Thursday, December 19, 2013

သမီးလေးရဲ့ တိုးတက်မှု ၂

သမီးလေး... ၄ လပြည့်တဲ့နေ့မှာပဲ သမီးဟာ တော်တော်လေး သိလာတယ် သူဘာလုပ်ချင်တယ် ဘာလိုချင်တယ်ကို ငိုပြတဲ့အလုပ်ဟာ ပိုပီပြင်လာတယ်။ အသံထွက်ပီး ရီတတ်လာတယ်...

သမီးလေးစိတ်ကြည်နေချိန်ဆို မေမေက အာဘွားဆို ပီး ပါးထိုးပေးလိုက်ရင် သူ့ပါးစပ်ကိုဟပီး နမ်းတော့တာပဲ။ မေမေက သမီးလေးကိုလည်း အာဘွားပေးမယ်ဆို .. တရှုပ်ရှုပ်နမ်းလိုက်တာနဲ့ ဟက်ဟက် ဆိုပီး ရီတော့တာပဲ..။

သမီးလေးက နို့ဗူးကိုင်တတ်ပေမဲ့ ပါးစပ်ပေါက်လွဲချော်နေတတ်တာ.. မအေက ပြင်ပေးလည်းမကြိုက်ဘူး။ သူ့ဘာသာ လက်၂ဖက်နဲ့ကိုင်ပီး စို့နိုင်ရင် မေမေ့ကို ပြုံးပီးကြည့်တဲ့အကြည့်လေးက ဒီမှာတွေ့လား သမီးကိုင်နိုင်တယ်ဆိုတဲ့ အပြုံးလေးပေါ့။

အဲဒီလို သမီးပြုံးတဲ့အပြုံးတွေမှာ မေမေ့ကို ကိုင်အလှုပ်ဆုံးက မွေးစမှာ သမီးကိုချော့သိပ်နေတဲ့မေမေ့ကို သမီးက ပြုံးပြတဲ့အပြုံးပဲ။ အဲ့ဒီအပြုံးက အားလုံးကို တွေ့လား.. ငါ့အမေ ငါ့ကိုပွေ့ထားတယ်လို့ ဂုဏ်ယူနေတဲ့အပြုံး ကျေနပ်နေတဲ့အပြုံးပေါ့...။

သမီးက မှောက်ထားရင် သိပ်မကြိုက်ချင်ဘူး။ ဘာလို့ဆို မှောက်ပီး သူ့ဟာသူ ရှေ့မတိုးနိုင်လို့။ ဒါပေမဲ့ သမီးက လမ်းလျှောက်ပီး သူ့အရုပ်တွေဆီ သွားချင်တယ်။ မေမေက သိပ်ငယ်သေးတော့ ဒါတော့ ပေးမလုပ်ချင်ဘူးလေ.. တခါတလေပဲ လုပ်ပေးတယ်။

အဲဒီလိုပဲ သမီးလေးကို လှဲထားပီး မေမေက ၀မ်းတူး သရီးလို့အော်လိုက်တာနဲ့ သရီးဆို ကုန်းထထိုင်ပီးထဖို့ကြိုးစားတော့တာပဲ။ ရီလဲရီရတယ်။ သူ့အားနဲ့တော့ မထနိုင်သေးပေမဲ့ မေမေ့လက်ညှိုး၂ဖက်ကို ဆွဲယူအားပြုပီးထတာ။ အဲဒါ တနေ့ကို ၃ခါလောက်တော့ မေမေလုပ်ပေးရတယ်။ လုပ်မပေးရင် အော်တာကိုး။

သမီးက သူအလိုမကျရင်အာခေါင်ခြစ်ပီးအော်ချင်လာပီ။ မအေလို ခပ်ဆိုးဆိုးများလားမသိ။ အိပ်ချင်တဲ့အခါဆို ဖအေလဲမရဘူး။ မအေမှမအေပဲ။ လူလည်ကလဲကျမှကျ။ အိပ်နေရင်းနဲ့ မျက်လုံးလေးဖွင့်ကြည့်လို့ လူမတွေ့လဲ အော်ရတာနဲ့..။ အိပ်သွားလို့ လက်ပေါ်ကချလဲ သိပ်လည်တာပဲ တော်၂နဲ့ချမရဘူး။ လူလည်မ။

သမီးကို မြူပီဆို အခုဆို အသံထွက်ပီး ရီတတ်လာပီ။ သူတခုခုလိုချင်ပီဆို ပြုံးပြတဲ့အခါ အဖေအမေ အသည်းသိပ်ယားတာပဲ။ သူ့အဖေကဆို ရွှေရင်အေးတဲ့။ သမီးလေးအပြုံးလေးမြင်ရင် ပင်ပန်းသမျှ အမောပြေသတဲ့..သမီးလေးရဲ့။

မေမေက သမီးလေးကို အိမ်မှာ မြန်မာလိုနဲ့ အင်္ဂလိပ်လိုပြောပေးတယ်။ ဂျပန်လိုတော့ ကျောင်းမှာ သင်ပေးလိမ့်မယ်။  သမီးက တီဗွီကို တအားကြည့်လွန်းလို့ မအေကိုယ်တိုင် မကြည့်ပဲ ပိတ်ပစ်ရတယ်။ အမှန်က သမီးက တီဗွီကမြင်ရတဲ့ သူတွေကို စကားလှမ်းပြောတာ ဒီနေ့မှ သိတော့တယ်..။


Friday, December 6, 2013

သမီးလေးရဲ့ တိုးတက်မှု - ၁

သမီးလေးက ဆေးရုံကဆင်းပီး ၁ပတ်လောက်နေကတည်းက သမီးသိပ်ဆော့တာပဲ..သမီးလေး။ အထူးသဖြင့် နေ့နဲ့ည မှားနေတဲ့သမီးလေးဟာ..ညဆိုရင် ဆော့လိုက် နို့သောက်လိုက်နဲ့ မနက်၈နာရီအထိ မေမေ့မှာငုတ်တုတ်ကလေးပေါ့..သမီး။ ခြေကားယား လက်ကားယားနဲ့ခြေထောက်ကိုမြှောက်ပီးဆော့တတ်တာ..သမီးလေးပေါ့နော်။

သမီးလေးက ရေချိုးရင်လဲ သိပ်ပျော်။ မျက်လုံးလေးဝိုင်းစက်ပီး ရေချိုးခံတာ.. ရေချိုးပီးကျေနပ်နေတတ်တာ။ ရေချိုးတိုင်း ရေထဲမစိမ်ခင်မေမေက သမီးရင်ဗတ်လေးပေါ် အ၀တ်လေးတင်လိုက်တာနဲ့ လက်သီးလေး၂ဖက်ကို ဆုပ်ထားတာ..ရေစိမ်ပီးမှ လက်ကလေးကိုဖြေတတ်တာ... မေမေက သမီးလေးရေစိမ်ရင်း ဘုရားစာတွေရွတ်ပေးရင် မေမေ့ကိုကြည့်နေတာ။ မေမေ့သမီးလေးကို ရေချိုးပေးရင်း စကားတွေပြောနေရင် ကျေနပ်နေတာ..သမီးလေး ၁လ ၂လထဲကနော်။ အခုဆိုသမီးလေး ၃လသမီးဆိုတော့ ရေချိုးပေးရင် မေမေ သမီးကိုမနိုင်ချင်တော့ဘူး..သမီးလေးရေ... သမီးလေးက အရမ်းဆော့တော့..ရေတွေထဲ ဗွမ်းဗွမ်းနဲ့ခြေထောက်ကို လှုပ်၂ဆော့...လိုက် လက်ကိုမြှောက်ဆော့လိုက်နဲ့ဆိုတော့.. ရေတွေလည်းရွဲသလို မေမေလည်း မနိုင်တော့ဘူးပေါ့။

သမီးလေး ၃လ ပြည့်တဲ့နေ့မှာပဲ မှတ်မှတ်ရရ မှန်ကိုသေချာကြည့်ပီးပြုံးတတ်လာတယ်။ မေမေကိုလည်း စကားတွေပြောလာသလို ဖေဖေ့ကိုလည်း ဘာတွေမှန်းမသိဘူး ပြောလိုက်တာ...သမီးလေးရယ်။ သမီးလေး ၂ လခွဲကျော်မှာစပီး အသံစုံထွက်တော့တာပဲနော်။ တခါတလေ..မေမေက သမီးလေးအသံတွေနာ လည်ချောင်းတွေ နာမှာတောင် စိုးရိမ်မိတယ်။

သမီးလေး ၂လခွဲမှာ ဇက်ခိုင်လာတယ်နော်။ သမီးလေးကလေ.. ၁လ သမီးထဲက ဖေဖေ့ပေါ်မှာမှောက်ပီး ဖေဖေက ခြေထောက်အောက်မှာ လက်ခံပေးထားလိုက်ရင်သမီးလေးက အဲ့ဒါကို အားယူပီး ဖေဖေ့မျက်နှာပေါ်ရောက်တဲ့အထိ ကိုယ့်ဟာကိုယ် တက်သွားတယ်နော်။ သမီးလေးနောက်ကျတော့ မှောက်ရင်ကျေနပ်နေပေမဲ့ အခု သမီးက မှောက်တာ မကြိုက်တော့ဘူးနော်။ ဆရာဝန်တွေကတောင် ပြောတယ်။သမီးလေး ဇက်တော်၂ခိုင်နေပီတဲ့ သူတို့စမ်းတော့ သမီးက ခြေထောက်လေးနဲ့တောင့်တောင့်လေးရပ်နိုင်တော့..သူတို့တောင် အံ့တွေသြလို့...။

သမီးလေးက အခုတဆင့်တက်လာတာက.. ကုန်းထတာပဲ။ မေမေများကူပေးပီဆို..မေမေ့လက်ချောင်း၂ဖက်ကို တဖက်စီကိုင်ပီးကုန်းထတဲ့အပြင် ထိုင်မနေပဲ မတ်တပ်လေးရပ်လိုက်မှ ကျေနပ်တယ်နော်..သမီးလေး။ မေမေက ခြေခွင်မှာဆိုးလို့ လုပ်မပေးရင် အော်လို့ သမီးလေးကျေနပ်အောင် မေမေက လုပ်ပေးရတယ်။ အဲလို လုပ်တိုင်းလဲ မေမေက good job, great job, jouzu, မေ့သမီးကတော်လိုက်တာလို့ပြောတိုင်း သဘောတွေကျပီး အနဲဆုံး ၃ခါလောက်တော့ လုပ်တယ်နော်..။

သမီးလေးက လူခင်တယ်နော်။ မေမေနဲ့ အပြင်ထွက်တိုင်း သမီးလေးကို ဂရုစိုက်သူတိုင်းကို သမီးလေးက ချစ်စဖွယ်ပြုံးပြတတ်သေးတာ။ ဆရာဝန်ဆိုလည်း ပြုံးကြည့် နာ့စ်တွေဆိုလဲ ပြုံးကြည့်ပေါ့..။ သမီးလေးက အပြင်ထွက်ရင် သိပ်စပ်စုတာပဲ။ ခေါင်းလေးကို လည်နေတာပဲ ဟိုကြည့်ဒီကြည့်နဲ့ ပီးတာနဲ့ အိပ်တော့တာပဲ။

သမီးလေး...က ဆေးထိုးရင်လဲ ငိုကြောမရှည်ဘူး။ မေမေကတော့ သမီးလေးအတွက် အားတွေမွေးထားရတယ်။ မကြည့်ရက်ပေမဲ့သမီးလေးအတွက်ဆိုပီး အားတင်းရတာပေါ့။ သမီးလေးဆေးထိုးတိုင်း ငိုလဲ ၁မိနစ်ထက်မပိုဘူး။ မေမေချော့လိုက်တာနဲ့ အိပ်သွားရော။သိပ်ချစ်ဖို့ကောင်းတာပဲ။ ဟိုနေ့ကဆို သမီးလေး tuberculosis က အတော်နာတာတောင် သမီးငိုကြောမရှည်လို့ ဆေးရုံက လူတွေတောင်အံ့သြသွားတယ်..သမီးလေးကို။

သမီးလေးခုဆို အရပ်လဲ တော်တော်ရှည်လာသလို ထွားလဲထွားလာပီနော်။ သမီးကို မွေးတုန်းက ၃၂၀၆ ဂရမ် သမီးလေး ၁လပြည့်တော့ ၃၉၉၉.၅ ဂရမ်နဲ့ ၂လပြည့်တော့ ၄၈၆၀ ဂရမ် အခု ၃လမှာသမီးလေး ၅၃၈၀ ဂရမ်ပဲရှိလို့တဲ့ မေမေ့ကို ဆရာဝန်က နို့ဗူးပိုတိုက်ခိုင်းတယ်။ မေမေက ချော့တိုက်နေရတယ်။သမီးက ဗူးကိုမသောက်ချင်တော့လို့လေ...။ အမယ်..ညကတော့ သမီးလေးက ဗူးကို သူ့လက်၂ဖက်နဲ့ကိုင်ပီးသောက်ဖို့ကြိုးစားတယ်...တော်လိုက်တာ သမီးလေးရယ်ဆိုတော့..သမီးလေးက ပိုကိုင်ပြတယ်။

သမီးလေးက တီဗွီသိပ်ကြိုက်တာပဲ။ တီဗွီကို ကြည့်တာများ ငြိမ်နေတော့တာ.. ၁လခွဲလောက်ကတည်းက အတော်ကြည့်တတ်နေတာ။ သမီးလေးက မေမေ အိုင်ပက်နဲ့စကားပြောလဲ ကုန်းကြည့်တတ်တာ..စကိုက်နဲ့ပြောရင်လဲ ပြူးပီးကြည့်တတ်တာ..









သမီးလေးဖတ်ဖို့..၁

ဘလော့လေးကို သမီးလေးအကြောင်းရေးပီး....ဖုန်ခါလိုက်ပါဦးမယ်။


သမီးလေး...ရယ်။
မေမေ မလုပ်သင့်ဆုံး အလုပ်ကို လုပ်လိုက်မိတာကတော့ သမီးလေးမွေးမွေးခြင်း သူ့အဘွား သူ့ဖေဖေရဲ့အမေ ဒီကိုလာခြင်းကို လက်ခံလိုက်ခြင်းပါပဲ။ အဲ့ဒီနောက်ဆက်တွဲ က သူ့အဘွားပြန်ပီးတာတောင် သူ့အဖေနဲ့ခဏခဏ တကျက်ကျက် ပိုဖြစ်စေပါတယ်။ မှန်တဲ့အတိုင်း ပြောရရင်တော့... အိမ်ထောင်ရေးဆိုတာကို စိတ်ကုန် စိတ်ပျက်တဲ့အထိပါပဲ။သမီးလေးရေ.......အဲ့ဒီအတွက် မေမေစိတ်မကောင်းပါဘူး။ မေမေ ခဏခဏတွေးတာက သမီးလေးနဲ့တူတူ တနေရာရာကို ထွက်သွားဖို့ပါပဲ။ အဲလိုတွေးမိတိုင်း သမီးလေးကို သနားမိသလို သူ့အဖေကိုလည်း အချစ်ကမကုန်သေးပြန်ဘူး။ အဲဒီလိုနဲ့.... သမီးလေးမွေးပီးကတည်းက သမီးလေးကြောင့် ပျော်ရွှင်ရတာကလွဲလို့ ကျန်တဲ့နေရာတွေ မေမေ မပျော်ဘူး...သမီးရယ်။
သမီးဖေဖေစိတ်ထဲမှာ..ရှိနေတဲ့သူ့အမေနဲ့မေမေ မတည့်တာတွေက သူ့ရင်ထဲဖုနေတော့ စကားပြောရတာ ၁၀ခွန်းပြောရင် ၁၁ခွန်းအဆင်မပြေဘူး..သမီးလေးရေ... မေမေသိပ်စိတ်ညစ်တာပဲ။ ဒါပေမဲ့ သမီးလေးမျက်နှာတွေ့တော့လည်း မေမေ အဲ့ဒါတွေ မေ့သွားပြန်ရော...။

သမီးလေးရေ...
မေမေလေ..သမီးလေးကို မွေးပီး ဆေးရုံကဆင်းတာနဲ့ အိမ်ရောက်ကတည်းက ဒီနေ့အထိ တစက်မှမနားရဘူး..သမီးလေးရေ...။
 အဲဒီအတွက်  မေမေစိတ်ဆင်းရဲတယ်လို့ သမီးမထင်နဲ့နော်။ သမီးအဘွားပြန်သွားမှ မွန်းကျပ်နေတဲ့စိတ်တွေ ကင်းလွတ်သွားလို့ အဲ့ဒီအချိန်ကစလို့ပျော်ပါတယ်..သမီးလေး.. တခါတလေတော့လည်း ဖေဖေ့ကြောင့်စိတ်ညစ်ရတာကလွဲလို့ပေါ့...။

သမီးလေးရေ... သမီးအဘွားပြန်သွားပီး နောက်နေ့လည်းကျရော..မေမေ့နို့တွေ ထွက်ရော..သမီးလေးရေ..။ အံ့သြစရာနော်။ အဲ့ဒီမတိုင်ခင် မေမေဘယ်လိုစွတ်ပြုတ်တွေ အရည်တွေသောက်သောက် နို့မထွက်လာဘူး။ သမီးဖေဖေကတော့ ပြောပါတယ်။ အိပ်ရေးမ၀ အစားမစား  stress တွေများရင်လဲ မထွက်ဘူးတဲ့။ သိပ်မှန်တာပဲ..သမီးလေးရေ..။

သမီးလေးကို မေမေနို့ဗူးတိုက်တိုင်း..မေမေ့နို့ကိုပုတ်ပီး..ဒါသမီးလေးပိုင်တယ်..
သမီးနို့နို့ကြီးလို့ပြောပေးတဲ့ အကျိုးတွေလည်းပါမယ်ထင်တယ်..သမီးရေ..။ နောက်ပီး..မေမေ့မှာ.. အခန်းထဲမှာတိတ်တိတ်လေး မေမေ့နို့ကို ထွက်သလောက်ညှစ်..ပီးသမီးလေးကိုတိုက်။တိုက်တိုင်းလဲ သမီးလေးကို..မေမေ့ချိုချိုလေးက အရသာရှိတယ်နော်...လို့ပြောပီးတိုက်။ သမီးသောက်လိုက်လို့ရှိရင်လဲ..သမီးလေးကို..အရသာရှိတယ်နော်သမီးလေး..လိမ္မာလိုက်တာဆိုပီးပြောတာ
တွေကြောင့်ထင်တယ်နော်...သမီးလေး။

သမီးလေးကိုချေးပါ သေးပေါက် အဝတ်လျှော် သမီးဝေရာဝစ္စတွေ အားလုံး မေမေပဲအကုန်လုပ်သွားတာ မေမေဆေးရုံကဆင်းကတည်းက ပဲ သမီးလေးရေ..
ဖေဖေက သူအားတဲ့အချိန်မှ သမီးလေးကို  ချီ..ဆော့ ရေချိုး..ချေးပေအ၀တ်လဲပေးနိုင်တယ်..သမီးလေး.. ဖေဖေ့ကို အပြစ်မမြင်နဲ့နော်..ဖေဖေက သမီးလေးစားဖို့အတွက် ပိုက်ဆံတွေသွားရှာရတယ်လေ..သမီးလေးရဲ့။ ဖေဖေလဲ စိတ်ရော လူရော ပင်ပန်းရှာတယ်..သမီးလေးရေ.။
တခါတလေတော့..သမီးအဘွားရှိတုန်းကတော့ မေမေဈေးသွားချိန်ဆို သမီးလေးအတွက် နို့ဗူးအဆင်သင့်ဖျော်..သမီးလိုတာတွေအားလုံးလုပ်ပေးပီးမှ မေမေဈေးထွက်ဝယ်ရတယ်..
သမီးလေးရေ..။ သမီးကို သမီးအဘွားက ကြည့်ပေးတယ်လေ..။ အခုတော့ မေမေနဲ့ သမီးကိုယ်တိုင်ထွက်တာပေါ့နော်။
သမီးကို အဘွားက လက်ကမချချင်ဘူး ချီချင်တယ်..သမီးရေ။ သမီးနဲ့သမီးဖေဖေကိုတော့ သမီးအဘွားက ချစ်ပါတယ်..သမီးလေးရေ. ဖေဖေအားရက်ဆို သူကိုယ်တိုင် သမီးအဖေ စားချင်တာ ချက်ပေးတယ်..သမီးလေးရေ..။

သမီးလေးရေ...
သမီးလေးကြီးလာရင်လေ... ဟန်ဆောင်မှူကင်းတဲ့ စကားလုံးတွေသာ ပြောတတ်အောင်မေမေသင်ပေးမယ်နော်။ ဒါပေမဲ့ မေမေ့လို ထိပ်တိုက်မတိုးအောင် တခါတလေ နုတ်ပိတ်ပီးနေလိုက်ပါ သမီးရေဆိုပီး.. သမီးလေးကို မေမေပြောချင်တယ်..သမီးလေး..။
သမီးလေးရေ... စိတ်ထားကောင်းကောင်းထားပါလို့ မေမေ ပြောချင်ပါသေးတယ်။ သူများအထင်ကြီးအောင် တော့ အပေါ်ယံ စိတ်ထားကောင်းခြင်းတွေ ရှောင်ပါ..သမီးလေးရေ..။



Monday, September 2, 2013

ချစ်သူသိလေ....

ချစ်သူ....
မာနရဲ့တဖက်ကမ်းအလွန်
ရှင့်ချစ်သူ..ကျမဟာ..
single မိခင်လုပ်ဖို့အတွက်
ဟိုးခပ်ငယ်ငယ်တည်းက
ဆုံးဖြတ်ခဲ့သူပါ..
ကလေးတစ်ယောက်နဲ့မိခင်ဖြစ်လဲ
ဝမ်းနဲနေတတ်သူ..မဟုတ်ခဲ့တာ
ချစ်သူ..သိမှာပါလေ..

ချစ်သူရေ...
ပြဿာနာတွေရဲ့ နောက်ဆက်တွဲ
ကျွံကျလာတဲ့ စကားလုံးတိုင်းဟာ
ကျမ.မာနတွေကို ကိုင်လှုပ်ခဲ့တာ
ချစ်သူ..သိမှာပါလေ..

စိတ်မြန်စိတ်ထက်တဲ့ကျမ
ချက်ချင်းပဲဆုံးဖြတ်လိုက်တာက
သမီးလေး၃လ ရောက်တဲ့အခါ
သမီးကိုပွေ့ချီလို့
မိခင်တိုင်းပြည်ဆီ
ပြန်ဝင်ဖို့ဆိုတာ..
ချစ်သူတော့..သိခဲ့မှာမဟုတ်ဘူးလေ...
အဲဒီလို ခပ်တိုးတိုး..ဆုံးဖြတ်ချပီးချိန်မှာ...မှ
ချစ်သူရဲ့ မျက်လုံးတွေ..
သမီးလေးကို..သိပ်ချစ်တဲ့မျက်လုံး
ကျမကိုချစ်တဲ့အပြုံးနဲ့
မိခင်နဲ့ကျမအကြား ဗျာများနေတဲ့ချစ်သူအတွက်
ကျမ..မာန တထစ်လျှော့လို့
ချစ်သူအတွက်
ကျမကြိုးစားပေးခဲ့တာ...တော့..
ချစ်သူ..သိမှာပါလေ.......။

ချစ်သူ..
ရင်မှာနာကျင်စွာနဲ့
ဟန်ဆောင် ပြုံးရင်း
ချစ်သူအတွက်ပေးဆပ်ခဲ့တာ
ချစ်သူ..သိမှာပါလေ..။





Tuesday, July 23, 2013

သမီးလေးးးး ၃၅ပတ်

ကလေးလေးရေ....
မေမေတောင် သမီးလေး အကြောင်းမရေးဖြစ်တာ တော်တော် ကြာသွားပီနော်... ကြာဆို..သမီးလေးရေ..မေမေ မအားတာရယ်...စာရေးရမှာပျင်းနေတာရယ်နဲ့ မေမေ မရေးဖြစ်သေးတာ..။
ကလေးလေးက သမီးလေးဆိုတာ သေချာသလောက်တော့ ရှိနေပေမဲ့.. ဒီက ဆရာဝန်တွေက သမီးရေ... အတိအကျ လုံးဝမပြောဘူး။ ဒီတော့ သမီးဖေဖေက ယောင်္ကျားလေးရူးနေတော့ သူ့မှာ မျှော်လင့်ချက်အပြည့်နဲ့ပေါ့...။ မွေးပီးမှ အတည်ပြုမယ်ဆိုပဲ..။ ဒါပေမဲ့ ဆရာဝန်က တနေ့တခြား ငြင်းမရတော့တဲ့ အခါ.. သမီးလေးဖြစ်ဖို့များတယ်ဆိုတဲ့ စကားနဲ့ သမီးဖေဖေလည်း သမီးလေးဆိုတာ အတည်ပြုလိုက်ပီ..သမီးရေ..။

 မေမေနဲ့ဖေဖေရဲ့ ၂ဖက်သောမိဘတွေကလည်း သမီးလေးဆိုပီး ပျော်နေကြတာပေါ့..။ သမီးဖေဖေ ဖက်က သမီးဝမ်းကွဲကိုကို က အင်္ဂလန်မှာ မွေးပီး မြေးဦးယောင်္ကျားလေးရပီးတဲံ အခါ ဖေဖေဆီမှာ မြေးဦးမိန်းကလေးဆိုတော့ သမီးလေးကို သဲသဲလှုပ် နေကြတာပေါ့..။ မေမေတို့ဖက်ကတော့ အစထဲက မိန်းကလေး လိုချင်နေတာဆိုတော့... တအားပျော်နေကြလေရဲ့..မေမေ့ကို နောက်တယောက်တောင် ထပ်ယူခိုင်းနေသေးတယ်.. မေမေ့သမီးလေးရေ... သမီးလေးက တနေ့တခြား ထွားထွား လာလိုက်တာ.. အခုဆို မေမေ နေရထိုင်ရတာ မသက်သာတော့ဘူး။ ညညဆိုလဲ အိပ်လို့ မရဘူးသမီးရေ.. သမီးလေးက တအားကို လှုပ်တာ.. အထဲမှာ နေရ ကြပ်နေလား..မေ့သမီးလေးရေ..။

အစကတော့ မေမေတို့မှာ သမီးလေး လှုပ်တာ မခံစားရတော့ စိုးတွေရိမ်လိုက်ရတာ.. ဒါပေမဲ့ ဆရာဝန်နဲ့ ပြတိုင်း တချိန်လုံး လှုပ်ရွနေတဲ့ သမီးလေးကို ကြည့်ပီး ဖေဖေနဲ့ မေမေမှာ အပြုံးပန်းတွေ ဝေလို့...။ သမီးလေးရေ.. သမီးလေးမှာ လက်ချောင်းခြေချောင်းတွေ စုံရဲ့လားဆိုပီး စိတ်ပူနေတဲ့ မေမေ့ကို သမီးလက်ချောင်းလေးတွေ ခြေချောင်းလေးတွေ မြင်ရတဲ့နေ့က ပျော်လိုက်ရတာ။

သမီးလေးရေ..တရက်မှာတော့ သမီးရဲ့ နဖူးလေးရယ် မှိတ်ထားတဲ့ မျက်စိလေးရယ် နှာခေါင်းချွန်ချွန်လေးကို မြင်လိုက်ရတော့လဲ ပျော်လိုက်ရတာ... ဖေဖေနဲ့မေမေမှာ ရူးကြပြန်ရော.. အိမ်ပြန်ရောက်တာနဲ့ သမီးဖေဖေကို မေမေက ချစ်ရေ..လုပ်ပြပါဦး သမီးပုံလေးဆို ...သူက ခေါင်းလေးကိုမော့ပီး သမီးပုံစံလေး လုပ်ပြလို့....။ ဘာလို့ဆို သမီးလေးက ဖေဖေနဲ့ တူတာ အဲ့ကတည်းက ပဲလေ..။ မေမေ့မှာ သတိရတိုင်း..ဖေဖေ့ကို သမီးပုံလေး လုပ်ပြပါဦးဆို... သမီးဖေဖေကလဲ လုပ်ပြရတာ အမောပဲ..သမီးရေ..။

ဒီလိုနဲ့ တခုသော ဆေးခန်းပြရက် တရက်မှာ မျက်နှာလေး မြင်ချင်လှတဲ့ မေမေတို့ကို သမီးလေးက ဖျက်ကနဲ ပြလိုက်ပြန်တယ်.။ မေမေကတော့ မမြင်လိုက်ရပေမဲ့ ဆရာဝန်နဲ့ သမီးဖေဖေက သေချာမြင်လိုက်သတဲ့..။ ဆရာဝန်ကဆို ဟယ်..ကလေးက အဖေနဲ့ ချွတ်စွတ်လို့ ပြောလိုက်တဲ့အခါ သမီးဖေဖေ မျက်နှာကြီးက ပြုံးဖြီးဖြီးနဲ့ပေါ့... မေမေက သေချာမမြင်လိုက်ရတော့ ...အိမ်ရောက်တာနဲ့..ဖေဖေ့ကို သမီးလေးပုံ လုပ်ပြပါဆို..ဖေဖေက မမောနိုင်ဘူး..လုပ်ပြလေရဲ့.. တခါတလေ..မေမေတို့ လမ်းထွက်ရင်လဲ  သမီးလေးပုံ လုပ်ပြလို့ မေမေက ပြောရင် ဖေဖေက လုပ်တာပဲ...။ သိပ်ချစ်ဖို့ကောင်းတာပဲ..။ သမီးလေး ထွက်လာရင် မေမေက အသားဖြူပါစေပဲ ဆုတောင်းတော့..ဖေဖေက ထုံးသုတ်ပေးလိုက်တဲ့..။

သမီးလေးရေ... ဘာလိုလိုနဲ့ နေ့တွေကို လတွေစားပီး သမီးလေးဟာ အခုဆို ၃၅ပတ်ထဲရောက်လာပီနော်.. ၃၂ ပတ်တုန်းကတော့ သမီးလေးဟာ ၁၈၀၀ ဂရမ်ရောက်နေပီပေါ့..။ အခုဆို သမီးလေး.. ၂၀၀၀ ဂရမ်ကျော်ရောပေါ့နော်..။ ဖေဖေကတော့ ညညဆို သမီးလေးကို ကလိထိုးရတာနဲ့ မွှေးမွှေးပေးရတာနဲ့ စကားပြောရတာနဲ့... .. သမီးလေး..နားလည်ရင်တဲ့ အရွယ်ကျရင် မေမေ ပြောပြမယ်နော်..။ တခါတလေ ကျတော့လဲ မေမေနဲ့ ဖေဖေ ရန်ဖြစ်တဲ့အချိန်ကျရင် မေမေက သမီးလေးကို သမီးရေ..ယောင်္ကျားမယူနဲ့ ယောင်္ကျားတွေက မကောင်းဘူးပြောရင် ဖေဖေကလည်း မေမေ့ဗိုက်ကို ပွတ်ပီး သမီးရေ... ယူသာယူ.. ကောင်းသူတွေ့ရင်တဲ့... တခါတလေ စကားနိုင်လုကြတဲ့အခါမှာလဲ ...သမီးလေးရေ.... ဆိုပီး ၂ယောက်သား ကလေးကိုပဲ ပွတ်ပီး ပြောချင်တာတွေ ပြောနေကြတာ.သမီးလေးရေ...။

သမီးလေးရေ.... သမီးကသာ ကိုယ်အလေးချိန်တွေ တိုးလာပေမဲ့ မေမေ့မှာတော့ တနေ့တခြား လျော့လာလိုက်တာ သမီးကို ကိုယ်ဝန်ဆောင်ထားတဲ့ ဧပြီလမှာရှိတဲ့ အလေးချိန်လောက်ပဲ ရှိတော့တယ်..သမီးရေ..။ အခုဆို မေမေ ၃ကီလိုကျော် လျော့သွားလေရဲ့.။ မေမေ့မှာ သမီးကို ကိုယ်ဝန်ဆောင်လို့ ဆီးချိုဖြစ်နေတယ်တဲ့..ဒီတော့ မေမေ ဆေးရုံလဲ တရက်တက်လိုက်ရသေးတယ်..သမီးလေးရေ.. အစားအသောက်ဆိုလဲ အပြုတ် အကင် ကလွဲပီး ဘာမှမစားရတော့ဘူး။ ငှက်ပျောသီးဆိုလဲ ကြီးရင်တခြမ်း ဖရဲသီးဆိုလဲတစိတ် ..စတော်ဘယ်ရီဆိုလဲ ချိုရင် ၃လုံးပဲစားရမယ်တဲ့..။ ဒိန်ချဉ်သောက်ရင် နို့၁၀၀ မီလီပဲသောက် နို့ကြီးးပဲဆို ၂၀၀ မီလီသောက်တဲ့.. ဘာပဲစားစား ညီမျှအောင် ဟိုဟာလေးနဲနဲ ဒီဟာလေးနဲနဲပဲ စားတဲ့..။ အချိုဆိုတာ လုံးဝမစားနဲ့တဲ့..။ ရေခဲမုန့် သိပ်ကြိုက်တဲ့မေမေ.. ရေခဲမုန့်မစားရတာလောက် စိတ်ညစ်တာမရှိဘူး။ ဖေဖေက ဒီနှစ်မေမေ့မွေးနေ့မှာတောင် ကိတ်မုန့်မကျွေးဘူး သမီးရေ..။ သမီးလေး..တခုခုဖြစ်မှာဆိုးလိုးတဲ့..။ မေမေလဲ ဘာမှ စားချင်စိတ်မရှိပေမဲ့ စားနေရတာပဲ..ဒီကြားထဲ သမီးလေးက မေမေ့ဆီမှာ ရှိသမျှ အဆီအနှစ်တွေ အကုန်ယူလိုက်တော့ မေမေ သွေးအားနည်းရောဂါပါ ဖြစ်နေလေရဲ့ သမီးလေးရေ..။ ဒါပေမဲ့ အခုတော့ ပြန်ကောင်းသွားပီ ထင်ပါရဲ့...။ အခုဆို မေမေ ပိန်ပိန်လေးမှာ သမီးလေးက မေမေ့ဗိုက်မှာဖရဲသီးကြီးကြီးတလုံး ကပ်ထားသလိုပဲတဲ့.. အစကတော့ ဖေဖေနဲ့ မေမေမှာ သမီးဗိုက်ကမထွက်ဘူး မထွက်ဘူးနဲ့ အခုတော့လဲ ထွက်လာလိုက်တာ ဗိုက်ကြီးက ..မေမေ့မှာ လမ်းလျှောက်ရခက်နေပီ ။

ညညဆိုလဲ သမီးလေးကမအိပ်တော့ မေမေ့မှာ မနက်မိုးလင်းခါနီးမှ အိပ်ရတယ်.။ မနက်ဆို မေမေက မထချင်တော့ဘူး။ သမီးလေးရေ.... ခနတော့ အားတင်းထားဦးနော်... ဗိုက်ထဲမှာ အနေကြပ်နေပေမဲ့ ၃၆ပတ်ကျော်မှ မွေးရတာ အဆင်ပြေမှာတဲ့.. အဲ့ဒါမှ သမီးလေးရဲ့ ဦးနှောက်တွေ အကုန် ဖွံ့ဖြိုးမှာတဲ့..။ဖေဖေကလည်း မေမေ တခုခုထလုပ်လိုက်လို့ နာတယ်..ဘာတယ်ဆို သမီးလေးကို တတွတ်တွတ်နဲ့..မထွက်လာနဲ့ဦးနော် သမီးလေးဆိုပီး တောင်းပန်ရတာ အမော..။ ဟိုသူငယ်ချင်း ချော်လဲ လို့ ဆိုလဲ မေမေ့ကို ချော်လဲမှာ စိုးရိမ်ရတာ အမော.. သမီးလေးကို တခုခု ဖြစ်သွားမှာ ဖေဖေတို့ မေမေတို့က မလိုလားကြဘူးလေ..။

ဒီကြားထဲ သမီးလေး မွေးလာရင် အိမ်ကျယ်ကျယ်လေး နေရအောင်ဆိုပီး အခန်းကျယ်၂ပါတာ ငှားရတော့ မေမေတို့ မှာ ငွေရေးကြေးရေးတင် အကုန်အကျများတာ မဟုတ်ပဲ စိတ်ရှုပ် အလုပ်ရှုပ်ပေါ့ သမီးရေ.. အိမ်ရှာရတာ လဲ မလွယ်သလို ရပြန်တော့လဲ ပြောင်းရ ရွှေ့ရ နေရာချရတာနဲ့ မေမေ့မှာ ခုမှ အသက်ရှူနဲနဲချောင်တော့တယ်..။ ဒါတောင် အခု ထက်ထိ အိမ်သစ်မှာ နေရာ ချရတာ ..စိတ်တိုင်းကျ မရသေးဘူးသမီးလေးရေ..။
သမီးလေးရဲ့ အိင်္ကျီအသစ်တွေကို ဖေဖေက မေမေ့ကို လျှော်ခိုင်းထားလေရဲ့..ကလေးကို အင်္ကျီတွေကို လျှော်ပီးမှ ပေးဝတ်တဲ့..။ သမီးလေး အတွက် လိုအပ်တဲ့ ပစ္စည်းတွေတောင် သေချာ မဝယ်ရသေးဘူး..သမီးလေးရေ..။
မေမေ့အတွက်တောင် ဆေးရုံတက်ရင်ယူရမဲ့ ပစ္စည်းတွေ သိပ်မစုံသေးဘူး။

၂၇ ရက်နေ့ ဆေးရုံမှာ ဖေဖေရော မေမေရော သင်တန်းတက်ပီးမှပဲ လိုတာတွေ ကို သီးသန့်ထားတော့မယ်.. သမီးလေးရေ...။ နောက်အပတ်ကျမှ သမီးလေးအတွက် မားမား သင်တန်းသွားတက်ထားတာလေး.. ကို ပါပါးမားမား သင်တန်းတက်ပီးမှပဲ ရေးတော့မယ်..သမီးလေးရေ...




Wednesday, June 19, 2013

လက်စွပ်များရဲ့ ရာဇဝင်

လက်စွပ်ဆိုလို့.. ကိုယ့်မှာ သူနှင့်ပက်သက်ပီး လက်စွပ် ၃ခု ရှိလေသည်။ ပထမတခုက ပတ္တမြား၃ လုံးကို ရွှေကွပ်ပီး သူကိုယ်တိုင် ဒီဇိုင်းလုပ်ခဲ့ကာ ကိုယ့် ကို ချစ်သက်လက်ဆောင် ပေးခြင်းဖြစ်သည်။

ဒုတိယလက်စွပ်ကတော့ အသည်းပုံမှာ စိန်တလုံးထည့်ကာ ပလက်တီနမ် နှင့် ပြုလုပ်ထားသော လက်စွပ်ဖြစ်သည်။ ထိုလက်စွပ်မှာ မေမြို့ကန်တော်ကြီး ပန်းခြံမှာ ကိုယ့်ကို လက်ထပ်ခွင့်တောင်းသည့် လက်စွပ် ဖြစ်သည်။ ကိုယ့်ကို လက်ထပ်ခွင့်တောင်းချိန်သည် အမှန်တကယ် အားဖြင့် စော ရမည်  ဖြစ်သော်လည်း အမြဲ ကမောက်ကမ ဖြစ်တတ်သည့် ကိုယ်တို့ နှစ်ယောက်အတွက် မင်္ဂလာ လက်မှတ်မထိုးခင်  မြန်မာပြည်တွင် ပထမဆုံး အကြိမ် ဟန်နီးမွန်းထွက် ဖြစ်ခဲ့သည့် နေ့က ဖြစ်သည်။  အကြောင်းမူ ....... သတ်မှတ်ရက် မတိုင်မှီ မင်္ဂလောင်ဆောင် ဖြစ်ခြင်း၏ အကျိုးဆက် နောက်ဆက်တွဲ များဖြစ်သည်။ မတ်လ ၁၁ ရက်တွင် ဖြစ်ပွါးခဲ့သော ငလျင်သည် ကိုယ်တို့ ၂ယောက်ကို အလျှင်အမြန် အိမ်ထောင်သည် ဘဝသို့ ကူးပြောင်းသွားစေ သောကြောင့် ဖြစ်လေသည်။ ကိုယ်တို့ ၂ယောက် မြန်မာပြည်မှာ တရားဝင် လက်မှတ် မထိုးခင် ခပ်မြန်မြန် ဟန်းနီးမွန်းရ ခြင်းကလဲ ထိုရက်ပီးပါက ရသည့်အချိန်ကို ကျောင်းတက်ကြမည်ဖြစ်သော ကြောင့် ကမောက်ကမ ဖြစ်ကြခြင်းပင်။

ဟန်းနီးမွန်းဆိုလို့ တလမ်းလုံး ပျော်ရွှင်နေလိမ့်မည်ဆိုလျှင် တော့ စာဖတ်သူအသင် မှားပေလိမ့်မည်။
ကိုယ်တို့၂ယောက်သည် အဝေးပြေးကားဖြင့် ညနေ ၅နာရီမှ ထွက်ခွါခဲ့သည်။ လမ်းတွင် အဆင်ပြေခဲ့သော်လည်း ......... တထောက်နားသော စခန်း အရောက်မှာတော့ နောင်ဂျိန် ဇာတ်လမ်းစလေပီ။ အချိန်ကား ည၁၂ နာရီ....feel မှာ လူတွေ ပြည့်တော့ ဘေးကဆိုင်ကို ဝင်သည်။ ကိုယ်က ကြက်သားဟင်း နှင့် မှိုကန်စွန်းတပွဲ မှာသည်။ သူကတော့ ဆိတ်ကလီဇာ မှာသည်ပေါ့။ ပီးတော့ ဘီယာတလုံး ဘာကနေဘယ်လို စဖြစ်သည်ကိုတော့ မမှတ်မိတော့ ရန်ဖြစ်နေရင်း ကိုယ်တမင်မလုပ်ပေမဲ့ ကြက်သားဟင်းကို အဖဲ့မှာ ဟင်းရည်သူ့ကို စင်သွားခဲ့သည်။ ထိုအခါ ဘသားချောက ထပီး ဘာဆိုဘာမှမစားပဲ ထွက်သွားခဲ့သည်မှာ ကိုယ့်ရှေ့က ထမင်းပန်းကန်အပါအဝင် ဘီယာတစက်မှမသောက်ပဲ ပိုက်ဆံပေးခဲ့ရလေသည်။ ကိုယ်လဲ တော်တော်တင်းသွားသလို ရှက်လဲ ရှက်သည်။ ဒီတော့ အိမ်ကို ဖုန်းခေါ်ဖို့ကြည့်တော့ ဖုန်းလိုင်းမမိ။ ခက်တော့ခက်နေပီ။ ကိုယ်တအားစိတ်တိုပီး ရန်ကုန်ပြန်မည်ပြင်သည်။ သို့သော် အချိန်ကား ၁၂ နာရီဆိုတော့ အဆင်မပြေ။ (နောက်မှ ပြန်ပြောပြတာက သူက လက်ဖက်ရည်ဆိုင်မှ ကိုယ့်အရိပ်အခြေ ထိုင်ကြည့်နေသတဲ့ တကယ်လို့ တယောက်တည်းသွားရင် စိတ်ပူလို့တဲ့....း)
ကိုယ်လည်း စိတ်လျှော့ပီး ကားပေါ်တက်တော့ ကိုယ့်အနောက်က သူကပ်ပါသည်။ သူ့ကိုမကြည့်ပဲ ကားဆက်စီးလိုက် အိပ်လိုက်ပေါ့။ နောက်တော့ နဲနဲပြန်လျှော့ပီး စကားပြောမိကြသည်။ မနက်၎ နာရီလောက် ရောက်တော့ လာကြိုမဲ့သူဆီ ဖုန်းဆက်လိုက်ကြသည်။ ၄ နာရီ ၁၅လောက် မေမြို့ရောက်တော့ လာကြိုသည့်ကားဆီသွားပီး တည်းခိုသည့် ဟော်တယ်သို့ လိုက်ပို့သည်။ မနက်ကျ ကားဘယ်အချိန် ပြန်လာရမလဲမေးတော့ တခါ ပြဿနာ တက်ပြန်သည်။ ကိုယ်က သိပ်မအိပ်ပဲ လျှောက်လည်ချင်သည်ကိုးးးးးး။ သို့သော် သူ့စိတ်အတိုင်း ၁၁ နာရီလောက် လာကြိုခိုင်းလိုက်သည်။ ကဲ...စပါပီ....

တည်းခိုခန်းရောက်တော့ အခန်းသော့ပေးတော့.. အခန်းထဲမှာ ၂ယောက်အိပ်ကုတင်တလုံးနှင့် တယောက်အိပ်ကုတင်တလုံးပါလေသည်။ အခန်းထဲ ဝင်ဝင်ခြင်း တံခါးပိတ်ပီးသကာလ ကျောင်းတော်က..အဲ လမ်းမှာ မပီးသေးသည့် ဇာတ်လမ်းကို ပြန်ဆက်ကြသည်။ တစ်ယောက်တခွန်း စကားများရင်း ကုတင်ကလဲ အဆင်သင့် ခွဲပေးထားတော့ အကြိုက်ပေါ့...။ သို့သော်.... ရန်ဖြစ်လို့ မောသွားတော့ သူကပြန်ချော့လိုက်ပြန်သည်။ ဒီလိုနှင့် ရန်ဖြစ်ပြန်ချစ်။

မဟာအံ့ထူးကံသာဘုရားကြီး
ဘုရားကြီးတန်ဆောင်း
မနက်ရောက်တော့ ကားလဲရောက်ရော မေမြို့က ရှမ်းခေါက်ဆွဲဆိုင်မှာ သွားစားကြသည်။
ဘုရားရှေ့ကန် ဥယာဉ်
စားလို့မကောင်းပုံများ ကိုယ် ၂ဇွန်းအပြင် စားမဝင်။ သူကလဲ ကိုယ့်အကြိုက်လိုက်ပီး ဆိုင်ကလူကို  ပြင်ပေးခိုင်းသော်လည်း စားမကောင်းတော့ ကိုယ်စားမဝင်။ ဒါကို သူကမကြိုက်။ အဲ့အချိန်မှာ သူဘာမှမပြောပေမဲ့ ကားပေါ်ရောက်တော့ ကိုယ်တို့ အသံတိတ် တိုက်ပွဲ ဆင်နွှဲကြသည်။ မေမြို့ဘုရားကြီးရောက်သည်။ ဘုရားဖူးပီးလှူကြသည်။

ပိတ်ချင်းမြှောင်
  ဘုရားကအပြန် ပိတ်ချင်းမြှောင်ရောက်တော့ ဘုရားမဝင်သေးပဲ ကိုယ်တို့၂ယောက်    အကြီးအကျယ်
ဂူထဲက ဘုရားများ
ဖိုက်ကြသည်။ ကွဲကြ ကွာကြသည့်အဆင့်ထိရောက်ကုန်သည်။ အဲ့အကြောင်း ကိုယ်သိပ်ပြန်မတွေးချင်။ ကိုယ်ကမတင်း သူကတင်းတော့ ကိုယ် လျှော့ရသည်ကိုးးး။ ၁နာရီကျော်ကြာ ဆွေးနွေးပီး သကာလ လက်ချင်းပြန်တွဲကာ ဘုရားဖူးကြလေသတည်း။

ိတ်ချင်းမြှောင် ရှေ့က ဒီတောလမ်းကလေးကနေ ဖြတ်ရတယ်။ အပေါ်ကလှမ်းမြင်ရတာ ရေတံခွန် ရှိတဲ့နေရာလေးပေါ့...

ရေတံခွန်ရောက်ပီ။ ရေမကူးရတဲ့ လူသေလို့လို့ ပြောတယ်။
ဒီကနေဖြတ်မှ အပေါ်က ရေတံခွန်နေရာကို ရောက်သည်။
လမ်းတလျှောက် မြင်ရပါတဲ့ ရေတံခွန်တွေ....
မိုက်တယ်ဟုတ်...
ပိတ်ချင်းမြှောင်မှတဆင့် ခုနှစ်ထပ်ရေတံခွန်တို့တောင် ရောက်လိုက်သေးသည်။ ၂ယောက်သား ကြည်ကြည်လင်လင် ပုံတွေရိုက်ကြသည်။ ပိတ်ချင်းမြှောင်မှာပဲ ထမင်းစားသည်။ ဆတ်သားခြောက်ဟင်း၊ ယုန်သားဟင်း၊ ကြက်သားဟင်း နဲ့ ဂေါ်ရခါးညွှန့်ကြော် ပီးတော့ စွန်တန်ဟင်းချို။ စားကောင်းပါသည်။ ယုန်သားတော့မစားရဲလို့ မစားခဲ့။






စိန်ပန်းပြာတွေနဲ့ ပနံ့ရနေတဲ့ ဘီအီးဖော
အကြိုက်ဆုံးးးးးးနေရာ မိုးတွေရွာနေလို့ ရေနဲ့ မထိခဲ့ရဘူး။
အရင်ကဆို ရေထဲ လျှောက်ပီး ပုံတွေရိုက်ဦးမှာ...
လှတယ်နော်.. ရှူထောင့်အမျိုးမျိုး
သူက အောက်က ရေတံခွန်လေးပေါ့
အဲ့ကအပြန် ဘီအီးဖောဝင်သည်။ ကိုယ်တို့ဝင်ကာမှ မိုးရွာသည်။ ကားထဲကနေ မိုးခိုသည်။ ကားကို အထဲထိ ဝင်လိုက်တော့ လမ်းသိပ်မလျှောက်ရတော့ အတော်လေးအဆင်ပြေသည်။ အမှန်က မိုးရွာလို့ လမ်းမလျှောက်ဖြစ်ခြင်းပါ။ လူတွေမရှိတော့ ရေတံခွန်ပုံရိုက်ရတာ အတော်လေးလှသည်။ မိုးကလဲသည်းလိုက်တိတ်လိုက်။ အဲ့ကအပြန် စတ်ေဘယ်ရီခြံဝင်သည်။ စတော်ဘယ်ရီသီးကိုယ်တိုင်ခူးလို့ ရသည်ဆိုပဲ။ သို့သော် စတော်ဘယ်ရီ မရှိတော့လို့ ဆိုင်ပိတ်တော့ မြို့ထဲက ဆိုင်မှာ စတော်ဘယ်ရီဖျော်ရည် ဝင်သောက်သည်။ အပြန်မှာ မေမြို့ဈေးဝင်သည်။ ဟိုဟာဒီဟာ လက်ဆောင်ဝယ်သည်။ ညစာကို တရုပ်ဆိုင်မှာစားသည်။ တည်းခိုဆောင်ပြန်ကြသည်။ တည်းခိုသည့်ဟော်တယ် နာမည်မမှတ်မိ။ ဘာvilla လဲမသိ။ ဘေးက resort လဲနာမည်မေ့။ အဲ့ဒီမှာ ညဖက် ၂ယောက်သား ခေါင်းလျှော်ကြသည်။ အနှိပ်ခံကြသည်။ ခြေထောက်လဲ အနှိပ်ခံသည်။ အမယ် အဲ့အချိန် အိန္ဒြာကျော်ဇင်တို့ လဲ တည်းနေသတဲ့။ အနှိပ်ခံရင်း သူတို့ လင်မယားအကြောင်း ကြားခဲ့ရသေးသည်။ ကိုယ်ဝန်ရှိနေပီဆိုပဲ။ အဲ့ဒီအချိန်တုန်းက ဂျာနယ်တွေမှာတောင် သတင်းမပါသေး။

ညလဲရောက်ရော ကိုယ်ဇာတ်လမ်းစပီ။ ဒီတခါကတော့... ထုံးစံအတိုင်း ပန်းမမ ဖြစ်သည်။ ခေါက်ရေတောင် မမှတ်မိတော့ မနေ့က စတော်ဘယ်ရီဖျော်ရည်ဖြစ်မည်ထင်သည်။ ဆေးလဲ ပါမလာ။ တော်သေးတာက တည်းခိုခန်းပိုင်ရှင်က ပင်စင်စား ဆရာဝန်ဆိုတော့ သူဝယ်ခိုင်း သည့်   ဆေးဝယ်သောက်တော့   နေ့လည် အခြေအနေကောင်း သွားသည်။ မိုးကလဲ မနေ့က တညလုံး မနက်ခင်းတခင်းလုံး ရွာ။ သူကတော့ လက်ဖက်ရည်ဆိုင်သွားလေရဲ့။ ကိုယ့်ကို ဆေးတွေ မုန့်တွေလာပေးပီး နေ့လည်ကျတော့ ကိုယ် ကောင်းသွားပီဆိုတော့ အပြင်ထွက်ချင်ပီ။ သူက ကိုယ်လိုချင်သည့် ကားလမ်းဘေးက ပန်းဓာတ်ပုံတွေ လိုက်ရိုက်ပေးသည်။
သူ့နဲ့အတူ သူ့အဖေတပည့်တဦးနှင့် လိုက်ပီး ခြံလိုက်ကြည့်ဖြစ်သည်။ ငယ်ငယ်က မေမြို့နှင့် ယခုမေမြို့ အတော်ပြောင်းသွားသည်။ လူနေအိမ်ထူထပ်လာသည်။ လူမနေနိုင်လျှင် ခြံတွေသည် စိတ်မချရ။သေချာခြံခတ်နိုင်မှ တော်ကာကျသည်။ ခြံစောင့်ထားလဲ ခြံစောင့်ကိုပါ စိတ်မချရ။း( လိုအပ်သည့်ပုံအချို့ရိုက်ခဲ့သည်။ အဲ့ကအပြန်မှာ သူ့သူငယ်ချင်းနဲ့တွေ့သည်။
နေ့လည်ရောက်ပီ။ မိုးကရွာတုန်း။ သို့သော် ကန်တော်ကြီးသွားမည်ပူဆာတော့ သူလိုက်ပို့သည်။ ကိုယ်.ရထားလုံး.မြင်းလှည်းစီးချင်သည်။  ကားက ကန်တော်ကြီးမှာ ချပေးပီး ပြန်ထွက်သွားသည်။ သူ့သူငယ်ချင်းက ဆိုင်ကယ်ဖြင့် လိုက်လာသည်။ ကန်တော်ကြီးကနေအပြန် feel မှာညစာ စားဖို့ချိန်းသည်။

ကန်တော်ကြီးသည် နိုင်ငံတကာ အဆင့်မှီသည်။ စိတ်ချမ်းသာစရာ ကောင်းသည်။ တော်တော်လေး လှပ သပ်ယပ်သည်။ ကိုယ်တို့ လျှောက်လည်ကျသည်။ သို့သော် လိပ်ပြာတွေရှိသည့် သစ်ခွရုံတော့ ပိတ်သွားလို့ မဝင်ဖြစ်။ သူက ဘဲ၃ကောင်ကို ရီုက်နေသည်မှာ နာရီဝက်ကြာသည်။ ကိုယ်နဲနဲတင်းနေပီ။ မိုးကလဲတဖွဲဖွဲ... ဒီလိုနှင့် ပြန်ဖို့ပြင်ပေမဲ့ သူက ဟိုနားဒီနားသွားဖို့ပြောသည်။ စိန်ပန်းပြာတွေ ပွင့်နေတာ သိပ်လှသည်။ တခါမှ စိန်ပန်းပြာပွင့်တဲ့ အချိန် မေမြို့မရောက်ဖူးသေး။ ပန်းခြံထဲက ဘုရားပေါ်မှာကန်တော့ဖြစ်သည်။ ကိုယ်ကန်တော့တာ သူမလာလို့ ဘာဖြစ်နေတာလဲမေးတော့ လာပီဆိုပီး ကိုယ့်အနားလာထိုင်သည်။ ဘုရားရှိခိုးပီး သူ့ကိုလှည့်ကြည့်တော့ လက်ထဲက ဗူးနီနီလေးကို တွေ့သည်။ သူက မျက်စိမှိတ်ဆိုတော့ ကိုယ်လဲ ဘာမှန်းမသိ မျက်စိမှိတ်ဖြစ်တော့ ကိုယ့်လက်မှာ သူလက်စွပ်ဝတ်ပေးသည်။ အဲဒါလေးက နောက်ကျနေပီ ဖြစ်ပေမဲ့ လက်ထပ်ခွင့်တောင်းသည့် လက်စွပ်တဲ့။ သူကပြောသည်။ သူ့ကို လက်ထပ်ပါတဲ့......။း) (အချိန်စောခြင်း နောက်ကျခြင်း။ သူများတွေလို အဆင့်အဆင့်ဖြစ်မနေခြင်းသည် ကိုယ်တို့အတွက် အရေးမပါပါ။ ကိုယ်တို့၂ယောက်သည် အမြဲ အဆင့်ကျော်တတ်သောကြောင့် ဖြစ်၏။)

အဲ့ကအပြန်ကို မြင်းလှည်းလေးနဲ့ feel ကိုသွားသည်။ feel မှာညစာ စားတော့ ထွန်းအိန္ဒြာဗိုလ်တို့ လင်မယားတာင် တွေ့သေးသည်။ ဟင်းတွေ အများကြီးမှာပီး ကုန်လဲမကုန်။ အများကြီး ကျန်ခဲ့သည်။  နှမျောစရာ။ စီးစရာ ကားမပါတော့ အပြန်ကို စားပွဲထိုးတွေကိုပြောထားတော့ တက်ဆီတော့မရှိ။ ဆိုင်ကယ်တုတ်တုတ်တော့ ရှိသတဲ့။ ပထမဆုံး အကြိမ် စီးဖူးခြင်းဖြစ်သည်။ သူနဲ့ ကိုယ်နဲ့တဖက်စီထိုင်သည်။ ကြေက်လဲကြောက် ရင်လဲတုန် ပျော်လဲပျော်။ ဒီလိုနှင့် တည်းခိုခန်းပြန်ရောက်သည်။

မနက်လင်းတော့ တည်းခိုခန်းပိုင်ရှင်ဆီက ကားငှားပီး လျှောက်ပတ်ကြသည်။ လက်ဆောင်တွေဝယ် အပင်တွေကြည့်။ တရုပ်ဘုံကျောင်းသွား။ မိုးကလဲ ဖွဲဖွဲ..။ နေ့လည်မှာ တူးတူးထမင်းဆိုင်မှာ ဝင်စားဖြစ်သည်။ အရမ်းကြိုက်သည်။ ကောင်မလေးတွေလဲ သဘောကောင်းကြသည်။ စားလို့လဲ ကောင်းသည်။ ကိုယ်စားကောင်းတော့ သူပျော်လေသည်။ ညနေကျတော့  resort က စားသောက်ဆိုင်မှာ လက်ဖက်ရည်သောက်ဖြစ်သည်။ ညနေစောင်းတော့ ပြန်ဖို့ပြင်သည်။ တည်းခိုခန်းပိုင်ရှင်ကပဲ လိုက်ပို့ပေးသည်။ မိုးကလဲ ရွာလို့ကောင်းတုန်း။ နုတ်ဆက်ခဲ့ပါသည်..ပန်းမြို့တော်...။ အဲ့ဒီကအပြန်မှာ ကိုယ်အသားတွေ မဲသွားသည်။ မြန်မာပြည်မှာ နေစဉ်တုန်းကထက်တောင် မဲသွားသည်။း(

လက်စွပ်အကြောင်းရေးတာ... အမှတ်တရ မြန်မာပြည်ဟန်းနီးမွန်းအကြောင်း ဖြစ်သွားသည်။ တော်ချက်.။း) သို့သော်.. လက်စွပ် အကြောင်း ပါသည့် အတွက် လက်စွပ်ဇာတ်လမ်းပဲလေ..။

တတိယလက်စွပ်ကတော့ လက်ထပ်လက်စွပ်ဖြစ်လေသည်။ ထိုလက်စွပ်ကတော့ သူ့အမေ လုပ်ပေးခြင်းဖြစ်သည်။ စိန်တလုံးကို ပလက်တီနမ်နှင့် ကွပ်ထားခြင်းဖြစ်သည်။ ထိုလက်စွပ်ကို ပွဲမဝင်ခင် သေချာဝတ်ကြည့် ကြသော်လည်း တကဲ့နေ့ကျမှ အရမ်းချောင်နေတော့သည်။
လက်စွပ်များ အရမ်းချောင်နေခြင်းသည် ပြဿနာအစဖြစ်ပေသည်။

 လက်မှတ်ထိုးသည့် စာချုပ်သည် လဲ သူ့ဒီဇိုင်းဖြစ်သည်။ ဖုံးကြွငွေရောင်ပေါ်မှာ စီးကွင့်တွေ စီထားသည်။
ကိုယ်တို့လက်မှတ်ထိုးတော့ ကိုယ်အရင် တုန်းက သိခဲ့ဘူးသည့် အမ တရားသူကြီးတယောက်ရှေ့မှာ ထိုးခဲ့ခြင်းဖြစ်သည်။  ပန်းပဲတန်းတရားရုံးမှာဖြစ်သည်။ အိမ်ခေါ်ပီး လက်မှတ်ထိုး လို့ရသည့်အပြင် ဟော်တယ်မှာထိုးလို့ရသည် ဆိုတာကို နောက်ကျမှ သိတော့သည်။ တရားရုံးဆိုတော့ တရားခံစစ်ဆေးသည့် နေရာတွေရှိသည်။ သိမှမသိပဲ။ သွားဖြစ်ခဲ့သည်။ တခုတော့ တော်သေးသည်။ ကိုယ်တို့က ခပ်စောစော လက်မှတ်ထိုးတော့ တရားရုံးမှာ လူသိပ်မစုံသေး။ တရားရုံးထဲမယ် ဓာတ်ပုံမရိုက်ရတဲ့။ မသိပဲ ရိုက်လိုက်ကြသည်မှာ ဝက်ဝက်ကွဲ။း) တိုင်လုံးကြီးတွေ တော်တော်လှသည်။ နောက်ခံ ရန်ကုန်မြစ်နှင့် ဆိပ်ကမ်းကို မြင်ရသည်။ အားလုံးပီးတော့ ပြန်ဆင်းလာတော့ အနိဌာရုံ တွေ မြင်ခဲ့ရသည်။ အမှန်က ကိုယ်စပ်စုချင်သေးသည်။ မင်္ဂလာယူနေချိန်မှာ မကြည့်ရဆိုလို့ ဒီအတိုင်း ပြန်လာရသည်။

အဲ့ကအပြန် ၂ဖက်မိဘကို ကန့်တော့ ကြသည်။ လူကြီးတွေကို ဝင်ပို့ပေးပီး အဝတ်အစားလဲကာ ဖိတ်စာ အပ်ဖို့ပြင်ကြသည်။ ဖိတ်စာအပ်ရင်း  ဆိုင်ရှာရင်း ၂ယောက်သား ရန်ဖြစ်ကြပြန်သေးသည်။ ကားနဲ့ပတ်ပီး ဟိုဆိုင် ဒီဆိုင် ဝင်ရသည်မှာလဲ သိပ်တော့ မချောင်။ ဖိတ်စာကို နောက်ဆုံးတော့ ဗိုလ်ချုပ်လမ်းကဆိုင်တဆိုင်မှာ အပ်ဖြစ်သည်။ ငွေရောင်ဖောင်းကြွ လေး။ သြော်..ကိုယ်တိုင် မင်္ဂလာဆောင်မှပဲ သိတော့သည်။ ဈေးကမသေး။ တစောင် ၇၀၀ ကျပ်တောင်။ ဒါတောင် သူများတွေကပြောကြသည်။ ထောင်ကျော်တောင် ရှိသတဲ့။ နှမျောစရာကောင်းသည် ဟု ကိုယ်တော့ထင်သည်။ ဖိတ်စာဆိုသည်မှာ ကာယကံရှင်ပဲ သိမ်းထားတတ်ကြတာကိုးး။

ဖိတ်စာအပ်တော့တခါ စာရေးတော့ ပြဿနာတက်ကြသေးသည်။ ကိုယ်က ဘာဘွဲ့မှမရေးသလို မိဘတွေကိုလဲ ဘာရာထူးမှမထည့် ။ သူ့အမေကတော့ သူတို့ရာထူးတွေထည့်တော့ .. ကိုယ့်ဖားသားကြီးနဲ့ ပြဿနာတက်လိုက်သေးသည်။ သူကလဲ အဲ့ဒါကို မကြိုက်။ မထည့်ရင် ၂ဖက်လုံးမထည့်တာ ပိုမကောင်းဘူးလား။ ဟုတ်ပါသည်။ သို့သော် သူ့အမေထည့်တာကို ကိုယ်ဘယ်လိုငြင်းမလဲ..နော့်။း) ဖိတ်စာရိုက်ပီး အပြန် လမ်းမှာ စကားပြော အဆင်မပြေဖြစ်တော့ ရန်ဖြစ်ကြပြန်သည်။ သူသည် ကားကို အရှိန်ပြင်းစွာ မောင်းလို့ ကိုယ်ကလဲ ခပ်ရွပ်ရွပ်ဆိုတော့ သေချာကိုင်ပီး မျက်စိမှိတ်ထားသည်။ ဘယ်ရမလဲ..ဟဲဟဲ... လုပ်လုပ် ကြိုက်သလောက်လုပ်ပေါ့...။ သို့သော်.. မိနစ်အနည်းငယ်အတွင်း ကြောက်လာလို့ ကိုယ်ပဲ ပြန်လျှော့ရသည်။ မလျှော့လို့ ရမလား။ သူလုပ်ပုံကြည့် ဦးလေ..။ ပလက်ဖောင်းရဲ့ တဝက်ကို တင်ပီး ကားကို အသားကုန်သမနေတဲ့ဟာ..။ တော်သေးသည်။ အဲ့အချိန် လူရှင်း ကားရှင်းနေပေလို့။ မော်တော်ပီကယ်လဲ မရှိပေလို့ပေါ့။ ခုပြန်တွေးရင်းတော့ ရီရသည်။း) ချော်သွားပြန်ပီ။

လူတွေလဲသိပ်မဖိတ် ။ စာသင်သားသံဃာ ၂၀၀ကျော် ကို လှူဖွယ်ဝတ္တုများနှင့် ဆွမ်းကပ်ဖြစ်သည်။ ကျောင်းက ဆရာတွေကိုတော့ ဖိတ်တော့ ဆရာတွေ လာကြပါသည်။ သူငယ်ချင်းကတော့ အနဲငယ်ပဲ ဖိတ်ဖြစ်သည်။ လူနဲစုပဲဖိတ်ဖြစ်တော့ အဖိတ်မခံရတဲ့ သူငယ်ချင်းတွေဆိုတာ ခုချိန်ထိ အပြစ်တင်လို့မဆုံး။ အသိအမှတ်မပြုဆိုပဲ။ ကိုယ်ကလဲ ကိုယ်။  ဘယ်သူ့မှ သိပ်မဖိတ်ဖြစ်။ ၀တ္တရားအရဆောင်လိုက်ယုံ သတ်သတ်သာ။ ပီးတော့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးနဲ့ လှူတာပဲ လုပ်ဖြစ်သည်ဆိုတော့။ အဲ့ဒီအတွက် အစစအရာရာ သူ့အမေ စီစဉ်ပေးတော့ ကိုယ်တို့ မပင်ပန်း။ သူကလဲ ကျောင်းတက် ကိုယ်ကလဲ ကျူရှင်တက် မပြတ်။

ဆွမ်းကျွေးကိုတောင် အလှမပြင်ဖူး ပြင်မယ်နဲ့ စိတ်ကဝေခွဲမရ။ နောက်ဆုံး အမများ၏ တိုက်တွန်းမှူကြောင့် လက်ခံလိုက်ရပေမဲ့ မင်္ဂလာပွဲသွားသူလိုပဲ ပြင်မယ်။ သတို့သမီးလို မပြင်ချင်ဘူးဟုပြောပီး သဘောတူမိသည်။ တကဲ့နေ့ကျတော့မှ သူတို့သမီးမှန်း သိသွားကာ အလှပြင်ဆိုင်မှ သတို့သမီးဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြင်ဖြစ်သွားသည်။ ဆံထုံးကို အကြီးကြီး မထုံးချင်။ မိပ်ကပ်ကိုလဲ အများကြီးမပြင်ချင်နှင့် ဂျေးများသေးသည်။ သို့သော် အတော်အဆင်ပြေပါသည်။၄၃လမ်းထဲက မိပ်ကပ်ပွင့်ဖြစ်သည်။ပြင်တာသပ်ယပ်သည်။ မြန်သည်။ မိပ်ကပ်ထူလပျစ်မဟုတ်။  သူနဲ့ကိုယ်နဲ့ ကားတစီးစီမှာ သူ ဘုန်းကြီးကျောင်းကို ရောက်တော့ မိပ်ကပ်တွေ လိမ်းထားသည့် ကိုယ့်ကို မမှတ်မိ။ သူထင်တာက ..ဟင် ..ဒီနေ့ မင်္ဂလာဆောင် ၂ခုတောင်ရှိတယ်တဲ့။ နောက်မှ ကားမောင်းသည့်ဖက်ကြည့်မှ ကိုယ့်တူလေး ကို တွေ့မှ..ဟာ.. သူ့သတိုးသမီးပဲ ဆိုပီး လာခေါ်သည်။း)

ပထမတော့ ပုဝါတွေ မိတ်ကပ်တွေ ဆံထုံးတွေနှင့် အနေရခက်သည်။ မဖိတ်ပဲ အတင်းမင်္ဂလာလက်ဖွဲ့ ပို့ပေးသော အမရွှေစင်ကို ကျေးဇူးတင်ပါသည်။ အမပို့ပေး သော ပန်းချီကားမှာ ရန်ကုန် မှာရှိသော လက်ရာတွေထက် အများကြီး ကောင်းပါသည်။ ကျေးဇူးလဲ အထူးတင်ပါသည်။ ကြိုက်လဲကြိုက်ပါသည်။ သိပ်မကြာခင်တော့ ကိုယ်နှစ်သက်သည့် နိုင်ငံရှိ အိမ်ဧည့်ခန်းမှာ ချိတ်ဖြစ်မည်ဟု ထင်ရပါသည်။

မင်္ဂလာဆောင် ပီးအပြန်ကျတော့လဲ ရန် ဖြစ်ကြတာပဲ။ ရုပ်ရှင်တွေထဲကလိုတော့ ဆံထုံးတွေ ကိုတူတူဖြုတ်မယ်မထင်နဲ့ ရန်ဖြစ်ပီး ကိုယ်ပဲဆံထုံးတွေ ဆောင့်ဖြုတ်ပစ်လိုက်တာ။း) ရန်ဖြစ်တာ အခန်းထဲမှာတိုးတိုးတိတ်တိတ်ပေါ့။ဒါမဲ့ သူ့အိမ်က ကောင်မလေးတွေကတော့ ကြားတယ်တဲ့။

မင်္ဂလာပွဲ ပီးတော့တခါ နောက်တနေ့မှာ ဒင်နာလုပ်ဖြစ်သည်။ ကိုယ့်လက်မှာ သူပေးထားသော လက်စွပ် ၃ကွင်း အမြဲဝတ် ဖြစ်သည်။ လက်စွပ်တွေက ချောင်တော့ သတိထားရသည်။ ပုံမှန်ဆိုလျှင် လက်ထပ်ခွင့်တောင်းသည့်လက်စွပ်ကို အောက်က လက်ထပ်လက်စွပ်ကို အပေါ်က အဲ့လို ဝတ်ရသည်ဟု ယောင်းမတော်က ပြောသည်။ သို့သော် ချောင်သောကြောင့် ဘယ်မှ ညာသို့ပြောင်းဝတ်ကာ လက်ထပ်လက်စွပ်ကိုအောက်ကထားပီး အပေါ်က ခွင့်တောင်းသည့် လက်စွပ်ဝတ်ဖြစ်သည်။

ဒီလိုနှင့် ဂျပန်ကိုပဲ ပြန်လာဖြစ်သည်။ ရောက်ကတည်းက ဖြစ်လိုက်သည့်ရန်။ တရက်မှ မပြတ်။ တပတ်မှာ ၇ ရက်ရှိလို့ပဲတော်သည်။ ၈ ရက်ဆိုမလွယ်။ တရက်မှ မလွတ်။ ယခုမှ အိမ်ထောင်သည် ဘဝကို ၂ယောက်တူတူ ရင်ဆိုင်ရသည်ကိုး။ မြန်မာပြည်မှာ ရှိစဉ်တုန်းကတော့ အပူအပင်မရှိ။ ဘာမှ လုပ်စရာလဲ မလို။ ကျောင်းတက် ။ အဆင်သင့်စား။ကားတစီးနဲ့ လျှောက်သွား ဟိုဖက်အိမ်စား ဒီဖက်အိမ်စား။

အဲဒီလိုနှင့် ရောက်ပီး သိပ်မကြာခင် သူ့သူငယ်ချင်းတွေနဲ့ စားပွဲလုပ်ဖို့ တခါချိန်းတယ်။ ရန်ဖြစ် စိတ်ကောက် ကိုယ်ပျောက်နေတော့ တခါ ပျက်ပြန်တယ်။ နောက်၂ပတ်ကြာတော့ တခါ ထပ်ချိန်းတယ်။ ထုံးစံအတိုင်း ရန်ဖြစ် စိတ်ကောက်။ ဒီတခါတော့ ပျက်ရင်မကောင်းလို့ ပြန်တည့်ကြတယ်။သူ့သူငယ်ချင်းတွေက ညနေကျတော့ တခါ ဖုန်းဆက်ပီး ဒီတခါ တကယ်သေချာလား မေးကြသည်။း) ပထမတခါ ရန်ဖြစ်ပီး မိန်းမပျောက်သွားသည်ကိုး။း)  အမှန်က ရန်ဖြစ်ပီးကာစလေး..။  ပြန်ကြည်ပီး ညစာ တူတူသွားစားကြတယ်။ အဲ့ဒီမှာ သူ့မကောင်းကြောင်းတွေ သူ့သူငယ်ချင်းရှေ့ပြော။ မကျေနပ်ချက်တွေ ဖွင့်အံရင်း အဲ့ဒီကစလို့ နောက်ပိုင်း နဲနဲတော့ ၂ဦးသား ပြေလည်လာကြတယ်။ သူ့သူငယ်ချင်းတွေက သူ့ထက်ရော ကိုယ့်ထက်ရော ကြီးတယ်လေ။

အဲ့ဒီနေ့က သူတို့နဲ့ လမ်းခွဲပီး အပြန် ခေါက်ဆွဲဆိုင်တဆိုင်ဝင်စားတယ်။ လမ်းမှာ အချစ်နာလန်ထပီး လက်ကိုဆွဲပီး ယမ်း ပီး ၂ယောက်သား သောင်းကျန်းကြတယ်။ တွန်းထိုးရိုက်မောင်းနဲ့ပေါ့။ အိမ်ရောက်တော့ ကွန်ပျူတာဖွင့်ပီး စာရိုက်လိုက်သေးတယ်။ အဲ့ဒီမှာ သတိထားမိတာ လက်စွပ်။ ဟာ.............လက်ထပ်လက်စွပ် ။ ဘယ်လိုရှာရှာ မတွေ့တော့ဘူး။ သူကပြောတယ် ပြုတ်ကျရင် အသံကြားတယ်တဲ့။ အဲ့ဒီနေ့က ကိုယ် အဲဒါကို အပေါ်က ဝတ်မိတော့ ချောင်နေတော့ ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်။ အဲ့ဒီနေ့က ကိုယ်... အိပ်လို့မပျော်ခဲ့ဘူး။ သူကတော့ မစဉ်းစားနဲ့တဲ့။ ပစ္စည်းက အဓိက မကျဘူး။ သစ္စာနဲ့ ခိုင်မြဲခြင်းသာ အဓိကတဲ့။ ဒါပေမဲ့.. ကိုယ် အဲ့ဒီနေ့က လုံးဝ အိပ်မပျော်ခဲ့ဘူး။ နောက်နေ့ကစလို့ ဘယ်မှာ ကျပျောက်မှန်းမသိတဲ့ လက်စွပ်ကို ၂ယောက်သား သွားခဲ့တဲ့ လမ်းတလျှောက် မျက်စိတောင်းမှောက် ရှာကြတာ ၂လကျော် ကြာတဲ့အထိ။ တွေ့ပါတယ်။ သူများတွေရဲ့ ငွေလက်စွပ်တွေ ငွေလက်ကောက်တွေ။ အဟောင်းဆိုင်တွေတောင် ရောက်တယ်။ ကိုယ့်ဟာများ ရှိမလားလို့ပေါ့။
ဒါနဲ့ သူ့ကိုပြောတယ်။ ၂ဖက်မိဘ ဘယ်သူ့ကိုမှ မပြောနဲ့ ပြန်ဝယ်ပီး အစားပြန်ထိုးမယ်ဆိုပီး စိန်တန်ဖိုး လိုက်မေးရတယ်။ ကိုယ်က ငပိန်း ဘာမှမသိဘူး။ စိန်ကလဲ ဘယ်လ်ဂျီယမ်ဆိုတာသိတယ်။ ဈေးဘယ်လောက်လဲ မသိ။ အသိအမတွေလဲမေး။ ဒီက ပုံစံတူရှိရင်လဲ စပ်စုပေမဲ့။ ဒီမှာ စိန်ကို ဘယ်နိုင်ငံကလဲဆိုတာ မေးမရဘူး။ အဲ့ဒီလိုနဲ့  လက်စွပ်ပျောက်တာ ၆လကျော်လာပီ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ပြန်ရင် အစားပြန်ထိုးရမှာပဲလေ..။ တခါတလေ သူ့လက်စွပ်ကို မြင်ရင် ပြောမိရင် သူက အလေးထားလို့တဲ့။ သူများကို မခံချင်အောင်စတယ်။

ကိုယ်ကလဲ တခါက  ကိုပီတာရေးဖူးတဲ့ အထဲ မိန်းမတစ်ယောက်က သူ့လက်ထပ်လက်စွပ်လေး နှစ် ၂၀ကြာတော့ ခြံထဲက မုန်လာဥနီရဲ့ထိပ်မှာ စွပ်လျက်သားပြန်တွေ့တဲ့ အကြောင်း ပြောပီး .. လက်စွပ်ကလေးကို ဘယ်လိုပုံနဲ့ ပြန်တွေ့မှာလဲဆိုတဲ့ မှိန်ပျပျ မျှော်လင့်ချက်လေးနဲ့ပေါ့....။

ဒီလိုနဲ့ လက်စွပ်လေးရဲ့အကြောင်း မေ့လိုက် ပြန်ပေါ်လိုက်နဲ့.... တနေ့က သူ အိမ်ပြန်လာတော့ ကုတင်ပေါ်မှာ စောင်းအိပ်တဲ့ အခါ သူ့ပစ္စည်းကျနေတော့ ကိုယ်မနက်ထတော့ သူ့ပစ္စည်းတွေ တင်ပေးရင် အထဲ ကပစ္စည်းတခု ကျသံကြားတော့ ကိုယ်ကောက်လိုက်တာ....... မထင်မှတ်ပဲ ကိုယ့်လက်စွပ်ကလေး ပြန်ရတယ်။ အဲ့ဒီနေရာ ကိုယ်အမြဲ သန့်ရှင်းရေးလုပ်ခဲ့ပေမဲ့ တခါမှ မတွေ့ခဲ့ဘူးး။ ကိုယ်..ပထမတော့ သူ့လက်စွပ်ထင်တော့ သူ့ကိုနှိုးပီး လက်စွပ်မေးတော့ လက်စွပ်က သူ့လက်မှာ။ ဟာ..တကယ်ပဲ ကိုယ့်လက်စွပ်ကလေး.. ပြန်တွေ့ပီ။ သူလဲ အံ့သြပီး အိပ်ယာကထကြည့်တယ်။ ဒါနဲ့ သူ့ကို ကိုယ်က ဒုတိယအကြိမ် လက်ထပ်လက်စွပ် ပြန်ဝတ်ခိုင်းခဲ့တယ်..........။ ပျော်လိုက်တာ။



လက်စွပ်ပျောက်နေချိန်တုန်းက တခါတလေ သူ့ကို ကိုယ်ပြောတာက ကိုယ့်ဆီမှာ လက်ထပ်ခွင့်တောင်းတဲ့ လက်စွပ်ပဲ ရှိတဲ့အတွက် သူက ကိုယ့်ကို အမြဲ လက်ထပ်ခွင့်တောင်းနေတဲ့ အဓိပ္ပါယ်လို့ ကိုယ်ပြောမိတယ်..။ ဟဲဟဲ...။ အဲဒီလိုနဲ့ ကိုယ့်မှာ ရာဇဝင်လေးနဲ့ လက်စွပ်ကလေးတွေ... ၃ကွင်းတောင် ရှိခဲ့ပါတယ်။

 ဘလော့မှာစာရေးဖို့ မအားလပ်လို့ရယ်.. စာရေးရမှာပျင်းနေတာရယ်ကြောင့် ခုမှ အရင်တုန်းက ဇန္န၀ါရီလတုန်းက ရေးထားခဲ့တဲ့ စာကို တင်ခြင်းဖြစ်ပါတယ်။ နောက်များမှ ကလေးလေးနဲ့ ပက်သက်တာလေးတွေ တင်ပေးပါမယ်။ ခုတော့ တော်တော်လေးကို အလုပ်ရှုပ်နေပါတယ်...

Friday, April 5, 2013

ကလေးလေးသို့

 ကလေးးးလေးရေ....
မေမေတို့မှာ ကလေးလေး ရှိနေတယ်ဆိုတာ သိပီးတဲ့နောက် ဘယ်မှာမွေးမလဲ ဆိုတဲ့ ပြဿနာ ပေါ်လာပါလေရော။ မြန်မာပြည် ပြန်မွေးမလား ဂျပန်မှာ မွေးမလား။ မေမေက ဖေဖေ့အနားမှာပဲ နေချင်လို့ ဂျပန်မှာပဲ မွေးချင်တယ်။ ဖေဖေကတော့ ဂျပန်မှာဆို ဆွေမရှိ မျိုးမရှိနဲ့ မေမေ့တစ်ယောက်တည်း အားငယ်နေမှာဆိုပီး မြန်မာပြန်မွေးစေချင်တယ်။ မြန်မာပြည်မှာဆို... သိုင်းသိုင်းဝန်းဝန်းနဲ့ကို...။
တခါတလေ..မေမေလဲ ကြောက်တာပေါ့။ ဒီနိုင်ငံမှာ မေမေ့ဘေးမှာ ဖေဖေက လွဲပီး ဘယ်သူမှမရှိတာကို တွေးပီး ကြောက်တာ ။ မေမေ့မှာ သူများတွေလို ခေါ်စရာ မေမေလဲမရှိ ။ ရှိတဲ့မမ ကလေးလေးရဲ့ ကြီးကြီးကျတော့ ခေါ်လို့မလွယ်။ အိမ်မှာ သူမရှိလို့ မဖြစ်ဘူးကိုး။ လေဖြတ်နေတဲ့ မေမေ့ ကြီးဒေါ်ရယ် ကလေးလေး ဘိုးဘိုး ရယ်နဲ့ အိမ်အလုပ်တွေနဲ့ ပတ်ချာလည်နေတယ်။
ဖေဖေကတော့ ကလေးအန်တီလေးကို ခေါ်စေချင်နေတယ်။ ဒါပေမဲ့ မေမေ့ အိမ်မှာက သူမရှိလို့လဲ မဖြစ်ပြန်ဘူးဆိုတော့... မေမေ့မိသားစုကလဲ အဝေးကနေပဲ စိုးရိမ်ပူပန်လို့ရတယ်။ ဘာမှ လုပ်မပေးနိုင်ဘူး။ မေမေ မြန်မာပြည် ပြန်မွေးရင်လဲ သူတို့တွေက စိုးရိမ်ကြတယ်။ ပထမတကြိမ်တုန်းကတောင် မေမေ ပြန်တုန်းမှာ အသက်ရှု ရပ်သွားတာ ၂ခါတောင်ဆိုတော့ သူတို့လဲ စိတ်သိပ်မချကြဘူး။ ပီးတော့ ဆရာဝန်တွေကိုလဲ မေမေတို့က ကြောက်သေးတယ်။ အသက်ကြီးမှ ကလေးမွေးရတော့ သူတို့စိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာပေါ့။ ဒီမှာကတော့ မေမေတို့အသက်လောက်က စာမဖွဲ့ဘူး။ မေမေ့ထက် အများကြီး အသက်ကြီးသူတွေလဲ မွေးနေကြတာပဲလို့ ဆရာဝန်က စိတ်မပူဖို့ပြောတယ်။ ကလေးလေး..လူ့လောကထဲ ရောက်မယ်တောင် မကြံသေးဘူး..ကလေးလေးအတွက် အမျိုးစုံ တွက်ချက်နေကြပီ။ မေမေတို့ဖက်က အခုမှ သားဦးဆိုတော့ ကလေးလေးကို မျှော်နေကြပီ။ ဖေဖေတို့ဖက်ကလဲ ကလေးက ဒုတိယမြောက် ပေါ့။ သူတို့တွေလဲ မျှော်နေကြတာပေါ့။ ကလေးလေးရေ............

ကလေးရေ... မေမေတို့တွေ ကလေးအတွက် အစပထမပိုင်းမှာ ဆေးရုံမရလို့ မေမေတို့ ပြာလိုက်ကြသေးတယ်။ မေမေပြနေတဲ့ အိမ်နားက ဆေးရုံးက ဈေးကြီးတဲ့အပြင် မေမေက အဲ့က ဆရာဝန်ကို သိပ်မကြိုက်ဘူး ရုပ်လဲမချောဘူးလေ..။ ပီးတော့ သူက မေမေ့ကို အခါးတွေပဲ စားခိုင်းလို့ မေမေက အဲ့ဆေးရုံမှာ မပြချင်ဘူး။ပီးတော့လဲ အဲ့ဆေးရုံက မေမေ အရင်နေတဲ့ မြို့မှာပြနေတဲ့ဆေးရုံတွေလောက် မကျယ်မကြီးဘူးလေ။ ဒါနဲ့ အခြားဆေးရုံကို ပြန်ရှာရတာပေါ့။

အဲ့ဒီမှာလဲ မေမေက ဖေဖေ့ကို ပြောတယ်။ ဆေးရုံတွေမှာ အပြည့်မို့လို့ လက်မခံဘူး။ စောစောစီးစီး ဆေးရုံရွေးရအောင်ဆိုတာကို ဖေဖေက ဂျပန်မှာ ဘယ်သူမှ လမ်းဘေး မမွေးခိုင်းဘူးဆိုပီး ပြောတော့ မေမေလဲ ပထမတော့ နှုတ်ဆိတ်နေလိုက်တာပေါ့...။ ဒီလိုနဲ့ ကလေးလေး ကို အိမ်နားကဆေးရုံမျှာဇန္နဝါရီလ ၃၁ ရက်က ဒုတိယအကြိမ် ပြန်ပြအပီး မေမေတို့ ဆေးရုံအရှာမှာ တော့..ကလေးလေးရေ..ဖေဖေနဲ့မေမေ ရန်ဖြစ်လိုက်ရတာ။ ဖေဖေလဲ အတော် မောသွားရှာတယ်။ ဟိုဆေးရုံက လက်မခံ ဒီဆေးရုံက လက်မခံနဲ့ဆိုတော့။ ဆေးရုံတိုင်းက ကလေးလေးမွေးမဲ့ သြဂုတ်လ အကုန်အထိ အပြည့်ဖြစ်နေလို့ဆိုပဲ။ ဒီလိုနဲ့ ဖေဖေနဲ့မေမေက နောက်ဆုံးတော့ အိမ်နားက ဆေးရုံမှာပဲ မွေးဖို့ အကြောင်းဖန်လာတော့တာပေါ့။ ဒါပေမဲံ့ ဖေဖေက မေမေ့စိတ်တိုင်းကျ နောက်ထပ်ဆေးရုံတခုနဲ့ ထပ်ဆက်သွယ်ကြည့်တဲ့ အခါ မေမေတို့ ကံကောင်းစွာပဲ ဆေးရုံ အသစ်ရခဲ့ပါတယ်။ အဲ့ဒီဆေးရုံက ကျယ်တယ် ကြီးတယ်။ မေမေကြိုက်တယ်။ ဈေးကလဲ ပုံမှန်ပဲ။

ကလေးရေ...ဂျပန်မှာ ကလေးမွေးတာ ကျန်းမာရေး ချို့ယွင်းတာ မဟုတ်လို့တဲ့။ ကလေးအတွက် မေမေ့ကျန်းမာရေး အာမခံကဒ် သုံးလို့မရဘူး။ ဒါကြောင့် မေမေတို့က မြို့နယ်ရုံးကို သွားပီး မေမေဗိုက်ပြတိုင်း အကုန်အကျများတဲ့အတွက် မြို့နယ်ရုံးက ပြေစာတအုပ်ထုတ်ပေးတယ်။ အဲ့ဒီစာအုပ်ကို ပြပီး ဆေးရုံတခါ သွားတိုင်း တရွက်တရွက် ယူသုံးတာတောင် တခါသွားတိုင်း ဂျပန်ငွေ ၁သောင်းနီးပါးကျတယ် ။ ဒါတောင် သွေးစစ် ဘာစစ်ဆို တစ်သောင်းကျော်ကျတယ်..ကလေးရေ။ မြန်မာငွေနဲ့ဆို အကျမ်းဖျဉ်း ၁သိန်းကျတာပေါ့။ မြို့နယ်ရုံးကနေပဲ ဖေဖေက ကလေးပုံလေးနဲ့မိခင်ပုံလေးပါတဲ့ ကဒ်ကလေးကို မေမေသွားလေရာဆောင်ဖို့ယူလာပေးတယ်။  အခု မေမေ ရွေးလိုက်တဲ့ဆေးရုံက ကလေးမွေးတဲ့အချိန်ကျရင် .ယန်း ၄၅ သောင်း ကနေ သောင်း၅၀ အထိ ကုန်ကျမယ်တဲ့။ မေမေတို့ကို မြို့နယ်ရုံးက ပြန်ပေးမှာက ၄၂ သောင်း။ တော်သေးတာပေါ့..ကလေးရယ်။ မေမေတို့သိပ်မစိုက်ရဘူးပေါ့။ ဒါပေမဲ့ လတိုင်း ပြတဲ့ ပိုက်ဆံတွေကတော့ ပြန်မရဘူးပေါ့ကလေးလေးရေ..။

ကလေးလေး ရေ.. ဂျပန်မှာ ကလေး မွေးပေးတဲ့ ဆရာဝန်တွေ နဲသွားလို့ ဆေးရုံတွေမှာ နေရာမရတာတဲ့ ကလေးရေ...။ မေမေတို့ကို တချို့ကလဲ ပြောကြတယ်။ စပြထဲက ဘာဖြစ်လို့မသိဘူးဆိုပီးပြရင် ဆေးရုံက ကလေးမွေးဖို့ လက်မခံဘူး ပြောလို့မရတော့ဘူးတဲ့။ ဒါပေမဲ့ ကလေးရေ... တိုကျိုက ဆေးရုံကြီးတွေ့လဲ အခြားဆေးခန်း ဆေးရုံက မိတ်ဆက်စာမပါရင် လက်မခံဘူးတဲ့။ အထူးအဆန်းပဲ။ မပါရင် ပိုက်ဆံ ထပ်ပေးရတာလဲ မေမေ့အတွက် အံ့သြစရာပေါ့လေ..။ မေမေကတော့ ဟိုဖက်ဆေးရုံက မိတ်ဆက်စာပါတော့ ပြဿနာ မရှိပေမဲ့ ဖေဖေက ပါ မေမေနဲ့အတူ ပြတဲ့အခါ  မိတ်ဆက်စာမပါလို့ ပိုက်ဆံထပ်ပေးလိုက်ရပါရောလား။

ကလေးလေးရေ.. မေမေဆေးရုံ သစ်လဲ ရောက်ရော မေမေ့ကို ဆီးတွေ သွေးတွေ စစ်တယ်။ ပထမဆုံး မေမေ့သွေးကို ဆေးထိုးပြွန် ၃ခုထဲကို ဖောက်ထည့်တယ် ကလေးရေ။ ပီးတော့ ဆီးစစ်ပေါ့။ နာ့စ်မက ဆေးထိုးအပ်ကို ပြန်အထုတ်မှာ မေမေ့လက်နာလိုက်တာ ကလေးရယ်။ အဲ့ဒီနေ့က ဖေဖေါ်ဝါရီလ ၆ ရက်နေ့ပေါ့။ ကလေးရေ... နှင်းတွေကျပီး လေတွေထန် တဲ့နေ့ပေါ့။ မေမေ့မှာ ချော်မလဲ အောင်မနဲ အားတင်းပီး ဆေးရုံရောက်အောင် လျှောက်ရတယ်။ ဆရာဝန်က ပြောတယ် ကလေးက ကျန်းမာပုံရတယ်တဲ့။ ဟုတ်တယ် ကလေးရေ.. ဖန်သားပြင်ပေါ်မှာ ကလေးလေးက လှုပ်တုပ်လှုပ်တုပ်နဲ့....တချိန်လုံးလှုပ်နေတယ်။ ဖေဖေနဲ့မေမေမှာ အဲဒါလေးကို ကြည့်ပီး  ကြည်နူးလိုက်ရတာ။ Feb-6

ကလေးရေ... ဒုတိယအကြိမ်သွားတော့ လေမိုးလွတ်ပါရဲ့။ ဒါပေမဲ့ မေမေ့ သွေးစစ်တဲ့ အထဲမှာ ပိုးတမျိုးတွေ့တယ်တဲ့။ အဲ့ဒီသွေးကြောင့် ကလေးလေးကို ထိခိုက်နိုင်တယ်ပြောလို့ မေမေ့မှာ စိုးရိမ်လိုက်ရတာ ကလေးရေ..။ ဒါပေမဲ့ အဲဒီသွေးဟာ မေမေငယ်ငယ်တည်းက ရှိနေတဲ့ ပိုးလား ဂျပန်ရောက်မှ ကူးတဲ့ပိုးလားဆိုပီး ထပ်စစ်ဖို့ လုပ်ကျပြန်တယ်။ အဲ့ဒီနေ့က ကလေးလေးဆီမှာ အရိုးတွေထွက်လာတာ မေမေတို့တွေ့ကျရပီ..ကြည့်နေရင်းနဲ့ပဲ လှုပ်နေတဲ့ ကလေးကို တွေ့ပီး ပီတိဖြစ်ရပြန်တယ်။ ဒါပေမဲ့ ဆရာဝန်က အထက်က စကားဆိုတော့ မေမေ့မှာ စိုးရိမ်လိုက်ရတာ။ ဒါနဲ့မေမေက ကလေးကို ဘယ်လိုထိခိုက်နိုင်လဲမေးတော့ ကလေးက အနီကွက်တွေထွက်တာတို့ အဖျားကြီးတာတို့အပြင် အခန့်မသင့်ရင် ဦးနှောက်ကိုပါ ထိခိုက်နိုင်တယ်ဆိုတော့ မေမေ့မှာ ရူးမတတ်ပေါ့။ ဆရာဝန်နဲ့ ကလေးဖေဖေကတော့ ပြောပါတယ်။ ဘာမှမသိရသေးပဲနဲ့ စိတ်မဆင်းရဲပါနဲ့တဲ့။ သိတဲ့အခါကျရင် ကာကွယ်ဆေးထိုးတာတို့ဘာတို့ လုပ်မရဘူးလားလို့ မေမေက မေးတော့ ..ဘာမှန်းမသိသေးပဲနဲ့ စိတ်ပူနေတာ စိတ်ပင်ပန်းတယ်တဲ့..။ ဒီလိုနဲ့ မေမေ့မှာ သတိရတိုင်း ဘုရားစာရွတ်ဖြစ်နေတယ်။ ၂ဖက်မိဘတွေကိုလဲ မေးနဲ့ စိတ်တွေပူရတာပေါ့။ အဲ့ဒီနေ့က မတ်လ ၆ ရက်နေ့ပေါ့။ ဆရာဝန်ဆီကပြန်တော့ မေမေ့ကို သွေးထပ်စစ်ခိုင်းတယ်..ကလေးရေ..။ မေမေ့လက်ထပ်နာပြန်တာပေါ့..။













 March-6




ကလေးလေးရေ..ဒီလိုနဲ့ ဧပြီလ ၃ရက် မှာ ကလေးလေးကို လာပြရပြန်ရော။ တော်သေးတယ်..ကလေးရေ... မေမေ့သွေးထဲမှာ အဲ့ပိုး မရှိတော့ပြန်ဘူးတဲ့။ ဘာမှ မဖြစ်တော့ဘူးဆိုလို့ မေမေနဲ့ဖေဖေ ဟင်းချနိုင်တော့တယ်။ အဲ့ဒီနေ့က ရင်တမမနဲ့ ဖေဖေ့ကို ဖွင့်မပြောပေမဲ့ မေမေရင်ပူနေခဲ့တာ။ ဖြစ်ချင်တော့ ကလေးရေ အဲ့ဒီနေ့က လေရော မိုးရော တအားပြင်းတယ် ကလေးးရေ...။ မေမေ့နဲ့ဖေဖေ မနဲလမ်းလျှောက်ရတယ် ။ လေက လွှင့်မတတ်ပဲ။ ကလေးလေးရေ........... ဧပြီလ ၂ရက်နေ့က ကလေးလေး မေမေ့ဗိုက်ထဲမှာ စလှုပ်တာကို ခံစားသိရလို့ ဖေဖေကတော့ အတော် ပျော်နေလေရဲ့။ ကလေးလေး... ကျန်းမာဖို့ မေမေ အမြဲဆုတောင်းနေတယ်နော်...။ ကလေးလေးရေ.... ကလေးလေးကို ဘာလေးမှန်းမသိရသေးဘူး။ ဖေဖေကတော့ သားသားလေး လိုချင်တာတဲ့။ ဒါပေမဲ့ ဖေဖေ့ကို ဘုန်းဘုန်းတရားဟောပီးကတည်းက ဖေဖေက သားသားလေးမှ သားသားလေးဆိုတဲ့ စကားကို မပြောတော့ဘူး။ တကယ်တော့ ဖေဖေနဲ့မေမေက ဘာလေးပဲ ဖြစ်ဖြစ် ကလေးကို ချစ်မှာပါ။ ဖေဖေကတော့ သမီးမိန်းကလေး ဆိုရင် သူ စိတ်ပူလွန်းလို့ ဆိုပီး စိုးရိမ်နေတာ ကလေးလေးရဲ့...။
April 3
ဖေဖေ့ဖက်က ဆိုလဲ ကလေးဘွားဘွားက မိန်းကလေး .

ဘိုးဘိုးက ယောင်္ကျားလေးလိုချင်တာတဲ့။ မေမေ့ဖက်ကတော့ မိန်းကလေးပဲ လိုချင်ကြပေမဲ့ ကလေးရဲ့ ကိုကိုကြီး တစ်ယောက်ပဲ  (မေမေရဲ့ အချစ်ဆုံး တူပဲ ) ယောင်္ကျားလေးလိုချင်တယ်။ ဘာလေးပဲ ဖြစ်ဖြစ်ပါ။ အချိန်တန်ရင်တော့ မေမေ့ဖက်က မြေးဦး သားဦးဖြစ်လာမဲ့ ကလေးလေးကို အားလုံးက နွေးထွေးစွာ ကြိုနေကြတယ် ကလေးလေးရေ.......။
ဖေဖေ့ဖက်ကလဲ ကလေးလေးကို ကြီုဆိုနေတယ်..ကလေးလေးရေ...