကပြောပေမဲ့ ဖေဖေက အဲ့လောက်မဆိုးဘူး။ သတိလည်းကပ်နေတာပါပဲ။ ဖေဖေကိုယ်တိုင် လက်နဲ့ သင်္ကန်းကပ်လိုက်ရသေးတယ်။ သာဓုလည်း ခေါ်နိုင်ပါသေးတယ်။ အဲ့ဒါကြောင့်ပဲလား စိတ်ကြောင့်ပဲလားတော့ မသိပါဘူး။ ဖေဖေ က ဆရာဝန်ပြောတဲ့ တောင်ကို ကျော်လာပြန်ပါတယ်။ ကိုယ်ကတော့ ဖေဖေ သင်္ကန်းကပ်လိုက်ရတဲ့ အကျိုးကြောင့် လို့ ထင်ပါတယ်။ ဆရာဝန်ကလည်း အံ့သြသွားပါတယ်။ ဆရာဝန်ကတော့ ပြောတယ် သူ့မြေးနဲ့ သူ့သမီး ကြောင့်ထင်တယ်..စိတ်ဆောင်နေတာတဲ့။ မြေးကလဲ ဘိုးဘိုးကြီးနဲ့ စကားတွေပြောပေါ့။

 အော်..တခုသော တနင်္ဂနွေမှာ  ဆိုင်နာမည်တွေ မမှတ်မိတော့ဘူး။ သွားပေမဲ့ junction လား တော်ဝင်လား သေချာ မမှတ်မိတော့ပါဘူး။ အဲ့မှာ သမီးအတွက် အကျီင်္လေးတွေ သွားကြည့်ပါတယ်။ အဲ့ဒီမှာ ကွန်ပျူတာ လား electronic ပစ္စည်းတွေ လားမသိပါဘူး။ သူတို့ ပရိုမိုးရှင်း လုပ်နေပါတယ်။ သူတို့ လုပ်တဲ့ အခါ တီးလုံးတွေ ဖွင့်ထားပါတယ်။ အဲ့ဒီမှာ မရွှေနှင်းဆီလေးက တီးလုံးနဲ့ လိုက်ကပါတော့တယ်။
သမီးလေး က လိုက်ကတဲ့အခါ အဲ့ဒီက မန်နေဂျာက ကိုယ့်ဆီလာပီး ခွင့်တောင်းပါတယ်။ သမီးကို စင်ပေါ်မှာ တင်ပါရစေ တဲ့။ ဓာတ်ပုံ ရိုက်ချင်လို့ပါတဲ့။ လက်ဆောင်ပေးပါ့မယ်တဲ့။ လက်ဆောင်ထက် ကိုယ်က သမီးလေး ပျော်နေတော့ လိုက်လျောလိုက်ပါတယ်။ သမီးလေး စင်ပေါ်တက်ကမယ်လို့လည်း ပြောပီး သမီးကို စင်ပေါ်တင်ပေးလိုက်ပါတယ်။ အဲ့ဒီမှာ မရွှေချောက ခနလေး ကြောင်နေပေမဲ့ တီးလုံးက အလိုက်အတိုင်း ကပါတော့တယ်။ လုံးဝကို အကြောက်အလန့် မရှိပါဘူး။ လူတွေကလည်း ၀ိုင်းလာပီး ဓာတ်ပုံရိုက်သူတွေနဲ့ ဗီဒီယို ရိုက်သူတွေပါ များလာပါတယ်။ သမီးလေး တီးလုံးပီးတဲ့ အထိ ကပါတယ်။ ကဲ..ပိုးကတော့ မသေးပါဘူး။ တရက်မှာတော့ မနှင်းဆီလေး မနက်စောစောမှာ ဗိုလ်တထောင်ရယ် ရွှေတိဂုံရယ် တခါတည်း သွားလိုက်မိပါတယ်။
ဆက်ရန်

No comments:

Post a Comment