Friday, January 18, 2013

warmly welcome to our world

ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နဲ့ သံသရာထဲ တဝဲလည်လည်နေရင်းနဲ့...ပဲ
၁နဲ့၁ ပေါင်းပီး ၃ဆိုတဲ့ ဂဏန်းတစ်ခု ဖြစ်တော့မယ်...။

အစတုန်းက သူနဲ့ ကိုယ်ဟာ အရင်းနှီးဆုံး သူစိမ်းတွေဖြစ်နေခဲ့ပေမဲ့ ၁-၁- ၂၀၁၃ ကစပီး အမျိုးတော်စပ်သွားခဲ့တာကတော့ ကလေးလေးရဲ့ ဖေဖေနဲ့မေမေ..ပေါ့။ 

ကလေးလေးရေ...... လိုချင်တာကလဲ သဲသဲလှုပ်လို့....။
တခါတလေ အတွေးထဲမှာ.... ကလေးလေးကို ၂ယောက်တည်း ရုန်းကန်ပြုစုကျွေးမွေး စောင့်ရှောက်ရမှာ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ မသိမသာ စိုးရိမ်စိတ်ကလေးကလဲ ဝင်လို့။
ဟုတ်တယ်လေ.... စာတွေ့နဲ့လက်တွေ့ တူတာမှမဟုတ်တာပဲ...။ ဒါမဲ့ ကိုယ့်ရဲ့ မာနနဲ့ပဲ အရာရာကို ဖြစ်အောင် ရင်ဆိုင်မယ်ဆိုတဲ့ အားမွေးလိုက်တဲ့အခါ...စိုးထင့်နေမှူဟာ နောက်ဆုတ်ပေးရတော့တာပေါ့။

ကလေးလေးရေ.... အခုချိန်မှာ ကလေးလေး ဟာ... အဖြူအမဲ မသဲကွဲသေးပေမဲ့...ကလေးလေး အသားမဲမှာဆိုးလို့.... ကိုယ့်မှာ ချောကလက်စားချင်ရက်နဲ့ မစားဖြစ်ဘူး။ ကိုယ့်ဖက်က ဖြူပေမဲ့ သူ့ဖက်က နဲနဲမဲတော့ ကလေးလေးကို အသားမဲမှာစိုးရိမ်မိတယ်။ သူက ကိုယ်အဲလိုပြောတိုင်း ကိုယ့်ကိုစတယ်။ ထွက်လာမဲ့ ကလေးလေးက မဲမဲလုံးလုံးလေးဆိုရင်...ဆိုပီးတော့ပေါ့...။

ကိုယ်ကတော့ ကလေးလေးကို သူ့မျက်နှာလေးနဲ့ တူစေချင်တယ်။  ကိုယ်က ချောမှမချောပဲကိုး။ ချစ်စရာကောင်းတယ်လို့ (အများကပြောကြပေမဲ့) သိပ်တော့ မယုံကြည်ဘူး။း) ။ အိမ်မှာရုပ်အဆိုးဆုံးက ကိုယ်ဖြစ်နေတာကိုး။ အိမ်ကတောင်ပြောတယ်။ ကလေးမွေးရင် သူ့ရုပ်မှချောမှာတဲ့..။း) အဲလိုပြောတယ်လို့ သူ့ကိုပြောပြတော့ သူ့မိန်းမ ကိုယ့်ကို ရုပ်ဆိုးတယ်ပြောလို့ သူ့မှာမခံနိုင်ပြန်ဘူး။း) ဟုတ်လည်းဟုတ်တာပဲ အိမ်မှာ ကိုယ့်ကျမှ ဖေဖေနဲ့ရော မေမေနဲ့ရော ဘယ်သူနဲ့မှမဆင်ပဲ ရုပ်ကသတ်သတ်ပုံထွက်နေလို့ ငယ်ငယ်ကဆို ဖေဖေ့ကို ပြောခဲ့ဖူးတယ်။ ဖေဖေနဲ့မေမေ တစ်ယောက်ယောက်တော့ ကြားကားဆွဲထားလားဆိုပီးတော့ပေါ့..။

ကလေးလေးရဲ့စိတ်ထားကိုတော့ ကိုယ့်ဆီကကောင်းတာလေးရယ် သူ့ဆီကကောင်းတာလေးရယ်.. ရောပီး ရစေချင်တယ်။ ကိုယ့်လို မဆိုးစေချင်ဘူး။ ဂျစ်မကျစေချင်ဘူး။  သူငယ်ငယ်ကလိုလဲ မဆိုးစေချင်ဘူး။

ကလေးလေးအတွက် ဆိုပီး...ဒေါသမထွက်မိ ဒေါသမကြီးမိအောင်နေရတယ်။ ဘုရားစာတွေလဲ ရွတ်လို့ပေါ့။

မိခင်ဆိုတဲ့ ဝေါဟာရ။ မေမေဆိုတဲ့ အခေါ်အဝေါ်ဟာ ကိုယ့်အတွက် တမျိုးလေးပဲ။ မေမေ ..မေမေတဲ့....။ ဘယ်လိုမှ ပုံဖမ်းလို့မရတဲ့ စကားလုံးတစ်ခု။ မေမေ့ကို ချစ်တယ်လို့ ပြောခဲ့ဘူးလား မပြောခဲ့ဘူးလား မသေချာခဲ့ပေမဲ့ ဖေဖေ့ကို ချစ်တယ်လို့ ပြောခဲ့ဖူးမယ်ထင်တယ်။ အခုချိန်မှာ အတမ်းတဆုံးက မေမေဆိုတဲ့သူပဲ...။ မေမေသာရှိရင် ...... ကိုယ့်ကို ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုခံစားရလဲ သေချာပေါက်မေးမိမှာပဲ။ မေမေရေ..........ခုဆိုမေမေ လူ့လောကမှာ မရှိခဲ့တာ နှစ်၃၀ ကျော်ခဲ့ပီ..။ မေမေရေ.... သမီးလည်း အခု မေမေ့လို ကိုယ်ဝန်ဆောင်နေရပီ...မေမေ..။

ကလေးလေးရေ..... ကလေးလေးရှိမှန်း သိမဲ့ရက်မတိုင်ခင် ဖေ့စ်ဘုတ်မှာ... သူငယ်ချင်းတွေ..အမျိုးတွေဆီမယ်..ကိုယ်ဝန်တွေကိုယ်စီနဲ့ဖတ်ရတော့... ကိုယ့်စိတ်ထဲမှာ..လဲ .. သက်ပြင်းတချချနဲ့...။

ကလေးလေးကိုရဖို့ တိတ်တိတ်လေးမျှော်လင့် တွေးထင်ခဲ့တာတွေကလေ....
မေမေ့စိတ်ထဲမယ်.... မြန်မာပြည်ကလာတော့ ပစ္စည်းသယ်တာကအစ ဒီလောက် ဒီအချိန်ဆို ကလေးလေးရပီ။ တကယ်ပဲ ကွက်တိ ကလေးလေးရေ..။
ပြက္ခဒိန်လေးဝယ်လဲ ကလေးပုံလေးပါတာဝယ်လို့..။ အလုပ်လုပ်ရင်းတွေးတာ... ဒီစားပွဲလေးနဲ့ ဗိုက်ကြီးရင် အတော်ပဲနဲ့ အဲ့ဒီအတွေးတွေ မဆုံးခင်မှာပဲ.... ကလေးလေးကို မျှော်လင့်ချက်လေးတွေနဲ့ပေါ့...။

ဒီလိုနဲ့
၃၁ ရက် ည မှာ နှစ်ကူးပါတီပီးလို့ အိမ်ပြန်ရောက်တော့ စိတ်ထဲမှာ တအားစစ်ကြည့်ချင်လာတာနဲ့... ကလေးလေးဖေဖေ က မနက်ကျရင် လုပ်ပေးမယ်ဆိုတာတောင် မစောင့်နိုင်ဘူး။ မနက် ၂နာရီလောက်မှာ တစ်ယောက်တည်း အိမ်သာထဲမှာ သွားစစ်လိုက်တယ်။ ကလေးလေးရေ.... မေမေလေ.. မကြည့်ရဲ ကြည့်ရဲနဲ့... ရင်တထိတ်ထိတ်နဲ့ လက်တွေတအားကို တုန်စွာနဲ့ ...စမ်းသပ်တံလေးကို ကြည့် လိုက်တော့.... အိုးးးးးး ပျော်လိုက်တာ....ကလေးလေးရှိနေပီ။ တုန်ရင်တဲ့လက်ကို မနည်းထိန်းပီး အိပ်ပျော်နေတဲ့ ကလေးလေးရဲ့ ဖေဖေ့ကို အတင်းနှိုးပီးးးးးး...... ကလေးလေးရှိနေပီလို့ အသိပေးလိုက်တယ်...။ ရုပ်ရှင်တွေထဲကလိုတော့ ကဗျာဆန်ဆန် မူယာပိုပို မပြောမိဘူးပေါ့..ကလေးလေးရေ...။

တော်သေးတယ် ..ကလေးလေးရေ။ မေမေတို့ အစက စီစဉ်ထားသလို စကီ သွားစီးဖြစ်ရင် ... ကလေးလေးကို မတော်တဆ ထိခိုက်သွားနိုင်တယ်နော်။ အဲ့ဒါကြောင့် မေမေက ကလေးလေးရှိမှန်း မရှိမှန်း မသေချာသေးတော့ ဘာမှန်းမသိလို့ မသွားတော့ဘူး ဆုံးဖြတ်ခဲ့တာ ကလေးဖေဖေကတောင် သိပ်မကြည်ချင်ဘူး။ အခုတော့ ကလေးလေးရှိပီဆိုတော့... မေမေတို့ မသွားဖြစ်တာ ခပ်ကောင်းကောင်းရယ်...။

ကလေးလေး ရပီဆိုတော့ ဆေးရုံချက်ချင်း ပြေးသွားချင်ပေမဲ့ ဒီမှာက နှစ်ကူးဆိုတော့ ဆေးရုံတွေလည်း ပိတ်တယ်လေ...။ ဒါကြောင့် ၉ ရက်နေ့မှပဲ ဆေးရုံ သွားပြဖြစ်တယ်။ ကလေးလေးက မေမေ့ဗိုက်ထဲမှာ ၇ ပတ်ရှိနေပီတဲ့...။ ဒါဆို ဒီနေ့ဆို  ကလေးလေး ၈ပတ်ကျော်ပီနော်။ ကလေးလေးရေ......

ဒီအပတ်  ၁၄ ရက်နေ့က နှင်းတွေတအားကျတယ်...ကလေးရေ..။ နှင်းတောထဲမှာ ရထားတွေရပ် ကားတွေပျက်နဲ့ မေမေတောင် ကလေးလေးမချော်လဲအောင် မနဲ အားတင်းပီး အိမ်ရောက်အောင်ပြန်လာရတယ်..ကလေးရေ..။ ခုထက်ထိ နှင်းတွေမကုန်သေးတော့ ချော်လဲသူလဲနဲ့... မေမေ့မှာ ကလေးလေးကို ထိမှာဆိုးလို့ တအားသတိထားပီး လမ်းလျှောက်ရတယ် ..ကလေးလေးရေ..။ အစကဆို နှင်းတွေကျရင် သိပ်ပျော်ပီး ခုန်ပေါက်ကစားခဲ့တဲ့ မေမေဟာ ... ကလေးလေးကို ခိုက်မိမှာဆိုးလို့ .. နှင်းတွေကျတာ စိတ်ညစ်မိတယ် ကလေးရေ...။
ကလေးလေးရေ...အခုတလော မေမေ ခေါင်းတအားကိုက်တယ် ကွာ။ အခုတောင် စာမနဲရေးနေတာ..။ ခေါင်းသိပ်ကိုက်တယ်။ကလေးရေ..။

၉-၁-၂၀၁၃ ကလေးလေး ၇ပတ်
အဲ့ပုံလေးမှာ ကလေးလေးအသက်ရှူနေတဲ့ပုံလေး မြင်ရတော့ ဖေဖေနဲ့မေမေ ၂ယောက်သား ကျေနပ်ပြုံးလေးနဲ့ပေါ့ ကလေးရေ..။ အံလဲ အံသြစရာနော်။ ဆရာဝန်ကပြောတယ်။ ကျန်းမာတယ်တဲ့ ကလေးလေး အသက်ရှုပုံ ကြည့်ရတာတဲ့။ ကလေးလေးရဲ့  ကျန်တဲ့အစိတ်အပိုင်းတွေကတော့ ၃လပြည့်မှ စမ်းလို့ ရမှာတဲ့...။






6 comments:

  1. ညီမ ရေ

    ညီမရဲ့ သာယာတဲ့ ဘဝလေးအတွက် ပျော်ရွှင်ချမ်းမြေ့ရပါတယ် ... ညီမ တယောက် ထာဝရ ချစ်သောချစ်သူ... ချစ်သော မီးမီးလေး (မှန်လောက်တယ်နော်) နဲ့ အတူ ပျော်ရွှင်နိုင်ပါစေလို့ ဆုမွန်တောင်းပေး ပါတယ်နော်

    ချစ်အမ
    ရွှေစင်ဦး
    .

    ReplyDelete
  2. မိခင်မေတ္တာတွေ ခြုံလွှမ်းထားတဲ့ ညီမရဲ့ စာကို ဖတ်ပြီး ကမ္ဘာပေါ်က အမေတွေအားလုံးကို လေးစားစွာ ကျေးဇူးတင်မိတယ်။
    ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ ညီမ ... အစားအသောက် အနေအထိုင် အစစ ပေါ့ ... ။
    အင်္ဂုလိမာလသုတ်လဲ နေ့စဉ်မှန်မှန် ခုတကည်းက စရွတ်ပါ။
    အဆင်ပြေချောမွေ့စွာနဲ့ မွေးဖွားနိုင်ပါစေ ... ။

    အမ

    ReplyDelete
  3. ဝက်နံရိုးကို Google ရင်း ဒီကိုရောက်လာတယ်..။
    ဝမ်းသာစရာ သတင်းကောင်းနဲ့ တန်းတိုးတယ်..
    ကလေးရဲ့ မေမေကျန်းမာပျော်ရွှင်ပါစေ....

    ReplyDelete
  4. ရေးထားတာလေး ချစ်ဖို့ကောင်းတယ်။
    ခေါင်းက ဘာလို့ကိုက်တာလဲဟင် အရမ်းအေးလို့လား

    ReplyDelete
  5. နောင်ဂျိန် ရေ အမဆီမှာ လင့်ချိတ်ဦးမယ်နော်

    ReplyDelete