Friday, April 4, 2014

သမီးလေးရဲ့ တိုးတက်မှု ၎

သမီးလေး....အခု ၇လ ခွဲ။
သူ ၅လမှာ ဘေဘီဝေါ့လ်ကာထဲချလို့ရပေမဲ့ သိပ်မကြိုက်ဘူး။ ဟော.. ၆လတင်းတင်းလဲပြည့်ရော..ဆရာမက ဝေါ့လ်ကာထဲကနေ လျှောက်တာမှ ဂျောင်းဂျောင်းနဲ့ပဲ။ အစာလဲစကျွေးပီဆိုတော့ လူကလည်းထွားလာပီ။ တဖြည်းဖြည်းနဲ့ ထိုင်တာပါ စိတ်ချလာရပီ။ ၇လပြည့်တဲ့နေ့မှာပဲ လေးဘက်ထောက်ချင်စပြုလာပီ။ ထိုင်ရက်ကနေ သူလိုချင်တဲ့ ပစ္စည်း အမှန်က သူနဲ့လက်လှမ်းမမှီတဲ့နေရာက ပစ္စည်းကို လှမ်းယူနိုင်နေပီ။ ထိုင်တယ်...ဆွဲတယ် မရရင် လက်ထောက်တယ် ဖင်ကုန်းတယ် သွားမရတော့ မှောက်ရက်ဖြစ်တယ်။ ခါတိုင်းမှောက်တာမကြိုက်တဲ့ သမီးက သူ့ဟာသူမှောက်ဖြစ်သွားတာကို မအော်ဘူး ။ မှောက်ရာက ပြန်ထတယ် ထိုင်တယ် တခါတလေ လဲတယ်။ လဲတာ ပက်လက်လှန်သွားလို့ မထနိုင်ဖြစ်မှ ကိုယ်ကထူပေးတယ်။ ဒါတောင် နာစရာမရှိရင် ကိုယ်က ရင်ထဲက စိုးရိမ်တာကို ဟန်လုပ်ပီး ပြုံးပြုံးလေးကြည့်လိုက်တယ်။ သမီး..မနာဘူးနော်...မငိုနဲ့..သမီးဖာသာ ဖြစ်တာနော်လို့ပြောရင်း ထူပေးတယ်။ တခါတလေ ကစားစရာနဲ့ ထိရိုက်မိသွားရင် နာတဲ့အခါတွေလဲရှိတာပေါ့..။ နာတယ်ဆိုရင် ကိုယ်က သမီး..မငိုနဲ့နော်..မေမေ ဥုံဖွလေး လုပ်ပေးမယ်ဆိုပီး လုပ်ပေးလိုက်တယ်။ ကံကောင်းစွာပဲ သမီးက ငိုကြောသိပ်မရှည်တတ်ဘူး။

သမီးလေးက ရှေ့တိုးတာ နောက်ပဲရောက်ရောက်သွားတယ်။ သမီးက မှောက်ရက်ကနေ တွားသွားတာလည်း မလုပ်တတ်ဘူး။ မှောက်ရာကနေ လှိမ့်ထွက်တာလဲ မလုပ်ခဲ့ဘူး။  သမီးက အခု ကိုင်ပီး သူ့ဟာသူ မတ်တပ်တော်တော်ရပ်နိုင်နေပီ။ အရင် ၄လသမီးလောက်ထဲက မအေ အကူအညီနဲ့ ရပ်ပီး ခုန်ဆွခုန်ဆွ နဲ့ သူသွားချင်တဲ့နေရာကို သွားတတ်တဲ့ သမီးလေးဟာ ဒီပုံအတိုင်းဆို သိပ်မကြာခင် လမ်းလျှောက်တတ်မယ်ထင်ပါတယ်။ ကိုယ်ကတော့ တိတ်တိတ်လေးဆုတောင်းနေမိတာက ကိုယ်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်မှာ သမီးလေး လမ်းလျှောက်နိုင်ပါစေလို့.... အိုး..တွေးရင်းနဲ့တောင် ရင်ခုန်ပျော်မြူးမိနေသေးပါရဲ့...။ သမီးလေး မတ်တပ်ထပီး လမ်းလျှောက်ချင်တဲ့အခါ ကိုယ်က သမီးလေးကို သမီးရေ... ဒီဘက်ခြေလေးကိုလှမ်းပီးရင် ဟိုဖက်ခြေလှမ်းဆိုပီး သမီးကို သင်ပေးတဲ့အခါ တခါတလေ သမီးလမ်းလျှောက်ဖြစ်တိုင်း အဲဒီလိုလေး လှမ်းလေရဲ့...။

ဒီလိုပဲ လေးဘက်ထောက်စပြုနေတဲ့သမီးလေးကို ကိုယ်က သမီးလေး.. ဒီမှာကြည့် တွေ့လား.. ဒီလိုလေးဘက်ထောက်ပီး ဒီလက် ကလေးရှေ့တိုး ဒီခြေထောက်ကလေးတိုး ပီးရင် ဒီဖက်လက်ကိုတိုး ဒီခြေထောက်ကို တိုး..ဒါဆိုသမီးလုပ်တတ်ပီလို့ပြောပီး..သင်ပေးပါတယ်။ ဒီလိုနဲ့ သမီးလေး... သိပ်မသွက်သေးပေမဲ့ မနေ့က စပီး ခပ်ဝေးဝေးထိ သူ့ကိုယ်ကိုထိန်းပီး သွားတတ်ပါတယ်။ သမီး ၇လနဲ့ ၈ ရက်မြောက်နေ့မှာ လေးဘက်ထောက်နိုင်ပီ။ သမီးလေးက ချော်လဲမှာဆိုးလို့ သူ့ကိုယ်သူထိန်းပီး သွားတာကလည်း ပြုံးချင်စရာလေးပါ။

သွားလည်းမပေါက်သေးဘူးဆိုပီး..စိုးရိမ်နေတာ... အခုတော့ သမီးသွားလေးတွေ ထွက်စပြုနေပီ။

သူရဲ့အောင်မြင်မှုတိုင်းမှာ ဘေးကနေ လက်ခုပ်တီးပီး အားပေးတဲ့အခါ။ သိပ်တော်တာပဲလို့ပြောပေးတဲ့အခါ ၊ သိပ်လိမ္မာတာပဲလို့ပြောတဲ့အခါတွေမှာ သမီးလေးဟာ သိပ်ကိုကျေနပ်ပျော်ရွှင်နေတတ်တာ မေမေ သတိထားမိလေရဲ့။


အခုဆို ရာသီဥတုက လည်းသာယာလာပီဆိုတော့ ဈေးဝယ်ထွက်ရတာ သိပ်အဆင်ပြေလာပီပေါ့။ သမီးလေးက များသောအားဖြင့် ပြုံးရယ်နေတာများပါတယ်။ ကိုယ်ကလည်း ငပြောင်ဆိုတော့ သမီးအတွက် အမြဲလို ခိုးခိုးခစ်ခစ် ရီစရာတွေ ဖြစ်နေသလား မသိပါဘူး။ သမီး အဲလို အသံထွက်ပီး ရယ်တဲ့အခါပဲဖြစ်ဖြစ် အသံမထွက်ပဲရယ်တဲ့ အခါပဲဖြစ်ဖြစ် မေမေကတော့ အမောပြေတာ အမှန်ပဲ သမီးလေးရေ..။ ဖေဖေကလဲ အမောပြေသတဲ့။

သမီးလေးက လေးဘက်ထောက်ပီး သူသွားချင်ရာသွားတာ မေမေ သိပ်မပင်ပန်းပေမဲ့ ဟိုဟာဆွဲပီးရပ် ဒီဟာဆွဲပီးရပ်တာ ပြုတ်ကျမှာစိုးရိမ်လို့ မေမေတော့သိပ်ပင်ပန်းတယ်။ အခုဆိုသမီးက လေးဘက်ထောက်တာထက်ကို ထတာပိုအားသန်တယ်။ ထတယ် ထပီးလက်၂ဖက်လွှတ်ပီးထိန်းကြည့်တယ်။ လဲတယ်။ အဲဒါကိုပဲ သူ့မှာ မမောနိုင်မပန်းနိုင် ထပ်ခါထပ်ခါလုပ်တယ်။ အရှုံးမပေးဘူး။ မေမေ့ကိုလဲ အကူအညီမတောင်းဘူး။ မေမေက ခုထဲက သမီးကို
ကိုယ့်အားကိုယ်ကိုးဖို့ သင်ပေးနေတာ သမီးရေ..။ ဒါကြောင့် သမီးလေးက တော်ရုံတန်ရုံ နာတာလောက်ကို မငိုတတ်တော့ဘူး။ သူထိသွားရင် မအေကို လှမ်းကြည့်တယ်။ မအေက စိုးရိမ်စိတ်ကို ဖုံးပီးဖာသိဖာသာနေတော့ သူက ပြုံးတောင်ပြလိုက်သေးတယ်။

သူတခုခု အမှားလုပ်လိုက်ပီဆို မျက်လုံးလှန်ကြည့်တာကလဲ လူကြီးလေးအတိုင်းပဲ.။ သမီးလေးရေ... သိပ်ချစ်တယ်...မေမေ နမ်းမ၀ဘူး။ ဖေဖေကလည်း ချစ်မ၀ဘူး။

သမီးလေးနဲ့ အပြင်သွားရင် သမီးလေးအိပ်နေတဲ့အခါ ရှည်ပီးကော့စင်းနေတဲ့ မျက်တောင်လေးတွေရယ် သေးသွယ်ပီး ခုံးခုံးတန်းတန်းလေးဖြစ်နေတဲ့ မျက်ခုံးကလေးတွေရယ်ကြောင့် တွေ့တဲ့သူတိုင်းက..ဟယ် အရုပ်ကလေးအတိုင်းပဲ လို့ပြောကြရင် မေမေ့မှာကျေနပ်လိုပေါ့ သမီးရယ်။ တခါတလေ သမီးနိုးတဲ့အခါကျတော့ သမီးလေးရဲ့ လှပတဲ့ မျက်လုံးဝိုင်းလေးရယ်ကြောင့် သမီးကို စကားလာပြောကြပြန်ရော.. အဲ့အခါကျတော့ တခါတလေ သမီးက ပြန်ရယ်ပြတော့...အို..ချစ်စရာကောင်းလိုက်တာ ချစ်စရာလေးဆိုပီး ပြောကြပြန်ရော... သီးလေးက သူတို့တွေကို ဟိုဟာလှမ်းဆွဲ ဒီဟာလှမ်းဆွဲပြန်တော့ သမီးလေးရဲ့ လက်ချောင်းရှည်ရှည်လေးတွေ မြင်ပြန်တော့ အံ့သြကြပြန်ရော.. သမီးလေးရေ..သမီးလေးက မေမေနဲ့ဖေဖေရဲ့ အလှတွေအကောင်းတွေ အကုန်ရထားတော့ သမီးလေးက ချောချောလေးဖြစ်နေတာပေါ့..။ ဖေဖေကတော့ မေမေ့ကိုပြောတယ်.. ဆုတောင်းပြည့်သတဲ့..။ ဒါပေမဲ့ သမီးရဲ့နုတ်ခမ်းကို စူစူထားတာ..မေမေ့အကျင့်ကိုယူထားတာတော့ မေမေက သိပ်မကြိုက်ချင်ဘူး...အချစ်ကလေးရေ..

9 comments:

  1. သမီးလေးက မျက်ခုံးမျက်တောင်လှတော့ မိန်းမချောလေးဖြစ်မှာပေါ့ ။ သမီး ပုံကလေးတွေ ပြပါဦး ... နှုတ်ခမ်းစူတာကလဲ ကလေးလေးတွေ နှုတ်ခမ်းစူရင် သိပ်ချစ်ဖို့ကောင်းတာ .. စူပါစေလေ..။


    NSA

    ReplyDelete
  2. သမီးလေးရဲ့ချစ်စရာကောင်းတဲ့ပုံလေးတွေကြည့်ပါရစေ......အမြန်ဆုံးတင်ပေးပါနော်......း)

    ReplyDelete
  3. တောင်းဆိုသူတွေအတွက် သမီးပုံလေးတွေ နဲနဲတင်ပေးလိုက်ပါတယ်..

    ReplyDelete
  4. မျက်လုံးဝိုင်းဝိုင်း..မျက်ခုံးလှလှလေးတွေနဲ့..သိပ်ကိုချစ်ဖို့ကောင်းပါတယ်..ကျေးဇူးပါအမရေ....မိသားစုလေး.ဒီထက်ပိုပြီးပျော်ရွှင်ပါစေ...း)...အားကျလိုက်တာ...

    ReplyDelete
  5. ချစ်စရာ ကလေးလေး။
    ဒီလို ချစ်ဖို.ကောင်းတဲ့ သမီးလေးရထားလို. သိပ်ပျော်နေမှာပဲနော်။

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. သမီးလေးက ချောလိုက်တာ--
    အမရေ... ကလေးလေးတွေကို ပြုစုစောင့်ရှောက်တဲ့ နည်းတွေတင်ပေးပါဦးနော်... ညီမ သမီးလေးက ၁ လကျော်လေးပါ.. များသောအားဖြင့် သမီးနဲ့ နှစ်ယောက်တည်း နေရတော့ သိချင်လို့ပါ

    ReplyDelete
  9. သမီးလေးကို ဖေနဲ့ မေ မပြောနဲ့  ဟောဒီက အန်တီတောင် ဓာတ်ပုံလေးတွေကြည့် သမီးလေးအကြာင်းတွေဖတ်ပြီး ချစ်နေရတာ

    ReplyDelete