Saturday, October 20, 2012

ဂျပန်နိုင်ငံသို့ ရောက်ရှိခြင်း

မြန်မာနိုင်ငံက ဗီဇာနဲ့ ပက်သက်သမျှ စိတ်မောရပီး သကာလ ဒုတိယအကြိမ် မြောက် ဂျပန်နိုင်ငံကို ရောက်ရှိလာပုံကို ပြောပြချင်ပါသေးတယ်။

အခုပြောပြမှာကတော့ လူတိုင်းလဲ ဖြစ်ချင်မှ ဖြစ်မယ်။ မဖြစ်ချင်လဲ မဖြစ်ဘူး။ ဒါမှမဟုတ် ပြန်မပြောတာလဲ ဖြစ်ချင်ဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် လူတိုင်း မဖြစ်နိုင်ဘူး လို့ တွေးထားနိုင်သလို  အခုလို ဖြစ်တတ်ပါလားဆိုတဲ့ အသိနဲ့ ကြိုတင်ပြင်ဆင် ရင်ဆိုင်နိုင်အောင် ရည်ရွယ်ချက်နဲ့ ပြန် တွေးမိတိုင်း  ဘယ်တော့မှ မေ့မရခဲ့သည့် မှတ်တမ်းတခုကို အမှန်အတိုင်း မှတ်တမ်းတင်လိုက်ပါတယ်။ အထူးသဖြင့်တော့ မြန်မာပြည်ကလာရင် ဖြစ်တယ်ထင်တာပါပဲ။ အသက်အရွယ်နဲ့လဲ ဆိုင်မယ်ထင်ပါတယ်။ အလည်အပတ် ဗီဇာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဟိုးးအရင်နှစ်တွေက ယောင်းမ အင်္ဂလန်ကလာတော့ မဖြစ်ဘူးတဲ့။

(အမေရိကန်ကို ၂၀၀၇ ကသူငယ်ချင်းတစ်ယောက် ဂျပန်ကနေ ဆမီနာသွား တက်တုန်းကလဲ အဲလိုပဲ သီးခြားစစ်ခံရတယ်လို့ ပြောခဲ့ဖူးတယ်။) 

အဲ့ဒါကြောင့် ဖြစ်မယ်ထင်တယ်။ ကိုယ့်ရှေ့နေက ပြောတယ်။ စာရွက်စာတမ်းတွေ လေဆိပ်မှာ ပြဖို့ ယူသွားတဲ့။ ဘယ်သူမေးမေး ငါ့ယောင်္ကျားနဲ့တွေ့ချင်လို့ လာတာလို့ပြောတဲ့။ ကိုယ်က ပြောတယ်။ အဲ့ဒီအချိန်က သူ့ကို ငါ့ယောင်္ကျားလို့ ပြောရတာ နှုတ်မရဲဘူးလို့ ငါ မပြော ပါရစေ  နဲ့ ပြောတော့ ပြောသာပြောတဲ့။  

အမှန်က ဒီကို ရှေ့နေနဲ့ အတူတူလာဖို့ပါပဲ။ မလာဖြစ်ရတဲ့ အကြောင်းက ၂ချက် ကိုယ်က TGနဲ့ မလာချင်ဘူး ပစ္စည်းပါတာနဲလို့  JAL က ကီလိုပိုရလို့ လာချင်တာက တချက်။ သူ့ကို ဖြစ်နိုင်ရင် တရက်စောရ စောရ မြန်မြန်တွေ့ချင်လို့။ဝေးနေတာ ၈ လကြီးများတောင်ရှိပီဆိုတော့ လေ။ ရှေ့နေ့နဲ့ ပြန်ရင် ၁ပတ်နောက်ကျမှ ရောက်မှာ ဆိုတော့ ကိုယ်တစ်ယောက်တည်း လာခဲ့တာ။

မြန်မာပြည်ကနေ ယိုးဒယား - ယိုးဒယားမှာ လေယာဉ် ၅ နာရီလောက် စောင့်ရတယ်။ ယိုးဒယားက စပါယ်ရှယ်စစ်တယ်။ ကိုယ်တို့နိုင်ငံလဲ သူတို့လို စစ်ရင် သိပ်ကောင်းမှာပဲ။ အဲဒီကနေ မနက်၁ နာရီလေယာဉ် စီးတော့ ဒီကို မနက် ၆ နာရီလောက်ရောက်တယ်။ လေဆိပ်ကနေ လူအုပ်နဲ့အတူ ထွက်ပီး ကားစီးတော့ လူတွေများလို့ တခါစောင့် ဒုတိယအသုတ်မှ ရောက်တယ်။ တခါ တန်းစီတော့ လူတန်းကြီးက နဲတာ မဟုတ်ဘူး။ နာရီဝက်ကျော် အဲ့ဒီမှာ ကြာတယ်။ ကိုယ် တစ်ယောက်တည်းမှန်းသိတော့ ကိုယ်နဲ့အတူဆင်းလာတဲ့ ယိုးဒယား တစ်အုပ်က ကိုယ့်ကို ကူညီပီး ဖောင်ဖြည့်တာ မမှားအောင် ပြောပေးကြတယ်။ ဒီလိုနဲ့  ကိုယ့်ရှေ့က ယိုးဒယား အပါအဝင် အခြားနိုင်ငံခြားသားတွေ လက်ကလေးသွင်းလိုက် ရှောကနဲ ဝင်သွားလိုက်နဲ့ပေါ့။ ကိုယ်လဲ သူနဲ့ တွေ့ရတော့မယ်ဆိုတဲ့ ရင်ခုန်ခြင်းများနဲ့ ကိုယ့်အလှည့်ကို စောင့်နေတုန်း အလှည့်ကျပီ....။

ကိုယ့်ကိုလဲ သူများနည်းတူ လက်ညှိုးထည့် ပါ့စ်ပို့စာအုပ်တောင်းတော့ ကိုယ်လဲ ပီးပီ ထင်မိပေမဲ့ ကောင်တာ လဝက က လူက ဖုန်းဆက်တယ်။ အရှေ့ကို တစ်ယောက်ထွက်လာပေးပါ။ မြန်မာတစ်ယောက်ပါတယ် ဆိုပီးပေါ့။ ကိုယ်လဲ အဲ့အချိန် ထိ မသိသေးဘူး။ အဲ့ဒီအချိန်မှာ လဝက တစ်ယောက် အထဲက ထွက်ပီး သူနဲ့ အတူ လိုက်ခဲ့ပါတဲ့။ ကိုယ့်မျက်နှာဆိုတာရဲခနဲပဲ။ ဒါပေမဲ့ လူတွေရှေ့မှာ ကိုယ်လဲ ဘာကြောင့် ခေါ်တာလဲ ဆိုတာ မမေးသလို ဘယ်သူ့ကိုမှ မမြင်နိုင်အောင် ရှက်သွားပါတယ်။

ဒီလိုနဲ့ သူတို့ရုံးခန်းရဲ့ ဧည့်ခန်းလို နေရာမှာ ခဏထိုင်ခိုင်းထားပီး မေးမြန်းခြင်း စပါတော့တယ်။ ဘာလာလုပ်တာလဲတဲ့။ င့ါယောင်္ကျားဆီ လာလည်တာ။ ဒါဆို လက်ထပ်စာချုပ်ပြတဲ့ အဆင်သင့် ဂျပန်လို ပြန်တာထား ထုတ်ပြလိုက်တယ်။ ဘယ်မှာ လက်ထပ်တာလဲ။ ဘယ်တုန်းက လက်ထပ်တာလဲမေးတယ်။ ကိုယ်လဲ အောင့်သက်သက်နဲ့ ပြန်ဖြေတယ်။ စာရွက်ထဲမှာလဲ ပါတယ်လေ။ ဘာအကြောင်းကြောင့် တွေ့ချင်တာလဲတဲ့။ အဲ့ဒီမေးခွန်းက စိတ်တိုစေတယ်။ မိန်းမဖြစ်သူက လင်ဖြစ်သူကို တွေ့ချင်တာ အကြောင်းပြချက်လိုလားလို့။ ငါတို့ ဝေးနေတာ ၈ လကျော်ပီဆိုတော့ ဒီကြားထဲမှာ တခါမှ မတွေ့ဖူးလားတဲ့။ မတွေ့ဖူး။ ဘယ်လိုတွေ့မှာလဲလို့။  ဒါဆို သူ့ကို လာတွေ့ခိုင်းပေါ့တဲ့။ ဟ .. ငါ့ယောင်္ကျားက အလုပ် လုပ်နေတဲ့ဟာ ခွင့်က အမြဲမှမရတာ။ အလုပ်မရှိတဲ့ ငါက လာတွေ့တာပေါ့လို့။( အမှန်က ဒါတွေ က ရှေ့နေ သင်ပေးထားတာ မြန်မာပြည် မှာ ဗီဇာဝင်ရင် အင်တာဗျူးခံရရင် ဖြေဖို့) နင်တို့ ဘယ်မှာ တွေ့တာလဲတဲ့။ အဲ့ဒီမှာ စာလဲပါတယ် ဖတ်ကြည့်။ ငါကျောင်းတက်ရင်း တွေ့တာ။ ငလျင်ဖြစ်လို့ ပြန်တာ။ မြန်မာပြည်မှာ လက်ထပ်တာ။ အခု ငါပြန်လာတာ သူ့ကိုတွေ့ဖို့ရယ်။ ဆွေးနွေးဖို့ အတွက်ရယ်ကြောင့် ဆိုပီး ကိုယ်လဲ ဘွဲ့ လက်မှတ်တွေ ထုတ်ပြလိုက်တယ်။ ဘွဲ့ လက်မှတ်မြင်ပီး သူတို့နဲနဲဖျားသွားတယ်။ (ရှေ့နေကပြောပီးသား ကိုယ့်လက်မှတ်က ဒီက ဒုတိယအမြင့်ဆုံးကျောင်း ဆိုတော့ ဖျားကိုဖျားမှာတဲ့) အဲလိုမေးလိုက် ကိုယ့်စာရွက်တွေယူပီး အထဲ ဝင်သွားလိုက် သွားပြောလိုက်နဲ့။ ဟိုက တုံးထုပီးသွားတာတောင် ကိုယ့်ကို မြန်မာပြည် အကြောင်း ပြန်လာမေးနေတယ်။ မြန်မာပြည် ကောင်းလာနိုင်တယ်  ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ပေါ့။ အလပသလပ လာပြောနေတယ်။ ကိုယ်က နာရီကိုကြည့်ပီး အပြင်မှာ ငါ့ယောင်္ကျား စောင့်နေလောက်ပီဆိုတော့ လာကြိုတဲ့သူ ရှိလားတဲ့။ ရှိတာပေါ့။ ငါ့ယောင်္ကျားလာ ကြိုနေတယ်လို့။ အဲ့ဒီတော့မှ တုံးထုပေးထားတဲ့ စာရွက်ကို ပေးပီး သွားလို့ရပီတဲ့။

(နောက်မှ ရှေ့နေက ပြောပြတယ် တချို့ ဂျပန်လို မတတ်လို အဲ့ဒီမှာ ညနေ၄နာရီ ထိ ကြာသွားတဲ့သူတွေ တောင် ရှိသတဲ့။ )

အဲ့ဒီအချိန်မှာ အပြင်မှာ ရှိနေတဲ့ ချစ်ချစ်ကလဲ လူတွေကုန်ပီ။ သူ့မိန်းမ အပြင်ရောက် မလာတော့ စိတ်တွေပူပီး ပြာနေပီ။ သူစိတ်ပူတာက ယိုးဒယားမှာ ကျန်ခဲ့ ပီထင်ပီး လေယာဉ်ရုံး ကို သွားပြဿနာ ရှာနေပါတယ်။ ဒါကြောင့် ကိုယ် ထွက်လာတော့ သူ့ကို မတွေ့ဘူး။ ဒါနဲ့ အဆင်သင့်တွေ့ရတဲ့ ဘေးက ဂျပန်မကြီး တစ်ယောက်ဆီက ဖုန်းခဏ ငှားပီး သူ့ကို ခေါ်မှ ဂိတ်ပေါက်ကို ရောက်လာပါတယ်။ဒီလိုနဲ့ ဂျပန်ကိုရောက်ပါတယ်။

အမတစ်ယောက်က ဂျပန်ဗီဇာ ၁လပဲဆိုလို့ အံ့သြနေပါတယ်။ ဟုတ်ပါတယ်။ ဂျပန်က အလည်ဗီဇာကို ၁လကနေ ၃လအထိပဲ ပေးပါတယ်။ တင်တဲ့ အချိန်မှာ ရက်စွဲနဲ့တကွ ဘယ်မှာနေပီး ဘာလုပ်မယ်ဆိုတာကိုပါတင်ရပါတယ်။ ကိုယ်က ၁လပဲ တင်တာပါ။ အင်္ဂလန်တို့ ဥရောပတို့ဆိုဆို ၆လ ပေးတယ်တဲ့။

ဂျပန်မှာက ပုံမှန်ဆို ဗီဇာပြောင်းလို့ မရပါဘူး။ ဒါပေမဲ့ ဥပဒေကို နိုင်တဲ့ ရှေ့နေတွေ ရှိတဲ့ အတွက်ကြောင့် အလည်ဗီဇာကနေ မှီခိုဗီဇာ ပြောင်းလို့ အဆင်ပြေသွားပါတယ်။ ဂျပန် ဥပဒေမှာ အကယ်၍ ဆိုတာ ရှိတယ်လေ... အဲ့ဒီလိုနဲ့ ကိုယ်လဲ ဒီမှာ မှီခိုဗီဇာ ကို ၁လအတွင်း ပြန်ပြောင်းနိုင်ခဲ့ပါတယ်။

မှီခိုဗီဇာဆိုလို့ ပြောပြရရင် ဂျပန်မှာ မှီခိုဗီဇာ ၃မျိုးရှိပါတယ်။ တစ်ခုက ကျောင်းသား/ အလုပ်နဲ့ မှီခိုပါ။ အဲ့ဒီဗီဇာက အလုပ်ချိန်သတ်မှတ်ချက် ရှိပါတယ်။ တပတ်မှာ ၂၈နာရီထက် ပို မလုပ်ရဘူး။ ဒါပေမဲ့ ဂျပန်နိုင်ငံသားကို လက်ထပ်ထားတဲ့ မှီခိုနဲ့ ဒီနိုင်ငံမှာ နေထိုင်ခွင့်ရပီးသားသူရဲ့ မှီခိုဆိုရင် တော့ တစ်နေ့ ၂၄ နာရီလုံး လုပ်လို့ရပါတယ်။ ကိုယ်က ၂၄ နာရီလုပ်လို့ရတဲ့ ဗီဇာပါ။ ကိုယ်လဲ အလုပ်လုပ်ပါတယ်။ အိမ်ရှင်မ အလုပ်။း)

အိမ်ရှင်မ အလုပ်ဆိုလို့ လွယ်တယ်ထင်ရင် မှားမှာပေါ့။ ချွဲရတယ်။ ပြောရတယ်။ ရန်ဖြစ်ရတယ်။ သည်းခံရတယ်။ ချက်ရတယ်။ ရှင်းရတယ်။ ငိုရတယ်။ ရီရတယ်။ ချော့ရတယ်.. အမလေး.. ရေးရင် ကုန်မှာတောင် မဟုတ်။




3 comments:

  1. ကိုယ့်ညီမ က ဘာလို့ မှီခို အလုပ် လုပ်နေမှာလဲ ... တစင်ထောင် အဲ အလုပ် ပြန်လုပ် ပညာတွေ နှမြောစရာ

    ချစ်အမကြီး
    ရွှေစင်ဦး

    ReplyDelete
  2. ဟင့်.... အလုပ်မရလို့ပေါ့... အမရာ...


    ReplyDelete
  3. အစ်မရေ ... ဖြစ်နိုင်မယ် ဆိုရင် .. ကျနော့်ကို ... ဂျပန်သွားလို့ ရနိုင်မယ့် လမ်းကြောင်းလေး ညွှန်ပြပေးနိုင်မလား ... ကျနော်က ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့ လာရောက်ချင်သူပါ ... ကျနော့်အနေနဲ့ ... ကိုယ့်နိုင်ငံ က Agent တွေ ဆီမှာ အလိမ်ခံရမှာလည်း ကြောက်သလို .. ဂျပန် immegration ကိုလည်း လန့်ပါတယ်.. တော်ကြာ reject နဲ့ ထိပြီး ပြန်လာရရင် .. ဘ၀ပျက်မှာပေါ့ ... အဲဒါကြောင့် ... ဘယ်လိုများ နည်းလမ်းကောင်းလေးတွေ ပေးနိုင်မလဲ လို့ မျှော်လင့်တကြီးနဲ့ comment ပေးလိုက်မိပါတယ်... စိတ်အနှောင့်အယှက် ဖြစ်သွားမယ် ဆိုရင် တောင်းပန်ပါတယ်.. ခင်ဗျာ ...
    ( ဘ၀ တစ်ခုထူထောင်ပြီး မိသားစုထဲက ဘ၀တွေကို မြှင့်တင်ချင်တဲ့ ) ငရဲ ...

    ReplyDelete