Tuesday, October 16, 2012

မြန်မာပြည်မှာ…ကြုံခဲ့သမျှ

ကျနော့်မှာ မှတ်ပုံတင်တစ်ခုရှိခဲ့ဘူးသည်။ ရန်ကုန်မြို့တွင်း တနေရာကို ကိုယ်စားပြုထားသည်။ ပြုလုပ်စဉ်ကတော့ ၁၂ မှတ်ပုံတင်ဖြစ်မည်ထင်သည်။
 သေချာမမှတ်မိ။

 ဒီလိုနှင့် မှတ်ပုံတင်တွေ လဲတော့ အသက် ၁၈နှစ်ဖြစ်မည်ထင်သည်။ ဒါလဲ သေချာမမှတ်မိ။ မှတ်မိတာကတော့ ဖေဖေမှတ်ခိုင်းထားသော မှတ်ပုံတင်နံပါတ် နှင့် အရေးကြီးသောပစ္စည်းတခု အဖြစ် သိမ်းထားရမည်ဖြစ်ကြောင်းသာ။ ဒီလိုနှင့် မှတ်ပုံတင်ကို သေချာမကြည့်ဖြစ် မှတ်ပုံတင်နံပါတ်ကိုသာ အလွတ်ကျက်ပီး နိုင်ပြောင်းထားသည့် မှတ်ပုံတင်ကိုတော့ အရွဲ့တိုက်စိတ်နှင့် ခုချိန်ထိ သေချာ မှတ်မထားဖြစ်။ 

ဒီလိုနှင့် ကိုယ့်အသက်လဲ တဖြည်းဖြည်းကြီးလာသလို မှတ်ပုံတင်လေးလဲ ခရီးသွားတိုင်း ကိုင်တွယ်ရတော့ သူလဲ အသက်လေးရလာသည်ထင့်။ ဒီတော့ သူများတွေလို အသစ်လဲချင်လို့ သွားမေးတော့ လဲစရာမလိုတဲ့။ ရိုးလိုက်မိတဲ့ ကိုယ်ကလဲ ဒီအတိုင်းလှည့်ကာ ပြန်ပီး ကိုယ်တိုင်လဲ ခရီးသွားချိန်မှလွဲ၍ မသုံးဘူးဆိုတော့ စိတ်လျှော့လိုက်သည်။ မှတ်ပုံတင်ထဲမှ ပုံက ဆယ်ကျော်သက် ယခု ကိုယ့်အသက်က ဘယ်လိုမှ ဒီပုံကို မပံ့ပီုးနိုင်တော့ဘူး (ဒါမဲ့ ကိုယ့်အသက်က အမြဲ ၂၅ နော်)။ ပုံကိုကြည့်ပီး ဒါ ကိုယ့်ကလေး မှတ်ပုံတင်လား ဟု အပြောခံရသည့် အခါ လဲရှိသည်။ သို့သော်..သူတို့မှ လဲမပေးတော့ ကိုယ်ကလဲ အနေသားကြီး မဟုတ်လား။ မှတ်ပုံတင်ပါအကြောင်းအရာ သည် ကိုယ်နဲ့မဆိုင်ဘူးဟုပင်ထင်ထားမိတော့ နံပါတ်ကလွဲပီး ကျန်တာ ဘာမှမစစ်ဆေးမိ။

ဒီလိုနှင့် ကိုယ့်အလုပ်ကနေ နိုင်ငံရပ်ခြားထွက်တော့လဲ ဒီပြဿနာမရှိသေး။ မရှိဆို ကိုယ်က ယခင်က အစိုးရအရာထမ်းတယောက်ဖြစ်ခဲ့ဘူးသည်လေ။ ဒီတော့ မှတ်ပုံတင်က နံပါတ်ရှိရင် အလုပ်
ဖြစ်သည်။ 

 ပြဿနာအစ က လာပါပီ။ ကိုယ်အလုပ်ထွက်ပီး နိုင်ငံခြားပြန်ထွက်မည်ဆိုတော့မှ မှတ်ပုံတင် ပြဿနာတက်ပါတော့သည်။ ဒါလဲလေ… ဖြေရှင်းနည်းမျိုးစုံ ရှိသည့် သကာလ ဘာပြဿနာမှ မဖြစ်။ အေးအေးဆေးဆေးပဲ အားလုံးမှန်မှန်ကန်ကန် ဒေတာများနှင့် ကိုယ့် နိုင်ငံသားစာအုပ်ကို ကိုင်နိုင်ခဲ့သည်။ မှန်မှန်ကန်ကန် လုပ်ဖို့တော့ နိုင်ငံတော်က သတ်မှတ်ထားသည့် အခွန်ကိုတော့ ထမ်းဆောင်ခဲ့ရသည်ပေါ့။ သိန်းထားသော ၅၀ကိုတော့ လျော်ကြေးအဖြစ် ပေးခဲ့ရသည်။ထိုပမာဏသည် ပညာရေး ရန်ပုံငွေထဲဝင်သွားသည်လို့သိရတော့ ၀မ်းသာမိပါသည်။ မှတ်ပုံတင်ကိစ္စက ဒီတွင်ပီးသွားပီဟုထင်ခဲ့သည်။ ကိုယ့်အတွက် ဒါလဲ အရေးမကြီးသေးဘူးလေ..။ (ဇာတ်ကြောင်း ပြန်ဆက်တော့မယ်။ ဘယ်ရောက်သွားပါလိမ့်)

သြော်..ပြန်ဆက်ရရင် ကိုယ်နိုင်ငံခြား ရောက်မှပဲ မှတ်ပုံတင်မိတ္တူကို အကြောင်း တစ် ခုကြောင့် ပြန်ကြည့်မိတယ်။ ဟာ..ငါ့ မှတ်ပုံတင်က ဘာကိစ္စ မွေးနေ့မှားနေတာလဲ????မှားတာကလဲ ဘာမှ သိပ်မကွာဘူး။ မှတ်ပုံတင်မှာ ၂ ရက်စောနေတယ်။ အိုး..ဒါနဲ့ ကမန်းကတန်း အိမ်ကို ဖုန်းကောက်ဆက် သမီး မှတ်ပုံတင်ကြီး မှားနေတယ်လို့ပြောလိုက်တော့ အိမ်ကလူတွေလဲ အဲဒီတော့မှ ကိုယ့်မှတ်ပုံတင် မှားနေမှန်းသိတယ်။ ဇာတ်လမ်းအစက အဲ့မှာစတာ။ 

မြန်မာပြည်ပြန်တော့လဲ ဟိုအိမ်ဒီအိမ်ကူး နေပေမဲ့  မှတ်ပုံတင်ဆိုတာကို ပြင်ဖို့ စိတ်တောင်မကူးမိဘူး။ ကိုယ့်လက်ထဲ နိုင်ငံကူးခွင့်စာအုပ်ပိုင်နေပီပဲ ဘာလုပ်မလဲ ။ အချိန်ကုန်တယ်ပေါ့။  ကိုယ်ပေါ့ပေါ့လေး တွေးလိုက်မိတယ်။ မှတ်ပုံတင်နဲ့ ပက်သက်ပီး ဘဝမှာ တခါမှ အခက်အခဲ မဖြစ်ဖူးသေးဘူးကိုး။ ဒီလိုနဲ့ အချိန်တန်တော့  ဆံထုံးနောက် ယောင်မလိုက်နိုင်သေးတော့
 ယောင်နောက်ဆံထုံးပါလေတော့ ဒီနိုင်ငံ ဗီဇာလျှောက်ရတော့တာပေါ့။

 တွေ့ပါပီ ပြဿနာ။ အခုမှ ဇာတ်လမ်းစတာ။ အင်မတန် ရစ်တတ်တဲ့ ဂျပန်သံရုံးနဲ့ တွေ့ကြတာပေါ့။
အဲ့ဒီအကြောင်း မရေးခင် ကိုယ် ဂျပန်ဝင်ဖို့ ဂျပန်ဘက်ကနေ ဗီဇာ လျှောက်တဲ့ အကြောင်း ဖြတ်ပြောမှ ဖြစ်မယ်။ အမှန်က ကိုယ်က ဒီနိုင်ငံမှာ မနေချင်ဘူး။ ကိုယ်တို့ရည်ရွယ်ချက်က တခြားတိုင်းပြည်ကို သွားဖို့ရည်ရွယ်ထားကြတာဆိုတော့ ကိုယ်တို့၂ယောက်မှာ ဂျပန်နိုင်ငံလာဖို့ ဘာအစီအစဉ် မှ မရှိဘူး။ ဒီတော့ သူလဲ လက်ထပ်ပီး အချိန်တန်လို့ ပြန်သာသွားတယ် ကိုယ်နဲ့ပက်သက်တဲ့ ဘာစာရွက်စာတမ်းမှ သယ်မသွားသလို ကိုယ်လဲ သူ့နဲ့ပက်သက်တာ ဘာမှမယူထားတဲ့ ၂ယောက်ဆိုတော့ ပြဿနာ တွေ့တာတောင်နဲသေးလို့ ပြောမှာ။း)

သူလဲသွားရော ကိန္နရာချောင်းခြားဇာတ်လမ်း စပါလေရော။ မနက်တစ်ခါ ၊ နေ့လည်တစ်ခါ၊ ညတစ်ခါ အိမ်ကလူတွေ အမြင်ကပ် လောက်အောင် ဖုန်းဆက်။ တခါတလေ အင်တာနက်မှာတွေ့တာတောင် အားကို မရပါဘူး။ နှစ်ဖက်သော မိဘများကလဲ တူတူရှိနေတုန်းက ဘာမှမပြောကြပေမဲ့ အဝေးရောက်သွားတော့မှ လင်နဲ့မယားဆိုတာက အစချည်လို့… တူတူနေတာကောင်းတယ်ဆိုပီး နားချကြတာပေါ့။ နားချတယ်ဆိုလို့ သိပ်အထင်မကြီးပါနဲ့ဦး သူတို့ပြောတဲ့ စကားတောင် မဆုံးသေးဘူး။ လိုက်သွားမယ်လို့ ပြောဖြစ်တယ်။ သူ့ကိုလဲ လိုက်လာတော့မယ်ဆိုတော့ ၂ယောက်သား လုပ်ကြရပီပေါ့။ ဒါနဲ့ သူက အဲ့ဖက်က လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်းတော့ ကိုယ်လဲ ခပ်တည်တည်ပဲ register တွေလုပ်ပီး မန္တလာချမ်းကနေ ပို့လိုက်တာပေါ့။ သူကလဲ ရောက်လာတဲ့ စာရွက် တွေကို သေချာမစစ်ဆေး(ကိုယ့်ကိုယုံလိုက်တာနေမှာ..နောက်မှ ကိုယ်ဆိုတာ အတော်ရှမ်းမှန်း သူ့ခမျာ သိသွားတာ)ပဲ ခပ်မြန်မြန်ပဲ တင်လိုက်ပါလေရော..။ 

အဲဒီမှာ ဗီဇာ လျှောက် ရင် ကွာခြားတာတွေ ထပ်သိလာရပြန်ရော။ အလုပ်ဗီဇာနဲ့သူ၊ ကျောင်းသား ဗီဇာနဲ့သူတွေဆိုရင် ၁လကနေ ၃လပဲ ဗီဇာလျှောက်ရင် ကြာတယ်တဲ့။ သူ့ဗီဇာကျတော့ အနဲဆုံး ၃လကနေ ၄လ အထိကြာတယ်ဆိုပဲ။ ဒီလိုနဲ့ ကိုယ်တို့လဲ အေးဆေးပေါ့။ တင်ထားတယ်။ ကျရင်သွားမယ်ဆိုတဲ့ ပုံစံနဲ့နေလာလိုက်တာ။ ဗီဇာကျမဲ့ရက်နီးလာတော့ သူလဲမရိုးမရွ ကိုယ်လဲမရိုးမရွတွေဖြစ်လို့ပေါ့။ သူက ပိုဆိုးတာပေါ့။ လဝကရုံးလဲ ဖုန်းတွေဆက်တော့ ဟိုကလဲ ပြောလို့မရသေးပါဘူးဆိုတဲ့ အဖြေကလွဲလို့…ဘာမှမသိရ။ သူ့ခမျာ အလုပ်က အပြန်ဆို စာရောက်နေပလား ကြည့်ရတာ အမော။ ဒီလိုနဲ့ ၃လခွဲအကြာမှာတော့ စာရောက်လာပါတော့တယ်။ ရင်ခုန်စွာနဲ့ ဖွင့်ဖတ်လိုက်ချိန်မှာတော့… မျှော်လင့်မထားတဲ့ အဖြေဖြစ်တဲ့ reject ပါတဲ့။ ဖြစ်ပုံက ကိုယ် notary လုပ်ပေးလိုက်တဲ့ သူ့နာမည် စာလုံးပေါင်းက အမှားကြီးပါတဲ့။ ဒါ့ကြောင့် စာလုံးပေါင်း အမှားဟာ တသက်စာ အမှားဖြစ်တဲ့အတွက် လိမ်တယ်လို့ ယူဆပါသတဲ့။ ဒါကြောင့် လုံးဝအဆိုတင်သွင်းတာကိုလဲ လက်မခံတော့ပါဘူးတဲ့။ လက်ခံရင်လဲ သူတို့ rule အတိုင်းလုပ်ရင် နောက်ထပ် ၆လကနေ ၁နှစ်အထိ ကြာမှာပါတဲ့။

ဒီလိုနဲ့ ကိုယ်တို့တွေ ရှေ့နေငှားဖြစ်ပါတယ်။ ရှေ့နေက မြန်မာပြည်လာမယ်။ သူပြန်လာရင် အလည်အပတ်ဗီဇာနဲ့ ရအောင်ခေါ်ခဲ့ပေးမယ်။ ဒီရောက်တာနဲ့ ဗီဇာပြောင်းလို့ရအောင် လုပ်ပေးမယ်။ ဘာမှ လိမ်ထားတာ မဟုတ်တဲ့ အတွက် အမှန်အကန်တွေပဲ ဖြစ်အောင် လုပ်ပေးမယ်ပေါ့။ ဒီလိုနဲ့ ရှေ့နေမလာခင် လိုအပ်တဲ့ စာရွက်စာတမ်းတွေပြင်ပေါ့။ ဒီအခါ ရှေ့နေပါလာတော့ နည်းစနစ်တွေ ဘာတွေတော့ ကျလာတာပေါ့လေ။ အဲ့ဒီတော့ ကိုယ် လက်ထပ်စာချုပ်ရယ် ပုံစံ၁၀ ကို endorsed လုပ်ဖို့ နေပြည်တော် ဆိုတဲ့ လူမရှိပဲ မီးတွေလင်းနေတဲ့ မြို့ ကိုရောက်ခဲ့တယ်။ (နောက်မှ နေပြည်တော်သွား တောလားကိုရေးတာပေါ့)

ဒီလိုနဲ့ ရှေ့နေမလာခင်မှာပဲ စာရွက်စာတမ်းတွေ တော်တော်စုံနေခဲ့ပီ။ သူလာတော့ သွားတွေ့။  ရှေ့နေအိမ်ကို သွားတွေ့ရတော့ သူကလဲ စိတ်မချ။ ဒါနဲ့ သူက ရှေ့နေကို ရစ် တော့ ရှေ့နေလဲ ကိုယ့်တို့နဲ့ နီးတဲ့ဆီပဲ လာတွေ့ရတယ်။ အဲ့ဒီမှာ ရှေ့နေကို မှတ်ပုံတင် ကိစ္စပြောတော့ အဲ့ဒီဟာ ပြဿနာ တက်နိုင်တယ်ဆိုတော့ ဒါဆို မွေးစားရင်းနဲ့ ကျန်တဲ့ စာရွက်စာတမ်းတွေ ကို notary လုပ်ပီး ပြင်ဆင်တာပေါ့။ ရှေ့နေက နဲနဲစိတ်ပူတာ အဲ့ဒီကိစ္စပဲ။ စာရွက်တွေ စုံတော့ ဘယ်နေ့တင်မလဲ ရက်ရွေးပီး တင်မဲ့နေ့မှာ ဖြည့်ရမဲ့ ဖောင်ကို ကိုယ့်ဘာသာကိုယ်ဒေါင်းလုပ်လုပ်ပီးဖြည့်ဆိုလို့ သူက ရှေ့နေကို ဒေါသတွေထွက်ပီး ပြဿနာရှာတော့ ရှေ့နေလဲ ည ၁၂နာရီလောက်ဖုန်းဆက်ပီး တင်မဲ့နေမနက် western park မှာတွေ့မယ်ဆိုပီးချိန်း။ စာရွက်စာတမ်းမှာ ဖြည့်တဲ့ဟာကို သူက စစ်ပေးပေါ့။ အမှန်ဆို ရှေ့နေပါ သံရုံးထဲဝင်လိုက်ပေးရမှာ။ ဆရာသမားက သံရုံးကလူကို ပြဿနာရှာထားတော့ သူလိုက်လို့မရတာ။ ချစ်ချစ်က နောက်မှသိတော့ ရှေ့နေကို ထပ်ရစ်။ ပတ်လည်ကတော့ ရိုက်နေတာပေါ့။ ဘာပဲဖြစ်ဖြစ် ဗေဒင်အချိန်အခါ အရ တင်ဖြစ်ပါတယ်။

တင်လဲတင်ရော…. တွေ့ပါပီ။ ကမ္ဘာ့အရစ်ဆုံး မြန်မာပြည်က ဂျပန်သံရုံး။ မသွားခင်ထဲက ရှေ့နေက သင်ထားတယ်။ ဗီဇာတင်တဲ့နေရာမှာ တင်ခွင့်ရခြင်း ပယ်ချခံခြင်းက အထဲက ဂျပန်ကောင်ဆယ်လာ မလုပ်ခင် အပြင်က မြန်မာမတွေ လုပ်တာဆိုတာတွေ။ တအားရစ်တာတွေ။ မျက်ရည်ပေါက်ပေါက် ကျအောင် ဘေးကျပ်နံကြပ်ဖြစ်အောင် လုပ်တာတွေ။ ပါဝါပြတာတွေ အစရှိတာတွေကို စုံနေအောင် ပြောပြထားခဲ့တယ်။ ဒါ့ကြောင့် သူ စိတ်တိုလွန်းအားကြီးလို့ မှန်ကို ရိုက်ခွဲပစ်ဖူးလို့ သူ့ကို ဝင်ခွင့်ပိတ်ထားတာတဲ့။ လူလဲ ပင်ပန်းလိုက်တာဆိုတာ..စိတ်ပန်းလူပန်း အိမ်ကလူတွေလဲပင်ပန်း၊ ချစ်ချစ်မားသားကြီးလဲ ဆုတွေတောင်း ဗေဒင်မေး ယတြာ လုပ်ရတာ ပင်ပန်း။ ကာယကံရှင် ဆိုတာ ပြောတောင်မပြောပါနဲ့။ ချစ်ချစ်ကလဲ ဂျပန်ကနေ စိတ်တွေပူပေါ့။ 

ဒီလိုနဲ့ တန်းစီစောင့်နေရင်း ကိုယ့်အလှည့် ရောက်လာရော။ ကိုယ်ကအဲ့မိန်းမ (နာမည်ကြီးပေါ့ စူပါ့စူပါ့ ရစ် .. ဗမာ အချင်းချင်းညစ်တဲ့နေရာမှာ) နဲ့ မတွေ့ချင်လို့ ပတ်ရှောင်ပေမဲ့ မရပါဘူး။ သူနဲ့ပဲထိပ်တိုက်။ ဘယ်ရမလဲ ကိုယ့်မှာလဲ ဘုရားစာကိုပဲ တတွတ်တွတ်ရွတ်ထားတဲ့ အရှိန်ရှိတယ်။ နောက်မှာ ၂အိမ်တောင် ဆုတောင်းပေးနေမဲ့သူတွေ ရှိတယ်။း)သူကို ကိုယ်ကြည့်နေတာ ရှေ့ကလူတိုင်း ဘယ်လောက် အသက်ကြီးကြီး သူက ဟောက်နေတော့တာပဲ။ ကိုယ်တွေက လိုတဲ့ စာရွက်တွေ စီပေးထားပေမဲ့ သူပြောတဲ့ အချိန်မှာ သူတောင်းတဲ့ စာရွက် ၁ရွက်ချင်းထုတ်ပေး Original တောင်းရင် ပေး နဲ့ပေါ့။ သူ့ရှေ့ရောက်မှ စီထားတဲ့ဟာတွေကနေ သူတောင်းသလို လုပ်ရတော့ အနဲနဲ့အများတော့ ကြာမှာပေါ့။ စာရွက်တွေအားလုံးက အရေးကြီးတာတွေကြီးပဲဟာကို။
 အဲဒါကို   ရှင်တို့က အစထဲက လုပ်လာတာမဟုတ်ဘူး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ စဉ်းစားကြည့်လေ..လိုတာတွေကို အစီစဉ်တကျစီထားတာကို လက်မခံပဲ သူလိုတဲ့ဟာ ဟိုဖောက် ဒီဖောက်တောင်းတော့ ပေးရတဲ့သူက တစ်ယောက်တည်း တင်ရတဲ့နေရက ကျဉ်းကျဉ်းကို။

 ဒီလိုနဲ့ ကိုယ့်အလှည့်ရောက်လာတာပေါ့။ ကိုယ့်ကိုလဲ ဟိုတောင်း ဒီတောင်း။ ကိုယ်ကတော့ ရှေ့နေက စီထားပေးပေမဲ့ သူတောင်းသလို ပေးရတော့ သိပ်တော့ အဆင်မပြေဘူးပေါ့။ အဲ့ဒီမှာ မှတ်ပုံတင် ပြဿနာတက်ပါလေရော။ ကိုယ်ကပြောတယ်။ မွေးစားရင်းမှာ ကြည့်ပါ။ အခြား  အောင်လက်မှတ် တွေမှာ ကြည့်ပါ။ ဖြစ်ချင်တော့ ကိုယ့်မှာ ဒီနိုင်ငံက အောင်လက်မှတ်တိုင်းမှာလဲ မွေးနေ့က အဲဒါပဲ။ ဒါကို ဆရာမ က လုံးဝ လက်မခံဘူး။ ပြန်ယူသွားပီး မှတ်ပုံတင် အသစ်ပြန်လုပ် ပီးမှ ပြန်လာခဲ့တဲ့။ ကိုယ်ကလဲ ရှေ့နေက ကိုယ့်ကို သင်လွှတ်လိုက်တယ်။ ဘယ်လိုအကြောင်းကြောင့်နဲ့မှ ပြန်မလှည့်နဲ့ မယူနဲ့တဲ့။ ဒီတော့ ကိုယ်ကလဲ အတိုက်အခံပြောတယ်။ ကိုယ်ဒီမှတ်ပုံတင်နဲ့ပဲ ဟိုနိုင်ငံမှာနေ ဘွဲ့တွေရခဲ့တာပဲ။ မွေးစားရင်မှာလဲ အသေအချာပဲ မှတ်ပုံတင် သူ့ဟာသူ့မှားတာ လက်ခံသင့်တယ်။ ကျမကတော့ ပြန်မယူသွားနိုင်ဘူး. တခုခု ဖြစ်အောင်လုပ်ပေးပါဆိုပီး နေရာက မခွါတမ်းပေါ့။ မှတ်ပုံတင် အသစ်ပြန်လုပ်လို့ မရလို့ ဒီလို မွေးစားရင်း တွေဘာတွေ ပြင်ဆင်လာတာဆိုပီးပြောရတာပေါ့။ တကယ်လဲ မှတ်ပုံတင်ရုံး သွားပီးသွားပီ။ သူတို့က လုံးဝ မပြင်ပေးနိုင်ဘူး ဆိုတဲ့အဖြေကလွဲလို့ ဘာမှမပေးဘူး။ ဒီမှာ ဒါဆိုရင်လဲ လဝက က  မှတ်ပုံတင်အသစ် မလုပ်ပေးနိုင်ကြောင်း ထောက်ခံစာ ကို နောက်နေ့လာပေးတဲ့။ (ဟာ…စိတ်ထဲက သိလိုက်တယ်။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စ) ဒါပေမဲ့..ဟုတ်ကဲ့ လာပေးပါ့မယ်ဆိုပီး ပြောတော့မှာ ၁၂ ရက်နေ့ တင်တာ ၁၆ ရက်နေ့လာခဲ့ဖို့ စာထုတ်ပေးတယ်။ ဗီဇာတင်ပီးတော့ ရင်ထဲက အလုံး ၁လုံးကျသွားတယ်။ သံရုံးအထွက်မှာ အိမ်ကိုချက်ချင်းပြေး မှတ်ပုံတင်ရုံးသွားဖို့ ပြင်ရတယ်။ ဖြစ်ချင်တော့ ကိုယ်က အိမ်ကနေ သူ့အိမ်လိပ်စာပြောင်းထားတော့ အလုပ်ကို ပိုရှုပ်တာပေါ့။

ဒီတော့ အရင်ဆုံး ပုံစံ၁၀မူရင်းလိပ်စာကိုသွား အကျိုးအကြောင်းပြောပြတော့ သူတို့က လိပ်စာသစ်ကို ပြန်သွားပေါ့။ သွားရပါတယ်။ သြော် အဲလို မသွားခင် ပြောရပါဦးမယ်။ အဲ့ဒီဌါနက တပွင့်နဲ့သူက ကိုယ့်ဘာသာ အမှားဖြည့်တာ ကျမတို့ရုံးက မမှားဘူးတဲ့။ ဒါကို အစထဲက မသိဘူးလားတဲ့ အပြစ်ပြောတာ ခံခဲ့ရပါတယ်။ ကိုယ်တို့ကလဲ အဲ့အချိန်က အရမ်းငယ်တော့ အရေးကြီးမှန်းလဲ မသိတော့ နံပါတ်ကလွဲလို့ မဖတ်မိဘူးလို့ပြောမိတယ်။ အဲ့ဒီကနေ လိပ်စာသစ်ဌာနကို ရောက်တော့ ခပ်ဝဝ နဲ့တပွင့်က ဘာပြောလဲဆိုတော့ လုံးဝ မဖြစ်နိုင်ဘူး။ အသစ်လဲ လဲမပေးနိုင်ဘူး။ လဲမပေးကြောင်းထောက်ခံစာလဲ မပေးနိုင်ဘူးဆိုပီး မျက်နှာထားတင်းတင်းနဲ့ ပြောလေရဲ့။ ကိုယ့်ဘာသာ ကိုယ်မှားဖြည့်တာ ဒီရုံးလာ အမှုပတ်တယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့။ အဲဒီလူကို ရန်ဖြစ်ချင်လိုက်တာ တအား။ မမက လက်ကုတ်ပီး အတင်းဆွဲလို့သာ။ 

ဒီလိုနဲ့ တခြားတပွင့်နဲ့ လူက ညီမတို့.. မြို့နယ်မှူးနဲ့ဝင်တွေ့လိုက် အဆင်ပြေအောင် လုပ်ပေးလိမ့်မယ် ဆိုတော့ မြို့နယ်မှူးကို တွေ့ဖို့စောင့်ရင်း မမက ဘာရယ်မဟုတ် ရုံးခန်းထဲက ဆိုင်းဘုတ်မှာ 
 မှတ်ပုံတင်ပြင်ဆင်ခွင့်နှင့် ပက်သက်ပီး လိုအပ်သည့် စာရွက်စာတမ်းဆိုတာကို စာအုပ်မှာ ကူးလိုက်တယ်။ ကိုယ်ကလဲဖတ်မိတယ်ဆိုတော့ မှတ်ပုံတင်ဆိုတာ ပြင်လို့တော့ ရတာပဲဆိုတဲ့ အသိရှိသွားတယ်။ ။ အကျိုးအကြောင်းကို မြို့နယ်မှူးနဲ့ပြောပြတော့။ သူကသဘောကောင်းပါတယ်။ အမျိုးစုံ ရှင်းပြတယ်။ ဘယ်လိုမှ မကူညီနိုင်ဘူးတဲ့။ အမိန့်ထုတ်ထားတယ်တဲ့။ဒါဆို ထောက်ခံချက်လေး လုပ်ပေးပါ ဆိုတာတောင် မရဘူး။ လူလဲ မျက်နှာငယ်လေးနဲ့ပေါ့။ ဘယ်လိုမှ မကူညီနိုင်တော့ဘူး ဆိုရင်လဲ အတတ်နိုင်ဆုံး ဘာမှလုပ်ပေးနိုင်မလဲ စဉ်းစားပေးပါဆိုပီး ဘဝမှာ ပထမဆုံး အသနားခံခဲ့ရသည်ပေါ့။ သူလဲ ညစ်နေတဲ့ပုံပေါ့။ 

အဲ့ဒီမှာ ခေါင်းထဲ အလင်းတန်းတစ်ခုဝင်လာတယ်။ ဦးရယ်..ဒါဆိုရင် နိုင်ငံသားတွေအတွက် မှတ်ပုံတင်အသစ်ပြင်ရင် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကို အပြင်မှာ ဘာလို့ကပ်ထားတာလဲလို့ မေးတော့တာပေါ့။ ဒီမှာ သူက ဘာလဲ..ဘယ်မှာလဲဆိုတော့ ဦးရုံးအပြင်မှာ ရေးထားတာလေ ဆိုတော့ သူအပြင်ထွက်ကြည့်တယ်။ ဒါက ဘယ်လို လူမျိုးတွေ အတွက်လဲလို့ ကိုယ်လဲမေးမိတယ်။ ဒီမှာ သူလဲ ကိုယ့်ကို နဲနဲဖြုံသွားတယ်ထင်တယ်။ ချက်ချင်း သူ့ထက် ကြီးတဲ့သူ ဆီ ဖုန်းကောက်ဆက်တော့ ဟိုက လဲပြောတယ်။ သူသိပ်မသိဘူး ဒါပေမဲ့ အဲ့ဒါ ဝန်ထမ်းနဲ့ ကျောင်းသားအတွက်ပဲတဲ့။ ဒီတော့ ကိုယ် အကွက်ပိုတွေ့သွားတယ်။ ဟင်..ဒါဆို ဝန်ထမ်း မဟုတ်သူ နဲ့ ကျောင်းသား မဟုတ်တော့တဲ့သူက နိုင်ငံသားတွေ မဟုတ်တော့ဘူးလား။ ဒါဆို သမီးလိုမျိုး နိုင်ငံသားတွေက ဘဝမှာ တသက်လုံး မှတ်ပုံတင် အမှားကို ကိုင်နေရတော့မှာလား လို့ ပြန်မေးလိုက်တယ်။ ဒါဆို သမီးတို့နိုင်ငံက သမီးတို့ကို မတရားဘူးထင်တယ်လို့ပါ ဆက်ပြောလိုက်တော့ သူလဲ ဘာပြန်ပြောရမှန်း သိပုံ မရဘူး။ ဒါနဲ့ပဲ သူက ခုနက အထက်လူကြီးနဲ့ ဖုန်း    ထပ်ဆက်တော့ နောက်လူတစ်ယောက်ကိုမေးကြည့်ဆိုတော့ နောက်လူတစ်ယောက်နဲ့တွေ့တော့မှ နိုင်ငံသား
အစစ်အမှန်ဆိုရင် နိုင်ငံသားခံစားခွင့်အတိုင်း မှတ်ပုံတင် ပြင်ခွင့်ရှိတယ်တဲ့။ ဒီလိုနဲ့..မှတ်ပုံတင် ပြင်ဖို့ အဆင်ပြေသွားတယ်။ ဒါဆိုရင် သမီး ဒီမှာ မှတ်ပုံတင်  အသစ် လျှောက်ထားဆဲ ဖြစ်ကြောင်း  ထောက်ခံချက်လေးရေးပေးမှာလားဆိုတော့..ဘာထောက်ခံချက်မှ မရေးပေးဘူး။ ဒါမဲ့ ဒီရုံးကနေ ရုံးစာနဲ့ထွက်အောင် ချက်ချင်းတော့လုပ်ပေးမယ်။ ဒါကိုပဲပြပေါ့ဆိုတော့.. အဲ့ဒီစာကို ယူပီး ကိုယ့်ရဲ့ မှတ်ပုံတင်စ လုပ်တဲ့ ရုံးကိုလာ..လူမရှိတော့အဲ့ဒီနေ့က အဆင်မပြေဘူး။ 

ကိုယ်ကတော့ မနက်အတွက် စီမံကိန်းဆွဲရတယ်။ ရဲစခန်းထောက်ခံချက်လဲ လိုတယ်ဆိုတော့ ညဖက် ယောက်ခမအိမ် သွားအိပ်ရမယ်။ ဒီတော့ မနက်ကို မမက  သမီးက ယောက်ခမ အိမ်ကနေ ဟိုရုံးသွားပီးရင် မြို့ထဲသွားပီး notary လုပ်မယ် ပီးရင် သံရုံးသွားမယ်ပေါ့။ မမက အိမ်ကလာ ဒီရုံးမှာတွေ့မယ်။ လူကြီးကို ကန့်တော့မယ် စီစဉ်ထားတာ။ ဒီလိုနဲ့ ည ၇ နာရီမှာ ယောက်ခမအိမ်သွား မနက်ကျတော့ ချစ်ချစ်အဖေက ရုံးမသွားခင် ရဲစခန်းလိုက်ပို့ ပီးတော့ ရုံးအသွားမှာ ဝင်ချပေးထားတယ်။ တော်သေးတယ် စောသွားတော့ မြို့နယ်မှူးက ကွင်းဆင်းတော့မှာ ..ဒါနဲ့ လိုအပ်တာ ထပ်လုပ်ပေး ရိုက်စရာရှိတာ ဖြည့်စရာရှိတာတွေ လုပ်ပေးရင်း သွားတော့မှာ ဆိုတော့ မမကိုဖုန်းဆက်ခေါ်တော့ ချက်ချင်းရောက်လာတယ်။ လူကြီး မသွားခင် ကျေးဇူးတင်ကြောင်း အခါခါပြောပီး ကန့်တော့လိုက်တယ်။ (ဘဝမှာ ဒီတခါ ကန့်တော့ရတာ အတန်ဆုံးပဲ)စိတ်ပါ လက်ပါကို ကန့်တော့မိတာ။ လက်နှိပ်စက်ရိုက်တဲ့ ဦးလေးကြီးတွေ ကူညီသူမှန်သမျှ မလပ်စေရပါဘူး။ လုပ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ရဲစခန်းထောက်ခံစာနဲ့ စာရွက်စာတမ်းတွေစုံတော့မှ  ပထမဆုံး သူ့ရုံးကနေ ရုံးဖိုင်တွဲနဲ့ သက်ဆိုင်ရာ မြို့နယ်ရုံးကို သွား။ အဲ့မှာ တခါစောင့် ရတော့ ဒီဖက်ရုံး ပြန်လာ။ တော်သေးတယ်.. မြို့နယ်မှူးက အပြင်ထွက်ခါနီးဆိုတော့ လိုတာတွေ ဖောင်ဖြည့်ဖို့ပြော ပီး သူက လက်မှတ် အရင်ထိုးပေးထားပေလို့ ကိုယ်ရောက်တော့ သူမရှိဘူး။ အဲ့ဒီက စာရွက်ရမှ မမက ဟိုဖက်ရုံးပြေး ကိုယ်က စီစဉ်ထားတဲ့အတိုင်းလုပ်နဲ့ နောက်ဆုံး သံရုံး ပိတ်ကာ နီးလေး ရောက်ပီး တောင်းထားတဲ့ စာရွက် လာပေးတာပြောပီး….ဟူးးးးးးကနဲ သက်ပြင်းချဖြစ်တယ်။ ကိုယ့်ဖက်က တာဝန်ပီးပီ။

၁၆ ရက်နေ့ကို ရင်ခုန်စွာနဲ့ စောင့်ပေါ့။ မတ်လ ၁၄ ရက်နေ့… ကိုယ့်မှာ မှတ်ပုံတင်ကိစ္စနဲ့ အလုပ်တွေ ရှုပ်ပီးတော့ ဂျပန်မှာ တင်ထားခဲ့တဲ့ မှားနေတဲ့ notary ကို မှားသွားပါတယ်ဆိုတဲ့ အကြောင်း ထောက်ခံချက်အတွက် အလုပ်ထပ်ရှုပ်တယ်ဆိုပါတော့။ ဒီအချိန်မှာ ဖုံးဝင်လာတယ်။ သံရုံးက ချစ်ချစ်နဲ့ ပက်သက်တဲ့ စာရွက် ထပ်တောင်းတယ်။ ဟာ….ကိုယ်လဲ ပျာသွားတယ်။ ရှေ့နေကို ဖုန်းထပ်ဆက်တယ်။ ရှေ့နေက ဒါတော့ သူလဲ မတတ်နိုင်ဘူးတဲ့။ ဒါ သတ်သတ်ရစ်တာတဲ့။ ပေးထားတဲ့ စာရွက်တွေက ဥပဒေအရ ဟာကွက်မရှိဟာကို ဒီလိုရစ်တာ တခါမှ သူမကြုံဖူးသေးဘူးတဲ့။ သြော် ဗမာတွေ…ရစ်ပုံ။ ဒီလိုနဲ့ သူ့ဆီ ဖုန်းဆက်ပီး ပြောတော့။ ဒါဆို fax နဲ့ပို့ပေးမယ်ပြောတယ်။ ဒါနဲ့ ကိုယ်လဲ သံရုံးကိုဖုန်းဆက်ပီး ဖက်စ်နံပါတ်မေးတော့ သူတို့က လက်မခံဘူး။ ကိုယ်လဲ နဲနဲစိတ်တိုလာတော့ ပြန်ရစ်နေပီ။ ဟုတ်တယ်လေ။ တော်ရုံပဲ ကောင်းတယ်။ဘေးက သူငယ်ချင်းအမကြီးက ဟဲ့ဟဲ့.. ခုချိန်မှာ ကိုယ်က အောက်ကလေ..သွားမတင်းနဲ့ဆိုပီး ဘေးကနေ အော်နေတယ်။ ဖက်စ်နဲ့မဟုတ်ရင် ကျမ ဘယ်လိုပို့ပေးရမလဲဆိုတော့ ပို့ချင်တာနဲ့ပို့တဲ့ ရောက်လာမှ ဆက်လုပ်မယ်ဆိုတော့ တင်းပီပေါ့။ ဒါနဲ့ပဲ သူ့ဆီပြောတော့ သူလဲ ဒေါတွေကန်တာပေါ့။ သူလဲ အလုပ်ဖျက်ပီး လိုတဲ့စာရွက် သွားယူပီး သံရုံးကို fax နံပါတ်ရှာပီးပို့ပေးလိုက်တယ်။ အေးရော။ ကိုယ့်ဆီကိုတော့ အင်တာနက် ကနေ မေးလ်နဲ့ ပို့ပေးတယ်။ ကိုယ် အဲ့ဒါလဲရရော သံရုံးတန်းပြေးတော့ ပိတ်ခါနီးပဲ ရောက်သွားတယ်။ အဲ့ဒီနေ့က ချစ်သူ့မွေးနေ့ မတ်လ၁၄ ရက် သူနဲ့ကိုယ် မကြည်နူးအားဘူး။ စိတ်တွေ ရှုပ်ရတဲ့ နေ့ပဲ။ အဲဒီနေ့က အိမ်ကလဲ တော်တော်နဲ့ ပြန်မလာတော့ အားလုံးက စိတ်တွေပူ။ အားလုံးပီးမှ ကိုယ်သံရုံးက ထွက်မှ တင်းထားသမျှ ငိုသံနဲ့ဖုန်းဆက်ဖြစ်တယ်။ ခုမှ သံရုံးက ပြန်ရတယ်လို့။ အိမ်ပြန်ရောက်တော့ အိမ်သားတွေကို အားလုံးပြောပြရတယ်။ တအိမ်လုံးဆိုတာ ကိုယ်ဗီဇာလျှောက်တာ အစားအသောက်ပျက် အလုပ်ပျက်နဲ့ ကိုယ့်ကိုကြည့်ပီး ရင်မော စိတ်မော။ ကိုယ်တိုင်ကရော ပြောမနေနဲ့ ချစ်ချစ်ဆိုလဲ ပူလိုက်ရတာ။ ယောက်ခမတွေဆိုတာလဲ စိုးရိမ်လိုက်ရတာ။ နောက်ဆုံး အိမ်ကသူတွေက ပြောတယ် ဂျပန်ကို အလည်တောင် ဘယ်တော့မှ မလာတော့ဘူးတဲ့…။ 

အဲဒီနေ့ နဲနဲ အေးဆေးသွားမှ မမကပြောတယ် ..စိတ်မဆိုးနဲ့ဦးတဲ့ နောက်ဆုံးကျတော့ မှတ်ပုံတင်မှာ ဖြည့်တဲ့data အားလုံးအမှန် ကိုယ့်ကိုထုတ်ပေးတဲ့ အရာရှိရဲ့ အမှား။ ကိုယ်ဆိုတာ ဒေါသတွေများ အလိပ်လိုက်ထွက်တာ။ မမက လျှော့လိုက်တော့ဆိုလို့သာ။ ဟင်းးးးး

ဒီလိုနဲ့ ၁၆ ရက်နေ့ ။
ညက အိပ်လို့တောင်မရ။ တအိမ်သားလုံးလဲ အိပ်မပျော်ကြ။ ချစ်ချစ်လဲ အိပ်မပျော်တော့ ဖုန်းထိုင်ဆက်နဲ့ ပေါ့..။ဒီလိုနဲ့ နာရီသံ တွေ တချက်ချက်ကနေ အချိန်တွေကုန်လာလိုက်တာ နဲ့အမျှ ရင်ခုန်သံတွေ မြန်လာလိုက်တာ။ တကယ်ပါ။ ချစ်သူနဲ့စတွေ့တုန်းကတောင် အဲလောက်ရင်မခုန်ခဲ့ဘူးဘူး။ သံရုံးကို တစ်ယောက်တည်းတောင် မသွားရဲတော့အောင် သတ္တိတွေပျောက်ဆုံး ကုန်လေရဲ့။
နေ့လည် ၂နာရီလောက်မှ သွားပီ…ဗီဇာသွားယူတယ်။ အံ့သြစရာ ကောင်းတာက ဘဝမှာ တခါမှ အဲ့သည်လောက် မပျော်ခဲ့ဘူးဘူး။ ကိုယ် ဗီဇာရတယ်။ ၁လတဲ့။ အိုး…. ကိုယ့်အပျော်မှာ မျက်ရည်စတွေနဲ့… ကိုယ့်ညီမက ကိုယ့်ကိုပြုံးလို့..ချက်ချင်းပဲ ကိုယ်သံရုံးကအထွက် ချစ်ချစ်ဆီက ဖုန်းအလာ ဝမ်းသာစရာ သတင်းပြောပီး အိမ်ကိုချက်ချင်းဆက် ပီးတာနဲ့ ယောက်ခမ ပီးတော့ .. သူငယ်ချင်း များစွာ … ပီးတော့ ရှေ့နေဆီ.. အားလုံးလဲ ကိုယ်နဲ့အတူ အပျော်တွေဝေ..လို့ပေါ့…။ ကိုယ်..နောင်ဆို ဘယ်တော့မှ မြန်မာပြည်က ဂျပန်သံရုံးကို ခြေဦးမလှည့်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်မှာ ဘယ်လောက်ခြောက်လှန့်လဲဆို သံရုံးရှေ့က ကားဖြတ်သွားမိရင်တောင် အဲ့ဒီဖက်ကို လုံးဝမလှည့်ဘူး။ ဇတ်ကနဲဆို လှည့်ဖြစ်တယ်။ ညီမကလဲ ပြိုင်တူလှည့်မိတော့ အကြည့်ချင်းဆုံသွားတဲ့အခါ ကိုယ်တင်မဟုတ် ကိုယ့်ညီမပါ စိတ်နာသွားတယ်ဆိုတာ သိလိုက်တယ်။ ဘယ်တော့မှ အဲဒီဖက် ခြေဦးမလှည့်လို…။

ဒီလိုနဲ့ မှတ်ပုံတင်ကိစ္စလဲ အဆင်ပြေသွားတယ်။ ဒါတောင် ကိုယ် မြို့နယ်ရုံးကို သွားတော့ ခပ်ဝဝနဲ့ တပွင့်ကို ကလိခဲ့သေးတယ်။ ဒါဆို ကျမဖက်က data အမှန်ဆိုတော့ တရားစွဲလို့ ရပီနော်လို့ပေါ့။ သူလဲ လန့်သွားတယ်။ ဒါနဲ့ ကိုယ့်ကေ့စ်ကို လိုက်မေးတော့ ကိုယ် သူ့ကို ခပ်ဝင့်ဝင့်ပြောခဲ့တယ်။ ကျမ မှတ်ပုံတင် အသစ်ရပီလို့.။ ဘာပဲဖြစ်ဖြစ် ရန်စကားတော့ မပြောဖြစ်တော့ဘူး။ ဘာလို့ဆို မနက်ဖြန် ချစ်ချစ်ဆီသွားတော့မယ်လေ…။  အဲ့ဒီနေ့က မှတ်ပုံတင် အသစ်လေးကိုင်လို့ ပျော်ရွှင်စွာ ပြန်ခဲ့တယ်။
သြော် ..ပြောဖို့ မေ့နေတယ်။ မြို့နယ်မှူးက ကိုယ့်ကို နောက်ဆုံး ပြောလိုက်တဲ့စကား .. နောက်ဆုံးတော့ ပြည်သူနဲ့ဝန်ထမ်း လက်တွဲညီတော့လဲ အဆင်ပြေတာပေါ့တဲ့…။ အဟက် ..ကိုယ်ပြုံးပဲပြမိတယ်.. စိတ်ထဲကတော့ သူတို့အမှား ကိုယ့်အမှားလုပ်လို့….ဟွန်း…

စာအရမ်းရှည်ပါသည်။ အရင်ထဲက ရေးထားတဲ့ဟာတွေပါ။သည်းခံဖတ်ပေးလို့ ကျေးဇူးတင်ပါသည်။

Saturday, October 13, 2012

ဝက်ခြေထောက်စွပ်ပြုတ်

ဟိုးတပတ်လောက်က မြေအောက်ဈေးလေးသွားဖြစ်တော့ ဝက်နဲ့ပါက်သက်တာတွေ ဝယ်လာခဲ့တယ်။ ဝက်အူ ဝက်လျှာ ဝက်အသဲ ဝက်ခြေထောက် ကြက်ခြေထောက်တွေ တပွေ့တပိုက်နဲ့ (မနိုင်မနင်းလို့ပြောရင် ပိုမှန်ပါမယ်)ဝယ်လာခဲ့တယ်။

အဲ့ဒီဆိုင်တွေမှာ ကိုယ်တစ်ခုမေးလိုက်တိုင်း ပြန်ပြောတာက တရုပ်လိုတွေဆိုတော့ ကိုယ်တော်တော် စိတ်ညစ်ပါတယ်။ ကိုယ်မှ တရုပ်မဟုတ်ပဲဟာ မဟုတ်ကြောင်းပြန်ရှင်းရတာက အလုပ်တစ်ခုပါ။ ရထားပေါ်ရောက်ပြန်တော့လဲ တရုပ်လားဆိုပီး မနိုင်မနင်းသယ်လာတဲ့ ကိုယ့်ကို နေရာပေးတော့ အမေးခံရပြန်ပါတယ်။း( ကိုယ်တရုပ်မဟုတ်ဘူးးးးးးးးးး ချော်ကုန်ပြန်ပီ။

ဝက်နဲ့ပက်သက်တယ်ဆိုလို့ ပြောရရင် သူ့ကြောင့် ဝက်သား စားဖြစ်တာ ပိုမှန်ပါတယ်။ သူက ဝက်သားကြိုက်တယ်လေ။ အခုတော့ ကိုယ်တခါမှ မဝယ်ဘူး မမြင်ဖူး မကိုင်ဖူးတဲ့ ဝက်လျှာ ဝက်အူ ဝက်ခြေထောက်တွေ ဝယ်လာခဲ့ပါတယ်။ ဝက်အဆုတ် ဝက်နံရိုးတော့ မပါလာခဲ့ဘူး။ မေးဖို့ မေ့သွားလို့။

ဝက်ခြေထောက်နဲ့ပက်သက်ပီး ပြောပြရရင် ဘဝမှာ ၃ခါပဲ စားဖူးခဲ့ပါတယ်။ ဒါတောင် အတင်းကျွေးလို့ စားတာပါ။ ကြည့်ပီး ကြောက်လို့ မစားရဲတာပါ။ ပထမတခါက သူငယ်ချင်းအိမ်မှာပါ ။ အတင်းစားခိုင်းတာနဲ့ မရဲတရဲ စားဖြစ်သွားပါတယ်။ မြန်မာပြည်မှာပါ။ နောက်တခါက ဒီမှာပဲ သူငယ်ချင်းတွေဆုံတုန်းက ဝက်ခြေထောက်ပေါင်း မိန်းမတွေနဲ့တည့်တယ်ဆိုပီး အတင်းကျွေးပြန်တာနဲ့ပဲ စားဖြစ်သွားပါတယ်။ (အမှန်က စားစရာမရှိတော့လို့ ဗိုက်ဆာနေလို့ပါ)။ နောက်ဆုံးတခေါက်ကတော့
 ဒီတခေါက် အိမ်ပြန်တော့ သူ့အတွက် ကိုကို့ ကို ချက်ခိုင်းပီး အိမ်မှာ နဲနဲ စားဖြစ်သွားတာပါ။ ကြောက်ကြောက်နဲ့ စားတာဆိုတော့လဲ သိပ်အရသာ မတွေ့မိပါဘူး။

ဝက်ဆိုလို စိမ်းလန်းက ဝက်သားတုတ်ထိုးဆိုင်လိုမျိုး ကိုယ်တောင်ဖွင့်ချင်ပါတယ်။ ဆိုင်က တော်တော်သန့်တယ်။ အလူမီနီယမ်မှန်ဘောင်နဲ့ အကျလုပ်ထားတဲ့ ဆိုင်မှာ ဝက်သားတုတ်ထိုး ထိုင်ရောင်းနေတာ.. အတော်တော့ မြတ်မဲ့ပုံ။ ငယ်ငယ်တုန်းက စာအုပ်တွေထဲမှာ ဝက်သားတုတ်ထိုးဆိုင်ဖွင့်ရင် တအားမြတ်ပီး ကြီးပွါးသွားတဲ့ အကြောင်းဖတ်မိတော့ ဆိုင်အပြင်အဆင်ကို ကြည့်ပီး သဘောကျမိသား။ နေရာကလဲ ကောင်းဆိုတော့.... အင်း ပြန်ပီး ဆိုင်ဖွင့်ရင် ကောင်းမလားပဲ။း) အယ်.. ချော်ပြန်ပီ။

သူ့ကို ဝက်ခြေထောက်စွပ်ပြုတ် လုပ်ကျွေးချင်တာလဲ တကြောင်း မြန်မာပြည်ပြန်တုန်းက သူက ဝက်ခြေထောက်ပဲ တမ်းတလွန်းသမျှ တရုပ်တန်းသွားချိန်တိုင်း ကုန်တာနဲ့ပဲ တိုးနေတာကို သတိရလို့ အိမ်မှာတခါ ကိုကို ချက်ပေးဖြစ်တာကလွဲလို့ သူ မစားရရှာဘူးဆိုတော့ ဟင်းချက်နည်း အသစ် လက်စွမ်းပြချင်တာနဲ့ ချက်ဖို့ ပြင်တော့တာပေါ့။ ချက်သာ ချက်ရ ဘယ်က စကိုင်ရမှန်းကို မသိတော့ သူ့ကို ဆရာတင်ပီး မေးတော့ ရေနဲ့ဆူအောင်ပြုတ် ပီးရင် သေချာဆေး ပီးပီဆို ဆားဆနွင်းနယ်ပီး ဂျင်းနဲ့ ကြက်သွန်ဖြူနဲ့ထည့်ပြုတ်တဲ့။ ငရုတ်ကောင်းတောင် မထည့်နဲ့တဲ့။ စားမှ ထည့်မယ်တဲ့(သူပြောတာက ဂျပန်လိုချက် တာတဲ့ နောက်မှသိတာ)

ဒါပေမဲ့  ကိုယ်ကလဲ သိတဲ့အတိုင်း ပထမဆုံးချက်မှာလဲ ဖြစ်ပြန် ညှီစောနံမှာကလဲ ကြောက်ပြန်ဆိုတော့ ထုံးစံအတိုင်း အွန်လိုင်းကိုရှာတာပေါ့။ ဒါမဲ့ စိတ်တိုင်းမကျတော့ သူငယ်ချင်းဆီ ဖုန်းဆက်ဖြစ်ရော။ သူကတော့ အမြဲ ချက်နေကျတဲ့ အရမ်းကောင်းတာပဲတဲ့။ သူ့နည်းကို ကိုယ်လဲ ယုံတယ်။ ဘာလို့ဆို ကိုယ်တို့က အပြန်အလှန် ချက်နည်းပညာ ဖလှယ်နေလို့ပေါ့။ ဒါနဲ့ပဲ သူပြောသလို ပထမတရည်ပြုတ်ပီး ရေသေချာဆေးတာပေါ့။ ဒါချစ်ချစ်ပြောသလိုနဲ့တူတယ်။ အဓိက က ကိုယ်က ညှီမှာ သိပ်ကြောက်တော့ သူငယ်ချင်းပြောသလို လုပ်မိတယ်။

ဆားဆနွင်း နယ်ပီးတော့ ပဲငန်ပြာရည် အကြည်ရယ် နယ်ပီးတော့ ခရုဆီလဲထည့်ပီး သမအောင်နယ်တာပေါ့။
မိနစ်၂၀လောက်နှပ်ထား  ပီးတော့ ရေမြှုပ်ယုံထည့်ပီး ပေါင်းအိုးနဲ့ တည်တာပေါ့။ ပေါင်းအိုးကလည်း ပထမ မီးပြင်းပြင်းထည့်ပီး မှ မီးကို မြှင်းမြှင်းထားတာပေါ့။ နာရီဝက်လောက်တခါ ကြည့်ပီး ဟိုဘက် ဒီဘက် လှည့်ပေးတယ်။ ရေခန်းတဲ့အခါ ထပ်ဖြည့်ရင်း ၁နာရီခွဲလောက် ကျတော့ စားလို့ရပီ။ ဒါမဲ့ သိတဲ့အတိုင်း ပဲ မီးကို အနဲဆုံးထားပီးထပ်တင်ထားတယ်။ ငရုတ်ကောင်းမှုန့် အဖြူထည့်ပီး အရသာမြည်းတော့ အိုကေနေတယ်။ မွှေးးးးးးးးနေတာပဲ။

ဒါမဲ့ အဲ့ဒါကို ဘာနဲ့စားရတာလဲဆိုတာ မသိပြန်ဘူး။ ဒါနဲ့ အမျိုးတယောက် အွန်လိုင်းတက်လာတာနဲ့ ဘယ်လိုစားရလဲဆိုတာမေးတော့ အချဉ်ရည်နဲ့တဲ့။ အချဉ်ရည် ဘယ်လိုလုပ်လဲဆိုတော့ သူပြောပြတဲ့နည်းနဲ့ သမလိုက်တာပေါ့။ ဒါမဲ့ သူပေးတဲ့နည်းထဲက ခရမ်းချဉ်သီးဆော့စ် တော့ မထည့်ဘူး။ ငန်ပြာရည်လဲ မထည့်ဘူး။

ကိုယ်လုပ်တဲ့ အချဉ်ရည်က
ပထမ မန်ကျည်သီးကို ပျစ်ပျစ်လေးဖျော်လိုက်တယ်။ ပီးတော့ ငရုတ်ဆီထည့်တယ်။ သကြားထည့်တယ်။ ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ဆားကိုထည့်တယ်။ ငရုတ်သီးစိမ်းလေးတွေ ပါးပါးလှီးထည့်တယ်။ နံနံပင်လေး ၂ချောင်း၃ချောင်းလောက် လှီးထည့်တော့ အချဉ်ရည်ဆိုတာ ရှယ်ပဲ။ သူကတော့ အချဉ်ရည်ကို သေချာ နည်းမှတ်တဲ့။ အရမ်းကောင်းတယ်တဲ့။း)

သူအိမ်ပြန်လာတော့ သူ့ကို ဝက်ခြေထောက်လေး မွှေးနေတာပဲ ပြောတော့။ သူက ဘယ်လိုချက်သလဲတဲ့။ သူ့နည်းနဲ့ ချက်တာ မဟုတ်တော့ စိတ်တွေဆိုးပီး နောက်တခါ သူ့ကို မမေးနဲ့ ဆိုပီး ထုံးစံအတိုင်း ရန်ဖြစ်တာပေါ့။ ဒီကလဲ မစားဘူးလား ဒါဆိုလဲ မစားနဲ့ သွန်ပစ်မယ်လို့ (ပါးစပ်ကအမြဲပြောတာ တကယ် ဘယ်တော့မှ မလုပ်) ပြောတာပေါ့။ သူက သူ့ကို မယုံလို့ သူပြောသလို မချက်တာလား ဘာလားနဲ့။ မယုံတာ မဟုတ်ဘူး။ညှီမှာကြောက်လို့ဆိုလဲ မရဘူး။ အဲဒါနဲ့ ထုံးစံအတိုင်း စိတ်ကောက် ပုလဲခ သူကပြန်ချော့ ပြန်စိတ်ကောက်နဲ့ သံသရာလည်ပီးးးမှပဲ သူက စားမယ်တဲ့။ အဲ့ဒီတော့မှပဲ ဝက်ခြေထောက်စွပ်ပြုတ်ကို ထည့်ဖြစ်တော့တယ်။ စားဖြစ်တော့လဲ သူပြောပါတယ်။ အရမ်းကောင်းတယ်တဲ့။း) သူက ဂျပန်လို စားချင်လို့ပြောတာဆိုပီး ပြန်လျှောချတယ်။ ကိုယ်ကလဲ တခါမှ မချက်ဘူးတော့ အရမ်းညှီမှာကြောက်လို့ ဆိုပီး ပြောပေါ့။ အဲဒါကြောင့် ပြောတာ နောင်ဂျိန်ပါဆို..။ ပီးတော့ ဟုတ်တာလဲ မဟုတ်ဘူး။ တယောက်မပြုံးရင် တယောက်မနေနိုင်ဘူး။း)
ကိုယ်လဲ စားရင်းစားရင်းနဲ့ အရသာကို အရမ်းကြိုက်သွားတော့ နောက်ဆို မကြာမကြာ ချက်ဖြစ်မလားပဲ။း)

စာဖတ်သူတွေလဲ အဆင်ပြေရင် လုပ်စမ်းကြည့် အရမ်းမိုက်တယ်...း)

Thursday, October 11, 2012

အသံကြောင့်ဖားသေ

အသံကြောင့်ဖားသေ

by Wewe Peace on Tuesday, October 9, 2012 at 8:04pm ·
ကိုယ့်မြန်မာကို အားပေးတာ အားပေးတာပေါ့။ သူများမျက်စိ ပမွှေးစူးလောက်အောင်တော့မလုပ်သင့်ဘူးလို့ ကျွန်မထင်ပါတယ်။ အထူးသဖြင့် Miss international Facebook Public page မှာ သူများတွေက Virus လို့ ထင်ရလောက်အောင်" မြန်မာ  မြန်မာ  မြန်မာ" ဆိုတာကို အခါ ၁၀၀ ရေးတာမျိုး။ (အခု ဖယ်ရှား ခြင်းခံရလို့မရှိတော့ပါဘူး) ပြီးတော့ မြန်မာမပါတဲ့ ဓာတ်ပုံမှာ " မြန်မာ  မြန်မာ  မြန်မာ" လို့အော်ချင်ရာ အော်တာမျိုးတွေကြောင့်  မြန်မာတွေ မျက်စိမပါဘူးလား။ စာမတတ်ဘူးလား လို့ထင်သွားပါလိမ့်မယ်။ ကျွန်မတို့တွေ ကပ္ပလီတွေကို ရိုင်းတယ် သွေးဆိုးတယ်ဆိုပြီး ကြည့်မရ အထင်သေး သလိုပေါ့။ ဘယ်သူမပြု မိမိမှုပါ။ မြန်မာတယောက်လာ ဒီအချိုး နှစ်ယောက်လာ ဒီအချိုးဆို  ကြာရင် နိုင်ငံတကာက မြန်မာဆိုတာ ဒီလို ပေါကြောင်ကြောင်လူမျိုးတွေပါလားလို့ မှတ်ယူသွားပါလိမ့်မယ်။ ကိုယ့်လူမျိုးကို အဲ့ဒီလိုအထင်မခံစေချင်ပါဘူး။ Miss international Facebook Public page ဆိုတာ တစ်ကမ္ဘာလုံးက လူတွေလာကြည့်ကြတဲ့နေရာပါ။

 ပြီးတော့ ဟိုမှာ နန်းခင်ဇေယျာ ကို တခြားလူမျိုးတွေက အမြင်ကတ်ပြီး ဝိုင်းပြီးကျင်ထားကြမှာ ကျွန်မစိုးရိမ်းပါတယ်။ သူကမျှာလဲရှက်ရှာမှာပေါ့။ နင့်လူမျိုးတွေက ဒီလိုလားဟဲ့ ဆိုပြီး။ အဝေးရောက်နေတဲ့ ကိုယ့်ညီမလေးကို ကိုယ့်ရဲ့မဆင်မခြင်လုပ်ရပ်တွေကြောင့် သူများတွေက အမြင်ကတ်ပြီး ဝိုင်းအနိုင်ကျင့်ကြတာ သင်အဖြစ်ခံနိုင်သလား။

 ပြီးတော့ မယ်တိုင်းက ကိုယ့် ဓာတ်ပုံတက်လာရင် ကိုယ့်ကို ကိုယ့်လူမျိုးတွေက ဘယ်လောက်ဝိုင်းပြီး အားပေးကြတယ်ဆိုတာ သိချင်ကြတာချည်းပါပဲ။ အားပေးတဲ့စာတွေကို ဖတ်လိုက်ရင် မဆီမဆိုင် " မြန်မာ  မြန်မာ  မြန်မာ" ဆိုပြီး ပေါက်တက်ကရတွေတက်တက်အော်နေတော့ ဓာတ်ပုံထဲမှာ မြန်မာလဲ မပါပဲနဲ့ဆိုပြီး လှောင်ချင်စရာ ၊ ဟားချင်စရာ ဖြစ်ပါတယ်။ ပြီးတော့ သူများလူမျိုးကို မကြိုက်ရင်မကြည့်ပါနဲ့။ သူများဓာတ်ပုံအောက်မှာ မလှဘူး ဘာညာကွိကွဆိုပြီး ရေးတာမကောင်းပါဘူး။ ကိုယ့်ဓာတ်ပုံအောက်မှာဒီလိုလာရေးရင် ကိုယ်ကော သဘောကျလား၊ လက်ခံနိုင်သလား။

ကျွန်မက သူငယ်ချင်းကို ဒီ link မှာ လူမျိုးခြားနှစ်ယောက်က မြန်မာတွေကိုဝေဖန်ပုံ ကို ကြည့်ခိုင်းလိုက်တော့ သူက ဓာတ်ပုံတိုင်းကိုကြည့်ဖို့ ပြန်ပြောပါတယ်။ ကျွန်မလဲ ဓာတ်ပုံတိုင်းကိုကြည့်ကြည့်တော့ ပုံတိုင်း မြန်မာလို့ ထအော်ထားတာတွေ့ရပါတယ်။

Miss International Beauty Pageant Page မှ comments တချို့
လူမျိုးခြားတယောက်က "ဒီဓာတ်ပုံမှာ မြန်မာမယ် ပါလို့လား။ ဒီဓာတ်ပုံထဲမှာပါတဲ့ အမျိုးသမီးလေးတွေကလဲ အားပေးခြင်းခံသင့်ပါတယ်။ ဒီလို  မြန်မာမယ် ဆိုပြီး ခဏခဏကြားနေရတာ စိတ်ပျက်ငြီးငွေ့စရာပါပဲ။  အကယ်၍များ ဒီဓာတ်ပုံထဲမှာ  မြန်မာမယ် ပါလို့ရှိရင်၊ ငါတို့အားလုံး ဝိုင်းပြီးအားပေးလို့ရပါတယ်။ ဒါပေမယ့် သူမပါတဲ့ အခါမျိုးမှာ ဘာအဓိပ္ပာယ်ရှိမှာလဲ။ မြန်မာပြည်ကလူတယောက်မှ သူတို့ကိုသူတို့  ငြီးငွေ့စရာအလွန်ကောင်းတယ်ဆိုတာသတိမထားမိကြဘူးလားမသိဘူး။

အဲ့ဒီမှာ နောက်တယောက်က "ဟုတ်တယ် ဒေါက်တာရေ ။  မြန်မာလူမျိုးတွေက ဓာတ်ပုံတွေမှာ မြန်မာမယ်ပါပါ မပါပါ နေရာတကာ စုပြီးဝိုင်းရေးနေကြတယ်။  အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ။ သူတို့က လူဂရုစိုက်ခံချင်လို့ တမင်သက်သက် လုပ်နေသလား ၊ ဒါမှမဟုတ် သူတို့ရဲ့ မယ်က အချောဆုံး အလှဆုံး ဆိုတာကို လူတကာကို ပြော ချင်လို့လား ကျွန်မတော့မသိတော့ဘူး ။ တကယ်တော့ တခြားမယ်တွေက မြန်မာမယ်ထက်အများကြီးသာပါတယ်။

ကျွန်မသူငယ်ချင်းက ညည်းပါတယ်။ "စိတ်ညစ်ပါတယ် သူငယ်ချင်းရာ  မြန်မာမယ်က တော့ Miss International Beauty Pageant website မှာ ပေါ်ပြူလာမဖြစ်ပဲ မဆင်မခြင်လူတစုကြောင့် ဒုက္ခရောက်ပါပြီ။"

အခုဆိုရင်  မြန်မာမယ် ဓာတ်ပုံကို တခြားသူတွေလောက် ဖော်ပြခြင်းမရှိတော့ပါဘူး။ လူတွေအားလုံးသတိထားမိကြမှာပါ။
တော်တော်စိတ်မကောင်းစရာပါပဲ။ ကြာရင် vote တွေလဲအသိအမှတ်ပြုချင်မှပြုပါတော့မယ်။

ကိုယ့် မြန်မာတွေကို စည်းကမ်းရှိစေချင်ပါတယ်ရှင်။ အေးဆေးထိုင်ပြီး အားပေးလို့ရပါတယ်ရှင်။ အသံကြောင့်ဖားသေတဲ့။ စကားပုံလေးလဲကြားဘူးကြမှာပေါ့။ အားလုံးကို ကောင်းစေချင်တဲ့ စေတနာနဲ့ရေးလိုက်တာပါ။ ကျွန်မကို ဘယ်နှစ်ယောက်လောက်က ဝိုင်းဆဲကြအုံးမလဲမသိပါဘူး။ ကိုယ့်လူမျိုးအကြောင်းကိုယ်ပဲသိတယ်။

ဒါကြောင့် တတ်နိုင်ရင် မြန်မာမယ် မပါတဲ့ ဓာတ်ပုံ အောက်မှာ ကွန်မန့် တွေဘလပွနဲ့ "မြန်မာ မြန်မာ" လို့မအော်ပါနဲ့လို့ အနူးအညွန့်  မေတ္တာရပ်ခံပါတယ်ရှင်။
ကျွန်မက မြန်မာလူမျိုးဖြစ်လို့ ကိုယ့်မြန်မာတွေရဲ့စိတ်ကို ကောင်းကောင်းသိပါတယ်။ မြန်မာတွေက ပွင့်လင်းတယ်။ ရိုးသားတယ်။ စိတ်ထဲရှိရင် ရှိတဲ့အတိုင်းပြောတတ်တယ်။  ဟန်မဆောင်တတ်ဘူး။ တခုဖြစ်နိုင်တာက ကိုယ့်သူငယ်ချင်း တယောက်က "မြန်မာ မြန်မာ" အော်လိုက်လို့ ကိုယ်က အပေါ်က ဓာတ်ပုံ တွေ ဝေဖန်မှူတွေကိုသေချာမကြည့်မိပဲ  အလျှင်စလို ဝင်ပြီး ကွန်မန့် ပေးမိတာမျိုး၊ အားပေးမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အလျှင်စလို ကွန်မန့် မပေးကြပါနဲ့လို့။  မေတ္တာရပ်ခံပါတယ်ရှင်။

ကျေးဇူးပြုပြီး ဝေမျှပေးပါလို့ မေတ္တာရပ်ခံပါတယ်ရှင်။

ဟုတ်ပြီ မြန်မာပုံ မပါရင် ကွန်မန့် မပေးရဘူးဆို ၊ ဘယ်မှာသွားအားပေးရမှာတုံးလို့ မေးစရာဖြစ်လာပါတယ်။ ဟုတ်ကဲ့ အဖြေကရှိပါတယ်။  
အချိန်မရလို့ မြန်မာမယ်ပါတဲ့ ဓာတ်ပုံတွေတစ်ခုခြင်း မရှာနိုင်တဲ့ ကိုကို ၊ မမ ၊ မောင်လေး ၊ ညီမလေးများ အတွက် မြန်မာမယ်ပါတဲ့ ဓာတ်ပုံ Links တွေကို အားလုံးအဆင်ပြေအောင်လို့ တနေရာထဲ စုစည်းတင်ပြလိုက်ပါတယ်။ အဲ့ဒီ့မှာ သွားပြီး စိတ်ကြိုက်အားပေးလို့ရပါတယ်ရှင်။ ဓာတ်ပုံအသစ်တင်ရင်လဲ ထပ်ထည့်ပေးပါအုံးမယ်။

  1. http://www.facebook.com/photo.php?fbid=461399937244263
  2. http://www.facebook.com/photo.php?fbid=461399353910988
  3. http://www.facebook.com/photo.php?fbid=461398300577760
  4. http://www.facebook.com/photo.php?fbid=461341370583453
  5. http://www.facebook.com/photo.php?fbid=461329007251356
  6. http://www.facebook.com/photo.php?fbid=460996470617943 ( အလယ်က ခဲရောင်ဝတ်ထားတဲ့ ဖွားဖွားရဲ့ ညာဘက်/ဓာတ်ပုံဘယ်ဘက် နှစ်ယောက်မြောက် ဒုတိယတန်း အလယ်မှာညပ်နေ)
  7. http://www.facebook.com/photo.php?fbid=460994127284844
  8. http://www.facebook.com/photo.php?fbid=460695717314685
  9. http://www.facebook.com/photo.php?fbid=460663900651200
  10. http://www.facebook.com/photo.php?fbid=460663450651245(Sweden နောက်)
  11. http://www.facebook.com/photo.php?fbid=460662937317963
  12. http://www.facebook.com/photo.php?fbid=460662623984661
  13. http://www.facebook.com/photo.php?fbid=460662057318051
  14. http://www.facebook.com/photo.php?fbid=460148427369414
  15. http://www.facebook.com/photo.php?fbid=459704490747141
  16. http://www.facebook.com/photo.php?fbid=459704147413842 (အလယ်မှာ အမည်းရောင်ဝမ်းစက်လေး အဖြူလေးဘေးက)
  17. http://www.facebook.com/photo.php?fbid=459703980747192
  18. http://www.facebook.com/photo.php?fbid=459703787413878
  19. http://www.facebook.com/photo.php?fbid=459701824080741
  20. http://www.facebook.com/photo.php?fbid=459697457414511
  21. http://www.facebook.com/photo.php?fbid=459415614109362
  22. http://www.facebook.com/photo.php?fbid=459413820776208
  23. http://www.facebook.com/photo.php?fbid=459412554109668
  24. http://www.facebook.com/photo.php?fbid=458884354162488
  25. http://www.facebook.com/photo.php?fbid=458879327496324
  26. http://www.facebook.com/photo.php?fbid=458873450830245
  27. http://www.facebook.com/photo.php?fbid=458494784201445
  28. http://www.facebook.com/photo.php?fbid=458492290868361
  29. http://www.facebook.com/photo.php?fbid=449936635057260

Saturday, October 6, 2012

ကုန်းဘောင်ကြီးကြော်

ဝက်သားကုန်းဘောင်ကြော်

အဲ့ဒီနေ့ကပေါ့.. သရက်ချဉ်သုတ်၊ ပဲနီလေးဟင်း နဲ့ ဘာများချက်ရင် ကောင်းမလဲလို့ ထုံးစံအတိုင်း အကြံဥာဏ် တောင်းဖြစ်တော့ ဝက်သားနီဟင်းချက်ဖို့ ဖြစ်လာတယ်။ ဟမ်.. ဝက်သားကုန်းဘောင်ဆိုပီး ဘယ်လိုလုပ် ဝက်သားနီဖြစ်လဲလို့ စဉ်းစားနေလား။ မတွေးပါနဲ့ ဆက်ဖတ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

ဝက်သားနီဆိုတော့ အာရုံမှာ ရေးရေးပေါ်လာတာက လွန်ခဲ့တဲ့ ဆယ်စုနှစ်၁ခုလောက်က သူငယ်ချင်းအဆောင်ကို လိုက်သွားတော့ သူချက်ကျွေးရင်း ပြောတာက ဝက်သားကို ချခါနီးမှာ သကြားထည့်ရင် ဝက်သားလေးကနီသွားတယ်တဲ့။ အဲဒါကို ဝက်သားနီချက်လို့ ခေါ်သတဲ့။ ဒါမဲ့ ချက်မဲ့နေ့က သူငယ်ချင်း ကိုမေးတာကျတော့ သူက မန်ကျည်းသီးထည့် မထည့်ချင် ခရမ်းချဉ်သီးထည့်တဲ့။ ရမ်းသမ ဆရာမကြီး  တွေးရပီပေါ့။ ဒါနဲ့ အွန်လိုင်းကိုလဲ မပယ်နဲ့ ဆိုတဲ့ စကားအတိုင်း အွန်လိုင်းမှာ ဟိုဒီမွှေနောက်တော့ တွေ့ပါတယ်။ သုံးထပ်သားကြီးကို ဝက်သားနီချက် ချက်နည်းတွေ။ အင်း..ဒီတော့ ကိုယ်လဲ ရောသမနည်းနဲ့ချမဟဲ့ ဆိုပီး ရေခဲသေတ္တာကို အဖွင့်မှာတော့  ကျန်ရှိနေတဲ့ ဝက်သားက လက်သီးဆုပ်ကလေး လှမ်းပြတယ်။ နင်ချက်ချင်တဲ့ ဝက်သားနီတော့ မရဘူးဟေ့။ လှီးလိုက်ရင် ၄တုံးလောက်ရမဲ့ဟာဆိုပီး လှောင်နေတော့ ဒီကလဲ ဘာရမလဲ စိတ်နာနာနဲ့ ဝက်သားနီတော့ မချက်ဘူး နင့်ကို ကုန်းဘောင်ကြော် လုပ်မဟဲ့ဆိုပီး စိတ်ကူးကို ရုတ်ချည်းပြောင်းပစ်လိုက်တာပေါ့။ ဒီလိုနဲ့ ကိုယ်ချက်မဲ့ဟင်းက ဝက်သားကုန်းဘောင်ကြော် ဖြစ်သွားလေရဲ့။

အမှန်ဆို ဝက်ကုန်းဘောင်ဆိုတာ အသားကြီးပဲ ကြော်တာ တွေ့ဘူးတာပဲ။ (ဆိုင်မှာစားရတာ ပြောတာ)
ကိုယ့်ဝက်သားက ၃ထပ်သားကို မျက်စိမှိတ်ပီး ကုန်းဘောင်လုပ်တာ ။ ဘာဖြစ်လဲ။ ငါ ဗိုလ်ပဲ။လာထား... ဘီလိုချက်ရပါ့ဆိုပီး.. ရှေးထုံး..အဲ အွန်လိုင်းကို မပယ်ပဲနဲ့ ရှာလိုက်တော့ တီတီဆွိ  ရဲ့ကြက်သား ကုန်းဘောင်ကြော် သွားတွေ့လေရဲ့။ သူလို အကုန်တော့ မတူပေမဲ့ ဘာကိုလုပ်လုပ် စုတုပြု ပညာရှင်ပီပီ ရမ်းသမချက်ပါတော့မယ်။

ဝက်သားတွေကို အနေတော် လက်သန်းတဆစ်စာလောက် ဖြတ်လိုက်ပါတယ်။ ထုံးစံအတိုင်း ဆားဆနွင်းနယ်ပါတယ်။ ပီးတော့ အသီးအရွက်ဘာရှိလဲ ကြည့်လိုက်တော့ မုန်လာဥနီရှိတယ်။ ခြံထဲက ကြက်သွန်မြိတ်ရယ်ပေါင်းတော့ အိုကေပီပေါ့။ ငရုတ်သီးအခြောက်ကိုလဲ ဆီနဲ့လှိမ့်ဖို့ ထုတ်လိုက်တယ်။ တီဆွိကတော့ သူက ဆော့စ်ကို သတ်သတ်လုပ်တယ်။ ကိုယ်ကတော့ ကိုယ့်မှာရှိတဲ့ဟာနဲ့ ဖြစ်သလိုလုပ်ပါတယ်။ ကိုယ့်ရဲ့ဆော့စ်ကတော့ ပရိုတွေ ကြားရင် ဖျားသွားမယ်ထင်တယ်။
ပထမဆုံး ကော်မှုန့်ကို အရည်ဖျော် ပဲငန်ပြာရည် အကြည်လေးနဲနဲထည့် သကြားထည့် ပီး ဆားဆနွင်းနဲ့ မိနစ်၂၀လောက်နှပ်ထားတဲ့ ဝက်သားကို နယ်လိုက်ပါတယ်။
မုန်လာဥနီကို မကြီးမငယ် အချောင်းလေးတွေ တုံးလိုက်ပါတယ်။ ကြက်သွန်မြိတ်ကိုလဲ လက်ဆစ်လောက်လေးတွေ ဖြတ် လိုက်ပါတယ်။ ကြက်သွန်နီကိုလဲ လေးထောင့် အနေတော်လေးဖြစ်အောင်လှီးလိုက်ပါတယ်။
ချက်ပါတော့မယ်။

ပထမ ငရုတ်သီးကို ကြော်ပါတယ်။ နောက်တော့  ဆီထပ်ထည့်ပီး ဂျင်းအနည်းငယ်ကို ချေပီးထည့်လိုက်ပါတယ်။ပီးတော့မှ ဝက်သားထည့်ပါတယ်။ မီးမြှင်းမြှင်းနဲ့ ဝက်သားကို လှိမ့်လိုက်ပါတယ်။ ခနနေတော့  မုန်လာဥနီကိုထည့်ပါတယ်။ နောက်ခနထပ်နေတော့ ကြက်သွန်နီထည့်ပါတယ်။ အရသာမြည်းပါတယ်။ အိုကေပီဆိုတာနဲ့ ..ဝက်သားလဲ နူးပီထင်တာနဲ့ ခရုဆီကို အပေါ်ကဆမ်းလိုက်ပါတယ်။ ပီးလဲပီးရော မွှေပီးတော့ နောက်ဆုံးချခါနီးမှ ကြက်သွန်မြိတ်နဲ့ သီဟိုဋ်စေ့ကို ထည့်ပီး မီးပိတ်လိုက်ပါတယ်။
မထင်မှတ်ပဲ တကယ်စားကောင်းပါတယ်။
သူကလဲ ပြောတယ်။ စားလို့ကောင်းတယ်တဲ့း)
                                           သရက်ချဉ်သုတ်ကတော့ လွယ်လွယ်လေးလို့ ထင်တာပဲ။ မှန်မမှန်တော့ သိဘူး။ အဲလိုပဲ သုတ်လိုက်တာပဲ။ မသုတ်ခင်တော့ စဉ်းစားရတယ် ။ ဘာတွေ ထည့်ရလဲလို့..း))
သရက်ချဉ်၊ ကြက်သွန်နီ ၊ ပုစွန်ခြောက်မှုန့် ၊ ငရုတ်သီးစိမ်းပါးပါးလှီးပီးဆီစိမ်းဆမ်း၊ ပဲမှုန့်နဲနဲထည့်ပီး နှမ်းထောင်းလေးဖြူးတော့ ဆားလို့တော့ ကောင်းသားပါပဲ။

ပဲနီလေးဟင်းကတော့ အလွယ်ချက်ချင် အဲ့ဟင်းကို အရည်သောက်ချက်တာ များတယ်။ အခုတလောတော့ ကိုယ့်ချစ်ချစ်က ငရုတ်ရွက် ကြိုက်တယ်ဆိုတာနဲ့ ပဲနီလေးဟင်းထဲ ငရုတ်ရွက်တွေ ခပ်ခပ်ထည့်နေတာ ငရုတ်ပင်လဲ တရုပ်တွေ မြန်မာမြေကို တစစီဖဲ့နေသလိုပဲ အပင်လေးလဲ ကြည့်မကောင်းချင်တော့ဘူး။
ငရုတ်ရွက် စားကောင်းသတဲ့။ စမ်းကြည့်ပေါ့နော်။

မှတ်ချက်။ဟင်းချက်နည်းများမှာ ရမ်းသမများ ဖြစ်၍ မေ့မှာဆိုးလို့ မှတ်တမ်းတင်ခြင်းဖြစ်ပါသည်။ ဒါမှ နောက်ခါ ပြန်ချက်ရင် ကြည့်ဖို့ပေါ့။

Friday, October 5, 2012

အချစ်ကဗျာ

အချစ်ဆိုတာ ..
ချို ချဉ် ဖန် ခါး
ရသာများ (နှင့်)
ပြည့်စုံသည့်တွက်
မချစ်နိုင်ပဲ
လင်မယူနှင့်
ငါးပါးမှောက်မည်မှတ်။

ချစ်ပင်ချစ်ငြား
လျှာနှင့်သွားမှာ
မထိကလိ
ထိကလိနှင့်
အမြဲတွေ့မည်မှတ်။

အချစ်မပါ
ဦးနှောက်သာ
လက်ထပ်ထားရင်သာ
မြန်စွာမနှေးလက်ပြသေး
တခုလပ်ဖြစ်မည်မှတ်။

အချစ်ရှိရင်
ဘဝတွင်
စာနာစိတ်ထား
သည်းခံပွါး
ရည်ရှည် မြဲမည်မှတ်။

မင်းလူ ရဲ့ ရှေ့ကြောင်းပြန်

ရုပ်မြင်သံကြားမှ ခေတ်ဟောင်းဇာတ်ကားတစ်ကားပြနေသည်။ ထိုင်ကြည့်နေသူများမှာ အရွယ်အမျိုးမျိုးဖြစ်၏။ မူလတန်း အရွယ်ကလေးငယ်မှ  အသက် ခုနစ်ဆယ်ကျော် အဘွားအိုအထိ ပါဝင်သည်။
    ဇာတ်ကားထဲက မင်းသားနှင့်မင်းသမီးသည် အဘွားအိုငယ်စဉ်က အသည်းစွဲခဲ့သူများဖြစ်၏။ အဘွားအိုသည် ဇာတ်ကားကိုကြည့်နေရင်းက ထိုမင်းသား၊ မင်းသမီးတို့၏ အခြားဇာတ်ကားများအကြောင်း၊ သူတို့ ဘယ်လောက်ချောကြောင်း၊ လှကြောင်း၊ မိမိနှင့် အသက်ချင်း မတိမ်းမယိမ်းဖြစ်ကြောင်း မြိန်ရည်ရှက်ရည် ပြောပြနေသည်။ အဘွားအို၏မျက်နှာသည် နှစ်ပေါင်းများစွာ ပြန်လည် နုပျိုသွားသလိုဖြစ်နေ၏။ ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းကိုပင် ခပ်တိုးတိုး လိုက်ညည်းနေလိုက်သေးသည်။
    ဇာတ်ကားထဲမှာ ခေတ်ဟောင်းက မော်တော်ကားလေးတစ်စီးပါသည်။ ပရိသတ်ထဲက ဖခင်ဖြစ်သူက
    "သမီးတို့ဘိုးဘိုးမှာ အဲဒီလိုကားမျိုးတစ်စီးရှိတယ်။ အဖေတို့ငယ်ငယ်က အဲဒီကားလေးနဲ့ ကျောင်းတက်ခဲ့တာပေါ့"
    ဟု ပြော၏။ ပြီးတော့ တစ်ရက်တွင် သမီးရည်းစား ချိန်းတွေ့ပြီး လျှောက်လည်ကြစဉ် လမ်းမှာ အိမ်ကကားနှင့် သွားတိုးမိပုံကို ပြောပြ၏။ ကလေးတွေ သဘောကျကြသည်။ အမေလုပ်သူက ငယ်မူပြန်ရှက်ပြုံးကို ပြုံးသည်။
    ထို့နောက် ငယ်ငယ်က မုန့်ဖိုးနှစ်ဆယ့်ငါးပြားရသည့်အကြောင်းသို့ ရောက်သွား၏။ တစ်ထွာကျော်ကျော်လောက်ရှိသည့် ပြောင်းဖူးကြီးတစ်ဖူးကိုမှ ဆယ်ပြားသာပေးရကြောင်း ပြောသောအခါ ကလေးများက ရယ်ကြ၏။
    "အံမယ် ငါတို့ငယ်ငယ်က လက်ဖက်ရည်တစ်ခွက် နှစ်ပြားပဲရှိတာ"
    ဟု အဘွားဖြစ်သူကပြောပြသောအခါမှာတော့ ကလေးတွေ အံ့သြကုန်ကြလေသည်။ ဒါကိုကြည့်ပြီး လူကြီးတွေက ကျေနပ်နေကြ၏။

                *  *   *

    "ဒီကို မြန်မြန်လာကြဟေ့"
    ဟု အဖွဲ့ခေါင်းဆောင်က လှမ်းအော်သည်။ အဖွဲ့သားတွေအားလုံး သူ့အနီးသို့ ၀ိုင်းအုံရောက်ရှိသွားသည်။
    "ဒီမှာ တွေ့လား"
    မြေကြီးထဲမှ တစ်စွန်းတစ်စထွက်နေသော ကျောက်ချပ်ကလေးကို ညွှန်ပြသည်။
    "ဖြစ်နိုင်တယ်"
    "ဟုတ်တယ်"
    အားတက်သရောပြောလိုက်သောအသံများ ထွက်ပေါ်လာ၏။
    ခေါင်းဆောင်ဖြစ်သူက ကျောက်ချပ်ငယ်ကိုဖုံးနေသော မြေကြီးများကို ဂရုတစိုက်ခြစ်ထုတ်သည်။ မြေမှုန့်များကို စုတ်တံဖြင့် ခပ်ဖွဖွ ခါထုတ်သည်။
    သူသည် ကျောက်ပြားငယ်ကို ထိခိုက်မှုမရှိစေရန် ခွဲစိတ်ဆရာဝန်တစ်ဦးကဲ့သို့ သတိကြီးစွာထား၍ ဆောင်ရွက်နေသည်။
    နောက်ဆုံးတွင် ကျောက်ချပ်ငယ်ကလေးမှာ ပြည့်စုံစွာ ရုပ်လုံးပေါ်လာသည်။ လက်တစ်ဝါးခန့်ရှိသော ကျောက်ပြားလေးပေါ်မှာပင် ဘုရားအလောင်းဖွားတော်မူခန်းပုံကို အသေးစိတ် ထွင်းထုထား၏။
    "ဒါဟာ အင်မတန်ရှားပါးအဖိုးတန်တဲ့ အန္တကူကျောက်ပဲ"
    ဟု အဖွဲ့ခေါင်းဆောင်ကပြောသည်။ သူ့အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေ၏။ အဖွဲ့သားအားလုံးမှာ ထီပေါက်ကြောင်း သတင်းကြားလိုက်ရသလို အံ့သြ ၀မ်းသာနေကြလေသည်။

                *  *   *

    ပြတိုက်ကြီးများတွင် ရှေးဟောင်းပစ္စည်းများကို အမြတ်တနိုးသိမ်းဆည်းပြသထားသည်။ လေလံပွဲများတွင် ရှေးဟောင်းပစ္စည်းများကို ဈေးကြီးပေး၍ ၀ယ်ယူကြသည်။ ရှေးဟောင်းပစ္စည်းသာ ရမည်ဆိုလျှင် လူသတ်ဖို့ ၀န်မလေးသူတွေတောင်ရှိ၏။
    ထို့အတူ ရှေးဟောင်းအဆောက်အအုံများကို မပျက်စီးအောင် ငွေကုန်ကြေးကျခံ၍ ထိန်းသိမ်းစောင့်ရှောက်ပြုပြင်ကြသည်။ ခေတ်ဟောင်းပုံစံ မော်တော်ကားကိုမှ ဂုဏ်ယူပြီးစီးတတ်သူတွေရှိ၏။ ပစ္စည်းဝယ်တာတောင် လက်ဟောင်းမှ လိုချင်ကြသည်။
    "ဟဲ့ အဲဒီဖန်ခွက်ကို ရိုရိုသေသေကိုင်နော်။ မကွဲစေနဲ့။ မင်းထက် အသက်ကြီးတယ်"
    ဆိုသောစကားမျိုး အိမ်တိုင်းမှာ ကြားရတတ်သည်။ အနုပညာနယ်ပယ်မှာလည်း ဒီအတိုင်းပဲဖြစ်၏။
    "ခုခေတ် မင်းသားတွေ ဘယ်လောက်တော်တယ်ပြောပြော ခင်မောင်ရင်ကို မမီသေးပါဘူး"
    ဆိုသောစကားမျိုး၊
    "မေရှင်ဆိုတာ ပိုကောင်းတယ်"
    ဟူသော မှတ်ချက်။
    "ရွှေမန်းတင်မောင်လိုပုဂ္ဂိုလ်မျိုး နောက်ထပ်ပေါ်ဖို့မလွယ်ဘူး"
    "ခုချိန်မှာ ပန်းချီဆရာကြီးဦးဘညဏ်ရှိစေချင်တယ်ဗျာ"
    ကျွန်တော်တို့ညီအစ်ကိုတစ်တွေသည်လည်း
    "အဖေကြီး ဦးသာဓုကိုမီအောင် ကြိုးစားဖို့လိုသေးတယ်နော်"
    ဟု မကြာခဏ အပြောခံကြရ၏။ ကျွန်တော်ကိုယ်တိုင်ပင်လျှင် ယခုကျွန်တော်ထက် ငယ်ငယ်က ကျွန်တော်ကို ပို၍အထင်ကြီးမိ၏။

                *  *   *

    လူတို့သည် ခေတ်ဟောင်းကို အဘယ်ကြောင့် တမ်းတကြသနည်း။ အတိတ်ကိုမှ အဘယ်ကြောင့် ပို၍ ခင်တွယ်ကြရသနည်း။ အဖြေရှာကြည့်သောအခါ စဉ်းစားစရာတွေ တွေ့ရ၏။ စိတ်ဝင်စားဖို့လည်း ကောင်းသည်။
    လူအများစုအနေဖြင့် ရှေးဟောင်းနှောင်းဖြစ်များနှင့်ပတ်သက်၍ အပြောအများဆုံးနှင့် မြိန်ရည်ယှက်ရည်အရှိဆုံးမှာ ကုန်ဈေးနှုန်းအကြောင်းပင်ဖြစ်၏။
    ကုန်ဈေးနှုန်းဆိုသည်မှာ လူတွေ အသက်ကြီးလာလေ တက် တက်လာလေဆိုသည့်သဘောရှိ၏။ ထိုသဘောတရားမှာ မည်သည့်စီးပွားရေးပညာရှင်ကမှ ထုတ်ထားသောသီအိုရီမဟုတ်။ သူ့အလိုလိုဖြစ်နေသည့် နိယာမတစ်ခုဖြစ်၏။ တစ်နှစ်၊ နှစ်နှစ်လောက်ဆိုလျှင် မသိသာလှသော်လည်း ဆယ်စုနှစ်တစ်ခုလောက် ကြာသွားသောအခါ အံ့သြစရာကောင်းလောက်အောင် ဈေးနှုန်းတွေ ပြောင်းလဲသွားကြောင်း တွေ့ကြရသည်။ ဒီတော့မှ
    "ဟင် ဟုတ်မှဟုတ်ပါ့မလား"
    ဟု ရေရွတ်မိကြ၏။
    လူတိုင်းလူတိုင်းသည် ကိုယ်ငယ်ငယ်က ကုန်ဈေးနှုန်းကို ကျေနပ်ကြသည်ချည်းဖြစ်၏။
    အဘိုးအဘွားအရွယ်တွေက
    "ငါတို့ငယ်ငယ်က ပိုက်ဆံတစ်ပြားနဲ့ မုန့်ဝအောင် စားလို့ရတယ်"
    ဟု ပြောကြသည်။
    အဖေ အမေအရွယ်ကတော့
    "ငါတို့ကျောင်းသားဘ၀က ဆီချက်ခေါက်ဆွဲတစ်ပွဲမှ ငါးမူးရယ်"
    ဟု ၀င်ပြောသည်။
    ထိုအခါ သားသမီးတွေကလည်း အားကျမခံဘဲ
    "သားတို့၊ သမီးတို့ သူငယ်တန်းတုန်းက မုန့်ဖိုးတစ်ကျပ်ပဲရတာ၊ အချဉ်ထုပ်ကလည်း တစ်မတ်ပဲ ပေးရတာကို"
    အထက်ပါ ကုန်ဈေးနှုန်းများသည် ကိုယ့်အစွမ်းအစကြောင့် သက်သာနေခြင်းမဟုတ်သည့်တိုင် သူတို့အားလုံးမှာ ဂုဏ်ယူသည့်လေသံပေါက်နေကြလေသည်။
    အတိတ်နှင့်အနာဂတ်ကို ပစ္စုပ္ပန်က ဆက်သွယ်ပေးထားသည်။ လူတို့သည် ပစ္စုပ္ပန်မှာနေရင်း ငြီးငွေ့လာသည့်အခါ အတိတ်နှင့် အနာဂတ်တို့ဆီသို့ တစ်လှည့်စီ သွားရောက်လည်ပတ်လေ့ရှိကြ၏။ ရှေးဟောင်းနှောင်းဖြစ်များကို စားမြုံ့ပြန်ခြင်း၊ ရှေးအလားအလာများ၊ ရည်မှန်းချက်များကို ပြောခြင်း၊ သို့မဟုတ် တစ်ယောက်တည်းစိတ်ကူးယဉ်ခြင်းဖြင့် ပစ္စုပ္ပန်မှ ခဏခွင့်ယူတတ်ကြ၏။
    ထိုအခါမျိုးတွင် အတိတ်အကြောင်းပြောရတာ၊ စဉ်းစားရတာကို ပို၍ အရသာတွေ့တတ်ကြလေသည်။ အကြောင်းမှာ အနာဂတ်ကိုမျှော်ကြည့်လိုက်လျှင် အားတက်စရာ၊ ၀မ်းမြောက်စရာတွေကို မြင်နိုင်သလို စိုးရိမ်ပူပန်စရာ၊ စိတ်ပျက်အားငယ်စရာတွေကိုလည်း တွေ့နိုင်သည်။ အနာဂတ်အတွက် ကြိုတင်စိတ်ကူးထားသော မျှော်လင့်ချက်များသည် တကယ်ဖြစ်လာလိမ့်မည်ဟု ဘယ်သူမှ အာမ မခံနိုင်။ တစ်နည်းအားဖြင့် အနာဂတ်သည် ရေရာမှုမရှိ။ အနာဂတ်ကို ကိုယ်က မပိုင်။
    အတိတ်ကကျတော့ သေချာမှုရှိ၏။ အတိတ်ကဖြစ်ရပ်များမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အမှန်တကယ်ဖြစ်ပျက်ခဲ့ခြင်းသာဖြစ်၏။ လူတစ်ယောက်၏အတိတ်သည် ထိုသူ၏ တစ်ဦးတည်းပိုင်ပစ္စည်း။ ဘယ်သူမှ နှောင့်ယှက်လို့မရ။ ပြောင်းလဲလို့မရ။
    အတိတ်နှင့်ပတ်သက်လျှင် ငယ်ငယ်ကအကြောင်းတွေကို ပြန်စဉ်းစားရတာ အရသာအရှိဆုံးဖြစ်၏။ လွတ်လပ်ခြင်း၊ တက်ကြွခြင်း၊ နုနယ်ပျိုမြစ်ခြင်းတို့ကို ပြန်လည်အမှတ်ရစေသည်။
    အနာဂတ်ဆိုတာကတော့ အိုမင်းရင့်ရော်ခြင်း၏အထိမ်းအမှတ်သာဖြစ်၏။ ထို့ကြောင့် လူတို့သည် အသက်ကြီးလာလေ နုပျိုခြင်း၏ပြယုဂ်ဖြစ်သော အတိတ်ကို ပို၍တမ်းတလေဖြစ်၏။
    အတိတ်နှင့်အနာဂတ် မည်သည့်အရာက ပို၍ရှည်လျားကြောင်း ဘယ်သူမှ မသိနိုင်။ တကယ်တော့ အနာဂတ်ဆိုသည်မှာ သူ့ထံသို့ ဦးတည်ချဉ်းကပ်သွားနေပါလျက် တစ်စတစ်စ ဝေးကွာနေသောအရာဖြစ်ပြီး အတိတ်ဆိုသည်ကား သူ့ထံမှ တရွေ့ရွေ့  ခွဲခွာထွက်ခဲ့သော်လည်း လှည့်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် နောက်မှ ကပ်လျက်သားပါလာတတ်သောအရာပင်ဖြစ်လေ၏။

                            ကလျာမဂ္ဂဇင်း၊ မေ၊ ၁၉၉၈

Wednesday, October 3, 2012

ကိုယ့်ဘ၀ခဏဘယ်သူယူပါ့မယ်

Photo: အောက်တိုဘာလထုတ် 'ကျန်းမာရေး  မဂ္ဂဇင်း' မှ ဆရာမ ဂျူး၏ 'ကိုယ့်ဘ၀ခဏဘယ်သူယူပါ့မယ်။'
ကျွန်မငယ်ငယ်တုန်းက မေမေက ဈေးဝယ်ခိုင်းသည့်အခါ ဘဲဥအလတ်ကွဲလေး နှစ်လုံး၊ သုံးလုံးလောက် ၀ယ်ခဲ့ဟု ပြောတာ မှတ်မိနေပါသည်။ အလတ်ကွဲဆိုသည်မှာ ဘဲဥက အက်နေပြီ။ တစ်နေရာတွင် ချိုင့်နေပြီ။ သို့သော် အလတ်ကြီး ရှိသေးသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်မည် ထင်သည်။ ထိုဘဲဥက တခြားဘဲဥအကောင်းတွေထက် ပိုပြီးဈေးလျော့သည်။ ကွဲပြီး သားကိုး။  ကျွန်မတို့အတွက်တော့ ဈေးသက်သာတာကို ရှာဝယ်မှ ကျန်သည့်နေရာတွေမှာ သုံးစွဲစရာ ငွေလောက်ငမည်။ ဒါက ကျွန်မတို့ကိုယ်တိုင်၏ ဈေးနှုန်းကိုကြည့်ပြီး ရွေးချယ်မှုဖြစ်သည်။ အိမ်ရောက်သည့်အခါ ထိုဘဲဥအလတ်ကွဲတွေကို ချက်ချင်း ကြော်စားကြရသည်။ အလတ်ကွဲသည် ကြော်ရုံထက်ပိုပြီး ဘာမှလုပ်လို့မရနိုင်။ ပြုတ်ကြည့်ပါလား။ အကွဲအချိုင့်ထဲကနေ အထဲက အကာတွေ ယိုစိမ့်ထွက်လာမှာပေါ့။ ဘဲဥကို ခွဲပစ်ပြီး ချက်ကြော်မှ ဖြစ်မှာ။
 တကယ်တော့ ထိုဘဲဥအကွဲသည် ကျန်းမာရေးအတွက် ဘယ်လောက်ထိ အန္တရာယ်ဖြစ်စေမလဲ။ မေမေလည်း မသိခဲ့။ ကျွန်မတို့လည်း မသိခဲ့ပေ။ အရွယ်နည်းနည်းရောက်လာလို့ စာဖတ်တာတွေများလာလို့ နောက်ပြီးဆေးတက္ကသိုလ် ကျောင်းသူ လေးဖြစ်လာတော့မှ ဘဲဥအခွံတွင် ကပ်နေလေ့ရှိသော ရောဂါပိုးများအကြောင်း သိလာသည်။ ဘဲဥ၊ ကြက်ဥကို မခွဲခင် ရေစင်စင် ဆေးပစ်ရမည်။ ဒါမှသာ အခွံမှာရှိနေသော အညစ်အကြေးတွေက ခွဲလိုက်သည့် အအက်ထဲမှတစ်ဆင့် အတွင်းက အကာအနှစ် တွေထဲသို့ စိမ့်ဝင်ခြင်းမရှိမှာ။ အမယ် ...ဒါတောင် ဆယ်လ်မိုနဲလား ခေါ်သည့် ရောဂါပိုးဆိုလျှင် ဘဲဥ၊ ကြက်ဥအခွံကို ဖောက်ထွင်း ပြီး အတွင်းသို့ စိမ့်ဝင်နိုင်သည်တဲ့။ ကြောက်စရာကောင်းလိုက်တာ။ ဒီလိုဆိုတော့ ငယ်ငယ်က ကျွန်မတို့ စားခဲ့ရသည့် အလတ်ကွဲ ဆိုလျှင် အကွဲကြီးအချိုင့်ကြီးကနေတစ်ဆင့် အပြင်ကအညစ်အကြေးတွေ ၀င်နေပြီးသားတောင် ဖြစ်မည်။ နောက်ပြီး ဘဲဥက အကွဲမို့ ရေစင်စင်ဆေးပစ်ဖို့ မဖြစ်နိုင်တော့။ ဒီအတိုင်းပဲ အ၀တ်လေးနှင့်သုတ်ပြီး ခွဲကာ ကြော်လိုက်ကြရသည်။
 ကျွန်မတို့ အနီးအနားတွင် ရောဂါဖြစ်စေသည့် အစားအစာတွေ များစွာရှိနေသည်။ မသိနားမလည်လျှင် ထိုအန္တရာယ် ထဲသို့ ၀င်မိမည်။ ဈေးကိုသွားသည့်အခါ ဈေးကနေ၀ယ်ယူကြမည့် ပစ္စည်းတွေမှာ အန္တရာယ်တွေရှိနေသည်။ ငရုတ်သီးခြောက်၊ ငရုတ်သီးမှုန့်၊ မြေပဲဆံတို့တွင် မှိုအနည်းငယ်ရှိနေလျှင် အယ်ဖလာတောက်ဆင်ခေါ် အဆိပ်တစ်မျိုး ဖြစ်နေတတ်သည်။ ထို အဆိပ်သည် လူ့ကိုယ်ထဲရောက်လျှင် ကင်ဆာဖြစ်စေတတ်သည်။ စားသုံးဆီအနေနှင့် စားအုန်းဆီက နှလုံးရောဂါနှင့် သွေးတိုး ရောဂါတို့ ဖြစ်စေပြီး နှမ်းဆီနှင့် ပဲဆီက ကျန်းမာရေးနှင့် ညီညွတ်သည် ဆိုစေကာမူ ထိုပဲဆီကို မှိုပါသည့်မြေပဲဖြင့် ကြိတ် ထားသည်ဆိုလျှင် အယ်ဖလာတောက်ဆင်တွေပါပြီး ထိုဆီကို စားသူအား အန္တရာယ်ဖြစ်စေနိုင်သည်။ အမေရိကန်တွေက ပေါင်မုန့်နှင့်စားရန် မြေပဲထောပတ်ကို သုံးကြသည်။ ထိုမြေပဲထောပတ်မှ အယ်ဖလာတောက်ဆင်ပါဝင်ပြီး ကင်ဆာဖြစ်စေသည့် ရာခိုင်နှုန်းမှာ တော်တော်နည်းသော်လည်း ဖြစ်နိုင်ခြေတော့ရှိနေသည်။ ကျွန်မတို့နိုင်ငံသည် နှလုံးရောဂါအဖြစ်များဆုံး အာရှ ပစိဖစ်ဒေသနိုင်ငံတွေထဲတွင် ထိပ်နားလေးက ပါဝင်သည်။ ၂၀၀၄ ခုနှစ်က ကောက်ယူထားသော စစ်တမ်းအရ မြန်မာနိုင်ငံသည် နှလုံးရောဂါဖြင့် သေဆုံးသည့်နှုန်းက လူတစ်သိန်းတွင် (၄၁၉)ရှိသည်။ ထိုင်းနိုင်ငံက (၁၆၄)ဟု ဆိုပါသည်။ မွန်ဂိုးလီးယားက ထိပ်ဆုံးကဖြစ်သည်။ (၄၇၅)ဟု ဆိုပါသည်။ ကျွန်မကတော့ နှလုံးရောဂါဆိုလျှင် အဓိကတရားခံက စားအုန်းဆီဟုပင် တွေးလိုက် မိသည်။ ထောပတ်တို့၊ ချိစ်တို့သည် မြန်မာမိသားစုအများစု မစားနိုင်ကြဘူး မဟုတ်လား။ အလွန်ဆုံးစားနိုင်လျှင် ၀က်ဆီဖတ်၊ အမဲအူ၊ ဆိတ်အူ လမ်းဘေးကြော်သည့် အကြော်အလှော်တွေ။ ထိုအကြော်တွေကတော့ စားအုန်းဆီကို ပေါပေါများများသုံးသည့် အပြင် နှစ်ခါပြန် သုံးခါပြန် အပြန်ပြန်အလှန်လှန် ကြော်ထားသည့် ဆီတွေ မဖြစ်နိုင်ဘူးလား။ ထိုဆီများသည် ပိုလီ ပြည့်ဝဆီ အထပ်ထပ်ဖြစ်နေသည့်ဆီတွေ မဟုတ်ဘူးလား။ ကျွန်မတို့ မြန်မာလူမျိုးကလည်း ဆီဖြင့်ကြော်တာကို တော်တော်ကို နှစ်သက် ကြသည်။ တို့ဟူးကြော်ကို နှစ်ပြန်ကြော်တဲ့။ တစ်ခါနှင့် အားမရလို့ ပိုကြွပ်ရွအောင်ဖြစ်မှာပေါ့။ လက်ဖက်နှင့်စားသည့် ပဲကြော်၊ အကြော်စုံကိုလည်း နှစ်ပြန်ကြော်တဲ့။ အေးပေါ့ နှစ်ပြန်ကြော်ဆိုတော့ နှစ်ဆပိုတာပေါ့။ ပိုလီ မပြည့်ဝဆီဖြစ်တာပေါ့။
 ကိုယ်စားဖို့ ၀ယ်တာ ဘာဆီလဲ။ ပဲဆီလား၊ စားအုန်းဆီလား။ ပဲဆီယောင်ဆောင်ထားတဲ့ စားအုန်းဆီလား။ စားအုန်းဆီ မှာမှ ဆပ်ပြာချက်ဖို့ လုပ်ထားတဲ့ စားအုန်းဆီလား။ စားဖို့ လုပ်ထားတဲ့ စားအုန်းဆီလား။ စားတဲ့မုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်ဆီ၊ ပြန်ကြော်ဆီတွေနဲ့ ကြော်ထားတဲ့မုန့်၊ ထရန့်စ်ဖက်ဆိုသော တိရစ္ဆာန်အဆီ။ အချိုရည်တွေမှာ ဘင်ဇိုးဝစ်အက်စစ်ပါသည်။ သကြား ပါသည်။ သကြားက လူကိုဝစေရုံပဲ၊ သွေးထဲ သကြားဓာတ်များစေရုံပဲလို့ အနိမ့်ဆုံးအန္တရာယ်ကိုပဲ တွေးထားလိုက်ပါဦး။ ဘင်ဇိုးဝစ် အက်စစ်ကတော့ ကင်ဆာဖြစ်စေသည့်ဓာတ်ပါ။ အချိုရည်တွေသည် ကလေးများအတွက် အန္တရာယ်မကင်းသည့်အကြောင်း မိဘတွေမသိပေ။ အရောင်အမျိုးမျိုး ခြယ်လှယ်ဆေးဆိုးထားသည့် အချိုရည်တွေတွင် အန္တရာယ်ရှိသည့်ပစ္စည်းတွေ ပါဝင်နေမှန်း မိဘတွေမသိပေ။ လူကြီးတွေအတွက်လည်း အချိုရည်သည် ဘေးအန္တရာယ်ရှိစေသည်ဟု မသိပေ။ အချိုရည်တွင်ပါဝင်သည့် တာရှည်ခံဆေးတို့နှင့်အတူ ဘင်ဇိုးဝစ်အက်ဆစ်သည် ကင်ဆာဖြစ်စေနိုင်သည်ဆိုတာကို ထားလိုက်ပါဦး။ အချိုရည်တွေ သောက် ပြီး အ၀လွန်သည့်ရောဂါ ဖြစ်စေနိုင်သည်ကိုပင်လျှင် အများစုက သတိမထားကြပေ။ အချိုရည်တွေကိုမသောက်ဘဲ လက်ဖက် ခြောက် ရေနွေးကြမ်းကိုသောက်လျှင် ပိုမကောင်းဘူးလား။ လက်ဖက်စိမ်းရေနွေးကြမ်းက ကင်ဆာကိုကာကွယ်နိုင်သည်ဟုပင် တွေ့ထားသည်ဆိုပါလား။
 ကျွန်မတို့စားသုံးသူတွေသည် မသိနားမလည်လျှင် ရောဂါတွေကို ၀ယ်ယူသုံးစွဲနေသူများ ဖြစ်မနေနိုင်ဘူးလား။ ဒါကြောင့် လည်း စားသုံးသူအခွင့်အရေးဆိုသည့် စကားလုံးပေါ်လာခြင်းဖြစ်မည်။ စားသုံးသူဟု အလွယ်ပြောလိုက်ပေမဲ့ ဒါကသုံးစွဲသူကို ရည်ညွှန်းခြင်းဖြစ်သည်။ အင်္ဂလိပ်လိုတော့ Consumerပေါ့။ ဈေးဝယ်သူဟု ရိုးရိုးရှင်းရှင်း ပြောလို့လည်းရ၏။ ကျွန်မတို့အားလုံးက ဈေးဝယ်သူတွေပဲပေါ့။ အင်္ဂလိပ်ဆိုရိုးတစ်ခုရှိသည်။ Consumer is always right! တဲ့။ စားသုံးသူ ဈေးဝယ်သူဟာ အမြဲမှန်တယ် တဲ့။ အားရစရာကောင်းလိုက်တာ။ ကျွန်မတို့ဆီမှာဖြင့် ဈေးဝယ်သူက အမြဲမှားနေသလို ခံစားရသည်။ ခေါင်းလျှော်ရည်ဘူးလေး တစ်ခုကနေနှစ်ခု ပြခိုင်းလျှင် အရောင်းစာရေးမလေး၏ မျက်နှာက အိုသွားပြီ။ သူတို့ဖက်က တွေးကြည့်ပေးလျှင် အိုမှာပေါ့။ သူတို့ခမျာလည်း တစ်နေကုန် မတ်တတ်မတ်တတ်နှင့် ၀ယ်သူတွေကို ပစ္စည်းတွေ ထုတ်ပြနေရတာ ကိုယ့်အလှည့်ရောက်တော့ သူတို့၏ စိတ်ရှည်မှုက ကုန်သွားပြီ။ ကျွန်မ ကိုယ်ချင်းစာစိတ်ဖြင့် သူတို့ကို အပြုံးလက်ဆောင်လေး ပေးခဲ့ပါသည်။
 နိုင်ငံသားအခွင့်အရေး Citizen's right ဆိုတာကိုတောင် ဘာမှန်းမသိသေးသည့် ကျွန်မတို့အတွက် စားသုံးသူ အခွင့် အရေးဆိုတာက နည်းနည်းတော့ အလှမ်းဝေးနေသလိုရှိပါသည်။ ကျွန်မတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရာခိုင်နှုန်း တော်တော် များများက နိုင်ငံသားအခွင့်အရေး မရကြသူတွေ။ လျှပ်စစ်မီးဆိုတာကို အသာထားလိုက်ပါဦး။ သန့်ရှင်းသည့် သောက်သုံးရေကို မရတာ၊ အန္တရာယ်ကင်းသည့် ကျန်းမာရေးနှင့် ပြည့်စုံသည့် အိမ်တစ်ခုကို မပိုင်ဆိုင်နိုင်တာ ဒါတွေက နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေခြင်းဟု ယေဘုယျ ပြောနိုင်ပါသည်။ အာရှနိုင်ငံတွေမှာ ရွာသားငါးယောက်မှာ တစ်ယောက်သာ တစ်ကိုယ်ရေ သန့်ရှင်း (Sanitation)သည့် လူနေမှုဘ၀ကို ရသည်ဟုဆိုသည်။ အဲဒါက အရေးကြီးလားဆိုတော့ အရေးကြီးတာပေါ့။ တစ်ကိုယ်ရေ သန့်ရှင်းသည့် လူနေမှုအဆင့်ကို မရလျှင် ကျန်းမာရေး ထိခိုက်မည်။ ပထမဆုံးခံရတာတော့ ငါးနှစ်အောက် ကလေးလေးတွေပဲ ပေါ့။ ငါးနှစ်အောက်ကလေးတွေ ကမ္ဘာကြီးမှာ တစ်ရက်ကို ငါးထောင် သေနေကြသည်။ ကျွန်မတို့ မြန်မာနိုင်ငံတွင် ကလေး တစ်ထောင်မွေးလျှင် တစ်ရာ့လေးယောက်က ငါးနှစ်မပြည့်မီ သေကြရသည်။ အကြောင်းရင်း အမျိုးမျိုးရှိသည်။ အာဟာရ ချို့တဲ့ လို့၊ ရောဂါဖြစ်လို့။ ငါးနှစ်အောက်ကလေးတွေ သေကြရသည့်အကြောင်းရင်းထဲမှာ နံပါတ်တစ် အကြောင်းကတော့ နျူမိုးနီးယား ဟုခေါ်သည့် အဆုတ်ရောင်ဖျားနာခြင်း၊ နံပါတ်နှစ်ကတော့ ၀မ်းလျှော ၀မ်းပျက်ခြင်းတဲ့။ 
 ၂၀၀၈ ခုနှစ်က ငါးနှစ်အောက်ကလေးတွေ သေနှုန်းကို အာရှပစိဖစ်ဒေသအတွက် စစ်တမ်းကောက်ထားတာရှိသည်။ မြန်မာနိုင်ငံက အများဆုံးသေ၏။ ဒါတောင် အရင် ၂၀၀၄ ခုနှစ်တွေတုန်းက ကျွန်မ သိထားသည့် ၁၀၆ ယောက် ဆိုတာထက် နည်းသွားလို့ တော်သေးသည်။ ၉၅ယောက်ဟု ဆိုပါသည်။ ကျွန်မတို့က ကလေးသေနှုန်းတွင် ထိပ်ဆုံးကဖြစ်သည်။ ကလေးတွေ ပဲလား မဟုတ်သေးပါ။ ကျွန်မတို့မြန်မာနိုင်ငံတွင် လူကြီးတွေ၏ သေနှုန်းကလည်း တခြားသောနိုင်ငံတွေထက် ပိုမြင့်ပါသည်။ ၂၀၀၈ ခုနှစ်က အသက် ၁၅ နှစ်မှ ၆၀ နှစ်အတွင်း သေနှုန်းအစီရင်ခံစာတွင်လည်း ကျွန်မတို့နိုင်ငံက သေနှုန်းအမြင့်ဆုံးပါပဲ။ ကျွန်မတို့၏နောက်မှာ လာအိုနိုင်ငံဖြစ်ပါသည်။ ထိုသေနှုန်းသည် လူ (၁၀၀၀)တွင် တွက်ချက်ထားခြင်း ဖြစ်ပါသည်။ နောက်တော့ ကျွန်မ သက်သာလိုသက်သာငြား အကျိုးအကြောင်း ရှာဖွေကြည့်သည်။ ၂၀၀၈ ခုနှစ်ဆိုတော့ ကျွန်မတို့ဆီမှာ နာဂစ်မုန်တိုင်း ကြောင့် လူတွေ တစ်သိန်းသုံးသောင်းကျော် သေကြေပျောက်ဆုံးကြရတာမို့ ကိန်းဂဏန်းတွေက အဲဒီလောက်မြင့်တက်နေတာ လား။ ၂၀၀၈ ခုနှစ် တစ်နှစ်လုံးအတွက် တွက်ထားပြီး ၂၀၀၉ ခုနှစ်မှာ ကြေညာတာမို့ များနေတာလား။ ဒါမှမဟုတ် ...အင်းလေ ဒါက ပညာရှင်တွေနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိ ပုဂ်္ဂိုလ်တွေသာ သိမှာပေါ့။ စိတ်မကောင်းစရာပါပဲ။ တစ်နှစ်အောက်ကလေး (နို့စို့ကလေးဟု ခေါ်မလား။ ဆေးပညာအခေါ်တော့ infant mortality rate ဟုပဲခေါ်သည်။) သေနှုန်းကလည်း မြန်မာက ဒုတိယ အမြင့်ဆုံး ဖြစ်နေပြန်သည်။ တော်သေးတာပေါ့လေ။ ကိုယ့်အထက်မှာ ပါကစ္စတန်နိုင်ငံ ခံနေပေလို့။ ဒါတောင် တစ်ယောက်ပဲ လျော့တာ။ ပါကစ္စတန်က နို့စို့တစ်နှစ်အောက်ကလေး ၁၀၀၀ တွင် ၇၂ ယောက် သေသည့်အချိန်တွင် ကျွန်မတို့ မြန်မာနိုင်ငံက ၇၁ ယောက် သေတာဆိုပဲ။
 ဘ၀သက်တမ်း တွက်ချက်မှုတွင် ဟိုတုန်းက ကျွန်မတို့ မြန်မာနိုင်ငံက အမျိုးသား ၅၈ နှစ်လောက်ပဲ ရှိခဲ့ဖူးသော်လည်း ယခုအခါ ၆၁နှစ်ထိ တက်သွားပြီ။ (ယောက်ျားထက် မိန်းမက နှစ်နှစ်လောက် ပိုသက်တမ်းရှည်တာ တွေ့ရသည်။) ဒါကတော့ ကောင်းသည့်အချက်ဖြစ်သည်။ ဒါတောင်မှ ကျွန်မတို့သည် အာရှပစိဖစ် ဒေသတွင် ဘ၀သက်တမ်း တတိယအတိုဆုံးဖြစ်သည်။ ကျွန်မတို့အောက်မှာ ပါပူဝါနယူးဂီနီ ပြီးတော့ အောက်ဆုံးက ကမ္ဘောဒီးယားနိုင်ငံပဲ ရှိသည်။ ဒါလည်း ၂၀၀၈ ခုနှစ်အတွက်ပါပဲ။ အင်း ဒါဆိုလျှင်တော့ နာဂစ်ကို လွှဲချလို့ မရတော့ဘူး ထင်သည်။ 
 တစ်ခု စိတ်သက်သာရာရသည်မှာ မိခင်သေနှုန်းတွင် ကျွန်မတို့ မြန်မာနိုင်ငံက ဦးဆောင်နေတာ မဟုတ်လို့ပါပဲ။ မိခင် သေနှုန်းအများဆုံး နိုင်ငံတွေထဲတွင်ပါသော်လည်း ထိပ်ဆုံးမှာတော့ မရှိဟု ကြံဖန်နှစ်သိမ့်လို့ရသည်။ ထိပ်ဆုံးက လာအိုနိုင်ငံ။ သူ့ အောက်က နီပေါလ်နိုင်ငံ။ ကျွန်မတို့ နိုင်ငံက ရှစ်နိုင်ငံမြောက်ပါ။ လာအိုက အရှင်မွေး တစ်သိန်းတွင် (၅၈၀)ယောက်တဲ့။ ကျွန်မတို့က (၂၄၀) ဖြစ်ပါသည်။
 ကျွန်မတို့ပတ်ဝန်းကျင်တွင် အန္တရာယ်တွေ အများကြီးရှိသည်။ နိုင်ငံသားအခွင့်အရေးဟုပြောလျှင် ကျန်းမာရေး တစ်ခု တည်းနှင့်ပင် ကျွန်မတို့လို ဆင်းရဲသားနိုင်ငံတွေ အခွင့်အရေးဆုံးရှုံးသည့် အထဲတွင် ပါကုန်ပါသည်။ ကျန်းမာရေးနှင့် ပြည့်စုံမည့် ပတ်ဝန်းကျင်တစ်ခုမှာ နေထိုင်ခွင့်။ အဲဒါအခြေခံနိုင်ငံသား အခွင့်အရေးပါပဲ။ ကျန်းမာရေး ထိခိုက်စေမည့်အရာတွေ ၀န်းရံနေ သလို ကျန်းမာရေး ချို့ယွင်းသည့်အခါ အားကိုးစရာ နေရာသိပ်မရှိတာလည်း နိုင်ငံသား အခွင့်အရေး ဆုံးရှုံးခြင်းပဲ မဟုတ်ပါလား။ မြန်မာနိုင်ငံမှာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု တော်တော်အားနည်းပါသည်။ ကျန်းမာရေးကို စောင့်ရှောက်ပေးမည့် ဆေးရုံ/ ဆေးခန်းတို့ နည်းပါးသည်။ ဆေးရုံ/ဆေးခန်းရှိသော်လည်း အတွင်းမှာ ဆေးနှင့် ကိရိယာမရှိ။ 
 မကြာမီက ချင်းပြည်နယ်ဆေးရုံမှ ရောက်လာသော ကျွန်မသူငယ်ချင်းကို ကျွန်မ မေးကြည့်မိသည်။ သူတို့ဆီမှာ  ဘာ ရောဂါတွေပေါသလဲ။ ငှက်ဖျားတွေ၊ သွေးလွန်တုတ်ကွေးတွေ ပေါသတဲ့။ မြွေကိုက်တဲ့လူနာရော ရှိသလားဟုမေးတော့ သူငယ်ချင်းက အားရပါးရ ပြောပြပါသည်။ မြွေကိုက်တဲ့လူနာ ငါမလာခင်လေးကိုပဲ ကြည့်ခဲ့ရသေးတယ်။ အသက်ဆယ့်သုံးနှစ် လောက်ပဲရှိသေးတဲ့ကလေး။ မြွေကိုက်ခံရတာ။ အမယ်ကိုယ်တော်ချောလေးတွေက တော်တော်ဆိုးတာပဲ။ တွင်းထဲကို နှိုက်တာ တဲ့။ မြွေက သူ့ကို ခဲပြီးပါလာတာ။ အဲဒီမြွေကို သူတို့က ခေါင်းဖြတ်ပစ်လိုက်သတဲ့ဟယ် ကြံကြံဖန်ဖန်။ မြွေရောဆိုတော့ ပါတော့ လာပါတယ်။ မြွေက အပိုင်းအပြတ်နဲ့။ အမြီးလည်း မရှိတော့ဘူး။  ဒါနဲ့ အမြီးက ဘယ်မှာလဲဆိုတော့ ဖြတ်ပစ်လိုက်ပြီတဲ့။
 အမြီးကိုများ စားလိုက်သလားဟယ်ဟု ကျွန်မ ပခုံးတွန့်လျက် မေးမိသည်။ ကျွန်မ ကြားဖူးသလားလို့ မြွေအမြီးကို ဘာလုပ်ရတယ်ဆိုလား။ မသေချာ။ မစားဘူး။ အဲဒီအမြီးပြတ်နဲ့ မြွေကိုက်တဲ့ အနာကို တို့တာတဲ့။ အဲဒီအမြီး ပါမလာဘူး။ ချုံထဲ လွှင့်ပစ်ခဲ့ဟန် တူပါသည်။ အရေးကြီးဆုံးကို မေးမိသည်။ မြွေဆိပ်ဖြေဆေး ရှိရဲ့လားဟယ်။ ရှိတယ်။ တော်သေးတယ်။ သူ ကံကောင်းတာ။ နောက်ဆုံးလက်ကျန် ဖြေဆေးပဲ။ အို ...။ ကျွန်မ တော်တော် လန့်သွားပါ သည်။ ပြည်နယ်ဆေးရုံကြီးမှာတောင် မြွေဆိပ်ဖြေဆေးက ဒါနောက်ဆုံးပဲဆိုတော့။ မကြာခင်တော့ ဆေးတွေပြန်ရောက်လာဦးမှာပါ။ သို့သော် ဆေးမရောက်မီ တစ်ယောက်ယောက်များ ထပ်ကိုက်ခံလိုက်လို့ကတော့ ...။ မြန်မာနိုင်ငံသည် ကမ္ဘာတွင် မြွေကိုက်ခံရသူ အများဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်သည်။ အသေအပျောက် အများဆုံးကတော့ အိန္ဒိယနိုင်ငံပေါ့။ နှစ်စဉ် လူ (၅)သောင်းလောက် မြွေကိုက်ခံရလို့ သေဆုံးနေကြသည်။ သူငယ်ချင်းလာသည်က အစည်းအဝေးလာတက်ရင်းနှင့် အိပ်ခ်ျအိုင်ဗွီအတွက် ဗိုင်းရပ်စ်မပွားအောင် တားဆီးသည့် အေအာရ်တီခေါ် ဆေးရလျှင် ပြည်နယ်အတွက်ယူရန် ဖြစ်သည်။ ငှက်ဖျားရော ဆေးလုံလောက်လား။ လုံလောက် တယ်။ တော်သေးတာပေါ့။ ငှက်ဖျားတွေကဟယ် လာလိုက်ရင် ဦးနှောက်ငှက်ဖျားတွေချည်းပဲ။ ချင်းပြည်နယ်မှာ ငှက်ဖျားခြင် ရှိ တယ်ပေါ့။ ပေ ၆၀၀၀၊ ၇၀၀၀ တောင်ပေါ်မှာရှိနေကြသော်လည်း ငှက်ဖျားခြင်ကတော့ သူတို့နားတွင် ၀ဲနေပုံရပါသည်။ တောထဲ သွားကြမည်။ စိမ့်စမ်းရေအိုင်ရှိသည့်နေရာတွင် ခြင်တွေရှိမည်။ ခြင်ကိုက်မည်။
 တစ်နှစ်လျှင် လူပေါင်း (၃)သိန်းခွဲလောက် ငှက်ဖျားရောဂါ ဖြစ်သည်။ အစီရင်ခံစာအရ လူ (၁၀၀၀)လောက်က နှစ်စဉ် သေသည်။ သစ်တောနှင့် နီးစပ်သည့်နေရာတို့တွင် ငှက်ဖျားဖြစ်တတ်သည်။ မြို့တိုင်း၊ ရွာတိုင်းမှာ ငှက်ဖျားခြင်တွေ ရှိနေပြီ။ ရာသီဥတုပြောင်းလဲခြင်းကြောင့် ပိုပြီးပူနွေးလာခြင်းကြောင့် နဂိုကခြင်မရောက်သည့် တောင်ပေါ်ဒေသတို့တွင် ခြင်တွေ ရောက် ကုန်ပြီ။ ထိုခြင်တို့ကို ကာကွယ်တားဆီးမှုမရှိ။ ခြင်အောင်းသည့်နေရာတို့ကို ဖျက်ဆီးခြင်းမရှိ။ ထို့ကြောင့် မြို့ပေါ်ရော တောနယ်ပါ ငှက်ဖျားရောဂါနှင့် အလွန်နီးစပ်နေသည်။ မြန်မာနိုင်ငံတွင် လူဦးရေ (၃၄)သန်းကျော်သည် ငှက်ဖျားရောဂါဖြစ်ဖို့ အန္တရာယ် တွေနှင့် ကြုံနေရသည်ဟုဆိုသည်။ ဒါဖြင့် ကျွန်မလည်း ပါတာပေါ့။ ရန်ကုန်မှာနေသော်လည်း ငှက်ဖျားခြင်က နေရာအနှံ့မှာ ရှိနေ တာကိုး။ ကြောက်စရာကြီးပါလား။ ဒါကြောင့်ငှက်ဖျားရောဂါသည် ကျွန်မတို့နိုင်ငံ၏ အသေအပျောက်အများဆုံး ရောဂါစာရင်းမှာ ထိပ်ဆုံးက မဆင်းတာကိုး။ ငှက်ဖျားဖြစ်ပွားသော အာရှပစိဖစ်ဒေသနိုင်ငံများတွင် ဖြစ်ပွားမှုအများဆုံးက အိန္ဒိယဖြစ်သည်။ အိန္ဒိယက လူဦးရေလည်း မတန်တဆများတာကိုး။ ဖြစ်ပွားသည့်လူနာပေါင်း တစ်သန်းခွဲခန့် (၁၅၃၂၄၆၇)ရှိသတဲ့။ ကျွန်မတို့ နိုင်ငံမှာတော့ လေးသိန်းခန့် (၄၁၁၄၉၄)ရှိသတဲ့။ သူတို့နိုင်ငံက လူများလို့ လေးဆခန့် ပိုများတာပေါ့။ သို့သော် အံ့သြစရာက သေဆုံးသည့် အရေအတွက်ကျတော့ ကျွန်မတို့က ပိုများခြင်းဖြစ်သည်။ လူတစ်သန်းမှာ သူတို့က ၁၀၆၀ပဲ သေပြီး ကျွန်မတို့က လူလေးသိန်းမှာ ၁၀၈၀ သေနေရသည်။ ဒါကိုကြည့်လျှင် ကျွန်မတို့၏ ကျန်းမာရေးဗဟုသုတ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ ဘယ်လောက်နိမ့်ကျနေသည်ဆိုတာ သိသာထင်ရှားပါသည်။
 သူငယ်ချင်းက နောက်ထပ် ကျွန်မ မထင်မှတ်သော ကျန်းမာရေးထိခိုက်မှုတစ်ခုကို ပြောပြသည်။ အစာအဆိပ်သင့်တာ food poisoningတဲ့။ သိပ်မကြာခင်ကပဲ အနီးအနားက ရွာလေးတစ်ခုမှာ အစာအဆိပ်သင့်တာ မိသားစုလိုက်ဖြစ်လို့ ကျန်းမာရေး မှူးလေးတစ်ယောက်ကို အဲဒီကို လွှတ်ရသေးတယ်ဟူ၏။ နှစ်ယောက်ကတော့ ဆုံးသွားသည်ထင်ပါရဲ့။ ကလေးတစ်ယောက်က ဆုံးပြီး နောက်ကလေးတစ်ယောက်ကိုတော့ ဆေးရုံသို့ ခေါ်လာလိုက်နိုင်သည်။ မှိုကနေ အဆိပ်သင့်တာဖြစ်သည်။ မှိုတွေက အဆိပ်နှင့် နီးစပ်တာကိုတော့ ကျွန်မသိပါသည်။ သို့သော် ဘယ်မှိုကစားကောင်းပြီး ဘယ်မှိုကမစားကောင်းဘူးဟု ကျွန်မမသိ။ ထို့ကြောင့် မှိုကိုစားရမှာ နည်းနည်းလန့်နေသည်။ ကောက်ရိုးမှိုခေါ်သော စိုက်ပျိုးမှိုကတော့ အဆိပ်မသင့်နိုင်ပေ။ သို့သော် တော ထဲကမှိုမှာ အဆိပ်ရှိနေနိုင်သည်။ သူတို့ဆေးရုံသို့ သတင်းရောက်တာက နောက်ကျသလို သူတို့ဆီက ကျန်းမာရေးမှူးရွာသို့ ရောက်သွားရတာလည်း နောက်ကျသည်။ အဆိပ်သင့်တာက နှစ်ဆယ့်လေးနာရီကျော်သွားပြီ။ အစာအိမ်ထဲက အဆိပ်ကို အပြင် ပြန်ထုတ်သည့်နည်း အလုပ်မဖြစ်တော့ပေ။ အစားအစာ အဆိပ်သင့်တာတွေက စိုက်ပျိုးရေးမှာ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ တွေ အများကြီးသုံးတာလည်းပါသည်။
 အော်ဂဲနစ်စိုက်ပျိုးရေးကရသည့် အသီးအနှံဆိုတာ ကျွန်မတို့နိုင်ငံတွင် အိပ်မက်မက်လို့ကောင်းတုန်းပဲ ရှိသေးသည်။ ဟိုတုန်းကလို သဘာဝသီးနှံတွေလည်း မရှိတော့ပြီ။ ကျွန်မတို့စားနေရတာက ထုံးတမ်းစဉ်လာ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ ကို လှိုင်လှိုင်ကြီးသုံးပြီး ထုတ်ထားသည့်သီးနှံတွေ။ ပိုးသတ်ဆေးကို သူတို့ ဘယ်လိုသုံးထားတာလဲ။ ကျွန်မတို့စားသည့် သီးနှံဆီ ထိအောင် မတွေးပါနဲ့ဦး။ သုံးတဲ့သူကိုယ်တိုင်ကော သူအန္တရာယ်ကင်းဖို့ ညွှန်းတဲ့အတိုင်း လိုက်နာရမည့် အသုံးပြုနည်းတွေကို သိရဲ့လား။ သူကိုယ်တိုင် ထိုအဆိပ်မသင့်အောင် ကာကွယ်ဖို့ အခွင့်အရေးကို ရရဲ့လား။ လမ်းညွှန်ချက်အတိုင်း စနစ်တကျ သုံး လား။ ပိုးသတ်ဆေးသုံးတဲ့နေရာမှာ ဥပဒေလမ်းညွှန်မှုများ ရှိရပါသည်။ ပိုးသတ်ဆေးသုံးစွဲသည့် ကာယကံရှင်ကို အန္တရာယ် မဖြစ် စေဖို့၊ ကိုယ့်ပတ်ဝန်းကျင်က လူ၊ တိရစ္ဆာန်တွေနှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဖို့။ ရောင်းသူများအတွက်၊ သုံးသူများအတွက် စည်းကမ်းချက်များ ထုတ်ထားပေးပါသည်။ ကျွန်မစိုက်ခင်းတွေ ဘေးကနေ ဖြတ်သွားလျှင် မြင်နေရတာပဲ။ ပိုးသတ်ဆေးဖျန်းနေသူတွေ နောက်ကျောမှာ ပုံးကိုကပ်ပြီး ကျောပိုးထားရင်း ဆေးဖျန်းနေသည့်မြင်ကွင်း။ အန္တရာယ် သိပ်ကြီး ပါသည်။ သူတို့ သိချင်လည်းသိမည်။ သိချင်မှလည်း သိမည်။ ဒီနည်းက လောလောဆယ် ၀န်ကိုပေါ့စေသည့် နည်းမို့ သုံးနေ တာလည်း ဖြစ်နိုင်သည်။ 
 အရေပြားတွင် ပိုးသတ်ဆေးစိမ့်ဝင်နှုန်းက တစ်နေရာနဲ့တစ်နေရာ မတူပါ။ လက်မောင်းကနေ စိမ့်ဝင်နှုန်းထက် ၀မ်းဗိုက် နောက်ကျောဆီကနေ စိမ့်ဝင်နှုန်းက နှစ်ဆပိုများသည်။ နဖူးမှာ စိမ့်ဝင်နှုန်းက လေးဆလောက်ပိုများသည်။ နားထဲကနေ စိမ့်ဝင် နှုန်းက ငါးဆလောက်ပိုများသည်။ လိင်အင်္ဂါပတ်ဝန်းကျင် အရေပြားဆီကနေ စိမ့်ဝင်နှုန်းကတော့ အများဆုံးဖြစ်သည်။ ဆယ့်နှစ် ဆလောက်ရှိပါသည်။ အန္တရာယ်ကို သိမှသာ ရှောင်ကြဉ်နိုင်မှာမဟုတ်လား။ အန္တရာယ်ကို သိခွင့်ရှိရပါမည်။ ဒီတော့ ထိုသိခွင့် လေးအတွက်ပဲ ကျွန်မတို့ ပထမဆုံး ကြိုးစားကြရဦးမည်။ သိခွင့်ဆိုတာကို နားလည်ဖို့ ဗဟုသုတတွေတော့ ရှာရမှာပေါ့။ ပညာ လည်း တတ်ဖို့လိုမှာပေါ့။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ ဆင်းရဲတွင်းမှလွတ်ဖို့ဆိုလျှင် အခြေခံကျန်းမာရေးအသိကို သိဖို့လိုသည်။ အခြေခံပညာမူလတန်းအဆင့်ပဲဖြစ်ဖြစ် အနည်းဆုံး သိဖို့လိုပါသည်။  သိလာလျှင် ဘာဆက်လုပ်ကြလဲ။ သူတို့ဆီမှာတော့ တိုင် ကြားခြင်းဆိုသည့် အမျိုးအစားရှိသည်။ Claim (ကလိမ်းမ်) ပေါ့။ “ဒါတော့ မမှန်ပါဘူး။ ဒီလိုတော့ မလုပ်သင့်ပါဘူး” “ဒါကတော့ လူမှုအသိုင်းအ၀ိုင်းကို ထိခိုက်လာပါတယ်”စသည်ဖြင့် တိုင်ကြားမှုကို လူမှုအဖွဲ့တွေကနေ ဦးဆောင်ပေးသည်။ ဒီမှာတော့ ထိုအလုပ်ကို ဂျာနယ်တွေကပဲ လုပ်နေသလိုပါပဲ။ ဘယ်ဆေးရုံကြီးကဖြင့် လူနာကိုကုသတာ ဘယ်လိုဖြစ်သွားသတဲ့။ ဘယ်မြို့ ဘယ်ရွာမှာတော့ ပိုးသတ်ဆေးများတဲ့ ပန်းဂေါ်ဖီတွေကိုစားမိလို့ မိသားစုလိုက် ဆေးရုံတက်လိုက်ရပါတယ်။ ထိုကဲ့သို့ သတင်း များ။ သတင်းကိုသတင်းအဖြစ် ဖော်ပြတာကတစ်မျိုး။ တိုင်ကြားစေချင်လို့ ပြည်သူလူထုတော့ အခွင့်အရေးတွေ ဟောဒီလို ဆုံးရှုံး နေရပါတယ်ဟု ဖော်ပြတာက တစ်မျိုးပေါ့။
 တိုင်ကြားမှုကို အရေးယူစုံစမ်းပေးဖို့ အဖွဲ့တွေလည်းရှိကြရမည်။ အစားအသောက်နှင့်ပတ်သက်သည့် စစ်ဆေးမှု၊ ရေနှင့် ပတ်သက်သည့် စစ်ဆေးမှုတို့ကို တာဝန်ယူပြုလုပ်ပေးမည့် အစိုးရအဖွဲ့၊ အစိုးရမဟုတ်သော ကြားခံအဖွဲ့စသည်တို့ များများ ရှိလျှင် ပိုကောင်းမည်။ သို့သော် နေပါဦး။ ဆီတို့၊ ဆိုးဆေးတို့၊ အစားအစာတွေကို တိုင်ကြားလို့ရသည်ဆိုလျှင်တောင် မြွေကိုက်ခံ ရတာ၊ မြွေဆိပ်ဖြေဆေးမလုံလောက်တာ၊ ငှက်ဖျားခြင်ကိုက်တာ ငှက်ဖျားရောဂါဖြစ်လို့ ဆေးခန်းသွားပြဖို့ငွေမရှိလို့ ဆေးမြီးတိုဖြင့် ကုသရင်း သေဆုံးရတာ ဒါတွေကို ဘယ်သူ့သွားတိုင်ရမလဲ။ တီဘီရောဂါကူးခံရတာကိုရော ဘယ်သူ့သွားတိုင်ရမှာလဲ။ ဆေးရုံ ဆေးခန်းသို့သွားဖို့ ငွေရှိသည်ဆိုလျှင်တောင် သွားရမည့်လမ်းခရီးက လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းလို့ အချိန်မီမရောက်နိုင်လို့ မသေသင့်ဘဲ သေဆုံးရတာ ဒါတွေကိုရော ဘယ်သူ့သွားတိုင်ရမှာလဲ။ 
 နိုင်ငံသားအခွင့်အရေး အပြည့်မရလျှင်တောင် တစ်ဝက်လောက်ရလျှင်ပဲ အသေအပျောက်တော့ တော်တော် နည်းသွား မှာပဲ ထင်ပါရဲ့။ သေချာတာကတော့ မြန်မာနိုင်ငံကို မရောက်ဖူးသေးသူတွေ အကြားဖြင့်သာ သိနေရသူတွေက မြန်မာနိုင်ငံဟာ အန္တရာယ်ဆိုးကြီး ကျရောက်နေသလိုလို ထင်ကြသည်။ ပြည်တွင်းစစ်တွေဖြစ်၊ ရောဂါတွေဖြစ်၊ လမ်းမှာမတော်တဆ ထိခိုက် ဒဏ်ရာတွေဖြစ်၊ မသွားသင့်သည့် နေရာတစ်ခုလို ထင်ကြသည်။ မြန်မာနိုင်ငံသို့ ပထမဆုံးလာမည့် နိုင်ငံခြားဧည့်သည်တွေက မေးသည့်မေးခွန်းမှာ စစ်တွေ ဖြစ်နေလား။ သူတို့က တီဘီနှင့် ငှက်ဖျားကို သိပ်မကြောက်ကြဘဲ ခွေးရူးတို့၊ မြွေကိုက်ခြင်းတို့ကို ပိုကြောက်ကြသည် ထင်၏။ အေးပေါ့လေ။ ငှက်ဖျားကို ကာကွယ်ဆေးသောက်ပြီးမှ လာလို့ရတာကိုး။ ခွေးရူးနှင့် မြွေကျတော့ ကာကွယ်ဆေးထိုးလို့မရဘဲကိုး။
 တစ်ခါတစ်ခါ ကျွန်မ ငယ်စဉ်က သီချင်းလေးတစ်ပုဒ်ကို သတိရမိသည်။ သီချင်းခေါင်းစဉ်ကိုတော့ အတိအကျ မမှတ်မိပါ။ သည်နွေသည်မိုးသည်ဆောင်း ထင်ပါရဲ့။ ကိုယ့်ဘ၀ ခဏဘယ်သူ ယူပါ့မယ်တဲ့။ ကျွန်မတို့ ပြည်သူလူထုတွေ၏ ဘ၀ကို ခဏလေးဖြစ်ဖြစ်ယူပြီး မျှဝေခံစားကြည့်ကြလျှင် သိနိုင်ပါလိမ့်မည်။ ကျွန်မတို့သည် အန္တရာယ်တောထဲမှာ ရဲရင့်စွာ သို့မဟုတ် ရဲရင့်အောင် မနည်းအားတင်းပြီး နေထိုင်နေကြသူများဆိုတာ ...။
 ရှေ့ဆက်ပြီး အန္တရာယ်တွေနည်းပါးတော့မည်ဟု မျှော်လင့်ရပါသည်။ တလောကတော့မြန်မာနိုင်ငံ၏ အခြေခံ ကျန်းမာ ရေးစောင့်ရှောက်မှုကို မြှင့်တင်ဖို့ ဒုတိယသမ္မတ မိန့်ခွန်းပြောတာလား။ သတင်းစာထဲမှာ ဖတ်လိုက်ရသည်။ ၂၀၁၃၏ ကျန်းမာ ရေး အစီရင်ခံစာတွင်တော့ သေနှုန်းတွေ လျော့ကျလာကောင်းပါရဲ့။
ဂျူး
For more articles, please go to Health Magazine facebook account
http://www.facebook.com/pages/Health-Magazine-%E1%80%80%E1%80%BA%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8%E1%80%99%E1%80%82%E1%81%A2%E1%80%87%E1%80%84%E1%80%B9%E1%80%B8/438472672843780?ref=ts အောက်တိုဘာလထုတ် 'ကျန်းမာရေး မဂ္ဂဇင်း' မှ ဆရာမ ဂျူး၏ 'ကိုယ့်ဘ၀ခဏဘယ်သူယူပါ့မယ်။'
ကျွန်မငယ်ငယ်တုန်းက မေမေက ဈေးဝယ်ခိုင်းသည့်အခါ ဘဲဥအလတ်ကွဲလေး နှစ်လုံး၊ သုံးလုံးလောက် ၀ယ်ခဲ့ဟု ပြောတာ မှတ်မိနေပါသည်။ အလတ်ကွဲဆိုသည်မှာ ဘဲဥက အက်နေပြီ။ တစ်နေရာတွင်ချိုင့်နေပြီ။ သို့သော် အလတ်ကြီး ရှိသေးသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်မည် ထင်သည်။ ထိုဘဲဥက တခြားဘဲဥအကောင်းတွေထက် ပိုပြီးဈေးလျော့သည်။ ကွဲပြီး သားကိုး။ ကျွန်မတို့အတွက်တော့ ဈေးသက်သာတာကို ရှာဝယ်မှ ကျန်သည့်နေရာတွေမှာ သုံးစွဲစရာ ငွေလောက်ငမည်။ ဒါက ကျွန်မတို့ကိုယ်တိုင်၏ ဈေးနှုန်းကိုကြည့်ပြီး ရွေးချယ်မှုဖြစ်သည်။ အိမ်ရောက်သည့်အခါ ထိုဘဲဥအလတ်ကွဲတွေကို ချက်ချင်း ကြော်စားကြရသည်။ အလတ်ကွဲသည် ကြော်ရုံထက်ပိုပြီး ဘာမှလုပ်လို့မရနိုင်။ ပြုတ်ကြည့်ပါလား။ အကွဲအချိုင့်ထဲကနေ အထဲက အကာတွေ ယိုစိမ့်ထွက်လာမှာပေါ့။ ဘဲဥကို ခွဲပစ်ပြီး ချက်ကြော်မှ ဖြစ်မှာ။