Friday, October 5, 2012

မင်းလူ ရဲ့ ရှေ့ကြောင်းပြန်


ရုပ်မြင်သံကြားမှ ခေတ်ဟောင်းဇာတ်ကားတစ်ကားပြနေသည်။ ထိုင်ကြည့်နေသူများမှာ အရွယ်အမျိုးမျိုးဖြစ်၏။ မူလတန်း အရွယ်ကလေးငယ်မှ  အသက် ခုနစ်ဆယ်ကျော် အဘွားအိုအထိ ပါဝင်သည်။
    ဇာတ်ကားထဲက မင်းသားနှင့်မင်းသမီးသည် အဘွားအိုငယ်စဉ်က အသည်းစွဲခဲ့သူများဖြစ်၏။ အဘွားအိုသည် ဇာတ်ကားကိုကြည့်နေရင်းက ထိုမင်းသား၊ မင်းသမီးတို့၏ အခြားဇာတ်ကားများအကြောင်း၊ သူတို့ ဘယ်လောက်ချောကြောင်း၊ လှကြောင်း၊ မိမိနှင့် အသက်ချင်း မတိမ်းမယိမ်းဖြစ်ကြောင်း မြိန်ရည်ရှက်ရည် ပြောပြနေသည်။ အဘွားအို၏မျက်နှာသည် နှစ်ပေါင်းများစွာ ပြန်လည် နုပျိုသွားသလိုဖြစ်နေ၏။ ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းကိုပင် ခပ်တိုးတိုး လိုက်ညည်းနေလိုက်သေးသည်။
    ဇာတ်ကားထဲမှာ ခေတ်ဟောင်းက မော်တော်ကားလေးတစ်စီးပါသည်။ ပရိသတ်ထဲက ဖခင်ဖြစ်သူက
    "သမီးတို့ဘိုးဘိုးမှာ အဲဒီလိုကားမျိုးတစ်စီးရှိတယ်။ အဖေတို့ငယ်ငယ်က အဲဒီကားလေးနဲ့ ကျောင်းတက်ခဲ့တာပေါ့"
    ဟု ပြော၏။ ပြီးတော့ တစ်ရက်တွင် သမီးရည်းစား ချိန်းတွေ့ပြီး လျှောက်လည်ကြစဉ် လမ်းမှာ အိမ်ကကားနှင့် သွားတိုးမိပုံကို ပြောပြ၏။ ကလေးတွေ သဘောကျကြသည်။ အမေလုပ်သူက ငယ်မူပြန်ရှက်ပြုံးကို ပြုံးသည်။
    ထို့နောက် ငယ်ငယ်က မုန့်ဖိုးနှစ်ဆယ့်ငါးပြားရသည့်အကြောင်းသို့ ရောက်သွား၏။ တစ်ထွာကျော်ကျော်လောက်ရှိသည့် ပြောင်းဖူးကြီးတစ်ဖူးကိုမှ ဆယ်ပြားသာပေးရကြောင်း ပြောသောအခါ ကလေးများက ရယ်ကြ၏။
    "အံမယ် ငါတို့ငယ်ငယ်က လက်ဖက်ရည်တစ်ခွက် နှစ်ပြားပဲရှိတာ"
    ဟု အဘွားဖြစ်သူကပြောပြသောအခါမှာတော့ ကလေးတွေ အံ့သြကုန်ကြလေသည်။ ဒါကိုကြည့်ပြီး လူကြီးတွေက ကျေနပ်နေကြ၏။

                *  *   *

    "ဒီကို မြန်မြန်လာကြဟေ့"
    ဟု အဖွဲ့ခေါင်းဆောင်က လှမ်းအော်သည်။ အဖွဲ့သားတွေအားလုံး သူ့အနီးသို့ ၀ိုင်းအုံရောက်ရှိသွားသည်။
    "ဒီမှာ တွေ့လား"
    မြေကြီးထဲမှ တစ်စွန်းတစ်စထွက်နေသော ကျောက်ချပ်ကလေးကို ညွှန်ပြသည်။
    "ဖြစ်နိုင်တယ်"
    "ဟုတ်တယ်"
    အားတက်သရောပြောလိုက်သောအသံများ ထွက်ပေါ်လာ၏။
    ခေါင်းဆောင်ဖြစ်သူက ကျောက်ချပ်ငယ်ကိုဖုံးနေသော မြေကြီးများကို ဂရုတစိုက်ခြစ်ထုတ်သည်။ မြေမှုန့်များကို စုတ်တံဖြင့် ခပ်ဖွဖွ ခါထုတ်သည်။
    သူသည် ကျောက်ပြားငယ်ကို ထိခိုက်မှုမရှိစေရန် ခွဲစိတ်ဆရာဝန်တစ်ဦးကဲ့သို့ သတိကြီးစွာထား၍ ဆောင်ရွက်နေသည်။
    နောက်ဆုံးတွင် ကျောက်ချပ်ငယ်ကလေးမှာ ပြည့်စုံစွာ ရုပ်လုံးပေါ်လာသည်။ လက်တစ်ဝါးခန့်ရှိသော ကျောက်ပြားလေးပေါ်မှာပင် ဘုရားအလောင်းဖွားတော်မူခန်းပုံကို အသေးစိတ် ထွင်းထုထား၏။
    "ဒါဟာ အင်မတန်ရှားပါးအဖိုးတန်တဲ့ အန္တကူကျောက်ပဲ"
    ဟု အဖွဲ့ခေါင်းဆောင်ကပြောသည်။ သူ့အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေ၏။ အဖွဲ့သားအားလုံးမှာ ထီပေါက်ကြောင်း သတင်းကြားလိုက်ရသလို အံ့သြ ၀မ်းသာနေကြလေသည်။

                *  *   *

    ပြတိုက်ကြီးများတွင် ရှေးဟောင်းပစ္စည်းများကို အမြတ်တနိုးသိမ်းဆည်းပြသထားသည်။ လေလံပွဲများတွင် ရှေးဟောင်းပစ္စည်းများကို ဈေးကြီးပေး၍ ၀ယ်ယူကြသည်။ ရှေးဟောင်းပစ္စည်းသာ ရမည်ဆိုလျှင် လူသတ်ဖို့ ၀န်မလေးသူတွေတောင်ရှိ၏။
    ထို့အတူ ရှေးဟောင်းအဆောက်အအုံများကို မပျက်စီးအောင် ငွေကုန်ကြေးကျခံ၍ ထိန်းသိမ်းစောင့်ရှောက်ပြုပြင်ကြသည်။ ခေတ်ဟောင်းပုံစံ မော်တော်ကားကိုမှ ဂုဏ်ယူပြီးစီးတတ်သူတွေရှိ၏။ ပစ္စည်းဝယ်တာတောင် လက်ဟောင်းမှ လိုချင်ကြသည်။
    "ဟဲ့ အဲဒီဖန်ခွက်ကို ရိုရိုသေသေကိုင်နော်။ မကွဲစေနဲ့။ မင်းထက် အသက်ကြီးတယ်"
    ဆိုသောစကားမျိုး အိမ်တိုင်းမှာ ကြားရတတ်သည်။ အနုပညာနယ်ပယ်မှာလည်း ဒီအတိုင်းပဲဖြစ်၏။
    "ခုခေတ် မင်းသားတွေ ဘယ်လောက်တော်တယ်ပြောပြော ခင်မောင်ရင်ကို မမီသေးပါဘူး"
    ဆိုသောစကားမျိုး၊
    "မေရှင်ဆိုတာ ပိုကောင်းတယ်"
    ဟူသော မှတ်ချက်။
    "ရွှေမန်းတင်မောင်လိုပုဂ္ဂိုလ်မျိုး နောက်ထပ်ပေါ်ဖို့မလွယ်ဘူး"
    "ခုချိန်မှာ ပန်းချီဆရာကြီးဦးဘညဏ်ရှိစေချင်တယ်ဗျာ"
    ကျွန်တော်တို့ညီအစ်ကိုတစ်တွေသည်လည်း
    "အဖေကြီး ဦးသာဓုကိုမီအောင် ကြိုးစားဖို့လိုသေးတယ်နော်"
    ဟု မကြာခဏ အပြောခံကြရ၏။ ကျွန်တော်ကိုယ်တိုင်ပင်လျှင် ယခုကျွန်တော်ထက် ငယ်ငယ်က ကျွန်တော်ကို ပို၍အထင်ကြီးမိ၏။

                *  *   *

    လူတို့သည် ခေတ်ဟောင်းကို အဘယ်ကြောင့် တမ်းတကြသနည်း။ အတိတ်ကိုမှ အဘယ်ကြောင့် ပို၍ ခင်တွယ်ကြရသနည်း။ အဖြေရှာကြည့်သောအခါ စဉ်းစားစရာတွေ တွေ့ရ၏။ စိတ်ဝင်စားဖို့လည်း ကောင်းသည်။
    လူအများစုအနေဖြင့် ရှေးဟောင်းနှောင်းဖြစ်များနှင့်ပတ်သက်၍ အပြောအများဆုံးနှင့် မြိန်ရည်ယှက်ရည်အရှိဆုံးမှာ ကုန်ဈေးနှုန်းအကြောင်းပင်ဖြစ်၏။
    ကုန်ဈေးနှုန်းဆိုသည်မှာ လူတွေ အသက်ကြီးလာလေ တက် တက်လာလေဆိုသည့်သဘောရှိ၏။ ထိုသဘောတရားမှာ မည်သည့်စီးပွားရေးပညာရှင်ကမှ ထုတ်ထားသောသီအိုရီမဟုတ်။ သူ့အလိုလိုဖြစ်နေသည့် နိယာမတစ်ခုဖြစ်၏။ တစ်နှစ်၊ နှစ်နှစ်လောက်ဆိုလျှင် မသိသာလှသော်လည်း ဆယ်စုနှစ်တစ်ခုလောက် ကြာသွားသောအခါ အံ့သြစရာကောင်းလောက်အောင် ဈေးနှုန်းတွေ ပြောင်းလဲသွားကြောင်း တွေ့ကြရသည်။ ဒီတော့မှ
    "ဟင် ဟုတ်မှဟုတ်ပါ့မလား"
    ဟု ရေရွတ်မိကြ၏။
    လူတိုင်းလူတိုင်းသည် ကိုယ်ငယ်ငယ်က ကုန်ဈေးနှုန်းကို ကျေနပ်ကြသည်ချည်းဖြစ်၏။
    အဘိုးအဘွားအရွယ်တွေက
    "ငါတို့ငယ်ငယ်က ပိုက်ဆံတစ်ပြားနဲ့ မုန့်ဝအောင် စားလို့ရတယ်"
    ဟု ပြောကြသည်။
    အဖေ အမေအရွယ်ကတော့
    "ငါတို့ကျောင်းသားဘ၀က ဆီချက်ခေါက်ဆွဲတစ်ပွဲမှ ငါးမူးရယ်"
    ဟု ၀င်ပြောသည်။
    ထိုအခါ သားသမီးတွေကလည်း အားကျမခံဘဲ
    "သားတို့၊ သမီးတို့ သူငယ်တန်းတုန်းက မုန့်ဖိုးတစ်ကျပ်ပဲရတာ၊ အချဉ်ထုပ်ကလည်း တစ်မတ်ပဲ ပေးရတာကို"
    အထက်ပါ ကုန်ဈေးနှုန်းများသည် ကိုယ့်အစွမ်းအစကြောင့် သက်သာနေခြင်းမဟုတ်သည့်တိုင် သူတို့အားလုံးမှာ ဂုဏ်ယူသည့်လေသံပေါက်နေကြလေသည်။
    အတိတ်နှင့်အနာဂတ်ကို ပစ္စုပ္ပန်က ဆက်သွယ်ပေးထားသည်။ လူတို့သည် ပစ္စုပ္ပန်မှာနေရင်း ငြီးငွေ့လာသည့်အခါ အတိတ်နှင့် အနာဂတ်တို့ဆီသို့ တစ်လှည့်စီ သွားရောက်လည်ပတ်လေ့ရှိကြ၏။ ရှေးဟောင်းနှောင်းဖြစ်များကို စားမြုံ့ပြန်ခြင်း၊ ရှေးအလားအလာများ၊ ရည်မှန်းချက်များကို ပြောခြင်း၊ သို့မဟုတ် တစ်ယောက်တည်းစိတ်ကူးယဉ်ခြင်းဖြင့် ပစ္စုပ္ပန်မှ ခဏခွင့်ယူတတ်ကြ၏။
    ထိုအခါမျိုးတွင် အတိတ်အကြောင်းပြောရတာ၊ စဉ်းစားရတာကို ပို၍ အရသာတွေ့တတ်ကြလေသည်။ အကြောင်းမှာ အနာဂတ်ကိုမျှော်ကြည့်လိုက်လျှင် အားတက်စရာ၊ ၀မ်းမြောက်စရာတွေကို မြင်နိုင်သလို စိုးရိမ်ပူပန်စရာ၊ စိတ်ပျက်အားငယ်စရာတွေကိုလည်း တွေ့နိုင်သည်။ အနာဂတ်အတွက် ကြိုတင်စိတ်ကူးထားသော မျှော်လင့်ချက်များသည် တကယ်ဖြစ်လာလိမ့်မည်ဟု ဘယ်သူမှ အာမ မခံနိုင်။ တစ်နည်းအားဖြင့် အနာဂတ်သည် ရေရာမှုမရှိ။ အနာဂတ်ကို ကိုယ်က မပိုင်။
    အတိတ်ကကျတော့ သေချာမှုရှိ၏။ အတိတ်ကဖြစ်ရပ်များမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အမှန်တကယ်ဖြစ်ပျက်ခဲ့ခြင်းသာဖြစ်၏။ လူတစ်ယောက်၏အတိတ်သည် ထိုသူ၏ တစ်ဦးတည်းပိုင်ပစ္စည်း။ ဘယ်သူမှ နှောင့်ယှက်လို့မရ။ ပြောင်းလဲလို့မရ။
    အတိတ်နှင့်ပတ်သက်လျှင် ငယ်ငယ်ကအကြောင်းတွေကို ပြန်စဉ်းစားရတာ အရသာအရှိဆုံးဖြစ်၏။ လွတ်လပ်ခြင်း၊ တက်ကြွခြင်း၊ နုနယ်ပျိုမြစ်ခြင်းတို့ကို ပြန်လည်အမှတ်ရစေသည်။
    အနာဂတ်ဆိုတာကတော့ အိုမင်းရင့်ရော်ခြင်း၏အထိမ်းအမှတ်သာဖြစ်၏။ ထို့ကြောင့် လူတို့သည် အသက်ကြီးလာလေ နုပျိုခြင်း၏ပြယုဂ်ဖြစ်သော အတိတ်ကို ပို၍တမ်းတလေဖြစ်၏။
    အတိတ်နှင့်အနာဂတ် မည်သည့်အရာက ပို၍ရှည်လျားကြောင်း ဘယ်သူမှ မသိနိုင်။ တကယ်တော့ အနာဂတ်ဆိုသည်မှာ သူ့ထံသို့ ဦးတည်ချဉ်းကပ်သွားနေပါလျက် တစ်စတစ်စ ဝေးကွာနေသောအရာဖြစ်ပြီး အတိတ်ဆိုသည်ကား သူ့ထံမှ တရွေ့ရွေ့  ခွဲခွာထွက်ခဲ့သော်လည်း လှည့်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် နောက်မှ ကပ်လျက်သားပါလာတတ်သောအရာပင်ဖြစ်လေ၏။

                            ကလျာမဂ္ဂဇင်း၊ မေ၊ ၁၉၉၈

No comments:

Post a Comment